ခလရ ၃၈၉ ခဲယမ်းတိုက်ပေါက်ကွဲ

True FaithJuly 9, 20101min903

ရေးသူ – ဖနိဒါ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြစ်ကြီးနား-မန္တလေး ရထားလမ်းပေါ်၌ တည်ရှိသော ဟိုပင်မြို့အနီးမှ ခြေလျင်တပ်ရင်း ၃၈၉ တပ်ရင်းပိုင် ခဲယမ်းမီးကျောက် ယမ်းတိုက်တခု ပေါက်ကွဲမှု ဇွန်လ ၃ဝ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည်ဟု ဒေသခံများအပြောအရ သိရသည်။

၂၀၀ရ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ကာလတွင်းမှ စစ်သားများ

လက်နက်ကြီး ဗုံးသီးများထားရှိရာ ပေါက်ကွဲမှုကြောင့် တပ်ရင်း၏ အနောက်ဖက် ၂ ဖါလုံခန့်အကွာမှ ရွာသစ်ကြီး၊ တပ်ရင်းနှင့် မျက်နှာချင်းဆိုင် ကားလမ်းသာခြားသည့် နှုန်းချိုကျေးရွာသားများ အထိတ်တလန့်ဖြစ်ကုန်သည်။

၈၁ မမ ဗုံးသီး၊ ၆ဝ မမ ဗုံးသီး၊ အာပီဂျေ ဗုံးသီး များ သိုလှောင်ရာ ဗဟိုကင်းအနောက်ဘက်ရှိ သံဆူးကြိုးကာ ပေ ၅ဝ ပတ်လည် မြေကျင်းတူးထားသော အဆောက်အဦးတွင်း ပေါက်ကွဲမှု ဖြစ်သည်။

“အဲဒါ ပေါက်ကွဲတာ ဘေးပတ်ဝန်းကျင်ရွာတွေက အိမ်တွေပါ တုံခါပြီးတော့ ဘုရားညောင်ရိုးတွေ တောင် လဲကုန်တယ်” ဟု ရွာသားများထံမှ သိရသည်ကို ဟိုပင်မြို့ခံတဦးက မဇ္ဈိမကို ပြန်ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီး နှစ်ရက်အကြာ ယခုလ ၂ ရက်နေ့တွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီးသာအေး လာရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု တပ်တွင်း သတင်းရပ်ကွက်က ပြောသည်။

ဟိုပင်-ဖားကန့် လမ်းမကြီးပေါ်ရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၃၈၉ တပ်ရင်း သည် ဟိုပင်မြို့ အနောက်ဘက် ၄ မိုင်ခန့်အကွာ၌ တည်ရှိသည်ဟု သိရသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဟိုပင်ရဲစခန်းအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲတဦးက “အဲဒါက ကျနော်တို့ ရဲစခန်းက ဘာမှ ဂဃဏန မသိရဘူး။ သူတို့က သူတို့ တပ်ဖွဲ့မှာ ဖြစ်တာဘဲ။ ကျနော်တို့ ရဲစခန်းနဲ့ ဘာမှလည်း အဆက်အသွယ် မရှိဘူး။” ဟု ပြန်ဖြေသည်။

ထို့ပြင် ယခုလ ၆ ရက်နေ့တွင် ဟိုပင်မြို့ မြဇေယျာရပ်ကွက်နေ ဝ’ တပ်ဖွဲ့ဝင် ဗိုလ်မှူးအိုက်ထွန်း၏ နေအိမ်သို့ ရဲ၊ အက်စ်ဘီနှင့် နေပြည်တော်မှ အရပ်ဝတ် စရဖ အဖွဲ့များ ၂ဝ ဦးခန့် လာရောက်စစ်ဆေး ပြီး သေနတ် ပြောင်းတိုတလက်နှင့် ပြောင်းရှည် တလက် အပါအဝင် ပါဂျရိုကားတစီးကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်ဟု မြို့ခံတဦးက ပြောသည်။

ဗိုလ်မှူးအိုက်ထွန်း၏ သားကို ဖမ်းဆီးခဲ့သော်လည်း စစ်ဆေးမေးမြန်း၍ ပြန်လွှတ်ပေးခဲ့သော်လည်း သူ၏ ရာဘာခြံ ခြံစောင့်တဦးကိုမူ ဖမ်းဆီးထားဆဲ ဖြစ်သည်ဟု သိရသည်။ လက်ရှိ ဗိုလ်မှူး အိုက်ထွန်းနှင့် ဇနီးတို့သည် ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

ယင်းအဖမ်းအဆီး သတင်းများနှင့် ပတ်သက်၍ မဇ္ဈိမက သီးခြားအတည်ပြုချက် မရရှိသေးပေ။

ကရင်ပြည်နယ် ဘီးလင်းတပ် ခမရ ၃ တွင်လည်း ပြီးခဲ့သည့် ၂ လခန့်က ဆေးလိပ်မီးကြောင့် လက်နက်ရုံ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

တပ်မတော်တွင် ယင်းသို့ လက်နက်သိုလှောင်ရုံ၊ ခဲယမ်းတိုက်များ ပေါက်ကွဲမှုဖြစ်လျှင် သက်ဆိုင်ရာ တပ်ရင်းမှူး၊ တပ်သားများကို ရာထူးမှ ဖြုတ်ချခြင်း၊ ရာထူးလျော့ချခြင်း သို့မဟုတ် တပ်ပြောင်း ပြစ်ဒဏ်ပေးမှုများ ရှိခဲ့သည်ဟု ပြည်ပတွင် အခြေစိုက် နေထိုင်နေသော တပ်မတော် အရာရှိဟောင်း ဗိုလ်ထက်မင်းက ပြောသည်။

(မဇ္ဈိမ သတင်းဌာနမှ ကူးယူဖော်ပြသည်။)

3 comments

  • ghost

    July 9, 2010 at 5:17 pm

    အဲဒီပေါက်ကွဲ မူ့ကြောင့် စစ်သား ၄ဝ ထိတယ်ကြားတယ် ဟုတ်လား?

  • chitlay

    July 10, 2010 at 2:24 am

    ဒီလောက်ပေါက်ကွဲတာတောင် ဘယ်သူမှဘာမှ မဖြစ်ကြဘူးလား။

  • azure

    July 10, 2010 at 3:07 am

    ဒီကောင်တွေ အားလုံးသေသွားလည်း ကောင်းတာပါပဲ တပ်ရင်းတစ်ခုလုံး ပျောက်သွားလည်းအေးတာပဲ

Leave a Reply