မေမေရဲ့ ချိုချဉ်လေး

etoneJuly 9, 20101min00
မေမေရဲ့ ချိုချဉ်လေး

ငယ်ငယ်တုန်းက ဆိုးလွန်းလို့ ကျွန်တော်မကြာခဏ ထိခိုက်ဒဏ်ရာရတယ်။ အနာတရဖြစ်တိုင်း မေမေကို ကျွန်တော်ငိုငိုယိုယိုနဲ့ လိုက်ရှာတိုင်း မေမေက ကျွန်တော့်ကို ချိုချဉ်တစ်လုံးပေးပြီး “မငိုနဲ့သား .. ချိုချဉ်စားလိုက်ရင် မနာတော့ဘူး” လို့ အမြဲပြောတတ်တယ်။ မေမေပေးတဲ့ချိုချဉ်လေးငုံ့ပြီး ကျွန်တော် ဆက်ပြေးလွှား ဆော့ကစားတတ်ခဲ့တယ်။

ကျောင်းပြီးတဲ့နှစ်မှာ ကျွန်တော်နဲ့(၂)နှစ်ကြာ ချစ်ကြိုက်ခဲ့တဲ့ကောင်မလေး ကျွန်တော့်ကိုထားသွားခဲ့တယ်။ ဆုံးရှုံးဝမ်းနည်းတဲ့နွံထဲ မဆယ်တင်နိုင်လောက်အောင် ကျွန်တော်နစ်ခဲ့ရတယ်။

“ငယ်ငယ်တုန်းကလို ဒဏ်ရာတွေကိုကုပေးတဲ့ ချိုချဉ်လေးရှိနိုင်သေးရင် သိပ်ကောင်းမှာပဲ” လို့ မေမေကို ဝမ်းပန်းတနည်း ကျွန်တော်ပြောဖြစ်ခဲ့တယ်။

ရုံးပိတ်ရက် မနက်ခင်းတစ်ခုမှာ ဖုန်းသံကြောင့် ကျွန်တော်နိုးလာခဲ့တယ်။ မေမေက သူ့ထမင်းထုပ် မေ့ကျန်ခဲ့လို့ သူအလုပ်ရှိရာ ဆေးရုံကို လာပို့ပေးဖို့ ကျွန်တော့်ကိုဖုန်းဆက်တာဖြစ်တယ်။ မေမေပြောတဲ့အတိုင်း ဆေးရုံဆောင်သုံးထပ်က ပြင်ပထိခိုက်ဒဏ်ရာကုဆောင်ကို ကျွန်တော်ရောက်လာခဲ့တယ်။
အဆောင်မှာ လက်ကျိုးသူ၊ ပေါင်ပြတ်သူတွေနဲ့ ပြည့်နေတယ်။ ကျွန်တော်ရောက်လာတော့ မေမေရှိမနေဘူး။ (၄)ထပ်က အခန်း(၄၁၆)ကိုလိုက်ခဲ့ဖို့ မေမေမှာခဲ့တယ်လို့ ကလေးမတစ်ယောက်က လာပြောတယ်။ ဒီကလေးမမှာလည်း ခြေတစ်ဘက်ပဲရှိတာကို ကျွန်တော်သတိထားမိတယ်။ ငယ်ရွယ်နုပျိုတဲ့ ကလေးမကိုကြည့်ပြီး ကျွန်တော်စိတ်မကောင်းဖြစ်မိတယ်။

(၄)ထပ်က အရေပြားကုဆောင်ဖြစ်တယ်။ အခန်း(၄၁၆)ကိုရောက်တော့ မေမေရှိမနေပြန်ဘူး။ တိတ်ဆိတ်နေတဲ့အခန်းက ကျွန်တော့်ကို မွေးညှင်းထစေခဲ့တယ်။ ပြတင်းပေါက်ဘေးရပ်နေတဲ့ မျက်နှာတစ်ခုလုံး မီးလောင်ဒဏ်ရာတွေနဲ့ လူနာတစ်ယောက်က ကျွန်တော့်မေမေ အခန်း(၅ဝ၁)မှာလို့ ပြောတယ်။

အခန်း (၅ဝ၁)မှာလည်း မေမေကို မတွေ့ခဲ့ဘူး။ ကျွန်တော့်အမေးကိုကြားတော့ ဆယ်နှစ်အရွယ် မျက်လုံးစုံလိုက်ကန်းနေတဲ့ ကလေးငယ်တစ်ယောက်က “ဦးဦး… ဦးဦး… ဘွားဘွားကို ဝရန်တာထိပ်က ဂိုဒေါင်မှာလာရှာပါလို့ မှာထားတယ်” လို့ပြောတယ်။

ဂိုဒေါင်တံခါးဖွင့်လိုက်တာနဲ့ ထိုင်နေတဲ့မေမေကို ကျွန်တော်တွေ့တယ်။ အဲဒီတခဏ အရာအားလုံးကို ကျွန်တော် သဘောပေါက်လိုက်တယ်။ မေမေက ကျွန်တော့်ကို လူနာခန်းတွေ လိုက်ကြည့်စေချင်ခဲ့တာဖြစ်တယ်။ ကျွန်တော်အရမ်း ကံကောင်းခဲ့ပါတယ်။ ကျွန်တော်ဆုံးရှုံးရတယ်ဆိုလို့ အလိမ်ညာခံခဲ့တဲ့အချစ်ပဲရှိတယ်။
ကျွန်တော့်ခန္ဓာကိုယ်တွေ ကျန်းမာနေတယ်။ ကျွန်တော် လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။

အခက်အခဲ၊ ပြဿနာအများစုက ဖြေရှင်းလို့ရနိုင်တယ်။ ဒါပေမယ့် များသောအားဖြင့် လူတွေက အခက်အခဲ ဖြေရှင်းနေချိန်မှာ မျှော်လင့်ချက်ကို မဲ့ပစ်တတ်ကြတယ်။
အခုတော့ ငယ်ငယ်တုန်းကလို လဲကျတိုင်း ဒဏ်ရာကိုကုပေးတဲ့ချိုချဉ် ကျွန်တော့်အနားမရှိခဲ့တော့ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ မေမေရဲ့ချိုချဉ်လေးက ခုထိတိုင် ရှိနေတုန်းပါပဲ။

ကျွန်တော် ကတော့ သင်ခန်းစာ ၁ခုရလိုက်ပါတယ် ကိုဘဝအခြေ အနေ ဆိုးနေတာ ကို  မကြည့်နဲ့ ကိုယ့်ထက်ဆိုးတဲ့သူတွေရှိသေးတယ်ဆိုတာ ကိုနားလည်ထားပါ ဆိုတာ ပါပဲအားလုံးပဲ သင်ခန်းစာယူနိင်ကြပါစေ………

fwd message တစ်ခုကရတာ ဖတ်လို့ကောင်းလို့ share လိုက်တယ်နော် ။