ကျွန်တော်ချစ်သောအောင်ဆန်း (သို့) အရိုင်း

introJuly 15, 20101min440

သူ၏အောက်မှ လူထုကြီးသည် စည်းကမ်းသေဝပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထု ကြီးသည် စူးစိုက်ခြင်းမရှိ။ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိပ်အပိုင်း တခုကား အချင်းချင်း ခေါင်းချင်းကပ်ကာ
တီးတိုးပြောနေကြ၏။ သို့သော် ပျက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်းသည်
အားလုံး၌ တညီတညွတ်တည်း ရှိ၏။

အစိမ်းရောင် ကတ္တီပါကားကြီးသည် သူ့ကိုနောက်ကားခံ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင် မှ
ခြယ်လှယ်ထားခြင်း မရှိ။ ပကတိ ပိန်းပြောင်ပြောင်ဖြစ်၏။ ကတ္တီပါကားသည် အခြား
ဘာအဓိပ္ပါယ်ကိုမျှ ထူးထူးထွေထွေ မဖေါ်ပြ။ သို့သော် မှိုင်းညို့ခြင်း တခုကိုသာ
ရဲဝံ့စွာဆောင်၍ နေသည်။

သူသည် စိမ်းညိုသောကားကြီး၏ ရှေ့စင်မြင့် ဇာတ်ခုံပေါ်၌ ရပ်ကာ စကားပြော၍ နေသည်။ သူသည် ဗမာ ပထဝီမြေကြီးမှ ဗမာ
ဝါဂွမ်းဖြင့် ရက်လုပ်သည့် ပင်နီဖျင်ကြမ်းကြီးကို ဝတ်ထား၏။ လုံချည်မှာ
နီရဲသော ရွှေတောင် ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်းနှင့် မသေသပ်။
မျက်နှာ အသွင်အပြင်မှာ အပူပိုင်း ဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများတွင်
နေထိုင်သော မွန်ဂိုလီယံအနွယ် လူရိုင်းမျက်နှာနှင့် တူ၏။ သို့မဟုတ် တောင်ပေါ်
ချင်းတယောက်နှင့်လည်း တူ၏။

တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား၏ လက္ခဏာဖြစ်သောထည်ဝါခြင်း ယဉ်ကျေးသိမ်မွေ့ခြင်းတို့ သည် သူ့တွင်
လုံးဝမခိုအောင်း။ လမ်ပေါ်တွင် နေရာတကာတွေ့မြင်နိုင်သော သာမန်ဆင်းရဲသား
တဦးနှင့် သာတူ၏။ လူထုထဲမှ သူတဦး၏ အသွင်အပြင်မျိုးသာ ဖြစ်၏။

သူသည်လက်နှစ်ဖက်ကို ဘေးသို့ကား၍လှုပ်ကာလှုပ်ကာ စကားပြော၏။ သူ၏စကားလုံးများကား ပြေပြစ်
ခြင်းမရှိ။ ချောမွေ့ခြင်းမရှိ။ သို့သော် အတွင်း၌ကား အနက်ပါ၏။

သင်ပထမဦးဆုံး တွေ့မြင်သောအောင်ဆန်း၏ ပုံပန်းကိုရေးပြပါဆိုလျှင် ကျွန်တော်သည်
သည်ပုံကိုရေးပြ မည် ဖြစ်ပေသည်။

ထိုအခါကား ၁၉၃၆ – ခု၊ ပဋ္ဌမဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံကြီးကို
ရန်ကုန်မြို့ ဂျူဗလီဟောခန်းမတွင် ဆင်ယင်သောအခါ ဖြစ်ပေသည်။ ကျွန်တော်သည်
အထက်တန်း ကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသား
ကိုယ်စားလှယ်များအဖြစ် ကျောင်းသား ညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်း
စကားပြောသည်ကို တွေ့မြင်ရခြင်းဖြစ်ပေသည်။

၁၉၃၆ – ခု၊ သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးရောင်အူနေသည့်အခိုက်၊
`အောင်ဆန်း´ အမည်ကို သတင်းစာများတွင် ဖတ်ရသောအခါ သူ့ကို သိချင်သောစိတ်
ထက်သန်ခဲ့သည်။ ထိုအခါ အောင်ဆန်းမှာ တက္ကသိုလ် သမဂ္ဂအသင်း၏
ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်၏။ ကျွန်တော်မှာ
စာပေဝါသနာပါသူဖြစ်ရာ အောင်ဆန်းကို အိုးဝေမဂ္ဂဇင်း အယ်ဒီတာ အဖြစ်
စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကို သိချင်၏။ တွေ့ဖူးချင်၏။

သို့သော် ဂျူဗလီဟော ကျောင်းသားများညီလာခံတွင် သူ၏ ရုပ်သွင်နှင့် သူ စကားပြောသည်ကို
တွေ့မြင် ကြားနာရသောအခါ အထင်နှင့်အမြင် ကွာနေသည်ကို တွေ့ရ၏။ ကျွန်တော်
ထင်ထားသည်မှာ ကောလိပ် ကျောင်းသား၊ ရုပ်ဖြောင့်၊ ဂိုက်ကျ၊ စကားပြောကောင်းဟု
ဖြစ်၏။ အယ်ဒီတာလည်း ဖြစ်သဖြင့် အတော် အထင်ကြီးထားလေ၏။

တွေ့ရသောအခါ ရုပ်ကလည်း မဖြောင့်။ စကားပြောကလည်း မပြေပြစ်။ သို့ဖြစ်၍ စိတ်ထဲက မကျေနပ်။

ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ယဉ်ဖြင့်သာ အောင်ဆန်းကို
ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင် နေ၏။ ထို့ကြောင့် စိတ်ထဲက
မကျေနပ်။

( ၂ )

နောက် ၁ – နှစ်ခန့် ကြာသောအခါ ကျွန်တော်လည်း တက္ကသိုလ်သို့ ရောက်၍နေသည်။ ကျနော် တက္ကသိုလ် ရောက်သည့် ၁၉၃ရ – ၃၈ ခုနှစ်က၊ ကိုအောင်ဆန်းသည် တက္ကသိုလ်သမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ၊
ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ဥက္ကဋ္ဌဖြစ်၏။ ထိုအခါ
ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။ အသိသာ ဖြစ်ရုံဖြစ်သည်
မရင်းနှီးခဲ့ပေ။

သူနှင့်ကား ရင်းနှီး၍မဖြစ်။ သူသည် ရင်းနှီး၍ရသောလူစားမျိုးမဟုတ်။ နိုင်ငံရေး အတူတူတွဲဖက်လုပ်လျှင် သာ
သူနှင့်ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော်သည်
သမဂ္ဂနိုင်ငံရေးကိုသာ တဘက်သတ် မလိုက်။ စာပေ၊ ကဗျာလည်း ရေးချင်၏။ ဂီတကိုလည်း
လိုက်စား၏။ သည်လိုအစုံ လုပ်ချင်သဖြင့် သူနှင့် မရင်းနှီးနိုင်ပေ။ သူကား
နိုင်ငံရေးသမား သက်သက်ဖြစ်သည်။

ကိုအောင်ဆန်းနှင့် ကျွန်တော့်ကို သခင်ဘဟိန်းက အသိဖွဲ့ပေးခဲ့၏။ သို့သော် ကျွန်တော်သည် နိုင်ငံရေး သမားသက်သက်
မဟုတ်သဖြင့် သူ၏ အသိထက် လွန်မြောက်၍ ရင်းနှီးသောအဖြစ်သို့ မရောက်သွားခဲ့ပေ။

သခင်ဘဟိန်းကား သည်လိုမဟုတ်။ သခင်ဘဟိန်းသည် ယဉ်ကျေးသိမ်မွေ့သူဖြစ်၏။ စာပေကဗျာလင်္ကာ ကိုနှစ်သက်၏။ ဂီတကိုချစ်၏။
ထို့ကြောင့် ကျွန်တော်နှင့်ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ
သူကွန်မြူနစ်ဖြစ်နေ သည့် ဘဝအထိပင် ရင်းနှီးချစ်ခင်ခြင်းမပျက်။ ကျွန်တော်ကား
နိုင်ငံရေးသမားလည်းမဟုတ်။ သို့သော် ချစ် ခင်ရင်းနှီး၏။
ကိုအောင်ဆန်းနှင့်ကား သည်ကဲ့သို့မဟုတ်။ ကျွန်တော်စာရေးဝါသနာ ပါသည်ကို
ကိုအောင်ဆန်းသိသည်။ သို့ရာတွင် ကျွန်တော်ရေးခဲ့သော
ဒဂုန်မဂ္ဂဇင်းမှရတုပိုဒ်စုံ စသောကဗျာများ၊ ဝတ္ထုတို၊ ဆောင်းပါး စသည့်
စာပေများကို သူအကုန် ဖတ်ဖူးလိမ့်မည် မထင်။ ဂရုစိုက်၍ ဖတ်မည့်
လူမျိုးလည်းမဟုတ်။

သို့သော် တခါက ကိုဗဟိန်းနှင့်အတူ သမဂ္ဂအမှုဆောင် ကော်မတီခန်းတွင် ပင်းယ မဂ္ဂဇင်း၌ ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါး
တခုကိုကား ကျွန်တော့်ရှေ့တွင် ဖတ်သည်ကိုတွေ့ရဖူး၏။ ဖတ်ပြီးလျှင်ဝေဖန်ချက်
ပေး၏။

ကိုအောင်ဆန်းသည်လည်း အင်္ဂလိပ် – ဗမာ ဆောင်းပါးရှင်တဦး ဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေး သားသော သူ၏ ဆောင်းပါးများကို ဂန္ထလောက
မဂ္ဂဇင်းတွင် ဖတ်ဖူးရသည်။ သူသည် ဗုဒ္ဓဘာသာ တရားတော်နှင့် ပတ်သက်သော
ဆောင်းပါးများကို ရေး၏။ ကျောင်းသားများ အဝတ်အစား ဝတ်ဆင်ရေး ပြဿနာကို သူသည်
ဂန္ထလောကတွင် ပန်းတနော် ဦးသန့်နှင့် အပြန်အလှန် ရေးသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအသင်း၏ ကြွေးကြော်သံ
`မျိုးညွှန့်´ မဂ္ဂဇင်းတွင် ပါသော သူ၏ `လောကဝိဟာ´ အမည်ရှိ ဆောင်းပါးတို
ကလေးကိုကား သဘောကျခဲ့၏။ ကမ္ဘာလောကကြီးကို ကိုယ်တွေ့ပညာ ဗဟုသုတ
အမြင်တို့ကိုပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးသားထားသည်။
ကိုအောင်ဆန်းသည် ဗမာစာ အရေးညံ့သူ မဟုတ်ပေ။ တိတိကျကျ ရေးတတ်၏။ ပါဠိကို
မှန်ကန်စွာ သုံး၏။

တခါတရံ ဟာသဉာဏ် ပါ၏။

ပုသိန်မြို့တွင်ကျင်းပသော ကျောင်းသားများညီလာခံ၌ သူ၏ ဥက္ကဋ္ဌမိန့်ခွန်းတွင် ကင်းဘဲလ်အစီရင်ခံစာကို
`ပညာရေးပူရာဏ် ကျမ်းကြီးပေတကား…´ ဟု ပြောင်လှောင်ထားသည်မှာ
သရော်ချက်ပါပေသည်။

ကျောင်းမှထွက်ပြီး ဒို့ဗမာအစည်းအရုံးသို့ ဝင်သောအခါ ငတ်ပြတ်၍လား မပြောတတ် ဒဂုန်မဂ္ဂဇင်းတွင် ရေးလိုကြောင်း
ကျွန်တော့်ကိုပြော၏။ ကျွန်တော်လည်း တိုက်ရှင်တို့နှင့်စီစဉ်၍
လစဉ်ကိုအောင်ဆန်း ဆောင်းပါးများပါစေသည်။

ဒဂုန်မဂ္ဂဇင်းက ကိုအောင်ဆန်းရေးသော ဆောင်းပါးများအတွက် ငွေချီးမြှင့်၏။
သူရေးသောဆောင်းပါးကား `နိုင်ငံရေးအမျိုးမျိုး´ ဟူသောဆောင်းပါးဖြစ်သည်။
ဂရိတ်နိုင်ငံရေးကအစချီ၍ မျက်မှောက်ဗမာနိုင်ငံရေး အခြေအနေအထိ ရေး၏။
စာပြောင်၏။ ဖတ်၍ ကောင်း၏။

သူလည်း ဒဂုန်တွင် ကြာကြာမရေးရ။ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍ သွား၏။ အစိုးရကလည်း
ငြိုးထား၍လားမပြောတတ် ဒဂုန်မဂ္ဂဇင်းမှာ ထိုနှစ်မှာပင် ပိတ်ခြင်းခံရရှာလေ
သည်။

( ၃ )

သမဂ္ဂဥက္ကဋ္ဌဖြစ်သော ၁၉၃၈ – ၃၉ ခုနှစ်ကသူသည် ဘီ-အယ်လ်တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ် ထပ်တွင်နေသည်။ သူ၏အခန်းသည် သပ်ယပ်ခြင်းကင်းမဲ့၏။ အခန်းတွင် စာအုပ်များပြည့်နှက်နေ၏။ စာ
အုပ်များသည် စားပွဲပေါ်တချို့၊ ဗီဒိုပေါ်တချို့၊ ကြမ်းပြင်ပေါ်တွင်
တချို့ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ် ဖြစ်နေ ကြ၏။ သူသည် အင်မတန် စာဖတ်သူတယောက်
ဖြစ်၏။

သူသည် ဒေါသကြီးသူတဦးဖြစ်၏။ သည်လို အများကထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီးသည် မကြီး သည်ကို မသိ။ သူ့တွင် စိတ်လိုက်မာန်ပါ
စိတ်တွေရှိသည်ဟု ကျွန်တော်ထင်၏။

နှစ်ကိုကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည်အထိမ်းအမှတ်ပွဲတခု တက္ကသိုလ်သမဂ္ဂ တွင် ကျင်းပ၏။
ပရိသတ်ထဲကထ၍ ဝေဖန်စကားများ ပြောကြ၏။ ထိုသို့ ပြောကြသည့်အထဲတွင် စစ်ကိုင်း
ကျောင်းဆောင်မှ ကုလားကျောင်းသားတဦးက ဥက္ကဋ္ဌဟောင်း မစ္စတာရာရှစ်ကိုဝေဖန်ရာ၌
အတော်ထိခိုက် သော အပြစ်တွေကို ထုတ်ဖေါ်ပြောလေသည်။ ကုလားကျောင်းသားပြောသည့်
စကားများသည် အခြေခိုင် သည် မခိုင်သည်ကိုကား မမှတ်မိတော့ပေ။ ကိုအောင်ဆန်းသည်
မစ္စတာရှာရှစ်အတွက် ဒေါပွကာထိုကုလား ကို ကြိမ်းမောင်း၍ `ရဲရင်ထွက်´ စသော
စသော အသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့ တိုး၍ သွား၏။ ဘေးက
ကျောင်းသားများက ဝိုင်း၍ ဆွဲထားရလေ၏။

သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက် ရှိလေသည်။

ကုလား-ဗမာ အဓိကရုဏ်းအပြီး ဒေါက်တာဗမော်၏ တက္ကသိုလ်ဥပဒေ ပြင်ဆင်ရေးအဆိုကြမ်းကို သမဂ္ဂက ငြင်းပယ်လိုက်သည့်
ကိစ္စနှင့်ပတ်သက်၍ ညိုမြအမှူးရှိသော ကျောင်းသားတစုကမကျေနပ်သဖြင့် သမဂ္ဂကို
အယုံအကြည်မရှိ အဆိုတင်သွင်း၏။ ထိုအစည်းအဝေး၌ ကိုအောင်ဆန်းသည်
ညိုမြကိုဒေါပွကာ ဥက္ကဋ္ဌ ကုလားထိုင်မှနေ၍ ညိုမြအတင်းကို အတော်ပြောလိုက်လေသည်။

သည်လို စိတ်လိုက်မာန်ပါ ပြောပြီးနောက် တပါတ်လောက် ကြာသောအခါ၊ ထိုနေ့က အောင်ဆန်းက
ညိုမြ အားရှုံ့ချသော စကားများကို ရုပ်သိမ်းလိုက်ကြောင်း ကြော်ငြာစာကို
တက္ကသိုလ်ကျောင်းဆောင် အသီးသီး တွင် ထွက်ပေါ်၍ လာလေသည်။

တက္ကသိုလ်တွင် ရှိစဉ်က ကိုအောင်ဆန်းသည် ပြုံးသော မျက်နှာထားကို ထားခဲ၏။

သူ၏မျက်နှာထားသည် သုန်မှုန်၏။ တခါတွေ့ဖူးသောသူကို နောက်တခါတွေ့လျင် နှုတ်ဆက်ချင်မှဆက်၏။
သူ့ကိုသိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ပြုံးချင်မှပြုံး၏။
ဥက္ကဋ္ဌဖြစ်သဖြင့်သူ့ကိုကား ကျောင်းသား တိုင်းကသိကြ၏။ သူကလည်း အစဉ်လိုလို
နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည်၏ လွတ်လပ်ရေး အတွက် စိတ်ပူပုံရ၏။
ထို့ကြောင့် သူသည် သုန်မှုန်လျက် ရှိနေသည်။

သူစကားပြောလျင်လည်း နိုင်ငံရေးအကြောင်းကိုသာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နား
ထောင်နေရသည်။ ဘေးကလူများ၏ စကားကိုသူမကြား။ သူပြောချင်တာတွေကိုသာ
စွပ်၍ပြောနေတတ် သည်။

( ၄ )

တခါက ရန်ကုန်ကို ဂျပန်တို့ သိမ်းပိုက်စ အချိန်။

ဝိတိုရိယရိပ်သာရှိ အိမ်တအိမ်တွင် သခင်မြနှင့်ရဲဘော်များ နေထိုင်လျက်ရှိကြသည်။
ကျွန်တော်မှာလည်း တောကရောက်ကာစဖြစ်သည်။ ဧည့်ခန်းရှိစန္ဒယားတွင် ကျွန်တော်က
ထိုင်ကာတီးနေ၏။ ဘေးမှသခင်စံဝေ နှင့် တက္ကသိုလ်ကျောင်းသား အချို့ကဝိုင်း၍
သီချင်းလိုက်ဆိုလျက်ရှိ၏။ ဘီ-အိုင်-အေ သမားများမှာ ဂီတ အင်မတန် ငတ်နေ၍
သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်းကြ၏။ စန္ဒယားမှာ အသံတွေပျက်
နေ၏။

ချစ်ခင်မှာလား၊ ကြင်မှာလား ခင်ခင်ရယ်။

ချစ်သဲနွယ်၊

အဟုတ်ကို ချစ်တော့မယ်

ခင်ရယ် ကြင်မယ်…

ဝိုင်း၍ဆိုနေကြရာမှ သည်နေရာသို့ ရောက်သောအခါ ကိုအောင်ဆန်းသည် ဂေါက် – ဂေါက် – ဂေါက် –
ဂေါက်နှင့် တဘက်က လျှောက်လာကာ စန္ဒယားအပါးတွင် လက်ထောက်ကာ ရပ်လျက်…

`ဟေ့…ရပ်ကြ။ ခုလိုအခါမျိုးမှာ ရဲစိတ်ရဲမာန် တက်စေမယ့် ရဲတင်းသံတို့ကိုသာ ဆိုရမယ်ဗျ။
ဒီချစ်မယ် ကြင် မယ် သီချင်းမျိုးက မဟန်ဘူး …´။

ရုတ်တရက်ကြောင်၍ ကျွန်တော်သည် စန္ဒယားကို ခေတ္တရပ်လိုက်၏။

သူသည် သူပြောချင်တာ ပြောပြီး၍ ထွက်သွားလေသည်။ ကျွန်တော်တို့လည်း ဆက်လက်သီဆိုုကာ
ကျန်ရစ်ခဲ့ကြသည်။ သူကား သည်လိုလူစားမျိုး။

သမဂ္ဂဥက္ကဋ္ဌ ကိုလှမောင် (ယခုသံအမတ်)၏ လက်ထပ်ပွဲသည် ဘီ-အိုင်-အေခေတ်၌ ရွှေတောင်ကြားတွင် ကျင်းပသည်။
သူ၏လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပဋ္ဌမဦးဆုံးဖြစ်၏။ လက်ထပ်ပွဲပြီးသောအ
ခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများစုရုံးကာနေကြ၏။ စန္ဒယားဆရာတဦးကတီးကာ
ဖျော်ဖြေလျက်ရှိ သည်။

သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကိုရပ်စေကာ ကျွန်တော့်ကိုလူကြားထဲမှ အတင်းဆွဲခေါ်၍
သီချင်းတပုဒ်ကိုတီးစေ၏။ သူသည် စန္ဒရားကိုလက်ထောက်ကာ မရတရဖြင့်လိုက်ဆိုနေ၏။
တီးသော သီချင်းမှာ `ကဉ္စန´သီချင်းပင် ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ်တီးကာ
နောက်တပုဒ် တီးခိုင်းပြန်၏။

တခါက ဂျပန်ခေတ် ဝန်ကြီးတဦး၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ် သေနာပတိဟု
အားလုံးက လေးစားသောအားဖြင့် ထမင်းစားခန်းကြီးထဲသို့ သူ့ကို အရင်ဝင်စေ၏။
ဧည့် သည်များကား အဝတွင်ရပ်၍ သူ့အဝင်ကို စောင့်လျက်နေကြသည်။ သူသည်
စစ်ဝတ်စစ်စားနှင့် ဝင်လာကာ ရုတ်တရက်၊ စားပွဲထိပ် ကုလားထိုင်တွင်
ဝင်ထိုင်လိုက်ပြီး ဇတ်ကနဲ ဘယာကြော်တတုံးကို ယူစားလိုက် လေ၏။

သူ ထမင်းစားနေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာဧည့်ဝတ်ထုံးစံအရ
ထမင်းစားပါအုံးလားဟု ခေါ်ချင်မှ ခေါ်သောလူစားမျိုးဖြစ်၏။ ဒါတွေကြောင့် သူ့ကို
မိတ်ဆွေရင်းများက `ကြောင်သည်´ ဟု အမှတ်ထား ကြလေ၏။

( ၅ )

သူ့တွင် သိမ်မွေ့ခြင်းမရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်း သင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံ၊ ယဉ်ကျေးခြင်း စသည်တို့ကိုသူသည် လုံးဝဂရုမစိုက်။ ဂီတ၊
ပန်းချီ၊ သဘင် စသော အနုပညာရပ်များကို မလိုက်စား။ သူ့ကိုသူ
အတင်းယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုရ် အတိုင်း ခပ်ရိုင်းရိုင်း၊
ခပ်ကြမ်းကြမ်းပင် မပြုမပြင်ဘဲနေ၏။

သူ့တွင် နိုင်ငံရေးဝိညာဉ်ကား ပြင်းထန်လှချေသည်၏။ သူသည် နိုင်ငံရေး တခုတည်းကိုသာ လုပ်သောလူ တဦးဖြစ်၏။

သူသည် ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ သို့သော် ကိစ္စမရှိ။ သူသည် ဧည့်ခံခန်းဆောင်မှ
ဂုဏ်သရေရှိ လူကြီး လူကောင်း မဟုတ်။ တခုတည်းသော ယုံကြည်ချက်နှင့်
တခုတည်းကိုသာ မဲ၍လုပ်သော နိုင်ငံရေးသတ္တဝါ ဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။

၁၉၄၂ – ၄၃ ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အနုပညာအကြောင်းကို
ပြောပြ၏။

`အနုပညာဆိုတာ ရှိတာပဲ။ လင်မယားဘဝမှာလဲ အနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲတော်လှန်ရေး မှာလဲ အနုပညာရှိတာပဲ။
အနုပညာမြောက်မှ တော်လှန်ရေးဟာလဲ တကယ့်တော်လှန်ရေး အစစ်ပဲ …။´

ဆရာမဒေါ်ခင်ကြည်နှင့် စေ့စပ်ပြီးစလက်မထပ်ခင် ၃ – ၄ ရက်အလိုက ကိုဘဟိန်းကိုလာရှာရင်း ကျွန်တော်
နှင့်သွားတွေ့၏။

သူသည်ဧည့်ခန်းရှိ အဖုံးပိတ်ထားသော စန္ဒယားတွင် လက်ထောက်ကာ `ဒီမယ် … အိမ်ထောင်ပြုတယ်ဆို တာ သိပ် …
စဉ်းစားတွေဝေနေလို့မရဘူး။ တခါတည်း ဇွတ်လုပ်လိုက်ရတယ် ….´ဟု မမေးဘဲ သူ့ဘာသာ
သူ သူပြောနေ၏။

လက်ထပ်ပြီးစက ကျွန်တော်ရေးလျက်ရှိသော လွတ်လပ်ရေးကြိုးပန်းမှုစာအုပ်နှင့် ပတ်သက်၍ အင်းယား ကန်စောင်းရှိ
သူ့အိမ်သို့ ရောက်သွား၏။

ဧည့်ခမ်းတွင် ခေတ္တစောင့်နေရ၏။ ထွက်လာသောအခါ သူ့နှုတ်ခမ်းတွင် ရဲနေသည်ကိုတွေ့ရ၍ မပြုံးမိ အောင်
ဟန်ဆောင်နေရ၏။

သည့်နောက် သူနှင့်ကျွန်တော်မတွေ့တော့။ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီသွား လည်ကလည်း
ဖေါ်ဖေါ်ရွေရွေ လောကွတ်ပြူငှာ ခေါ်မည့်လူစားမျိုးလဲ မဟုတ်။

တခါက ဗိုလ်ချုပ်ဘဝတွင် မော်တော်ကားကြီးထဲ၌ သူ၏ဇနီး၊ ကလေးများနှင့် တပြုံကြီးကို
မြင်လိုက်၏။ အော် …. သားနဲ့၊ မယားနဲ့မို့ လူစိတ် တော်တော်ပေါက်လာပြီ။
အရင်ကလို ကြောင်တော့မည်မဟုတ်။ အကြမ်းအရိုင်းမှ ယဉ်ကျေးလာတော့မည်ဟု
အောင့်မေ့လိုက်၏။ မှန်၊ မမှန်ကား မပြောတတ်။

ဖ ဆ ပ လ ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင်၊ ဦးအောင်ဆန်းကိုကား ကျွန်တော်မသိ။ သူ၏ နိုင်ငံရေးကို
ဝေ ဖန်ခြင်း မဟုတ်။ သူ၏ အဖြစ်သာ။ ကျွန်တော်သိသည့်အထိ ပြောပြခြင်း
ဖြစ်ပေသည်။

တခုတော့ ထင်သည်။ သူသည် လူထုထဲမှလူတဦးဖြစ်၍၊ လူထုနှင့်ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ် လာသည် ဖြစ်လိမ့်မည်။။ ။

ဒဂုန်တာရာ
ဒီဇင်ဘာလ၊ ၁၉၄၆