အဖေ….သားတို့လက်သည်း ညှပ်ရအောင်

khunmyomyatJune 10, 20101min1354

“ အဖေက လက်သည်းလည်း မညှပ်ဘူး။ တော်ပါပြီ….အဖေ့လက်ကြီးနဲ့ နှယ်ထားတာ မစားချင်ပါဘူး ”

၁၃ နှစ်သားမှာ ကျနော် အဲဒီလို အဖေ့ကို ပြန်ပြောတက်ခဲ့တယ်။ အဖေက ထမင်းစားခါနီးတိုင်း ဟင်းအနှစ်တွေနဲ့ ကောင်းအောင်လို့ ကျနော်တို့ မောင်နှမတွေကို နှယ်ကျွေးနေကြလေ။ အဖေ့ရှေ့မှာ မဟုတ်ရင်တောင်မှ အဖေ့ကွယ်ရာမှ ကျနော်တို့ မောင်နှစ်မ နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ပြောကြပါသေးတယ်။ “ အဖေ့လက်တွေက ဆီချေးတွေ ၊ စက်ဆီတွေနဲ့ အမြဲပေနေတာပဲ။ ပြီးတော့ လက်သည်းလည်း မညှပ်ဘူး ..ရွံစရာကြီးနော်လို့ ” တီးတိုးတီးတိုးပေ့ါ။ တခါတခါ
အဖေ ကြားတာလည်း ရှိတယ်။ အဖေ မကြားတာလည်း ရှိပါတယ်။ အဖေ့ကို ကျနော်တို့ မေးကြတယ်။ အဖေ “ ဘာလို့ လက်သည်း မညှပ်တာလည်းပေ့ါ ၊ အဖေ မအားရင် သားတို့ညှပ်ပေးပ့ါမယ်လို့ ” ဆိုမှ အဖေက အညှပ်ခံပါတယ်။ ဒါကလည်း တစ်လမှ တစ်ခါလောက်သာပါ။ ဒီလိုနဲ့ အချိန်ကြာလာပြန်ရင် အဖေ့လက်လည်းတွေ ပြန်ရှည်လာပြန်ရော။ လက်သည်းတွေကြားထဲမှာလည်း စက်ဆီတွေက ဝင်မြဲ ပေမြဲပါပဲ။

ကျနော်တို့လည်း မပြောဖြစ်တော့ပါဘူး။ အဖေ ဘာကြောင့် ဒီလောက်လက်သည်းညှပ်ဖို့ ပျင်းရတာလည်းလို့။
ဒီမသန့်ရှင်းတဲ့ လက်နဲ့ ထမင်းစားရင် အဖေ ရောဂါ ရမယ်ဆိုတာ သိရဲ့သားနဲ့ လို့ ခဏခဏ တွေးမိပြီး အဖေ့အပေါ်
ဂရုဏာဒေါသတွေလည်း ထွက်မိပါတယ်။ အော် အဖေ့အကြောင်းလား ကျနော်ပြောပြရဦးမယ်။

အဖေက ဌာနဆိုင်ရာ တစ်ခုက ဝန်ထမ်းတစ်ယောက်ပါ။ စက်ပြင် ရတဲ့ အလုပ်ကို လုပ်ပါတယ်။ တခါတလေ စနေ ၊ တနင်္ဂနွေတွေမှာ ရေစုပ်စက်တို့ ၊ မီးစက်တို့ ပျက်နေရင် အဖေက လိုက်ပြင်ပေးတယ်။ အိမ်မှာ အဖေအပါအဝင် ကျနော်တို့ မိသားစု ရ ယောက်ရှိပါတယ်။ ဝန်ထမ်းဆိုတဲ့ အတိုင်း လခနဲ့ မလောက်တဲ့ အဖေက အပိုဝင်ငွေရှာရတော့တာပေ့ါ။ အဖေ့ကို သနားလို့ အမေကလည်း သူတက်သလောက်လေးနဲ့ ဈေးရောင်းပြီး ရှာကျွေးပါတယ်။ ပြေလည်သလိုလို ၊ မပြေလည် သလိုလိုနဲ့ ကလေးတွေနဲ့ ရုန်းကန်နေရတဲ့ အဖေ့မှာ လက်လည်းညှပ်ဖို့တောင် သူ့မှာ အချိန်ရှားပါးခဲ့ပါတယ်။ မနက် သားသမီးတွေ အိပ်ရာမနိးခင်ထွက်သွား ၊ ညဘက် သားသမီးတွေ အိပ်ရာဝင်တော့မှ ပြန်လာတက်တဲ့ အဖေ့ကို ဝမ်းနည်းစရာကောင်းလောက်အောင် ညီလေး အငယ်ဆုံးက ခေါ်ရင်တောင် မလိုက်ဘူးလေ။ ကျောင်းမှာ တခုခုဖိုးပေးရတော့မယ် ဆိုရင် ၊ အိမ်အတွက် တစ်စုံတစ်ခု ပြင်ဆောက်ရတော့မယ်ဆိုရင် ၊ ကလေးတွေ နေမကောင်း ဖြစ်နေပြီဆိုရင် အဖေမျက်လုံးတွေမှာလေ ရီဝေနေတာပဲ။

ဒါကို ကျနော်တို့ မခံစားတက်ခဲ့ပါဘူး။ လိုချင်တာတောင်းမယ် ၊ မရရင် မျက်နှာပုပ်မယ် ။ အဲဒီအခါ အဖေက “ အေးပါ သားရယ် ၊ သမီးရယ် …အဖေလုပ်ပေးမှာပေ့ါ ” နဲ့ အဖေ့နှစ်သိမ့်စကားတွေအောက်က အဖေအသက်ရှုသံတွေကို ကျနော်တို့တွေ သတိမထားမိခဲ့ပါဘူး။ မိသားစုရဲ့ အပူဒဏ်တွေအောက်မှာ အဖေ့တစ်ယောက် လက်သည်းညှပ်ဖို့တောင် မတွေးမိနိင်ခဲ့တာကို ကျနော်တို့ နားမလည်ခဲ့ဘူး။ အဖေလက်သည်း မညှပ်ရင် အပြစ်ပြောဖို့လောက်ပဲ သိခဲ့တဲ့ ကျနော်ဟာ အဖေတို့ မိသားစုနဲ့ ဝေးရာမှာ အိမ်ထောင်ကျလို့ အိမ်မှုကိစ္စတွေကို တွေ့ကြုံလာတော့မှ ရီဝေတဲ့ အဖေ့မျက်လုံးတွေကို စာနာတက်ခဲ့မိတယ်။ မိသားစုအပေါ် မျက်နှာတစ်ချက် မညိုရအောင် ရှာဖွေကျွေးမွေးခဲ့တဲ့ အဖေ့အပေါ် ကိုယ်ချင်းစာခဲ့မိတယ်။ ဟော…အခုဆိုရင် ကျနော်လက်သည်းတွေလည်း မညှပ်ဖြစ်တာ ကြာပြီပေ့ါ အဖေ။ အဲဒီလို လက်သည်းတွေ ရှည်နေတဲ့ အတွက် ကျနော် ဝမ်းသာသလို ဝမ်းလည်း နည်းမိပါတယ်။

“ ဘာကြောင့်…အဖေတစ်ယောက် လက်သည်းမညှပ်ဖြစ်ရတာလဲဆိုတာ ” ကျနော် ဘယ်တော့မှ မေးမှာ မဟုတ်တော့ပါဘူး။
ဒီတခါ အိမ်ကို ပြန်ဖြစ်ရင် အဖေ့လက်သည်းတွေကို ကျနော် ကိုယ်တိုင် သေချာညှပ်ပေးရဦးမယ်။

စာဖတ်သူမှာရော ယခုလိုမျိုး ထပ်တူမဟုတ်ရင်တောင်မှ ခံစားချက်လေးတွေ မိဘအပေါ် တစ်စုံတရာ ရှိခဲ့ဖူးပါသလား။
ပြန်စဉ်းစားကြည့်ပါ။ အစားထိုးလို့ မရတဲ့ မိဘ အပေါ် ကျနော်တို့ နှီးနှီးကပ်ကပ် ပြုစုကြရအောင်လို့။

4 comments

  • etone

    June 10, 2010 at 4:40 am

    ရေးထားတာကောင်းတယ် ။ ကော်ပီလား ကိုယ်တိုင်ရေးတာလား

  • wunnakoko

    June 11, 2010 at 3:48 am

    ကောင်းပါတယ်။အားပေးပါတယ်။ဆက်ရေးပေးပါ။

  • khunmyomyat

    June 18, 2010 at 3:25 am

    ကျွန်တော့်ရင်တွင်း ခံစားချက် အစစ်လေးပါ ခင်ဗျာ။
    ကော်ပီ မဟုတ်ရပါဘူး။

  • Thiri Lwin

    July 12, 2010 at 3:28 am

    ရင်ထဲကခံစားရလောက်အောင် ကောင်းပါတယ်…

Leave a Reply