နယ်ပြန်ပြီး ကြာကြာနေဖြစ်တော့ ပြောစရာတွေ တစ်ပုံကြီး ရလာပြန်ရော။ အိမ်ကအကြောင်းတွေရော၊ မြို့နဲ့ပတ်သက်တဲ့ အကြောင်းတွေရောပေါ့။ အခုက မြို့နဲ့ပတ်သက်တာလေး ပြောချင်တာ။ ကိုယ့်စိတ်ကူးလေးကို တိုင်ပင်ချင်တာကြောင့်လည်း ပါတာပေါ့။ အိမ်ပြန်တော့ မီးဖိုချောင်ဝင်ဖြစ်တယ်ပေါ့။ မီးဖိုချောင်ဝင်တိုင်း အဓိက ပြဿနာက မီးဖိုပဲ။ အိမ်မှာက မီးအားသိပ်မကောင်းတော့ လျှပ်စစ်ပစ္စည်းတွေက သိပ်မသုံးမဝင်ဘူး။ မနက်စောစောနဲ့ ညပိုင်းလောက်ပဲ သုံးလို့ရတယ်။ ဒီတော့ အိမ်နားဝန်းကျင်အတော်များများက ထင်းပဲ သုံးကြတယ်။ ကိုယ်က ထင်းနဲ့ မီးမမွှေးတတ်ဘူး။ ထင်းလည်း မဆိုင်တတ်ဘူး။ သမီးယောက်မဆိုင် ဆိုင်ရတယ်တဲ့။ ကန့်လန့်ဆိုင်ရတယ်ပေါ့နော်။ (ကိုယ်ကတော့ ယောက်မနဲ့ တည့်အောင်နေမှာပါ… အဟိ…) ဘယ်လိုပဲ သင်ပေးသင်ပေး မီးခိုးမွှန်ပြီး ထွက်ပြေးရတာချည်းပဲ။ အဲဒီတော့ ကိုယ်ဟင်းချက်ရင် တစ်ယောက်က မီးထိုးပေးရတယ်။ (အလဲ့.. အဆင့်မြင့်တယ်နော်)။ သစ်ပင်ကို နှမြောတတ်တဲ့သူဆိုတော့ […]


ထုံးစံအတိုင်း ခရီးသွားရာသီ စလာပြီဆိုရင် ပြဿနာလေးတွေ ရှိလာပြီပေါ့။ ပြောရဆိုရ၊ အော်ရဟစ်ရ၊ ငိုရယိုရ နဲ့ High Season ကို ဖြတ်သန်းနေကြရပြီ။ ဒါတောင် ဒီအောက်တိုဘာမှာ ဧည့်သည်အတော်နည်းနေလို့ နည်းနည်းသက်သာတယ် ပြောရမယ်။ နောက်တစ်ပတ်ကစပြီး ပျားတုပ်ခံရတော့မှာ။ ဒီနှစ်မှာတော့ ဟိုတယ်အတော်များများက ဈေးတွေသေချာညှိပေးထားသလို Policy တွေကိုလည်း အရမ်းကြီးတင်းကျပ်မထားကြပါဘူး။ ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် အတော်လေးအဆင်ပြေပြေ အလုပ်လုပ်လို့ရလာပါတယ်။ ဒါပေမယ့် တစ်ချို့ဟိုတယ်တွေကျတော့လည်း သူတို့ရဲ့ status ကို လုံးဝမလျှော့သေးဘူးပေါ့။ ဒီတော့ ဒီနှစ်မှာ ဟိုတယ်တွေရဲ့ policy ကို လေ့လာကြည့်လိုက်ရင် အကြမ်းဖျင်း (၄) မျိုးလောက် ထွက်လာတယ်။ Policy လို့ ပြောတဲ့နေရာမှာ Payment Terms နဲ့ Cancellation Policy ကို အခြေခံထားပါတယ်။ […]


် တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်တက္ကသိုလ်ရှေ့က မျဉ်းကျားနဲ့ ပြည်လမ်း မဟာမြိုင်မှတ်တိုင်နားက မျဉ်းကျားပါ။ ပြည်လမ်းက ဟံသာဝတီအဝိုင်းကနေ မဟာမြိုင်မှတ်တိုင်အထိ လူကူးမျဉ်းကျားနှစ်ခု ရှိပါတယ်။ အဲဒီနှစ်ခုကလွဲရင် တစ်ခြားနေရာတွေမှာ လမ်းလယ်ကျွန်းပေါ် ပန်းအိုးတွေအပြည့်ထားထားတဲ့အတွက် လမ်းဖြတ်ကူးဖို့မလွယ်ပါဘူး။ လမ်းကူးချင်ရင် မဖြစ်မနေ မျဉ်းကျားကပဲ ကူးလို့ရအောင် လုပ်ထားပေးတဲ့အတွက် စနစ်ကျတယ်လို့ ဆိုရမှာပါပဲ။ ဒါပေမယ့် မြင်ရတဲ့အတိုင်း ကားတွေကတော့ လူကူးမျဉ်းကျားကို ချန်မပေးပဲ ရပ်ထားတာပါ။ ဒီနေရာပဲ လမ်းကူးစရာရှိတဲ့အတွက် ဟိုဘက်ဒီဘက် ကူးတဲ့သူများပါတယ်။ မှတ်တိုင်အကျော်လေးဆိုတော့ ကားပေါ်ကဆင်းတဲ့သူတွေလည်း ပါတာပေါ့။ ပြည်လမ်းဆိုတော့ ကားတွေက တရစပ်သွားတဲ့အတွက် ကားရှင်းအောင် စောင့်ရပါတယ်။ ရှေ့ကားနဲ့ နောက်ကား နည်းနည်းလေး ခြားတဲ့အချိန် အသည်းအသန်ကူးရတာပါ။ တစ်ဖက်ကကူးလာတဲ့ သူတွေနဲ့လည်း မတိုက်မိအောင် ရှောင်ရတာပေါ့။ ဒီလိုမှမဟုတ်လို့ ကားတွေက မီးပွိုင့်မိလို့ တန်းစီရပ်ထားပြန်ရင်လည်း […]


– – – – – – – – – ကျောင်းတွေဖွင့်လို့ စာပြန်သင်ဖြစ်ပြီဆိုရင် ပညာရေးနဲ့ ပတ်သက်လို့ ပြောစရာတွေ ရှိလာတတ်ပါတယ်။ သင်ယူရတာရော၊ သင်ကြားရေးကိုရော စိတ်ဝင်စားတဲ့ ကျွန်မအတွက်တော့ ဘဝင်မကျစရာတွေ တစ်ပုံကြီးနဲ့ပေါ့။ အခုလက်ရှိ ပညာရေးစနစ်အရ ကျူရှင်ဆိုတာကို လက်လွှတ်လို့ မရပါဘူး။ ကျောင်းကဆရာတွေက ဘာသာစုံဂုဏ်ထူးထွက်အောင် သင်ပေးမယ်၊ ကျူရှင်လုံးဝမတက်နဲ့ လို့ ပြောခဲ့ရင်တောင် ဘယ်သူကမှ အယုံအကြည်ရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျောင်းသားတွေ ကျူရှင်ကို အားမကိုးဖို့ဆိုတာ ကျောင်းက သင်ကြားမှုတွေကို အပြည့်အဝ ယုံကြည်မှ ဖြစ်မှာပါ။ ကျောင်းက ဆရာတွေ အနေနဲ့လည်း ကိုယ့်ကို ကျောင်းသားတွေ၊ မိဘတွေ ယုံကြည်လာအောင် သက်သေပြပေးမှ ဖြစ်မှာပါ။ ဒါပေမယ့် အခုတော့ […]


စကားပလ္လင်အနေနဲ့ ပြောရရင် ဒီစာဟာ ဦးမာဃ နဲ့ လုံမရဲ့ အမြင်တွေကို ရေးထားတာပါ။ တစ်နည်းအားဖြင့်တော့ ၁၉၈၈ နောက်ပိုင်း မျိုးဆက်တွေရဲ့ ခံစားချက် တစ်စိတ်တစ်ပိုင်းပါ။ နောက်တစ်ခုကတော့ အဆဲခံရရင်လည်း အဖော်ရအောင်ပါ။ ငယ်ငယ်က မောင်ပေါက်ကျိုင်းပုံပြင်ကို ဖတ်ဖူး မှတ်ဖူးတဲ့အခါမှာ စကားကြီးသုံးခွန်း ဆိုတာကို ကြားဖူးခဲ့တယ်။ မေးပါများစကားရ၊ သွားပါများခရီးရောက်၊ မအိပ်မနေအသက်ရှည် ဆိုတဲ့ စကားသုံးခွန်းပေါ့။ စကားပုံ၊ ဆိုရိုး၊ နီတိတွေ၊ စကားတွေဟာ ကျယ်ပြန့်ပါတယ်။ အကြောင်းအရာတစ်ခုကိုပဲ ဥပမာ ဥပမေယျ အမျိုးမျိုးနဲ့ အဆိုးဘက်ကရော အကောင်းဘက်ကပါ လှည့်ပြီး ပြောသွားလို့ရတယ်လေ။ မြန်မာစကားဟာ ဝေါဟာရကြွယ်သလို အသုံးအနှုန်းလဲကြွယ်လှသကိုး။ စကားနဲ့ပတ်သက်ရင် ပြောသူရဲ့ စကားလုံး အသုံးအနှုန်း၊ လေယူလေသိမ်း၊ မျက်နှာအမူအယာ၊ ပတ်ဝန်းကျင်အခြေအနေ၊ အပြောခံရသူကိုလိုက်ပြီးတော့ စကားတစ်ခွန်းဟာ အကောင်းဘက်ရောက်သွားတာရှိသလို […]


ပုံမှန်အားဖြင့်တော့ အင်တာနက်တစ်ခွင်မှာ ရေပန်းအစားဆုံး အကြောင်းအရာတွေနဲ့ ပတ်သက်ရင် ပို့စ်မတင်ဖြစ်ပါဘူး။ သူများတင်တာကိုပဲ စောင့်ဖတ်ဖြစ်တယ်။ ကိုယ့်အမြင်ကို ပြောချင်ရင်လည်း သူများပို့စ်ထဲမှာ ကွန်မန့်ဝင်ပေးတယ်။ ဒါပေမယ့် အခုတော့ ရုံးမှာ ဖဆပလ သုံးခြမ်းကွဲတာကို အကြောင်းပြုပြီးတော့ ဘောလုံးကွင်းနဲ့ ပတ်သက်တာကို ပို့စ်တင်ဖြစ်သွားပါတယ်။ အခုလတ်တလော ကိစ္စနဲ့ ပတ်သက်ပြီး (၇) ယောက်ရှိတဲ့ရုံးမှာ သုံးဖွဲ့ကွဲနေပါတယ်။ အမြင်မတူတဲ့ နှစ်ဖွဲ့ရယ်၊ သူတို့ကြားက ကြားနေမဟုတ်ဘဲ ပြောသမျှအမှန်ထင်ပြီး အကုန်ခေါင်းညိမ့်၊ like & share လုပ်တဲ့ ပုတ်သင်ညိုအဖွဲ့ရယ်။ ဆိုတော့ ဘာမဟုတ်တဲ့ကိစ္စကို professional ဆိုတဲ့အလုပ်ထဲ ဆွဲထည့်ပြီး မျက်မောင်းကျိုးနေတဲ့သူတွေကို ဘာမှထပ်မပြောချင်တော့တာနဲ့ပဲ ဒီမှာပဲ ရေးလိုက်ပါတယ်။ ကျွန်မရဲ့ တစ်ဦးတည်းကိုယ်ပိုင်အမြင်ပါ။ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပါတယ်။ (၁) ဘောလုံးပွဲရှုံးပြီး အုပ်စုထဲက ထွက်ပေးရတဲ့ကိစ္စ […]


အရင်ဆုံး စကားပလ္လင်ခံပါရစေ။ ဘာသာရေးနဲ့ ပတ်သက်လာရင် ကျွန်မက အခုမှ စလုံးရေးစ အဆင့်ပဲ ရှိပါသေးတယ်။ ဒီစာကို ရေးရတာကလည်း သိလွန်း၊ တတ်လွန်းလို့ ရေးတာမဟုတ်ပါဘူး။ သိချင်လို့ ရေးတာပါ။ လေ့လာကာစအချိန်၊ ကိုယ်ဉာဏ်မီသလောက်လေးနဲ့ တွေးကြည့်နေတဲ့အချိန်မှာ လမ်းလွဲသွားမှာ၊ အတွေးချော်သွားမှာ၊ အစွန်းရောက်သွားမှာလည်း စိုးပါတယ်။ ဒါကြောင့် စိတ်ထဲမတင်မကျ ဖြစ်နေတာလေးတွေကို ဒီမှာ အစဆွဲထုတ်လိုက်ပါတယ်။ အားလုံးပဲ ဝိုင်းဆွေးနွေးပေးကြပါလို့ ပြောချင်ပါတယ်။ (Zawgyi Font နဲ့မို့လို့ တစ်ချို့သတ်ပုံတွေမှားတာရှိရင် ခွင့်လွှတ်ပေးပါ။)   ************************************************************* ဟိုနေ့က UMFCCI မှာ ကျင်းပတဲ့ စာအုုပ်အရောင်းပွဲတော်ကို သွားတဲ့အခါ ရှင်ဥက္ကဌရဲ့ ကျောက်ကွင်းအရေးတော်ပုံစာအုပ်ကို ရောင်းတာတွေ့ပါတယ်။ ဒီစာအုပ်ကို တွေ့နေတာတော့ ကြာပါပြီ။ ပထမဆုံး စာအုပ်အဟောင်းဆိုင်တွေမှာတွေ့တယ်။ နောက် လှည်းတန်းက စာအုပ်ဆိုင်တွေမှာ […]


ကျွန်မမှာ အကျင့်တစ်ခုရှိပါတယ်။ ကောင်းတဲ့အကျင့်လား၊ မကောင်းတဲ့အကျင့်လားတော့ မသိပါဘူး။ အဲဒါကတော့ ကျွန်မတစ်ခုခုသိလာပြီဆိုရင်၊ အဲဒီ သိလာတဲ့အရာကလည်း ကျွန်မအတွက် အရမ်းအကျိုးများစေတဲ့အရာ၊ ကျွန်မအရမ်းသဘောကျတဲ့အရာဆိုရင် ကျွန်မပတ်ဝန်းကျင်ကိုပါ ပြောပြချင်တာပါပဲ။ ဆရာကြီးလုပ်ပြီး ငါသိတယ် ဆိုတဲ့ ပုံစံနဲ့ ပြောပြချင်တာ မဟုတ်ပါဘူး။ ကျွန်မအနေနဲ့ ကောင်းတယ်လို့ သတ်မှတ်တဲ့အရာကို ကျွန်မပတ်ဝန်းကျင်က သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကိုပါ သိစေချင်တဲ့ သဘောပါ။ အထူးသဖြင့် သင်တန်းတို့၊ ကျောင်းတို့က ပြန်လာပြီဆိုရင် သင်ခဲ့ရသမျှထဲက ကျွန်မအရမ်းကြိုက်တဲ့စာတွေ၊ ကျွန်မအတွက် လင်းကနဲဖြစ်သွားစေတဲ့စာတွေဆိုရင် ရုံးကသူငယ်ချင်းတွေ၊ အတူနေတဲ့သူငယ်ချင်းတွေ၊ အခုဆိုရင် အတူနေတဲ့ အမေ့ကိုပါ ပြန်ပြောပြမိတာပါပဲ။ ဆိုတော့ ဒီလောက် စကားပလ္လင်ခံပြီးတဲ့အတွက် စပြောပါတော့မယ်။ ပြီးခဲ့တဲ့စနေနေ့၊ ရက်အတိအကျပြောရရင်တော့ (၅.၁၀.၂၀၁၃) ရက်နေ့က သင်တန်းမှာ အကြောင်းအရာတစ်ခုကို ဆွေးနွေးရပါတယ်။ ကျွန်မတက်နေတဲ့သင်တန်းရဲ့ သဘာဝကိုက […]


(၇) ရက် နေ့စဉ်သတင်းစာ အမှတ် (၁၃၇) ပါ အယ်ဒီတာ့ထံပေးစာကဏ္ဍမှာ “စာကျက်ချိန်ပို ရအောင် လုုပ်ပေးကြပါဦး” ပေးစာကို ဖတ်လိုက်ရပါတယ်။ ထူးခြားချက်ကတော့ ရေးသားပေးပို့သူက ရပ်စောက်မြို့က ဆယ်တန်းကျောင်းသားတစ်ဦး ဖြစ်ပြီး အကြောင်းအရာက ကျောင်းချိန် နှင့် ဘော်ဒါစာသင်ချိန်များကြား ကိုယ်ပိုင်စာကြည့်ချိန် မလုံလောက်တဲ့အတွက် ကျောင်းချိန်ကို နေ့တစ်ဝက်ကျောင်းအဖြစ် ပြောင်းလဲပေးနိုင်ဖို့ စဉ်းစားပေးပါရန် တင်ပြထားတာဖြစ်ပါတယ်။ သူ့ရဲ့ပေးစာကို ဖတ်အပြီးမှာတော့ လက်ရှိကျင့်သုံးနေတဲ့ ပညာရေးစနစ်နဲ့ အဲဒီစနစ်အောက်မှာ ပညာသင်ကြားနေကြတဲ့ လူ့စွမ်းအားအရင်းမြစ်မျိုးဆက်သစ်တွေရဲ့ အချိန်ငတ်နေကြတဲ့ ဘဝကို တွေးမိရင်း သက်ပြင်းမောတစ်ခုကို မှုတ်ထုတ်မိလိုက်ပါတယ်။   ကျူရှင်ဆိုတာ ကျောင်းသားတွေရဲ့ အဓိကအားထားရာ ဖြစ်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကိုတောင် ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျူရှင် နဲ့ ဘော်ဒါကို အချိန်ပေးရနေရလို့ ကိုယ်ပိုင်စာကြည့်ချိန် လျော့နည်းတာကြောင့် ကျောင်းချိန်ကို […]


– – – – – – – – – – ပညာရေးစနစ်တွေ ပြောင်းလဲတယ်ဆိုတာ ဂျာနယ်တွေ၊ သတင်းစာတွေထဲမှာ ဖတ်ရပါတယ်။ ဘာတွေကို ပြောင်းလဲတာလဲလို့ လေ့လာကြည့်လိုက်တော့ တက္ကသိုလ်ပညာရေးကို အဓိကထား ပြောင်းလဲတာကို တွေ့ရပါတယ်။ ကျွန်မ စဉ်းစားမိပါတယ်။ တက္ကသိုလ်ပညာရေးစနစ်ကို အဆင့်မြှင့်တင်ပြောင်းလဲရုံနဲ့ မျိုးဆက်သစ်ကလေးတွေ တိုးတက်လာမှာလားလို့ပါ။ ကျွန်မ အမြင်ကတော့ အခြေခံပညာက ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ထပ်မြင့်တွေ ဘယ်လောက်ကောင်းအောင်ဆောက်ဆောက် အခြေမခိုင်ရင် အန္တရာယ်များသလိုပဲ တက္ကသိုလ်ပညာရေး ဘယ်လိုပဲပြောင်းပြောင်း အခြေခံပညာမှာ အောက်သက်မကျေလာတဲ့ ကလေးတွေအတွက်ကတော့ သိပ်အန္တရာယ်များလှပါတယ်။ ဟိုလပိုင်းတွေက ဖတ်လိုက်ရပါတယ်။ ရန်ကုန်တက္ကသိုလ်ထဲမှာ ဖွင့်မယ့် ဘာသာရပ်ဆိုင်ရာ သင်တန်းတွေအတွက် ဝင်ခွင့်ခေါ်တာတွေပါ။ ဘာသာစုံအမှတ်ပေါင်း (၄၉၀) ရရမယ်။ အထူးပြုဘာသာရပ်တွေမှာ အမှတ် […]


ကျွန်မ နယ်ကို တစ်ခါပြန်ရင် ပြောစရာတစ်ခု ရလာတတ်ပါတယ်။ သုံးလေးလနေမှ တစ်ခါ၊ တစ်ခါတစ်လေများ တစ်နှစ်နေမှ တစ်ခါလောက်ပြန်ဖြစ်တဲ့အတွက်ရယ်၊ နယ်က သူငယ်ချင်းတွေနဲ့ကလည်း အမြဲတမ်း မဆက်သွယ်ဖြစ်တာရယ်၊ အိမ်နဲ့ဖုန်းပြောရင်လည်း မိသားစုကိစ္စလောက်ပဲ ပြောဖြစ်တာရယ်ကြောင့် နယ်မြို့လေးရဲ့ သတင်းတွေနဲ့ အဆက်ပြတ်နေတတ်ပါတယ်။ ဒီတစ်ခေါက်ပြန်တော့ ကြားရတဲ့သတင်းတွေကတော့ စိတ်မသက်သာစရာတွေပါပဲ။ ပြောရင်လည်း ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်မှာဆိုပေမယ့် ရန်ကုန်မြို့နဲ့ (၄၆) မိုင်သာဝေးတဲ့ နယ်မြို့လေးမှာ ဘာတွေဖြစ်နေလဲဆိုတာ ပြောပြချင်လို့ပါ။ ကျွန်မ အိမ်ပြန်တိုင်း ကျွန်မရဲ့ ငယ်ဆရာမဆီကို အရင်ဆုံးသွားလေ့ရှိပါတယ်။ ပညာရေးကို စိတ်ဝင်စားတဲ့ ကျွန်မနဲ့ ဆရာမတို့ နှစ်ယောက်သား ပညာရေးအကြောင်း၊ ဆရာတွေအကြောင်း၊ ကျောင်းသားတွေအကြောင်း၊ ကျောင်းအကြောင်း စသဖြင့် အကြောင်းအရာပေါင်းစုံ စကားလက်ဆုံကျဖြစ်ပါတယ်။ ဒီတစ်ခါတော့ နည်းပညာတိုးတက်မှုနဲ့ အချိန်မတိုင်သေးတဲ့ သင်ကြားမှုနောက်ကွယ်က ကျောင်းသားတွေအကြောင်းကို သိခဲ့ရပါတယ်။ […]


လွန်ခဲ့တဲ့တစ်ပတ်လောက်က ညနေဘက်ရုံးဆင်းတော့ လှည်းတန်းမီးပွိုင့်မှာ လမ်းကူးရင်းနဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။ သိကြတဲ့အတိုင်း လှည်းတန်းမီးပွိုင့်ဆိုတာ ကြာတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ကုန်းကျော်တံတားစီမံကိန်းကြောင့် လမ်းဖြတ်ကူးစရာနေရာမရှိတော့တဲ့အချိန်မှာ တစ်ခုတည်းသောမီးပွိုင့်ကလည်း ခြေလျင်လမ်းကူးတဲ့သူတွေအတွက် အခွင့်အရေးလုံးဝမပေးတဲ့အတွက် ကားတွေကြားထဲမှာ အသက်လုပြီး ကူးကြရပါတယ်။ ကျွန်မလည်း ကားရှင်းတုန်း လူအုပ်ကြီးနဲ့ရောပြီး လမ်းကူးလာတဲ့အချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းက လမ်းလယ်ခေါင်တည့်တည့်ကြီးမှာပါ။   အင်းစိန်လမ်းဘက်ကနေ ကွေ့ကြောယူထားပြီးစောင့်နေတဲ့ အငှားကားကို အမျိုးသမီးတစ်ယောက်က လမ်းလယ်ခေါင်မှာ အပြေးတစ်ပိုင်းငှားပါတယ်။ ပြီးတာနဲ့ ကမန်းကတန်းပဲ သူနဲ့ပါလာတဲ့လူကို ကားပေါ်အရင်ပေးတက်ပြီး သူက နောက်ကလိုက်တက်ပါတယ်။ ကြည့်လိုက်တော့ နိုင်ငံခြားသားတစ်ယောက်ပါ။ ကျွန်မတစ်ယောက် လမ်းကူးနေရင်းနဲ့ တုံ့ကနဲရပ်ပြီး ကြည့်လိုက်မိပါတယ်။ စိတ်ထဲမှာလည်း ဘဝင်မကျတဲ့ခံစားချက်မျိုး ခံစားလိုက်ပါတယ်။ နောက်တော့ ကျွန်မခေါင်းထဲမှာ အတွေးပေါင်းများစွာ ရောက်လာပါတော့တယ်။   နိုဝင်ဘာလကုန်ပိုင်းလောက်တုန်းက ကျွန်မတု့ိရုံးက အလည်အပတ်ပို့ပေးလို့ ဘန်ကောက်ကိုသွားခဲ့ပါတယ်။ […]


မနေ့ညက ကျွန်မစာသင်နေရတဲ့ ကိုးတန်းကျောင်းသားက မေးခွန်းတစ်ခုမေးလာခဲ့ပါတယ်။ “မြန်မာစာကို ဘာလို့ အမှတ်ပြည့် မပေးတာလဲ” တဲ့။ ဒီမေးခွန်းကို ကျွန်မဆယ်တန်းနှစ်မှာ မြန်မာစာဆရာကြီးကို မေးခဲ့ဖူးပါတယ်။ ဆရာကြီးရဲ့ အဖြေက- “စာပေတစ်ခုရဲ့ အနှစ်သာရ၊ စာပေတစ်ခုရဲ့ တန်ဖိုးအရ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး…သမီးအနေနဲ့ သိင်္ဃသူ့သမီးကျောက်စာအရ သိင်္ဃသူ့သမီးရဲ့ စိတ်ထားကို ရေးမယ်ဆိုရင် ဘယ်လိုပဲရေးရေး သူ့ရဲ့စိတ်ထားကို ပြည့်စုံအောင် ဖော်ပြနိုင်မှာမဟုတ်ဘူး…ဒီလိုပဲ နွေရာသီအကြောင်း စာစီစာကုံးရေးမယ်ဆိုရင်လည်း ဘယ်လိုပဲဖြေဖြေ ပြည့်စုံတယ်လို့ မယူဆဘူး…ဒါကြောင့် ဒီလိုမေးခွန်းမျိုးတွေမှာ အမှတ်ပြည့်မပေးဘူး…ဒါက စာပေတိုင်းမှာရှိတယ်…အင်္ဂလိပ်စာမှာဆိုရင်လည်း essay/letter တွေကို အမှတ်ပြည့်မပေးဘူးလေ…”   ဆရာကြီးရဲ့ အဖြေအတိုင်းပဲ ကျွန်မလည်း ပြောပြလိုက်ပါတယ်။ စာစီစာကုံးနဲ့ မေးခွန်းရှည်တွေကလွဲလို့ ကျန်တဲ့မေးခွန်းတွေမှာ အမှတ်ပြည့်ပေးတဲ့အကြောင်းလည်း ရှင်းပြလိုက်ပါတယ်။ အဲဒီမှာ သူက ထပ်မေးလာခဲ့တယ်။   “ဆရာမတွေ […]