ဝါးလုံးခေါင်းထဲကလရောင်

“.. အခြေခံဥပဒေပါ အချက်များကို မည်သည့်နည်းဖြင့်မှ ပြင်ဆင်ခွင့်
မရအောင် ကာကွယ်မည် ဆိုသော စိတ်ထားဖြင့် အရာရာ အသေးစိတ်က
အစ ကန့်သတ်ချုပ်ချယ် စီးပိုး တားမြစ်မည် ဆိုလျှင် ကျွန်ုပ်တို ့ နိုင်ငံ အနာဂတ်သည် နှစ်ပေါင်းများစွာ ဖိစီးချုပ်မိုးထားခဲ့ဖူးသည် အတိတ်တစ္ဆေ ဧ။် အရိပ်တွေ လွှမ်းနေ အုံးမည် ဖြစ်ပါကြောင်း..”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ သည် အဖွဲ့ချုပ်မှ တောင်းဆိုထားသော ကျမ်းကျိန် စာသား စကားလုံး ပြောင်းလဲပေးရေး အတွက် အချိန်မှီ ပြင်ဆင်ထုတ်ပြန်ခြင်း မပြုပေးသောကြောင့် လွှတ်တော်ကို အချိန်မှီ မတက်ရောက်နိုင်တော့သည့် သတင်းများက တနိုင်ငံလုံးကို စိတ်ဝင်တစား ဖြစ်နေစေသည်။

နဂိုကတည်းက ဒီလိုပြဌာန်းထားတာကို သိရက်နဲ့ ဒီလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံပြီး ရင် ဒီကျမ်းကို ဒီလိုကျိန်ရမယ် ဆိုတာ သိသိကြီးနဲ့ အခုမှ ဘာအိုက်တင်ခံတာလဲ။ ဒီစကားလုံးလေး နှစ်ပါဒ စာသားလေးနှစ်ကြောင်းက ဘာများ ကွဲလွဲ ထူးခြားသွားမှာ မို့လဲ။ စသည်ဖြင့် ဝါးလုံးခေါင်းထဲက လရောင် အတွေးများဖြင့် စွပ်စွဲပုတ်ခတ်ကြသည်။

ဗိုလ်ကြိးဟောင်းနေမျိုးဇင်

သစ္စာဆိုခြင်း ကျမ်းကျိန်ခြင်းဟူသည် အလေးအနက် စောင့်သိလိုက်နာမည့်သူများ အတွက် ဘဝနဲ့ချီပြီး အရေးကြီးသည်။

ဆို်ခဲစေ မြဲစေ၊ တိုင်တည်ရွတ်ဆိုသော သစ္စာနဲ့ အညီ တည်ကြည်ဖြောင့်မတ်သော အမူအကျင့်ကို ပြုမည့်သူများအတွက် သစ္စာဆိုသည့် အချက်များသည် အသက်တမျှ အလွန် အရေးကြီးသည်။ လိုလားလိုက်နာနိုင်မည့် အချက်မဟုတ်က မည်သူမျှ ကျမ်းကျိန် မည်မဟုတ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သည် မူလ ကတည်းက ယနေ့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါအချက်အားလုံးကို နှစ်သက် သဘောတူ ထောက်ခံခဲ့သည် မဟုတ်ပါ။

ပြည်ထောင်စု နိုင်ငံတည်ဆောက်နိုင်ရေး၊ တိုင်းရင်းသား တန်းတူညီတူရှိရေး အမြင်၊ လူထု ဆန္ဒလိုလားချက်များနှင့် ကွဲလွဲချက် များစွာ ရှိသော ပြသနာများဖြင့် အခြေခံဥပဒေသစ်ကို ကသောကမျော ပြဌာန်းခဲ့သည်ဟု နိုင်ငံတကာက စွပ်စွဲထောက်ပြမှုများရှိခဲ့သည်။

လူထုအများငြိုငြင်ညူစူ ကန့်ကွက်နေသည့် အကြားမှ စစ်ကောင်စီ ဦးစီးပြီး ထုတ်ပြန်ခဲ့သော အဆိုပါ ဥပဒေတွင် အများပြည်သူနှင့် နိုင်ငံ့ အနာဂတ်ကို အာမခံချက် မပေးနိုင်သော ပြဌာန်းချက် အချို့ပါဝင်နေသည်မှာ ငြင်းမရပါ။

နှစ်ပေါင်းများစွာအတွင်း ပါတီခေါင်းဆောင်မှ အစ ပါတီဝင်များစွာတို့ အဖမ်းခံ ထောင်အကျခံပြီး ပေးဆပ် စွန့်လွှတ်အနစ်နာခံကာ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွက် ဒီမိုကရေစီ နိုင်ငံတော် စစ်စစ် တည်ဆောက်နိုင်ရေး စဉ်တစိုက် ကြိုးပမ်းခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံသားတို့ အတွက် အကျိုးမဲ့စေမည့် မည်သည့် လုပ်ရပ်မျိုးကိုမှ တောင်းဆိုလိမ့်မည် မဟုတ်ဟု ကျွန်ုပ်တို့ အလေးအနက် ယုံကြည်သည်။

လူထု အများစု ဆန္ဒ္ဒဖြင့် တခဲနက် စစ်မှန်စွာ ရွေးကောက်တင်မြောက်ခံရသော လူထု ကိုယ်စားလှယ်များသည် နိုင်ငံသားတို့ အနာဂတ်ကို ခြိမ်းခြောက်နေသော သို့မဟုတ် တည်ငြိမ်ရေးကို အနှောက်အယှက်ပြုနေသော အခြေခံ ဥပဒေပါ အချက်အချို့နှင့်၊ လူထုနှင့် နိုင်ငံတော်အား အကျိုးမပြုသော အချက်အချို့အား ပြင်ဆင်ပေးနိုင်လိမ့်မည်ဟု ပြည်သူအများက ယုံကြည်မျှော်လင့်ပြီး မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန် လိုအပ်ကြောင်းကိုလည်း ပါတီခေါင်းဆောင်များက တရားဝင် ထုတ်ဖေါ်ပြောဆိုထားယုံမျှ မက နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံဆွေးနွေးစဉ်ကလည်း ထိုအကြောင်း ထည့်သွင်းဆွေးနွေးပြီးဖြစ်သည်ဟု အများစုက ယုံကြည်ထားသည်။

ထို့ကြောင့် အခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်ပါမည်ဟု ကျမ်းကျိန်ခြင်း မပြုလိုပဲ လေးစားလိုက်နာပါမည်ဟုသာ သစ္စာပြု ကျမ်းကျိန်ရန် ပြင်ဆင်ခွင့်တောင်းဆိုသည့် ညီညွတ်စည်းလုံးသော ပြည်သူ့ ကိုယ်စားလှယ်ကြီးများဧ။် ရဲရင့် ရိုးဖြောင့် တည်ကြည် ခိုင်မာ ဓိဌာန်ကို ပြည်သူအများကိုယ်စား ဦးညွှတ် အလေးပြုလိုက်ပါသည်။

လူထုအကျိုးနှင့် အနာဂတ် ပြည်ထောင်စု ကောင်းကျိုးကို တရားဝင် လွှတ်တော်တွင်း စည်းဝေးတိုင်ပင် အဆိုတင် ညှိနှိုင်း ဖြေရှင်းခြင်းများနှင့် လွှတ်တော်ပြင်ပ လူထု လှုပ်ရှားမှုများဖြင့် ဟန်ချက်ညီ ထိန်းကွပ် ချိန်ကိုက်ကာ အနာဂတ် နိုင်ငံတော်သစ်ကို ငြိမ်းချမ်း သိမ်မွေ့စွာ တည်ဆောက် အကောင်အထည် ဖေါ်နိုင်မည်ဟု ယုံကြည်သည်။

ပြည်သူအများ လိုလားတောင့်တ နေသော နိုင်ငံရေး စနစ်အကူးအပြောင်းကိုတည်ဆောက်ရာတွင် လွှတ်တော်တွင်း ရောက်နှင့်ပြီးသူ စိတ်ရင်း စေတနာ မှန်ကန်သော ကိုယ်စားလှယ်ကြီးများကလည်း ယနေ့ အချိန်အခါသည် စနစ်အကူးအပြောင်း ပြိုင်ပွဲကြီးဧ။် တာထွက်အစ ခရာသံ ဖြစ်သည်ကို နားလည်သဘော ပေါက်ပြီး ဖြစ်သည်ဟု မိမိတို့ ယုံကြည်ပါသည်။

ယနေ့ လွှတ်တော်တွင်း သို့ တရားဝင် တက်ရောက်တော့မည့် ပြည်သူ့ကိုယ်စားလှယ် စစ်စစ်များအတွက် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည့် အကြောင်း ကျမ်းကျိန်စာသားကို ချက်ချင်း ပြင်ဆင်မပေးခြင်းအတွက် အခြေခံ အကြောင်း တရား အချို့လည်း ရှိကောင်း ရှိနေနိုင်ပါသည်။

အခြေခံဥပဒေပါ အချက်များအရ ကိုယ်စားလှယ် ရာနှုန်း ဘယ်လောက်ဖြင့် တရားဝင် တင်သွင်း ပြင်ဆင်ခွင့်တင်ပြပြီးမှ ပြင်ဆင်နိုင်သည် ဆိုသောကြောင့် ယခု အပတ်အတွင်း တည်ဆဲ ဥပဒေပါ လုပ်ထုံးလုပ်နည်းများ အတိုင်း တင်သွင်းပြင်ဆင်ပေးလိမ့်မည်ဟု မျှော်လင့်မိသည်။

အုပ်ချုပ်ရေး စနစ်သစ် စတင် လည်ပတ်သည်မှ အစ လူထု လိုလားချက်များနှင့် နိုင်ငံ့ ကောင်းကျိုးကိုသာ စဉ်တစိုက် အကောင်အထည်ဖေါ်လာခဲ့သော နိုင်ငံတော် သမ္မတဦးဆောင်သည့် အစိုးရ အဖွဲ့ အနေဖြင့် ယနေ့အချိန်အခါကိုလည်း နိုင်ငံ ့ အနာဂတ် အတွက် ရင့်ကျက်သော စဉ်းစားဆင်ခြင်ဉာဏ်ဖြင့် ဆုံးဖြတ်လမ်းပြ ပေးဦးမည်ဟု ယုံကြည်ထားပါသည်။

သို့မှ မဟုတ်လျှင် အခြေခံဥပဒေပါ အချက်များကို မည်သည့်နည်းဖြင့်မှ ပြင်ဆင်ခွင့် မရအောင် ကာကွယ်မည် ဆိုသော စိတ်ထားဖြင့် အရာရာ အသေးစိတ်က အစ ကန့်သတ်ချုပ်ချယ် စီးပိုး တားမြစ်မည် ဆိုလျှင် ကျွန်ုပ်တို့ နိုင်ငံ အနာဂတ်သည် နှစ်ပေါင်းများစွာ ဖိစီးချုပ်မိုးထားခဲ့ဖူးသည် အတိတ်တစ္ဆေ ဧ။် အရိပ်တွေ လွှမ်းနေအုံးမည် ဖြစ်ပါကြောင်း …………………..

တင်ပြသူ
နေမျိုးဇင်
( ကြည်း ၂၉၄၄၄ ဗိုလ်ကြီးဟောင်း နေမျိုးဇင်

http://www.dawnmanhon.com

5 comments

  • အမုန်း လုလင်

    April 24, 2012 at 8:25 am

    ကျုပ်ပို ့စ်တွေ forum ထဲမရောက်ဖူးထင်တယ်နော်
    publish ကိုနှိပ်ပစ်လိုက်တာ..ရှင်းပြချက် ထဲမှာ အဲ ့ဒါကိုနှိပ်ရင်ဘာဖြစ်လဲလို ့ မပါတာနဲ ့
    လုပ်ထည့်လိုက်တာ .. update မှ မပေါ်တာကိုးဗျ .. နောက်မှလိုက်ကြည့်တော့မမှီတော့
    ဘူး လွန်သွားပြီ ..။

  • htoosan

    April 25, 2012 at 10:29 am

    Publish ဆိုတာ က ရေးပြီး အားလုံးစစ်ပြီး သေချာပြီဆိုမှ နိုပ်ပါ ။
    preview က ကိုယ်ရေးတာ တွေပြီးလို့ ဘယ်လိုပေါ်မလဲဆိုတာကို ပြန်ကြည့် တာပါ ။ အဲ့ဒီ့တော့ အကောင်းဆုံးက publish မနိုပ်မီ preview အရင်ကြည့်ပါ ။ ကြိုကြ်ပီဆိုမှ publish နိုပ်ပါ ။
    update က publish လုပ်ထားပြီးတဲ့ ကိုယ့်တင်ထားတဲ့ post မှာသာ ပေါ်တာပါ ။ publish မလုပ်ထားရင် update မပေါ်ပါဘူး ။ ကိုယ့် တင်ထားတာ ကို ပြန်ပြင် ပြီး (edit) လုပ်ပြီး ဥပမာ ..စာလုံးပေါင်းဘဲဖြစ်ဖြစ် ၊ ဓါတ်ပုံထပ်ထည့်တာဘဲဖြစ်ဖြစ် ၊ ပြန်ပြင်ပြီးတဲ့ အခါမှာ update နိုပ်ရင် ပြန်ပြင်ထားတဲ့ အတိုင်းပေါ်ပါမယ်။

    Forum ထဲမှာ က အဲ့ဒီ forum ထဲဝင်ပြီး သပ်သပ်ရေးရတာပါ။

  • ပေစိ

    April 25, 2012 at 2:00 pm

    ကြံ့ဖွတ်တွေ ကြောက်ဒူးတုန်တဲ့ပွဲ

  • Phaung Phaung

    April 25, 2012 at 4:10 pm

    သို့မှ မဟုတ်လျှင် အခြေခံဥပဒေပါ အချက်များကို မည်သည့်နည်းဖြင့်မှ ပြင်ဆင်ခွင့် မရအောင် ကာကွယ်မည် ဆိုသော စိတ်ထားဖြင့် အရာရာ အသေးစိတ်က အစ ကန့်သတ်ချုပ်ချယ် စီးပိုး တားမြစ်မည် ဆိုလျှင် ကျွန်ုပ်တို့ နိုင်ငံ အနာဂတ်သည် နှစ်ပေါင်းများစွာ ဖိစီးချုပ်မိုးထားခဲ့ဖူးသည် အတိတ်တစ္ဆေ ဧ။် အရိပ်တွေ လွှမ်းနေအုံးမည် ဖြစ်ပါကြောင်း

    အရမ်းကောင်းမွန်ပြည့်စုံမှန်ကန်တဲ့ စကားစုပါပဲ…

Leave a Reply