ဆုျမတ္မိုးDecember 12, 20121min13916
ဝရံတာနောက်က တိတ်တခိုးချောင်းကြည့်တတ်တဲ့မျက်ဝန်းတစ်စုံကို မောင်သိခဲ့မယ်ဆိုရင် ၊ ကျစ်လျစ်တဲ့မောင့်ပုံစံလေးကို အဝေးကနေမျှော်ကြည့်တတ်တဲ့သူတစ်ယောက်ကိုမောင်သိခဲ့မယ်ဆိုရင် ၊ မမလေးဆီကိုလာတိုင်း အငယ်မလေးအတွက်ဆိုပြီး လက်ဆောင်တွေယူယူလာတတ်တဲ့ မောင့်ကို ဒီဇင်ဘာ ပိတ်ရက်ရောက်တိုင်းလည်တမော့မော့နဲ့မျှော်နေတဲ့သူကို မောင်သာသိခဲ့မယ်ဆိုရင် … ပြီးတော့ ကိုယ့်ထက် ငါးနှစ်နီးပါးကြီးတဲ့သူတစ်ယောက်ကို မောင်လို့တိတ်တခိုးလေးခေါ်တဲ့သူကို  မောင်သာသိခဲ့မယ်ဆိုရင်…. ဒီဇင်ဘာနှင်းစက်တွေက အလွမ်းတွေသယ်လာစရာအကြောင်းမရှိဘူးလေ ။ မောင့်ကိုမောင်လို့စခေါ်မိတဲ့နေ့လေးအကြောင်းကို မောင်သိချင်နေမလား အဲဒီနေ့က မောင်နဲ့ကျမနဲ့ပထမဆုံးဆုံဖူးတဲ့နေ့လေ…လွန်ခဲ့တဲ့ငါးနှစ်လောက်က ဒီဇင်ဘာရဲ့ ညနေခင်းတစ်ခုမှာ… အပြာနုရောင်ရှပ်အကျီလေးဝတ်ထားတဲ့မောင့်နဲ့ ကျမတို့ညီမနှစ်ယောက်နဲ့လမ်းမှာတွေ့ကြတာလေ..။ မမလေးရဲ့လက်ကိုဆွဲရင်း မောင့်မျက်နှာကိုမော့ကြည့်ပြီး မောင်နဲ့မျက်လုံးချင်းဆုံသွားတဲ့ခဏ အံအားသင့်သွားတဲ့မောင့်မျက်နှာရယ်လေ…။ ‘မမလေး နင့်ညီမက အချောလေးပဲဟေ့… ပုတာလေးကလွဲရင်ပေါ့’ တဲ့..။ အချောလေးပဲဆိုလို့ ဝမ်းသာရမလိုရှိသေး ပုတာလေးကလွဲရင်ဆိုတဲ့စကားက ကျမရင်ကိုဆို့စေခဲ့တယ်မောင်..ဒါပေမယ့်လည်း….တောက်ပတဲ့မောင့်မျက်ဝန်းတွေအတွက် ကျမစိတ်မဆိုးရက်ဘူးလေ..။ ငါးပေဆယ့်တစ်လက်မဆိုတဲ့မောင့်အတွက်..ငါးပေမပြည့်တဲ့ ကျမက ပုတာပေါ့နော်..မောင်..။ သန့်စင်ထက် ဆိုတဲ့နာမည်အစား…..အဲဒီညက မောင်လို့နာမည်လေးပေးရင်း ကျမတစ်ညလုံးကြယ်ပွင့်လေးတွေရေတွက်ခဲ့မိတယ်မောင်..။ ပြီးတော့ ပုပုသေးသေးကိုယ်လုံးနဲ့မလိုက်အောင် ဒေါက်ဖိနပ်မြင့်မြင့်ကြီးတွေကျမစီးဖြစ်ခဲ့တယ်…။ […]