weiweiNovember 15, 20105min27425
ဆောင်းဦးရာသီမှာ သစ်ရွက်တွေအရောင်ပြောင်းပြီး ကြွေကျနေတာကို မြင်မိတော့ ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ကိုရီးယားဇာတ်လမ်းတွဲကို သတိရမိပါတယ်။ တရုတ်ပြည်ရဲ့ ဆောင်းဦးရာသီ သဘာဝရှုခင်းတွေကို တင်ပြချင်စိတ်ပေါ်လာတာနဲ့ မနေ့ကပဲ တရုတ်ပြည်အလယ်ပိုင်း ဟူးပေပြည်နယ်ထဲက မုလန်နတ်ရေကန်လို့ခေါ်တဲ့ နေရာကို သွားရောက်လည်ပတ်ပြီး ဓါတ်ပုံရိုက်ယူခဲ့တာဖြစ်ပါတယ်။ မုလန်ရေကန်က တောင်ပေါ်မှာ တည်ရှိတဲ့ ထူးခြားတဲ့ရေကန်လေးတစ်ခုပါ။ တောင်ပေါ်ကို တော်တော်ပင်ပင်ပန်းပန်းတက်လိုက်ရပါတယ်။ ဘယ်လောက်မြင့်လဲသေချာမသိပေမယ့် ကျိုက်ထီးရိုးက ရသေ့တောင်ကနေ တောင်ပေါ်ကို ခြေလျှင်တက်သလောက် ခက်ခဲ ပင်ပန်းပါတယ်။ ဒါပေမယ့် တောင်ကြားတွေမှာ ရေတံခွန်လေးတွေ သစ်ပင်ရောင်စုံလေးတွေနဲ့ ကြည်နူးစရာကောင်းပါတယ်။ ရာသီဥတုကလဲ ၈ ဒီဂရီစင်တီဂရိတ်လောက်ပဲရှိလို့ တောင်လေနဲ့ တော်တော်လေးအေးပါတယ်။ သိပ်နံမည်ကြီးလှတဲ့ နေရာတစ်ခုမဟုတ်ပေမယ့် လက်ရှိဖြစ်နေတဲ့ ဆောင်းဦးအလှကို တင်ပြချင်တာကြောင့် အပင်ပန်းခံ အချိန်ကုန်ခံပြီး ပို့စ်တင်လိုက်ရခြင်းဖြစ်ပါတယ်။ ပင်ပန်းရကျိုးနပ်အောင် တစ်ချက်လောက်တော့ ဖွင့်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ် …