နေရာပေါင်းများစွာ ထိုင်ခဲ့ဖူးပါသည်။ နေရာပေါင်းများစွာလည်း ရွှေ့ခဲ့ဖူးပါသည်။ တစ်ခါတစ်ရံ ထိုနေရာများကိုလည်း တမ်းတမ်းတတ လွမ်းဆွတ်ခဲ့ဖူးပါသည်။ ထိုကဲ့သို့ လွမ်းဆွတ်သတိရမိလေတိုင်း ထိုင်ခဲ့ဖူးသော နေရာလေးများ၏ အငွေ့အသက်သည် ချက်ချင်း ပြန်လည် အသက်ဝင်လာသည်ဟု ထင်မှတ်မှားသည့်အချိန်တွေလည်း ရှိနေပါသည်။ ထိုသည်က အိပ်မက်သာသာ ဖြစ်နေခြင်းကိုမူ ကျွန်တော်မေ့လျော့နေခဲ့မိပါ၏။ ***** အရှေ့သို့ခြေတစ်လှမ်းချင်းဆီလှမ်းပြီးတိုင်း အနောက်သို့လှည့်ကြည့်မိတတ်သည့်အကျင့်သည် ငယ်ငယ်ကတည်းက ကျွန်တော့်ထံတွင် အကျင့်ပါခဲ့ဟန်တူပါသည်။ ငယ်ရွယ်စဉ် မူလတန်းကျောင်းသားဘဝမှစ၍ အထက်တန်းအောင် တက္ကသိုလ်တက်သည်အထိ ရှေ့ဆုံးတန်းစာသင်ခုံတွင်ထိုင်ပြီး နောက်သို့လှည့်ကြည့်ရြုခင်းကိုလည်း ကျွန်တော် ဝါသနာထုံခဲ့၏။ အရှေ့တန်းမှ မြင်ရသော နောက်တန်းထိုင် ကျောင်းနေဖက်သူငယ်ချင်းများ၏ မျက်နာအားလုံးကို မြင်ရခြင်းကြောင့်လော၊ သို့မဟုတ်၊ ကျွန်တော်ကိုယ်တိုင် ရှေ့ဆုံးတန်းတွင် ထိုင်ရခြင်းကို ဂုဏ်ယူမိ၍လော ဟူသည်ကို မသိခဲ့ပေ။ ထိုစဉ်ကတည်းက ရှေ့ဆုံးဟူသော ခုံတစ်လုံး၏ နေရာတွင် ထိုင်ရခြင်းကို ကျေနပ်နေခဲ့ခြင်းသည် […]