အိနိ္ဒယအတွေ့အကြုံများ(၁)
ကျနော်အိနိ္ဒယနိုင်ငံရဲ့ မြို့တော် နယူးဒေလီကို ထွက်လာခဲ့တာ ၂၀၀ရ နိုဝင်ဘာလကပေါ့။ အဲဒီတုန်းက ကလေးမြို့ကနေ ဂျစ်ကားလေးနဲ့ တီအိုလို့ခေါ်တဲ့ နယ်စပ်ရွာလေးကို တနေကုန် ခရီးနှင်ရပါတယ်။ ခရီးအစပိုင်းမှာ လမ်းတွေက ကျောက်ခင်းလမ်းဇြစ်တဲ့အတွက် လမ်းဘေးရှုခင်းတွေ၊ တောတောင်အလှတွေ ငေးမောရင်းလိုက်ပါလာခဲ့ပါတယ်။ တီးတိန်မြို့အလွန် မံဆောင်းဆိုတဲ့ တံတားကို ဖြတ်ကျော်အပြီးမှာတော့ တသက်နဲ့တကိုယ် တခါမှ မကြုံဖူးတဲ့ ဆိုးဝါးလှတဲ့ လမ်းခရီးကို ကြုံတွေ့ရပါတော့တယ်။
လမ်းဆိုးပုံများတော့ ကျောက်ခဲ မျိုချထားရင်တောင် အစာကြေလောက်ပါတယ်။ ကားလမ်းပါလို့ ဘုရားစူး မိုးကြိုးပစ် ကြိမ်တွယ်ပြောရမလိုပါပဲ။ ၁ဝ ပေလောက်ပဲ ကျယ်တဲ့ လမ်းဟာ မြေသားလမ်းဆိုတော့ ကားတွေအသွားအလာများတဲ့အခါ ကားဘီးနေရာတွေက တဖြည်းဖြည်း နက်ဝင်သွားပုံရပါတယ်။ အဲတော့ လမ်းက ကားလမ်းနဲ့ မတူဘဲ လှည်းလမ်းလို ဖြစ်နေပါတယ်။ လှည်းလမ်းကမှ နည်းနည်း တိမ်ပါလိမ့်မယ်။ ကျနော်ကြုံရတဲ့ လမ်းကတော့ ကားဘီးနေရာတွေက ၁ ပေလောက် နက်ပါတယ်။
ကားဘီးနေရာ နှစ်ခုက နက်နေပြီး ဘီးရာနှစ်ခုကြားက မြေသားကတော့ မို့မို့မောက်မောက် ဖြစ်နေပါတယ်။ တခါတလေ ကားဘော်ဒီနဲ့ မလွတ်လို့ ဂေါ်ပြားတွေ၊ တူရွင်းတွေနဲ့ မို့နေတဲ့ မြေသားတွေကို ဖြိုဖြိုပြီး မောင်းရပါတယ်။ အချိန်က မိုးအကုန် ဆောင်းအကူးရာသီဆိုတော့ မိုးမစို့မပို့ရွာထားလို့ လှည်းလမ်းလို တသမတ်ထဲ မောင်းနေရတဲ့ ကားဘီး လမ်းကြောင်းထဲမှာ ရေတွေ ဝပ်နေပါတယ်။ လမ်းကလည်း မြေသားဆိုတော့ ဗွက်တွေဖြစ်ပြီး ကားကနွံနစ်နေတာ ခဏခဏပေါ့။
တောင်တက်လမ်းမှာ ကားနစ်နေရင် စပယ်ယာက ဂျမ်းတုံးခုရုံနဲ့ မရပါဘူး။ ဂျမ်းတုံးခုရင်း ကျောက်ခဲတွေရှာ၊ အသံကုန်အော်ပြီး ရုန်းနေတဲ့ ရွှံ့တွေတဖွားဖွားး လွင့်စင်နေတဲ့ ကားဘီးတွေအောက်ထဲ ပစ်ထည့်ရပါတယ်။ ဒါနဲ့တင် မပြီးသေးဘဲ ခရီးသည်တွေကို ဆင်းခိုင်း၊ ယောက်ျားတွေကို ဝိုင်းတွန်းဖို့ ဆော်ဩ၊ ပြီးတော့ သူကိုယ်တိုင်လည်း ဝင်တွန်းရပါတယ်။ ခရီးသည်ဖြစ်တဲ့ ကျနော့်မှာလည်း နွံနစ်ရင်ဆင်း၊ ကားကိုကူတွန်း၊ မောင်းလို့ အဆင်ပြေတော့ ခဏတက်စီး၊ တော်ကြာ နွံနစ်ပြန်ရင် ဆင်းတွန်းနဲ့ ၁ဝ မိနစ်လောက် ကားစီးလိုက်၊ ၅ မိနစ်လောက် ကားတွန်းရင်း လမ်းဆင်းလျှောက်လိုက်နဲ့ ဖြစ်နေပါတယ်။
လမ်းတွေက တောင်ပတ်လမ်းတွေဖြစ်တော့ လမ်းရဲ့အကျယ်ဟာ ကားဘီး နှစ်ဘီးစာပဲ ရှိပါတယ်။ မတော်လို့များ တပေလောက် လမ်းချော်ခဲ့ရင်တော့ ပေထောင်နဲ့ချီးပြီးနက်တဲ့ ချောက်ကမ်းပါးထဲ ဇောက်ထိုးကျသွားမှာပါ။ ဒါကြောင့် ကျနော့်မှာ စိတ်ချလက်ချ မထိုင်နိုင်ပါဘူး။ တကယ်လို့များ ချောက်ထဲထိုးကျရင် ဘယ်အပေါက်က ဒိုင်ဘင်ထိုး ဆင်းရမလဲဆိုတာကို အရင်ဆုံး ပြေးပေါက်ရှာထားရပါတယ်။ ပြောမယ့်သာ ပြောတာပါ။ တကယ်တမ်း ချောက်ထဲထိုးကျရင် ဆင်းချိန်တောင် ရမယ်မထင်ပါဘူး။ ပလတ်စတစ် အရုပ်ကားလေးကို လှေကားပေါ်က ပစ်ချလိုက်တဲ့ပုံစံမျိုး တလိမ့်ကောက်ကွေး ဖြစ်သွားမယ် ထင်ပါတယ်။။
သွားလာနေကျ ဒေသခံတွေကတော့ ဒီအခြေအနေကို နေသားတကျဖြစ်နေပုံပါပဲ။ ကားသမားကို အပြစ်တင်တာမျိုးလည်း မရှိသလို၊ ခရီးလမ်းကြမ်း အပေါ်မှာလည်း မြည်တွန် တောက်တီးတာမျိုး မတွေ့ရပါဘူး။ သီချင်းလေးတအေးအေး ငြီးလို့တောင် နေပါသေးတယ်။
ဒီလိုလမ်းမျိုး မောင်းနေတဲ့ ကားသမားတွေကိုတော့ ကျနော် မချီးကျူးဘဲ မနေနိုင်ပါဘူး။ သူတို့က ကားမောင်းလည်း ကျွမ်းကျင်သလို၊ ကြုံနေတဲ့အခက်အခဲကိုလည်း သူတို့နည်း သူတို့ဟန်နဲ့ ဖြေရှင်းရင်း ရင်ဆိုင်ကျော်လွှားသွားတာပါပဲ။ စိတ်ပျက်ညီးညူတာမျိုးလည်း မတွေ့ရပါဘူး။ (စိတ်ပျက် ညီးညူနေလည်း ဘယ်သူကမှလာပြီး ကူညီဖြေရှင်းပေးမှာမှ မဟုတ်တာ။) တွေ့ကြုံနေကျဖြစ်လို့ ရိုးသွားပုံ ရပါတယ်။ မတွေ့ဖူး၊ မကြုံဖူးတဲ့ ကျနော့်အတွက်သာ အထူးအဆန်းလိုဖြစ်နေတာပါ။ ကားလမ်းက တစီးပဲမောင်းသာတော့ ဟိုဘက်တောင်ကြောက ကားတစီးလာတာတွေ့ရင် တောင်ကွေ့တနေရာမှာ ကားရပ်ပြီး ဟိုဘက်က ကားဖြတ်အကျော်ကို စောင့်ရတာမျိုးတွေလည်း ရှိပါတယ်။
တချို့နေရာတွေများ ကားသမားတွေက လမ်းကို ဖြိုလိုက် မောင်းလိုက် လုပ်လို့များလားမသိ၊ ကားလမ်းရဲ့ အလယ်ပိုင်းက အောက်ကို ရ ပေလောက် နိမ့်ဆင်းသွားပါတယ်။ အဲဒီအချိန် ကားလမ်းနံဘေးက တပေလောက်ကျယ်တဲ့ဘောင်ပေါ်မှာ လမ်းလျှောက်နေတဲ့လူကို ကားထဲက ကြည့်ရင် မျက်နှာကို မမြင်ရပါဘူး။ ပေါင်လောက်၊ ဒူးခေါင်းလောက်ပဲ မြင်ရပါတယ်။
လမ်းဆိုးတာက နေမဝင်ခင်မှာ သိပ်ပြဿနာမရှိပေမယ့် နေဝင်ပြီးမှောင်သွားတဲ့အချိန်မှာတော့ ပိုလို့ ဒုက္ခများပါတယ်။ ကားပေါ် ဆင်းလိုက်၊ တက်လိုက်နဲ့ မြေကြီးကလည်း ရွံ့တွေဆိုတော့ ဖိနပ်က စီးလို့မရ။ ကားကိုလည်း တွန်းရသေး၊ တောင်တက်နေရာဆို ကြိုးနဲ့တောင် ဆွဲတင်ရသေးတယ်။ ပြီးရင် ပေနေခြေထောက်တွေကို ဆေးဖို့အချိန်မရှိဘူး။ လမ်းအဆင်ပြေလို့ မောင်းသွားတဲ့ကားနောက်ကို ပြေးလိုက်၊ ကားပေါ်ရောက်တော့လည်း ရွံ့တွေနဲ့ ပေပေကျံကျံပဲ ဝင်ထိုင်ရပါတယ်။ ကျနော့်မှာ တကြိမ်တခါနဲ့တင်ပဲ အဲဒီခရီးကို တော်တော်လေး အော်ကြောလန်သွားပါတယ်။ နောက်တကြိမ် ဒီလမ်းကိုဖြတ်ဖို့တော့ မစဉ်းစားရဲလောက်အောင်ကို ဖြစ်သွားပါတော့တယ်။ ဒီနှစ် ဇန်နဝါရီလက သတင်းဌာနတခုမှာ အဲဒီလမ်းတွေကို ရိုက်ထားတဲ့ သတင်းဓာတ်ပုံတွေ တွေ့လိုက်ရတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အတိုင်းပါပဲ။ ရွှံ့တွေ ဗလပွနဲ့ ခရီးသည်တွေ ဖိနပ်ကလေးတွေကိုင်ပြီး လမ်းလျှောက်နေတဲ့ပုံတွေ မြင်ရတော့ ကိုယ်လာခဲ့တဲ့လမ်းကို ကျောချမ်းမိသလိုလိုပါပဲ။
ဒီလိုလမ်းမျိုး၊ ဒီလို ခရီးမျိုးကို နေ့စဉ်နဲ့အမျှ မြန်မာပြည်ကြီး တိုးတက်နေပါတယ်ဆိုပြီး သတင်းစာထဲကနေ ကုန်းကုန်း အောင်နေတဲံ စစ်ယူနီဖောင်းနဲ့ သူတော်ကောင်းကြီးတွေကို သိစေ မြင်စေ့ချင်ပါတယ်။ ကတ္တရာလမ်း မဟုတ်ရင်တောင် ကျောက်ခင်းလမ်းလေးများ ဖောက်ပေးရင် ဒေသခံတွေ၊ ကားသမားတွေနဲ့ ခရီးသည်တွေက သိပ်ကို ကျေးဇူးတင်ကြမှာပါ။
ဒါကလည်း ကြုံဆုံလို့သာ ပြောရတာပါ။ နာဂစ်ထိလို့ စုတ်ပြတ်သတ်သွားတဲ့ ဧရာဝတီတိုင်းက ကျနော်တို့ရဲ့ ကျေးဇူးရှင် လယ်သမားတွေဘဝတွေ ပြန်လည်ထူထောင်ရေးကိုတောင် စစ်အစိုးရက ထိရောက်အောင် မကူညီတာ ဒီလို နယ်စပ်တနေရာက လမ်းကလေး ကောင်းသွားအောင် ပြင်ပေးဖို့ဆိုတာကတော့ လူ့ပြည်က အပ်တစင်းနဲ့ ဗြဟ္မာပြည်က အပ်တစင်း ထိပ်ချင်းတေ့ဖို့ ခက်သလိုဖြစ်နေမှာပါပဲ။
ကျနော့်ရဲ့ ခရီးစဉ်ကတော့ ကလေးမြို့ကနေ မနက် ၁ဝ နာရီလောက် စထွက်လာတာ နယ်စပ်က တီအိုရွာကို ည ၉ နာရီ လောက်မှာ ရောက်ပါတယ်။ လမ်းမှာ တွေ့သမျှ ရွာပေါင်း ၂ဝ လောက်မှာ တရွာမှ လျှပ်စစ်မီး မတွေ့ရပါဘူး။ ရေနံဆီ မီးခွက်တွေ၊ ဖယောင်းတိုင်တွေနဲ့ပါပဲ။ ဒါပေမယ့် တီအိုရွာလေးကတော့ လျှပ်စစ်မီးနဲ့ လင်းနေပါတယ်။ ဒါနဲ့ တည်းခိုခန်းကိုဝင်၊ ရေမိုးချိုး၊ ထမင်းစားပြီးတဲ့အခါ ဆိုင်ရှင်က “ထမင်းစားပြီးရင် အိပ်ရာတွေ အဆင်သင့်ခင်းထားလိုက်ရင် ပိုကောင်းပါလိမ့်မယ်။ ၁ဝ နာရီဆိုရင် မီးပျက်တော့မှာမို့လို့ပါ”တဲ့။ ဒါနဲ့ အိပ်ရာခင်းပြီးရုံရှိသေးတယ် မီးပျက်သွားပါတယ်။ နာရီကြည့်လိုက်တော့ ၁ဝ နာရီ ကွက်တိပါပဲ။ မီးပျက်တာတော့ တယ်လဲ အချိန်တိကျပါလား လို့ ကျနော့်စိတ်ထဲ တွေးလိုက်မိပါတယ်။ ဒါပေမယ့် အပြင်မှာ တချို့နေရာတွေ မီးတွေလင်းနေတာ တွေ့လိုက်ရလို့ စိတ်ဝင်တစားနဲ့ ထကြည့်လိုက်တော့ အိနိ္ဒယနိုင်ငံရဲ့ နယ်စပ်ရွာ ဇိုခေါ့သာက မီးအလင်းရောင်တွေ ဖြစ်နေပါတယ်။ မြန်မာဘက်က နယ်စပ်ရွာကလေးဟာ ည ၁ဝ နာရီနောက်ပိုင်းမှာ တိတ်ဆိတ် မှောင်မည်းသွားပေမယ့် အိနိ္ဒယ နယ်စပ်ရွာကလေးကတော့ အလင်းရောင်တွေနဲ့ ဆက်လက် အသက်ဝင် လှုပ်ရှားနေဆဲပါပဲ။
(အပိုင်း – ၂ ကို ဆက်လက် ဖော်ပြသွားပါမည်။)
အယ်ဒီတာမှတ်ချက်။ ။ Zamte တင်ထားသောပို့စ်ကိုပြန်တင်ပေးခြင်းဖြစ်ပါသည်။ ၎င်းပို့စ်မှာအကြောင်းတခုုခုကြောင့် ဒေတာဘေ့စ်ဆာဗာကို Overload ဖြစ်စေသဖြင့် နောင်ပို့စ်တင်သောအခါ မည်သည့် Meta tile, keywords မှမဖြည့်ပဲ Category တခုသာရွေးပြီး တင်ပေးစေလိုပါသည်။ ပို့စ်ကိုလည်း အကြိမ်ကြိမ်ပြင်ခြင်းမပြုလုပ်ပါရန် မေတ္တာရပ်ခံပါသည်။
3 comments
ဆူး
December 10, 2010 at 2:14 pm
အပိုင်း ၂ ကို ရှာ မတွေ့ဘူး.. ဆက်မရေးတာလား မသိဘူး.. ဖတ်လို့ကောင်းတယ်..
kai
December 11, 2010 at 8:50 am
Zamte ရေ..။
အိန္ဒိယခရီးသွား..တောလားလေးလုပ်ပါဦးတဲ့..။ အိနိ္ဒယအတွေ့အကြုံများ(၂)ရေးပါဦး..။
koyinmaung
December 11, 2010 at 9:20 am
ကောင်းလိုက်တဲ့ခရီးသွားဆောင်းပါးလေးပါဘဲ ဆက်တင်ပါအုံး…အားပေးနေပါတယ်။။