ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ ပြည်ပနိုင်ငံများနှင့် သတင်းအချက်အလက်များ ဖလှယ်ရာ တွင် လုံခြုံမှုရှိစေရန် ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်များ မကြာမီထုတ်ပေးသွားမည်

klnJune 14, 20101min470

ပြည်တွင်းစီးပွားရေလုပ်ငန်းရှင်များပြည်ပနိုင်ငံများနှင့်သတင်းအချက်အလက်များဖလှယ်ရာတွင် လုံခြုံမှုရှိစေရန် အတွက် ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်များကို မြန်မာအင်ဖိုတက်မှ မကြာမီထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုဒစ်ဂျစ်တယ်သက်သေခံလက်မှတ်သည် ပြည်ပနိုင်ငံများနှင့် ငွေပေးငွေယူကိစ္စများနှင့် သတင်းအချက်အလက်များဖလှယ်ရာတွင် အွန်လိုင်းလုံခြုံမှုအတွက် ထုတ်ပေးခြင်းဖြစ်ကြောင်းသိရသည်။ “ဒစ်ဂျစ်တယ်သက်သေခံလက်မှတ်ကို မကြာမီမှာပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ ရယူသုံးစွဲခွင့် ရရှိတော့မှာပါ။ ဒီလက်မှတ်ထုတ်ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ နည်းဥပဒေတွေနဲ့ စည်းကမ်းချက်တွေကိုလဲ ရေးဆွဲပြီးပါပြီ။ လက်ရှိ စမ်းသပ်ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနည်းစနစ်အသုံးပြုတဲ့အခါ မှာ လိုအပ်တဲ့ နည်းပညာတွေပဲ ပံပိုးပေးရတာပါ။ ကျန်တဲ့ကိစ္စတွေကို မြန်မာအင်ဖိုတက်က ဆောင်ရွက်သွားမှာပါ” ဟုမြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ဦးငြိမ်းဦးကပြောသည်။ ယင်းဒစ်ဂျစ်တယ်သက်သေခံ လက်မှတ်ထုတ်ပေးနိုင်ရန်အတွက် မြန်မာအင်ဖိုတက်အနေဖြင့် မြန်မာ့ဆက်သွယ်ရေးနှင့် ကြေးနန်းဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိထားကြောင်း သိရသည်။ “အခုချိန်မှာ နည်းပညာတွေအရမ်းတိုးတက်နေတဲ့အခါ ဖြစ်တော့ အွန်လိုင်းသုံးစွဲတဲ့ အခါမှာ လုံခြုံမှုရှိဖို့လိုအပ်လာပါတယ်။ ပြီးတော့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တချို့ကလဲ အခုချိန်မှာ အွန်လိုင်းစနစ်နဲ့ ပြည်ပနိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေကြပြီဆိုတော့ အွန်လိုင်းလုံခြုံရေးက အရေးကြီးလာပါပြီ။ ဒီလိုမှမဟုတ်ရင် အွန်လိုင်းက မိမိရဲ့လုပ်ငန်းဆိုင်ရာ အချက်အလက်တွေကို ခိုးယူခံရနိုင်သလို ဝင်ရောက်ဖျက်ဆီးခြင်းတွေခံရနိုင်ပါတယ်။ ဒါကြောင့် ဖြစ်လာနိုင်တဲ့ အရာတွေကို ဖြေရှင်းပေးနိုင်ဖို့ဒစ်ဂျစ်တယ်သက်သေခံ လက်မှတ်ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်တာပါ” ဟုယင်းက ရှင်းပြသည်။ အဆိုပါဒစ်ဂျစ်တယ်သက်သေခံလက်မှတ်ကို လိုအပ်သောအချက်အလက်များနှင့် စမ်းသပ်မှုများ ပြီးဆုံးသွားပါက ရယူသုံးစွဲနိုင်မည့်ပုံစံများကို အသေးစိတ် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်။