“တစ်နှစ်ကူးပြန်တော့ အသစ်အဖူးဖြစ်ရပြန်ပေ………………………………” ပြီးခဲ့တဲ့ရက်က စစ်ကိုင်းဘက်မှာအလှူတစ်ခုရှိလို့သွားဖြစ်ပါတယ်။ အခုတစ်လော စစ်ကိုင်းကို သွားရင် တံတားအသစ်ဘက်ကနေဘဲသွားဖြစ်တာများပါတယ်။ ဒီတစ်ခါတော့ အတူပါလာတဲ့ ကိုစိန်မောင်က စစ်ကိုင်းတံတားအဟောင်းဘက်ကနေသွားရအောင်ဆိုတာနဲ့ဘဲ တံတားအဟောင်းဘက်က သွားဖြစ်ပါတယ်။ ဧရာဝတီမြစ်ကို တံတားပေါ်ဖြတ်တဲ့အခါ ဟိုတစ်ဘက်ကမ်းမှာရှိတဲ့ “ရွှေတောင်ဦးမော်”နဲ့အတူ စစ်ကိုင်းဘက်ကမ်းကစေတီပုထိုးတွေကိုမြင်လိုက်ရတဲ့အခါရင်ထဲမှာငယ်ဘဝကိုလွမ်းဆွတ်သလိုဖြစ်နေရတဲ့အထဲ အဆိုတော်ဦးအံ့ကြီးရဲ့ စစ်ကိုင်းတောင်သီချင်းအလိုက်ကို ကိုစိန်မောင် လေချွန်ပြီးလိုက်လာတော့ ပိုလွမ်းသပေါ့ဗျာ။ သူလေချွန်နေတဲ့အပိုဒ်က အင်မတန်မှ ဆိုလို့ကောင်းတဲ့ “မြစ်မင်းဧရာခွေကာဝိုင်း စစ်ကိုင်းအောင်ခြာမြေ ရေလှိုင်းလေးတွေ……………..ရွှေတောင်ဦးမော်ရူ့မျှော်ခင်း…………… “ဆိုတဲ့အပိုဒ်လေးကိုဘဲ ထပ်ကာထပ်ကာကျော့နေတာပါ။ ကျွန်တော့်နားထဲမှာတော့ ဒီသီချင်းရဲ့ခြေဆင်းပိုဒ်လေးဖြစ်တဲ့ “တစ်နှစ်ကူးပြန်တော့ …………..အသစ်အဖူးဖြစ်ရပြန်ပေ…….”ဆိုတဲ့အပိုဒ်လေးကိုဘဲ နားထဲမှာပဲ့တင်ထပ်နေပါတယ်။ အော်………………..နှစ်ဟောင်းကိုစွန့်လို့ နှစ်သစ်ကူးပြောင်းလာမှာကို ကြိုဆိုပေးမယ့် မင်္ဂလာအတာသင်္ကြန်ကာလ ကလဲ မကြာခင်ရောက်လာတော့မှာဖြစ်လို့ပါဘဲ။ ဒီပြင်နို်င်ငံတွေမှာတော့ မသိပါဘူး မြန်မာနို်င်ငံမှာတော့ နှစ်သစ်ကူးချိန်နဲ့ သစ်ပင်များက ရွက်သစ်လောင်းလို့ ရွက်ဟောင်းခြွေချ ချိန်က သိပ်မကွာလှပါဘူး။ သစ်ပင်ပေါ်မှာပုရစ်ဖူးတွေဝေပြီဆိုရင် သင်္ကြန်ရောက်မယ် နှစ်ကူးတော့မယ်ဆိုတာအချက်ပြလိုက်သလိုပါဘဲ။ […]