ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၄ ၁ )

alinsettAugust 6, 20121min565

ထိုအိမ်တော်၏တောက်ပသော
လင်းရောင်ခြည်က ကျွန်တော့်တို့ပေါ် ထွန်းလင်းနေချိန် … ယခု
ထိုအချိန်ကောင်းကိုရောက်ပြီ၊ မေးတော့မည်ဟု ကျွန်တော်ဆုံးဖြတ်သည်။

”သားရေ … အမေရိကားကို လိုက်ခဲ့ပါလား။ ကာကာနဲ့ကာကာ့ဇနီးနဲ့ အတူနေကြမယ်လေ”

စိုးရက်ပ်မဖြေ။ ငိုမြဲငိုနေခဲ့သည်။

……………………………………

_______________

‘သားရေ … အမေရိကားကို လိုက်ခဲ့ပါလား။ ကာကာနဲ့ကာကာ့ဇနီးနဲ့ အတူနေကြမယ်လေ”

စိုးရက်ပ်မဖြေ။ ငိုမြဲငိုနေခဲ့သည်။

နောက်တစ်ပတ်လုံးလုံး ထိုကိစ္စကို ကျွန်တော်တို့စကားမဟကြ။ ထိုမေးခွန်း

ဘယ်တုန်းကမှ မရှိခဲ့သယောင်နေခဲ့ကြသည်။ တစ်နေ့တော့ စိုးရက်ပ်နှင့်ကျွန်တော်

တက္ကစီငှားပြီး တောင်ခါးပန်းရှုခင်းသာကို တက်လာကြသည်။ နေသာသောနေ့မို့

ယူကလစ်ပင်ကြီးအောက်မှ တန်းလျားပေါ်ထိုင်ကြသည်။ ပျော်ပွဲစား စားပွဲပေါ်

ဟိုတယ်ရေချိုးခန်းသုံး မျက်နှာသုတ်ပုဝါကိုခင်းကာ ကျွန်တော်တို့ဖဲကစားကြ

သည်။ ပါလာသောစက္ကူအိတ်ကိုဖွင့်ပြီး စိုးရက်ပ်အား အသားညှပ်ပေါင်မုန့်ပေးကာ

ကျွန်တော်ကတော့ ငှက်ပျောသီးဖျော်ရည်နှင့် လိမ္မော်ရည်ကိုသာ ပိုက်ကလေးနှင့်

စုပ်သောက်ရသည်။ ကျွန်တော့်နှုတ်ခမ်းမှ ဖျော်ရည်များ ဖိတ်လျှံကျလာ၍ စိုးရက်ပ်

က ကျွန်တော့်အား လက်သုတ်ပုဝါကမ်းသည်။ ကျွန်တော်ပြုံးပြတော့ သူပြန်ပြုံး

ပြသည်။

”သားအဖေနဲ့ကာကာက ညီအစ်ကိုတော်တယ်”

ဗလီဘေးတွင် ထိုင်နေကြစဉ်ကတည်းက ထိုစကားကို ကျွန်တော်ပြော ပြချင်ခဲ့သည်။

သူသိခွင့်ရှိသည်။ ကျွန်တော် ဘာမှကွယ်ဝှက်မနေချင်တော့။

”အဖေတူအမေကွဲပေါ့ကွာ။ အဖေက အတူတူပဲ” ဟုပြောပြလိုက်သည်။

အသားညှပ်ပေါင်မုန့်ကို စိုးရက်ပ်ဆက်မဝါးဘဲ ချထားလိုက်သည်။

”အဖေက တစ်ခါမှမပြောဖူးပါဘူး”

”ဒါ သူမှမသိတာ”

”သူက ဘာလို့မသိတာလဲ”

”သူ့ကိုပြောပြတဲ့လူ မရှိလို့ပေါ့။ ကာကာ့ကိုလည်း ပြောပြတဲ့လူ မရှိ

ပါဘူး။ တလောကလေးကမှ ကာကာ့ဖာသာသိခဲ့တာ”

စိုးရက်ပ် မျက်တောင်ပုတ်သည်။ ပထမဆုံးအကြိမ်အဖြစ် သူကျွန်တော့်ကို

သေသေချာချာကြည့်နေသည်။

”ဘာဖြစ်လို့မပြောကြတာလဲ ကာကာ”

”ဒီမေးခွန်းကို ကာကာကိုယ်တိုင် ကိုယ့်ဟာကိုယ်မေးနေရတုန်း။ အဖြေ

တစ်ခုတော့ရှိတယ်။ သိပ်တော့မကောင်းဘူးကွ။ သူတို့မပြောကြတာက … ဒီလို ကွာ

… သားအဖေနဲ့ ကာကာ့ကို ညီအစ်ကိုမသတ်မှတ်ထားလို့ပေါ့ကွာ”

”အဖေက ဟာဇာရာဖြစ်နေလို့လား”

”အင်း”

”ကာကာ့အဖေက သားအဖေနဲ့ကာကာ့ကို တူတူချစ်လား”

ဂါးခကန်ကိုပျော်ပွဲစားထွက်စဉ် ဟိုရှေးယခင်ကတည်းက ထိုကိစ္စကျွန်

တော့်အတွေးထဲ ဝင်ခဲ့သည်။ ဟက်ဆန့်ကျောကို ဘာဘာပုတ်ခဲ့ဖူးသည်။ ဟက်

ဆန့်နှုတ်ခမ်းဒဏ်ရာ ပတ်တီးခွာစဉ်က ဆေးရုံခန်းထဲတွင် ဘာဘာ့မျက်နှာကြီး

ဝင်းပနေခဲ့သည်။

”ကာကာတို့ကို ညီတူညီမျှချစ်ခဲ့တာကွ။ ဒါပေမယ့် ချစ်ပုံချစ်နည်းတော့

မတူဘူး”

”သားအဖေအတွက် သူကရှက်နေခဲ့တာလား”

”မဟုတ်ဘူး။ သူ့ကိုယ်သူရှက်နေတာ”

စိုးရက်ပ်သည် စကားမဆိုတော့ဘဲ အသားညှပ်ပေါင်မုန့်ကောက်ယူကာ

တတိတိကိုက်နေသည်။

မွန်းလွဲတွင် ကျွန်တော်တို့အိမ်ပြန်လာသည်။ အိမ်အပြန်လမ်းတစ်လျှောက်

လုံး စိုးရက်ပ် ကျွန်တော့်ကိုကြည့်နေသည်ဟု ခံစားနေရသည်။

ညရောက်တော့ ကျွန်တော်တို့နှစ်ယောက်လုံး အိပ်ယာပေါ်လှဲကာ တီဗွီ

ကြည့်ကြသည်။

”စိုးရက်ပ်ရေ”

”ဗျာ”

”ကာကာမေးထားတာကို သားဘယ်လိုသဘောရလဲ”

စိုးရက်ပ်၏အပြုံးမှိန်ကျသွားသည်။

”သားစဉ်းတော့စဉ်းစားတယ်”

”ဒီတော့”

”သားကြောက်တယ်”

”နည်းနည်းတော့ကြောက်စရာကောင်းမှန်း ကာကာသိပါတယ်ကွာ”

လွတ်ထွက်လာသော မျှော်လင့်ချက်ကြိုးမျှင်ကလေးကို ကျွန်တော်ဆုပ်

ကိုင်ထားသည်။ ”ဒါပေမယ့် အင်္ဂလိပ်စာကိုမြန်မြန်တတ်သွားမယ်။ အသားကျ

သွားမှာပဲ” ဟုပြောပြသည်။

”သားပြောတာ ဒါမဟုတ်ဘူး။ ဒါကိုလည်းကြောက်တာပါပဲ။ ဒါပေမယ့်”

”ဒါပေမယ့် ဘာလဲ”

”ကာကာက သားကိုစိတ်ကုန်သွားရင် ဘယ်လိုလုပ်မလဲ။ ကာကာ့ဇနီးက သားကို

စိတ်နဲ့မတွေ့တော့ရင် ဘယ်လိုလုပ်မလဲ”

ကျွန်တော်အိပ်ယာထဲမှ ကျုံးထပြီး သူ့ဘေးနားသွားထိုင်သည်။

”စိုးရက်ပ်ကို ဘယ်တော့မှစိတ်မကုန်ဘူး။ ဘယ်တော့ဆိုဘယ်တော့မှ

စိတ်မကုန်ဘူး။ ဒါကာကာပေးတဲ့ကတိ။ သားဟာ ကာကာ့ရဲ့တူ၊ မှတ်မိတယ် နော်။ ပြီတော့

ကာကာ့ဇနီးစိုးယာရာက သဘောကောင်းတယ်။ ကာကာပြောတာ ယုံ။ စိုးရက်ပ်ကို

သူချစ်မှာသေချာတယ်။ ဒါလည်း ကာကာကတိပေးတယ်”

”သားလည်း မိဘမဲ့ဂေဟာကိုမသွားချင်ဘူး”

”ဒီလိုမဖြစ်စေရဘူးကွာ။ ကာကာ ကတိပေးတယ်။ ကာကာနဲ့လိုက်ခဲ့ နော်”

စိုးရက်ပ်၏လက်ကလေးကို ကျွန်တော့်လက်နှစ်ဖက်လုံးဖြင့် ထွေးထား သည်။

စိုးရက်ပ်၏မျက်ရည်များ ခေါင်းအုံးပေါ်ရွှဲနစ်နေသည်။ အတော်ကြီးကြာ အောင်

စိုးရက်ပ်စကားမပြောဘဲ ကျွန်တော့်လက်ကိုပြန်ဆုပ်ကိုင်ထားသည်။ ထို့ နောက်မှ

စိုးရက်ပ်ခေါင်းညိတ်ပြသည်။

လေးကြိမ်မြောက်ကြိုးစားအပြီးတွင် ဖုန်းခေါ်၍ရခဲ့သည်။

”ဟယ်လို”

အစ္စလမ္မာဘက်၏ညခုနစ်နာရီခွဲသည် ကာလီဖိုးနီးယား၏မနက်ခုနစ်

နာရီခွဲခန့်ရှိသည်။ စိုးရာယာ အိပ်ယာထသည်မှာ တစ်နာရီခန့်ရှိပြီ။ ကျောင်း

သွားဖို့အသင့်ဖြစ်ချိန်။

”ကိုယ်ပါ”

”အေမား” စိုးရာယာ အော်ဟစ်မိတော့မလိုပင်ဖြစ်သွားသည်။ ”အေမား

အဆင်ပြေရဲ့လား။ ဘယ်မှာလဲ”

”ကိုယ် ပါကစ္စတန်မှာ”

”ဘာဖြစ်လို့ စောစောဖုန်းမခေါ်တာလဲ။ အမေကဆိုနေ့တိုင်း ဆုတောင်း ပြီး

ယဇ်ပူဇော်နေပြီ”

”ဆောရီးပဲကွာ။ ကိုယ်အခုတော့ နေကောင်းပါပြီ။ ခါလာဂျမီလာကို

သိုးမသတ်ခိုင်းဖို့ ပြောပါဦး”

စိုးရာယာအား ကျွန်တော် တစ်ပတ်ခန့်သာကြာမည်၊ အလွန်ဆုံးမှ

နှစ်ပတ်ပဲကြာမည်ဟု ပြောခဲ့သည်။ ယခုကျွန်တော်ခရီးထွက်လာသည်မှာ တစ်လ

နီးပါးရှိပြီ။

”ခုတော့နေကောင်းပြီဆိုတာ ဘာအဓိပ္ပါယ်လဲ။ အေမားအသံကရော

ဘယ်လိုဖြစ်နေတာလဲ”

”အဲဒါတွေအတွက် မပူနဲ့တော့။ ကိုယ်တကယ်နေကောင်းပြီ။ စိုးရာယာ …

စိုးရာယာကိုပြောပြစရာတွေရှိတယ်။ ဒီအကြောင်း ဟိုးအရင်ကတည်းကပြော ပြသင့်တာ။

ဒါပေမယ့် ကိစ္စတစ်ခုကိုအရင်ပြောရမယ်”

”ဘာလဲ”

စိုးရာယာ၏တိုးကျသွားသောအသံက သတိရှိနေသည်။

”ကိုယ်အိမ်ကို တစ်ယောက်တည်းပြန်လာမှာမဟုတ်ဘူး။ ကောင်လေး

တစ်ယောက်ပါခေါ်လာမယ်။ သူ့ကို ကိုယ်တို့မွေးစားချင်တယ်ကွာ”

”ဘယ်လို”

ကျွန်တော် နာရီကြည့်သည်။ ”ဖုန်းကဒ်က ဖုန်းပြောဖို့ငါးဆယ့်ခုနစ်

မိနစ်စာကျန်သေးတယ်။ ပြောစရာက သိပ်များနေတယ်။ တစ်နေရာရာမှာ သွား ထိုင်ချေ”

အူရားဖားရားကုလားထိုင် ဒရွတ်ဆွဲသံကို ဖုန်းထဲမှကျွန်တော်ကြားရသည်။

”ပြောတော့”

လွန်ခဲ့သော တစ်ဆယ့်ငါးနှစ်ကပြောရမည့်စကားကို ကျွန်တော်ပြော ထုတ်ပါပြီ။

ကျွန်တော့်ဇနီးကို လုံးစေ့ပါဒ်စေ့မချွင်းမချန် မကွယ်မထောက် ပြော

ပြလိုက်သည်။ ထိုအခိုက်အတန့်ကို ကျွန်တော့်အာရုံထဲပုံဖော်ခဲ့သည်မှ

ကြာခဲ့ပြီ။ ကျွန်တော်ကြောက်သော ထိုအခိုက်အတန့်။

သို့သော်ပြောထုတ်ပြီးသည်နှင့် ကျွန် တော်ရင်ပေါ့သွားသည်။

ကျွန်တော်ဇာတ်စုံခင်းပြီးချိန်တွင် စိုးရာယာငိုနေပြီ။

”စိုးရာယာ ဘယ်လိုထင်လဲ”

”ဘာမှမထင်တတ်တော့ဘူး၊ အေမား။ အေမားက တစ်ထိုင်ထဲနဲ့ အ

များကြီးပြောခဲ့တာကိုး။ ဒါပေမယ့် တစ်ခုတော့ကောင်းကောင်းသိပါတယ်။ ကောင်

လေးကိုအိမ်ခေါ်ရတော့မယ်။ ကျွန်မကလည်း ခေါ်စေချင်ပါတယ်”

”သေချာလား” ဟုပြောပြီး ကျွန်တော်မျက်လုံးများမှိတ်ကာ ပြုံးနေမိသည်။

”သေချာလားဆိုတော့ … အေမား … သူကအေမားရဲ့မိသားစုဝင်။ ဒီ တော့

ကျွန်မရဲ့မိသားစုဝင်ပဲပေါ့။ ကျွန်မဘက်က သိပ်သေချာပါတယ်။ သူ့ကို လမ်းပေါ်မှာ

အေမားပစ်မထားနိုင်ပါဘူး” တအောင့်ရပ်နေပြီးမှ ”သူကဘယ်လို ပုံလဲဟင်” ဟု

စိုးရာယာမေးသည်။

အိပ်ယာပေါ်အိပ်ပျော်နေသော စိုးရက်ပ်ကို ကျွန်တော့်ကြည့်သည်။

”သူကချစ်စရာကောင်းတယ်။ တည်တည်ကြည်ကြည်ပုံစံမျိုးလေးကွာ”

”တွေ့ချင်လိုက်တာ၊ အေမား။ တကယ်တွေ့ချင်ပြီ”

”စိုးရာယာ”

”ရှင်”

”ချစ်တယ်ကွာ”

”တူူတူပါပဲ။ ဂရုစိုက်ဦးနော်”

စိုးရာယာအသံထဲမှ အပြုံးလေးကိုပါ နားဆင်လိုက်ရသည်။

”တစ်ခုထပ်ပြောစရာရှိသေးတယ်။ စိုးရာယာအဖေနဲ့အမေကို ဘာမှ မပြောပါနဲ့ဦး။

သူတို့သိဖို့လိုအပ်ရင် ကိုယ့်ဆီကသိရတာပဲ ဖြစ်သင့်တယ်”

”အိုကေ”

ကျွန်တော် ဖုန်းချလိုက်သည်။

အစ္စလမ္မာဘက်အမေရိကန်သံရုံးအပြင်မှ မြက်ခင်းသည် သပ်ရပ်နေ သည်။

ပန်းရုံလေးများ ဟိုတစ်ရုံသည်တစ်ရုံစိုက်ထားပြီး မြက်ခင်းကိုပတ်ဝိုင်း

ထားသော စည်းရိုးကို အသေအချာကတ်ကြေးကိုက်ထားသည်။ အဆောက်အဦး ကမူ

အစ္စလမ္မာဘက်မှ အဆောက်အဦးများအတိုင်း ဆေးဖြူသုတ်ခပ်ပြားပြား ပုံစံဖြစ်သည်။

သံရုံးထဲရောက်အောင် လမ်းဆို့ပေါင်းများစွာတင်မက လုံခြုံရေး

ဂိတ်သုံးခုကိုဖြတ်ရသည်။ ကျွန်တော့်မေးရိုးမှနန်းကြိုးများကိုဖြုတ်ပြီး

သတ္တုရှာ ကိရိယာဖြင့် အရှာခံရသေးသည်။ လေအေးစက်တပ် အဆောက်အဦးတွင်းဝင်

လိုက်ရာ အပူတောထဲမှ လာခဲ့သူအဖို့ မျက်နှာကိုရေခဲရေဖြင့် ပက်လိုက်သလား

အောက်မေ့ရသည်။

ဧည့်ကြိုခန်းမှ အတွင်းရေးမှူးအမျိုးသမီးအား ကျွန်တော့်အမည်ပြောပြ

လိုက်သော် ချိန်းဆိုချက်ဇယားထဲရှာနေသည်။ ကျွန်တော့်အမည်ကိုတွေ့သွားပြီ

ဖြစ်၍ ထိုင်ရန်ပြောသည်။

”သံပုရာရည်သောက်ပါဦးလား” ဟု အတွင်းရေးမှူးအမျိုးသမီးမေးသည်။

”နေပါစေ။ ကျေးဇူးတင်ပါတယ်”

”သားလေးကော”

”ခင်ဗျာ”

”သားကလေးကိုပြောတာ” ဟုဆိုပြီး အမျိုးသမီးက စိုးရက်ပ်ကိုပြုံး

ကြည့်နေသည်။

”ဪ … ဟုတ်သားပဲ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ”

ဧည့်လက်ခံကောင်တာနှင့် မျက်နှာချင်းဆိုင်မှ အနက်ရောင်သားရေဖုံး

ဆိုဖာပေါ် စိုးရက်ပ်နှင့်ကျွန်တော်ထိုင်ကြသည်။ မှန်သားစားပွဲပေါ်မှ

မဂ္ဂဇင်းတစ် စောင်ကို စိုးရက်ပ်ကောက်ကိုင်ကာ အရုပ်သေချာမကြည့်ဘဲ

ဟိုလှန်သည်လှော လုပ်နေသည်။ နောက်တစ်စောင်ကောက်ကိုင်ကာ လှန်လှောနေပြန်သည်။

”စိတ်အေးအေးနေ၊ စိုးရက်ပ်။ ဒီကလူတွေက ဖော်ရွေတယ်” ဟု စိုး

ရက်ပ်လက်မောင်းကိုကိုင်ပြီး ကျွန်တော်ပြောလိုက်သည်။

ကျွန်တော်လည်း ကိုယ့်စကားကိုယ်လိုက်နာနိုင်သင့်သည်။ ခုတော့ ကျွန်

တော်ကိုယ်တိုင် ဖဲနပ်သဲကြိုးဖြည်လိုက်ချည်လိုက်နှင့် ဆိုဖာပေါ်

တြ<ွကြ<ွကလုပ်နေ သည်။ အတွင်းရေးမှူးအမျိုးသမီး စားပွဲပေါ်

သံပုရာရည်တစ်ခွက်လာချပေးသည်။

စိုးရက်ပ်သည်ရှက်ရွံ့ရွံ့ပြုံး၍ ''သိုင်းကျူးဗဲလ်ရီးမပ်ချ်'' ဟု

အင်္ဂလိပ် လိုပြောလိုက်ရာ သူ့စကားက ''တိုင်ကျူဝဲရီမက်ချ်'' ဟုထွက်လာသည်။

စိုးရက်ပ် တတ်သမျှ အင်္ဂလိပ်စကားအကုန်မှာ ထိုတစ်လုံးသာဖြစ်၏။

လက်သည်းများအသေအချာညှပ်ထားသော အရပ်ပျပ်ပျပ်လူသည် ရေး မွန်းအင်ဒရူး

ဖြစ်သည်။ ကျွန်တော့်ကိုခပ်ဆတ်ဆတ် လက်ဆွဲနှုတ်ဆက်သော သူ့လက်များက

အရွယ်အစားသေးသည်။ လက်သူကြွယ်ပေါ်တွင် လက်ထပ်လက် စွပ်ဝတ်ထားသည်။

ထိုလူ့စားပွဲရှေ့တွင် စိုးရက်ပ်နှင့်ကျွန်တော် ဝင်ထိုင်လိုက်စဉ် ငါတို့

ရဲ့အနာဂတ်ကို ဆုပ်ကိုင်ထားတဲ့လက် ဟု ကျွန်တော်တွေးမိလိုက်သည်။ အင်ဒ

ရူး၏နောက်ဘက်တွင် အမေရိကန်ပြည်ထောင်စုမြေပုံနှင့် 'သောက' ဟုအမည်ရ သော

ပိုစတာတစ်ခု။ ပြတင်းဘောင်ပေါ်တွင် နေပြထားသော ခရမ်းချဉ်သီးပင်

ပန်းအိုးလေးတစ်လုံး။

''စီးကရက်သောက်မလား'' ဟု အင်ဒရူးမေးသည်။

''မသောက်ဘူးခင်ဗျ။ ကျေးဇူးတင်ပါတယ်''

အင်ဒရူးသည် စကားပြောနေစဉ် ကျွန်တော့်ကိုတစ်ချက်မကြည့်သလို စိုးရက်ပ်ကို

လုံးဝနီးပါးဂရုမစိုက်။ အံဆွဲဖွင့်ပြီး စီးကရက်တစ်လိပ်မီးညှိသည်။ အံဆွဲထဲမှ

အသားလှဆီပုလင်းထုတ်သည်။ နှုတ်ခမ်းထောင့်စွန်းတွင် စီးကရက်

တွဲလောင်းခိုထားကာ လက်ဖဝါးထဲ အလှဆီထည့်ပြီးပွတ်နေစဉ် ခရမ်းချဉ်သီး

ပင်လေးကို တစိမ့်စိမ့်ကြည့်နေသည်။ ထို့နောက်မှ အံဆွဲဖွင့်ပြီး စားပွဲပေါ် တံ

တောင်တင်၍ စီးကရက်ခိုးများကိုရှူထုတ်လိုက်သည်။

''ဒီတော့ … ခင်ဗျားဇာတ်လမ်းကို ပြောပြပါဦး''

ကျွန်တော် အမေရိကန်မြေပေါ်ရောက်ပြီ။ မျက်နှာချင်းဆိုင်မှလူသည်

ကျွန်တော့်လိုလူများကို ကူညီရန်လစာပေးခန့်ထားသောလူ။ ထိုအသိဖြင့် ကျွန်

တော်ပြောပြသည်။

''ဒီကလေးကို ကျွန်တော်မွေးစားချင်ပါတယ်။ အမေရိကန်ပြည်ထောင်စု ကို

ခေါ်သွားချင်ပါတယ်''

''ခင်ဗျားဇာတ်လမ်းကို ပြောပြစမ်းပါဦး'' ဟု စီးကရက်ပြာချွေရင်း

သူထပ်မေးသည်။

အဖေတူအမေကွဲညီ၏သားကိုခေါ်ရန် အာဖဂန်နစ္စတန်သို့ ကျွန်တော်

ရောက်လာခဲ့ကြောင်း၊ အခြေအနေဆိုးနေသောကလေးကို မိဘမဲ့ဂေဟာတွင်

တွေ့ခဲ့ရကြောင်း၊ ဂေဟာဒါရိုက်တာကို ငွေများစွာပေးပြီး ကလေးကိုထုတ်လာခဲ့

ရကြောင်း၊ ထို့နောက်ကလေးကို ပါကစ္စတန်ခေါ်လာခဲ့ကြောင်း၊ ကျွန်တော့်ခေါင်း

ထဲကြိုတင်စဉ်းစားထားသည့်အတိုင်း ဇာတ်လမ်းကို ကျွန်တော့်သယ်သွားသည်။

''ခင်ဗျားက ကောင်လေးရဲ့ဦးလေးပေါ့''

''ဟုတ်ပါတယ်''

သူ နာရီကြည့်သည်။ ပြတင်းဘောင်ပေါ်မှ ခရမ်းချဉ်သီးပင်ကိုကြည့် သည်။

''အထောက်အထား ခိုင်ခိုင်မာမာပေးနိုင်တဲ့ အသိများရှိသလား'' ဟုမေး သည်။

''အသိတော့ရှိတယ်။ ဒါပေမယ့် သူဘယ်ရောက်နေမှန်းမသိဘူးဗျ''

သူ ကျွန်တော့်ဘက်လှည့်လာပြီး ခေါင်းညိတ်သည်။ သူ့မျက်နှာကို

ဖတ်ရှူနိုင်ရန် ကျွန်တော်ကြိုးစားသည်။

''ခင်ဗျားမေးရိုးကို နန်းကြိုးတွဲထားတာ နောက်ဆုံးပေါ်ဖက်ရှင် ဟုတ်

ဟန်မတူဘူးနော်'' ဟုသူမေးရာ ကျွန်တော်က ပက်ရှဝါတွင်ရိုက်၍ လုယက်ခံရ

ကြောင်းပြောလိုက်သည်။

''ခင်ဗျားက မွတ်စလင်လား''

''ဟုတ်ကဲ့''

''ဘုရားရှိခိုးလား''

''ဟုတ်ကဲ့''

ဖြေသာဖြေလိုက်ရသည်။ နောက်ဆုံးဘုရားရှိခိုးသည့်နေ့ကို ကျွန်တော်

စဉ်းစား၍မရ။ ထို့နောက်မှ ဘာဘာ့အားရောဂါစစ်တမ်းထုတ်သည့်နေ့တွင် ကျွန်

တော်ဘုရားရှိခိုးကြောင်း ပြန်ပေါ်လာသည်။

''ခင်ဗျားကိစ္စ များများစားစားမကူညီနိုင်ဘူး''

''ဘာကိုဆိုလိုသလဲ ခင်ဗျာ''

''ဖြေရမှာရှည်တယ်။ လိုရင်းတစ်ကြောင်းပဲပြောမယ်။ ခင်ဗျားလည်း

လိုရင်းပဲအရင်သိချင်တယ် မဟုတ်လား''

''ထင်တာပါပဲ''

အင်ဒရူးသည် စီးကရက်ထိုးချေလိုက်ကာ နှုတ်ခမ်းတင်းတင်းစေ့သည်။

''လက်မြှောက်လိုက်တော့ဗျာ'' ဟု တစ်ခွန်းတည်းပြောသည်။

''ခင်ဗျာ''

''ဒီကလေးကိုမွေးစားဖို့လျှောက်ထားတဲ့ကိစ္စ။ အဲဒီကိစ္စ လက်လျှော့လိုက်

တော့ဗျာ။ ဒါကျွန်တော်ပေးတဲ့အကြံဉာဏ်ပါပဲ''

''ဘာကြောင့်လဲဆိုတာ ပြောပြပါလား''

''ဒါရှည်ရှည်ဝေးဝေးပြောရတော့မယ်ပေါ့။ ကဲ … အခုခင်ဗျားပြောတဲ့

ဇာတ်လမ်းကိုအမှန်လို့ပဲ ယူဆလိုက်ကြရအောင်။ ခင်ဗျားပြောတဲ့ဇာတ်လမ်းဟာ

ထွင်လုံး၊ ဒါမှမဟုတ် ထိန်ချန်ထားတယ်ဆိုတာ ကျွန်တော့်ပင်စင်လစာနဲ့ လောင်း

ရဲတယ်။ တစ်ခုတော့ပြောထားမယ်။ ကျွန်တော်က ဒါကိုသိပ်ဂရုစိုက်နေတာ မ ဟုတ်ဘူး။

ခင်ဗျားအခုဒီရောက်နေပြီ။ ဒီကလေးလည်း ဒီရောက်နေပြီ။ ဒါဟာ သာလျှင်

အဓိကကျတဲ့ကိစ္စ။ ဒါတောင် ခင်ဗျားရဲ့မွေးစားရေးကိစ္စဟာ အတိုက်

အခံတွေအများကြီးနဲ့ကြုံရမယ်။ အထူးသဖြင့် ဒီကလေးဟာ မိဘမဲ့မဟုတ်တဲ့ ကိစ္စ''

''ဒီကလေးဟာ မိဘမဲ့ဗျ''

''ဥပဒေကြောင်းအရတော့ မဟုတ်ဘူး''

''သူ့မိဘတွေက လမ်းပေါ်မှာအသတ်ခံရတာ။ အိမ်နီးချင်းတွေမြင်တယ်''

ထိုစကားကို အင်္ဂလိပ်ဘာသာဖြင့်ပြောနေရသည့်အတွက် ဝမ်းသာမိသည်။

''သေစာရင်းရှိလား''

''သေစာရင်း၊ ဟုတ်လား။ ကျွန်တော်တို့ အာဖဂန်နစ္စတန်အကြောင်း ပြောနေတာဗျ။

ဟိုမှာ လူအတော်များများ မွေးစာရင်းတောင်မရှိဘူး''

''ဥပဒေကို ကျွန်တော်ရေးခဲ့တာ မဟုတ်ဘူးလေ။ ခင်ဗျားရဲ့ဒေါသက ဘာလဲဆိုတော့

ဒီကလေးရဲ့မိဘတွေ သေဆုံးကြောင်း ခင်ဗျားသက်သေပြဖို့လို နေသေးတာ။ ဒီကလေးဟာ

တရားဝင်မိဘမဲ့ဖြစ်ကြောင်း ကြေငြာနိုင်ရမယ်''

''ဒါကတော့-''

''ခင်ဗျားကရှည်ရှည်ဝေးဝေးဖြေစေချင်လို့ ကျွန်တော်ဖြေပြီးပြီ။ နောက်

ထပ်ပြဿနာတစ်ခုကတော့ ကလေးရဲ့မိခင်တိုင်းပြည်ကပါ ပူးပေါင်းဖို့လိုနေတယ်။

ခင်ဗျားပြောတဲ့အတိုင်းပြောရရင် ကျွန်တော်တို့က အာဖဂန်နစ္စတန်အကြောင်း

ပြောနေတာပါ။ ကဘူးမှာ အမေရိကန်သံရုံးမရှိဘူး။ ဒါကြောင့် အကုန်ရှုပ်ထွေး

သွားနိုင်တယ်။ ဖြစ်ကိုမဖြစ်နိုင်တာ''

''ခင်ဗျားဘာပြောတာလဲ။ ဒီကလေးကို လမ်းပေါ်ပြန်လွှင့်ပစ်ရမယ်လို့

ပြောတာလား''

''ကျွန်တော်ဒီလိုမပြောဘူး''

''သူက အဓမ္မကျင့်ခံထားရတာဗျ'' ဟုကျွန်တော်ပြောလိုက်သည်။

''ကြားရတာစိတ်မကောင်းပါဘူး'' ဟုအင်ဒရူးက ပါးစပ်ဖျားလေးတင် ပြောသည်။

ကျွန်တော့်ကိုကြည့်သောအကြည့်သည် ရာသီဥတုအကြောင်းပြောသ လောက်သာရှိသည်။

''ဒါပေမယ့် ဒီအဖြစ်တစ်ခုနဲ့ INS ကဒီကလေးကို ဗီဇာချပေးမှာမဟုတ်ဘူး''

……………………………………

……………………………………
_____________________________

ဆက်ပါဦးမည်..။

____________________________

မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI

______________________________

မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ် စာအုပ်တန်ဖိုး

… 3000 ကျပ်

______________________________

လေးစားစွာဖြင့်.

. ……………………………

5 comments

  • shwe kyi

    August 7, 2012 at 9:24 am

    အခက်အခဲတွေများလိုက်တာနော်။ ဘယ်လိုများဆက်ဖြစ်မယ်မသိ။ စိုးရက်ပ်ကလေးကသနားစရာအရမ်းကောင်းတယ် သူ့ခမျာကြောက်ရွံ့အားငယ်နေရှာမှာ။
    အဲဒီလိုကလေးမျိုးတွေဘယ်လောက်တောင်များနေမလဲမသိ။
    ဆက်ပါဦး ကိုအလင်းဆက်ရေ။

  • metallic

    August 7, 2012 at 11:18 am

    ” ” “ကျနော်လည်း ကြောက်လန့်တဲ့ အငွေ့အသက်ခံစားရတယ်” ” “

  • အလင်းဆက်

    August 7, 2012 at 5:39 pm

    ဟုတ်ပါတယ်.. ။ သနားစရာ.ပြီးတော့..ရင်မောစရာ..ဘဝ ဖြစ်စဉ်လေးပါပဲ.။

    နောက်ပိုင်းမှာ…..

    စာချစ်သူများအားလုံးကို ခင်မင်လေးစားလျက်…

  • မောင်ပေ

    August 7, 2012 at 7:17 pm

    အိုဗျာ… ဒီလောက် တာလီဘန်တွေ နဲ ့ဘရုတ်ကျ စုတ်ပြတ်နေတဲ့ တိုင်းပြည်မှာ
    အေမားအနေနဲ ့
    ဒေါ်လာတစ်ထောင်လောက်ပေးလိုက်ရင် စိုးရပ်လေးကို ခေါ်သွားလို ့မရဘူးတဲ့လား
    ( ဇါတ်လမ်းထဲကို နှိုက်နှိုက်ချွတ်ချွတ် စိတ်ပါသွားသည် )

  • အလင်းဆက်

    August 7, 2012 at 7:36 pm

    အင်း..ဦးပေ….ပြောမှ စဉ်းစားစရာပဲ.။

    အဲဒီလို လုပ်လို ့မရနိုင်ဘူးလား….

Leave a Reply