ရန်ကုန်မြို့ရှိ ခရီးသည်တင်လိုင်းကားများကို အမိုးအကာပြတင်းပေါက်နှင့် ယာဉ်ကြံ့ခိုင်မှုများ စစ်ဆေးပြုပြင်ရန်ညွှန်ကြားထား

klnJune 14, 20101min450

မိုးရာသီကာလသို့ ရောက်ရှိလာပြီဖြစ်၍ ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေကြသည့် ခရီးသည်တင်လိုင်းကားများ၏ အမိုးများ၊ အကာများ၊ ပြတင်းပေါက်များ ကောင်းမွန်ခြင်းရှိ၊ မရှိနှင့် မော်တော်ယာဉ်ကြံ့ခိုင်မှု အခြေအနေ ကောင်းမွန်ခြင်းရှိ၊ မရှိတို့ကိုစစ်ဆေး၍ ပြုပြင်မှုများ ဆောင်ရွက်သွားရန် ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးလုံခြုံချောမွေ့စေရေးကော်မတီမှ သက်ဆိုင်ရာယာဉ်လိုင်းများအလိုက် ညွှန်ကြားထားသည်ဟု သိရှိရသည်။ ရန်ကုန်မြို့နေလူထု၏ ထက်ဝက်ကျော်ခန့် အသုံးပြုစီးနင်းနေကြသည့် ခရီးသည်တင်မော်တော်ယာဉ်များတွင် အမိုးများ၊ ဘေးအကာများ၊ ပြတင်းပေါက်များ၊ လေကာမှန်၊ ဝိုင်ဘာများ၊ ဘရိတ်စနစ်နှင့်ယာဉ်ကြံ့ခိုင်မှု ကောင်းမွန်ခြင်းမရှိ၍ စီးနင်းသည့်ခရီးသည်များ အဆင်မပြေစီးနင်းရခြင်းအပြင် ယာဉ်အန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သောကြောင့် အထူးသဖြင့် မိုးရာသီကာလတွင် မော်တော်ယာဉ်များ ကြံ့ခိုင်ကောင်းမွန်မှုရှိစေရန်နှင့် စစ်ဆေးပြုပြင်ရန်အတွက် ပိုမိုတိုက်တွန်းနေရခြင်း ဖြစ်သည်ဟု သိရသည်။ အသင်းအဖွဲ့၊ ကုမ္ပဏီများက ပိုင်ဆိုင်သော ယာဉ်လိုင်းများကိုလည်း ညွှန်ကြားထားသကဲ့သို့ ပုဂ္ဂလိကယာဉ်ပိုင်ရှင် တစ်ဦးချင်းကို စုစည်းဖွဲ့စည်းထားသည့် ရန်ကုန်မြို့တော်၏ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အကြီးဆုံးနှင့် ယာဉ်စီးရေအများဆုံး အဖွဲ့အစည်းဖြစ်သည့် မ.ထ.သ(မြို့တွင်း) လက်အောက်ရှိယာဉ်များကိုလည်း ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။ ယင်းအပြင် ဇွန်လ ၁ရက်နေ့မှစတင်၍ ညွှန်ကြားချက်များ၊ စီမံချက်များကို လိုက်နာမှုရှိ၊ မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။