တရုတ် ယွမ်ငွေ အပြောင်းအလဲနှင့် မြန်မာ သွင်းကုန် ပို့ကုန် ဈေးကွက်

khinmintatthuJuly 17, 20101min490

တရုတ် ယွမ်ငွေကို အမေရိကန် ဒေါ်လာနှင့် လဲလှယ်သည့် အခါ နှုန်းသေမှ နှုန်းရှင် အဖြစ် ပြောင်းလဲ သတ်မှတ် လိုက်ရာ ယွမ်ငွေ တန်ဖိုး အနည်းငယ် တက်လာသော်လည်း မြန်မာ သွင်းကုန်၊ ပို့ကုန် ဈေးကွက် အပေါ် ကြီးမား သော သက်ရောက်မှု မဖြစ်ပေါ်သေး ကြောင်း တရုတ်နိုင်ငံနှင့် ဆက်စပ်၍ လုပ်ကိုင် နေသော စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုသည်။ တရုတ်နိုင်ငံက ၎င်း၏ ပို့ကုန် မြှင့်တင်ရန် အတွက် ယွမ်ငွေ တန်ဖိုးကို တရားမဝင် လျှောက်ထားသည် ဟူသော နိုင်ငံတကာက ဝေဖန်ချက် ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်း ယခု ကဲ့သို့ နှုန်းရှင် သတ်မှတ်လိုက်ပြီး ၎င်း၏ ယွမ်ငွေ တန်ဖိုးကို အနည်းငယ် မြှင့်တင် လိုက်ခြင်း ဖြစ်သည်။ တရုတ် အနေနဲ့ ယွမ်ငွေကြေး လဲလှယ် တဲ့အခါ နှုန်းရှင် သတ်မှတ် လိုက်ပေမယ့် Limit လုပ်ထားတဲ့ အတွက် ထိရောက်မှုက သိပ်ရှိမှာ မဟုတ်ပါဘူး။ တရုတ်က အရင်တုန်းက သူ့ငွေတန်ဖိုး နှိမ်ထားတာဟာ Export များလို့ လုပ်ထားတာ။ သူတို့ရဲ ဝင်ငွေအရလည်း ဒီလို လုပ်လာနိုင်တာပါ။ တရုတ်နဲ့ မြန်မာကြားမှာ Export ထက် Import က များနေ (မြန်မာ့ ထွက်ကုန် တင်ပို့ ရောင်းချရမှုထက် တရုတ်ပစ္စည်းကို ဝယ်ယူမှုက ပိုများနေခြင်းကို ဆိုလို သည်)တဲ့ အတွက် Impact ကတော့ နည်းနည်း ရှိမယ်။ တရုတ် ကုန်သည်တွေ အနေနဲ့ မြန်မာနဲ့ ကုန်သွယ်မှု လုပ်တဲ့ အခါ ယွမ်ငွေ တန်ဖိုး တိုးမြှင့် လိုက်ပေမယ့်လည်း ဈေးကွက်မှာ တစ်ခု မဟုတ် တစ်ခု ပြန်လုပ်ထားမှာပဲ ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးလှမောင်ရွှေက ပြောသည်။ တရုတ်ငွေ တန်ဖိုးကို မြှင့်တင်လိုက် ပြီးနောက် ပြီးခဲ့သည့် အပတ်၌ တရုတ် ယွမ်ငွေနှင့် မြန်မာကျပ် ငွေ လဲလှယ်သည့် အခါ တစ်ယွမ်လျှင် ၁၄၂ ကျပ်မှ ၁၄၅ ကျပ် အထိ မြင့်တက်လာသည့် အတွက် မြန်မာ့ ပို့ကုန် လုပ်ငန်းရှင်များ အနေ နှင့် အကျိုးအမြတ် ရရှိနိုင်သော်လည်း တရုတ်သို့ ပို့နေသော ပို့ကုန် အချို့ ရပ်ဆိုင်း ထားသည့် အချိန်အခါ ဖြစ်နေသောကြောင့် အကျိုးအမြတ် မရရှိ သေးကြောင်း တရုတ်သို့ သစ်သီး ဝလံများ အဓိက တင်ပို့နေသည့် ရှမ်းပြည်နယ်ရှိ ကုန်သည်အချို့က ဆိုသည်။ ကျွန်တော်တို့က ပို့ကုန်များကို တရုတ်ယွမ်နဲ့ ရောင်းတဲ့ အတွက် အခုချိန်မှာ ယွမ်ငွေ တန်ဖိုး တက်နေပေ မယ့်လည်း အကျိုး အမြတ် မရရှိ သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်က တရုတ်ကို အဓိက တင်ပို့နေတဲ့ သရက်သီး၊ ဖရဲသီး၊ သခွားသီးတွေ မထွက်တော့ဘူး။ အခုချိန်မှာ ဘာမှ မပို့ရတော့ အကျိုးအမြတ် မရသေးဘူး။ ၉ လပိုင်း၊ ၁ဝ လပိုင်း လောက်မှ ပို့ရမှာပါ။ တရုတ် ယွမ်ငွေ ဒေါ်လာနဲ့ နှုန်းရှင်ပြောင်းလဲ သတ်မှတ်လိုက်ပေမယ့် အကျိုးအမြတ် ခန့်မှန်းလို့ မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်ကတည်းက မြန်မာနဲ့ ယွမ်လဲလှယ်နှုန်းက နှုန်းသေ မရှိဘူး။ အတက်အကျ အမြဲရှိတယ် ဟု ရှမ်းပြည်နယ်မှ ကုန်သည်တစ်ဦး ဖြစ်သည့် ဦးစိုင်းမြင်မိုရ်က ပြောပါသည်။ ယခုကဲ့သို့ တရုတ် ယွမ်ငွေ တန်ဖိုး အနည်းငယ် မြှင့်လိုက်သည့် အတွက် မြန်မာပြည်သို့ တင်သွင်းနေသော ကုန်ပစ္စည်းများ ဈေးနှုန်း မြင့်တက် လာနိုင်သည့် အခြေအနေ ရှိနေသော်လည်း ယခုအချိန်အထိ ဈေးကွက်တွင် အပြောင်းမရှိသေးကြောင်း တရုတ်မှ လျှပ်စစ် ပစ္စည်းများ တင်သွင်း နေသည် လျှပ်စစ်ပစ္စည်းလက်ကား ဆိုင်များက ဆိုသည်။ အခုချိန်ထိ တရုတ် လျှပ်စစ် ပစ္စည်းတွေ ဈေးတက် သွားတာ မရှိသေးဘူး။ ယွမ်ငွေတန်ဖိုး တက်လို့ ဈေးတက်တာ ထက်၊ တချို့ ပစ္စည်းပြတ်လို့ ဈေးတက်တာပဲ ရှိသေးတယ်ဟု လသာလမ်း အနီးရှိ လျှပ်စစ် ပစ္စည်း လက်ကားဆိုင် တစ်ခုမှ ဆိုသည်။ ယွမ်ငွေ တန်ဖိုး တက်လို့ တရုတ်ကနေ တင်သွင်းတဲ့ လျှပ်စစ် ပစ္စည်းတွေ ဈေးတက်သွားတာ ရှိပါတယ်။ ဒါပေမယ့် ပမာဏ နည်းနည်း လေး လောက်ပဲ တက်တယ်။ ကြီးကြီးမားမား တက်တာ မရှိသေးဘူး။ ဝ.၁ ရာခိုင်နှုန်းလောက်ပဲ တက်တယ်ဟု တာမွေမြို့နယ်ရှိ လျှပ်စစ် ပစ္စည်း လက်ကား ဆိုင်တစ်ခုမှ ဆိုသည်။ ယွမ်ငွေ တန်ဖိုးမြှင့်လိုက်တဲ့ အတွက် Importer (မြန်မာနိုင်ငံသို့ တရုတ် ပစ္စည်း တင်သွင်းသူ) တွေ အတွက်တော့ အမြတ်နည်း လာမယ်။ တရုတ် ပစ္စည်းတွေ အရင်ထက် ဈေးကြီးလာပြီး ထိုင်း ပစ္စည်းနဲ့ ဈေးတူသွားရင် Quality ပိုင်း ကို ကြည့်ပြီး စားသုံးသူ တွေက ရွေူးချယ် လာကြလိမ့်မယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာပဲ။ တရုတ်က သူရဲ့ ငွေတန်ဖိုးကို ချထားတဲ့ အတွက် Export အား ကောင်းပြီး အမေရိကန်လို နိုင်ငံက တရုတ်နဲ့ ဈေးကွက်မှာ ငွေကြေး လဲလှယ်နှုန်း အရ ကုန်ကျစရိတ်မှာ မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ Balance မညီတဲ့ ပွဲတွေ ဖြစ်ခဲ့တယ်။ အခုတော့ အပေးအယူ အလျှော့အတင်း လုပ်လာတဲ့ အလားအလာ တစ်ခု ဖြစ်လို့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဖိအားတွေ ပေးပြီး ယှဉ်ပြိုင်မှာ မဟုတ်တော့ဘူး။ ဒါက လိုအပ်တဲ့ အခြေအနေ တစ်ခုပဲ။ အခွင့်အလမ်း တိုင်းမှာ သာတာ နာတာ ရှိမှာပဲ။ ဉာဏ်ကစား နိုင်လို့ ဘယ်လောက် အကျိုးအမြတ် ပိုရမလဲ ဆိုတာတော့ စောင့်ကြည် ရမှာပဲဟု ဘဏ်လုပ်ငန်း ပညာရှင် ဦးဝင့်ကျော်က သုံးသပ် ပြောဆိုသည်။ တရုတ်သည် ယခင်က ၎င်း၏ ယွမ်ငွေကို တစ်ဒေါ်လာလျှင် ၆.၈၃ ယွမ် အဖြစ် နှုန်းသေ သတ်မှတ်ခဲ့ရာ ပြီးခဲ့သည့် အပတ်က နှုန်းရှင် သတ်မှတ် လိုက်သည့် အတွက် တစ်ဒေါ်လာလျှင် ၆.၇ရ ယွမ် ဖြစ်ခဲ့သည်။ ယခင် သတင်းပတ် ကုန်တွင် ကနေဒါနိုင်ငံ တိုရွန်တိုမြို၌ G-၂ဝ ထိပ်သီး အစည်းအဝေးတွင် အမေရိကန် သမ္မတ အိုဘားမားက တရုတ်နိုင်ငံသည် ယွမ်ငွေကို လာမည့် လ အနည်းငယ်အတွင်း ပြင်ဆင်တိုးမြှင့် သတ်မှတ်ရန် ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ မည်သို့ပင် ဖြစ်စေ နိုင်ငံတကာ လေ့လာ သုံးသပ် သူများက တရုတ် ယွမ်ငွေနှင့် ပတ်သက်၍ မကြာခင် ကာလ အတွင်း အပြောင်းအလဲ ကြီးကြီး မားမား ဖြစ်ပေါ်လာလိမ့်ကို မမျှော်လင့်ကြောင်း ထင်ကြေး ပေးကြသည်။