လက်ထဲက စာရွက်ကလေးက ဘာလုပ်ဖို့လဲ။ မတော်လည်းဖြစ်တယ်လို့ ပြစ်ပြစ်ခါခါ စွန့်ပစ်ထားခဲ့ပြီးမှ ခုကျတော့ ဖိတ်ကြားလွှာ စာရွက်ကလေး လာကမ်းတယ်ပေါ့။ တောင်ပေါ်မှာ မိုးညို့တိုင်း ငွေတောင်ဆည်မှာ ရေမပြည့်ဘူးဆိုတာတော့ သိသင့်ဖို့ကောင်းတယ်။ မိုးကောင်းတုန်းရွာ မိုးခေါင်မှ မှားပါပြီလို့ တ..နေကြတာတော့ တဆိတ်လွန်လွန်းနေသလို ရာသီမမှန်တော့မှ နတ်တင်နေကြတာများ မျက်စိ ဆံပင်မွှေးစူးရပါရဲ့။ ပြီးတော့ “လာခဲ့ပါ မမရယ်။ ခုဆို မမကြီး သိပ်အားငယ်နေရှာတာ။ ဟိုတုန်းက ကိစ္စတွေကိုလည်း သင်ပုန်းချေပေးလိုက်ပါတော့နော်” တဲ့။ တရားကျစရာ ကောင်းလိုက်ပုံများ။ စိတ်ထဲမှာ အတေးအမှတ်ရယ်လို့ မဟုတ်ပေမယ့် တွေးမိတိုင်း တဆစ်ဆစ် နာကျင်ခဲ့ရတာတော့ သေချာတယ်။ ခုဆို မမကြီး သိပ်အားငယ်နေရှာတာတဲ့။ အားငယ်တယ်ဆိုတဲ့ စကားကို ရင်နဲ့မမျှအောင် သိုသိပ်မြိုသိပ်ပြီး မျက်နှာကို မော့ထားခဲ့ရတဲ့ အချိန်ကာလတွေကိုတော့ ဒင်းတို့ ဘယ်လွမ်းတော့ပါ့မလဲ။ […]