သူ့နေရာမှာ မင်း ဆိုရင်

တစ်ခါက အင်တာဗျူးရသည့်နေ့တွင်ဖြစ်ပါသည် ၊

ခန့်ထားရမည့်နေရာမှာ အော်ပရေတာ နှင့် ဘာသာပြန် ရာထူးများဖြစ်ပြီး ညပိုင်းအတွက်သာ ခေါ်ယူခြင်းဖြစ်သည် ၊

သို့သော် ဗျူးရမည့်စာရင်းထဲတွင် မိန်းကလေး ၁ ယောက်နာမည်ကို မြင်လိုက်ရ၍

အက်ဒမင်ကို ခေါ်မေးသောအခါ မှားခေါ်မိတာ ရောက်လည်းရောက်နေပြီ

ပြန်လွှတ်ရန်လည်း မသင့်တော်သည့်အတွက် ကြည့်လုပ်ပေးပါဟု ဆိုပါသည် ၊

ခက်ပြီ မခန့်ရန်သေချာနေသောသူကို အားနာစွာဖြင့်ပင် ဗျူးရပေဦးတော့မည် ၊

ကျွန်တော်မေးသမျှကို မျှော်လင့်ခြင်းအပြည့်ရှိနေသော လေသံလေးနှင့်

ထိုမိန်းကလေးခမျာ ကြိုးစား၍ ဖြေရှာပါသည် ၊

စာတစ်မျက်နှာရိုက်ခိုင်းရာတွင်လည်း အတတ်နိူင်ဆုံးရိုက်ရှာပါသည် ၊

ထိုသို့ မျှော်လင့်ခြင်းကြီးစွာထား ကြိုးစားနေရှာသော သူ့မျက်နှာကလေးကို

ကျွန်တော် မကြည့်ရက်လိုတော့ပါ ၊

ပိုဆိုးသည်မှာ စာရိုက်ပြီးသွား၍ မည်သည့်နေ့ရက်ခန့် အကြောင်းပြန်မည်ကို ပြောရသောအခါ

ထိုမိန်းကလေးက ယခုကဲ့သို့သော အိုင်တီ ကုမ္ပဏီမျိုးတွင် အလုပ်ရပါက

များစွာ ဝမ်းသာမည့်အကြောင်း ၊ အလုပ်ခန့်ပြီးပါက ခိုင်းသမျှအလုပ်ကို

ကြိုးကြိုးစားစား လုပ်မည့်အကြောင်း ၊ မိသားစု အနေအထားအရလည်း

အလုပ်ရရန် အရေးကြီးနေသည့်အကြောင်းများကိုပါ

ဇာတ်နာအောင် မဟုတ်ပဲ အရိုးခံ မျက်နှာလေးနှင့် ပြောသွားခဲ့ပါသည် ၊

ကျွန်တော် များစွာ အားနာ သကဲ့သို့ စိတ်ထဲတွင်လည်း ခံစားရလှပါသည် ၊

သူက လိုချင်လှ၍ ကြိုးစားပြသူ

ကျွန်တော်က မခန့်မည့်သူကို ဟန်နှင့်ပန်နှင့် ဟန်ဆောင်ဗျူးပေးရသူ

စဉ်းစားကြည့်ကြစမ်းပါ

ထို မိန်းကလေး နေရာတွင်သာ ကိုယ်ကိုယ်တိုင် ဆိုပါက မည်သို့ခံစားရမည်နည်း ?

ငါတို့တွေဟာ ကိုယ့်အတွက် မဟုတ်ပါဘူးဆိုတဲ့ နေရာတွေအတွက်များ

ကြိုးစားမိနေတာ ဘယ်နှခါ ရှိနေပြီလဲကွာ

15 comments

  • pazflor

    January 28, 2013 at 3:23 pm

    မိန်းကလေးလည်းဘာဖြစ်သလည်းခမျာ သူသာလုပ်နိုင်မယ်ဆို ခန့်လိုက်ပေါ့ခင်ဗျ။
    မိန်းကလေးဖြစ်လို့ ညအလုပ်မလုပ်နိုင်ဘူးဆိုတော့ ရုံးကသူတွေကို စိတ်မချသလိုဖြစ်နေသပေါ့။
    😀

  • Myo Thant

    January 28, 2013 at 3:33 pm

    ညပိုင်းက ယောကျင်္ားလေးများသာ ခန့်ထားတာပါ ၊
    ညဘက် ဂျူတီကျဝန်ထမ်း ၂ဝ ကျော်မှာ မိန်းကလေး မပါပါ ၊
    သို့သော် နေ့ဘက်အတွက်လိုသည့်အခါ ခေါ်နိူင်ရန် မှတ်ထားလိုက်ပါသည် ၊

  • moonpoem

    January 28, 2013 at 3:47 pm

    သူ ့ခမျာ သနားစရာနော်။ကိုယ်ဆိုရင်လည်း သိပ်ကို ဖြေနိုင်ခဲ့တဲ့ အင်တာဗျူးဆိုရင် ဘယ်တေ့ာခန့်မှာလဲ ဘယ်တော့စလုပ်ရမှာပါလိမ့်နဲ ့တွေးပြီး ပျော်နေမိမှာ…. ။

  • ရွာသူ jujuma .

    January 28, 2013 at 3:47 pm

    မိန်းကလေး နေရာတွင်သာ ကိုယ်ကိုယ်တိုင် ဆိုပါက ….
    ငါရဲ့ အရည်အချင်းမပြည့်မှီလို့မခေါ်တာနေမှာ ပေါ့ လို့ တွေးနေမိမလားပဲ …

  • Myo Thant

    January 28, 2013 at 4:00 pm

    အဲဒီကတည်းက အင်တာဗျူးခေါ်ရင် တကယ်သတိထားပြီး
    မဖြစ်နိူင်သူကိုလည်း တထိုင်တည်း ငြင်းလိုက်ပါတော့တယ် ၊
    တစ်ချို့ကျတော့ ခန့်ပြီး တစ်လလောက်နဲ့ ( ဘာမှအကြောင်းမကြားပဲ ) ထွက်သွားတာမျိုး
    ၂ ခါ ၃ ခါ ကြုံဘူးပါတယ် ၊
    လူတွေကတော့ အမျိုးမျိုးပါပဲဗျာ ၊

  • ဗုံဗုံ

    January 28, 2013 at 4:29 pm

    အဲ့လိုတွေအားနာတာမကောင်းပါဘူး အန်ကယ်ဂျီးရယ် မိဗုံသာဆို ဒီလောက်ကြီး ဗျူးခံပြီးပြီဆိုမှတော့ အလုပ်မရမချင်းရုံးရှေ့က ငုတ်တုတ်ထိုင်စောင့်နေမှာ မခန့်နိုင်ပါဘူးကွယ်လို့ ပြောရင်လည်း အစတည်းက မခန့်တာများ ဘာဖြစ်လို့ ဒီလောက်ကြီး ဗျူးရတာလဲ လူကြီးကိုက ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး ပြောဆိုပြီး ပြန်ခဲ့မှာ အန်ကယ်ဂျီး မိဗုံလို လူမျိုးနဲ့ မတွေ့တာ ကံကောင်းသွားတယ်မှတ် :mrgreen:

  • လူကလေး

    January 28, 2013 at 4:38 pm

    ခန့်နိုင်ရင်လည်း ခန့်အပ်ကြောင်း offer letter ပို့ရင်ပို့.. .
    မခန့်နိုင်တော့လည်း မကိုက်ညီလို့ မခန့်နိုင်ကြောင်း letter of rejection လိုဟာမျိုး ပို့ပေးလိုက်ပေါ့ဗျာ..
    နို့မဟုတ်ရင် .. ခမျာ သနားစရာ လည်တစန့်စန့်ဖြစ်နေရော့မယ်..

  • Myo Thant

    January 28, 2013 at 4:39 pm

    အဲဒီ ကောင်မလေးက ရုပ်ချောချောလေးမို့ မိဗုံဗုံ မဟုတ်တာ သေချာသွားပြီပဲကွယ်
    ( စ တာနော် ၊ ကောမန့် လာမပေးပဲ မနေနဲ့ဦးဗျ ) 🙂

    • ဗုံဗုံ

      January 28, 2013 at 4:51 pm

      မိဗုံက ဟောလိဝုဒ်ကလာပြီး ကမ်းလှမ်းတာတောင်မှ မင်းသမီးတွေကို သနားလို့ ငြင်းလွှတ်လိုက်ရပါတယ် အန်ကယ် ယောက်ဂမဂျီးရယ် :kwi:

  • Myo Thant

    January 28, 2013 at 4:59 pm

    ဟား ဟား ဟား ယောက်ခမကြီးဆိုပါလား ၊
    ဒါပေမယ့် စကားတတ်လှတဲ့ ဗုံဗုံနဲ့ဆို
    သားလေး သန့်ကောင်းစံ ဒုက္ခများမှာ စိုးတယ်ကွယ် ၊

    • Mobile

      January 28, 2013 at 7:22 pm

      ဒါဆိုရင်လည်းလွယ်ဗါဒယ် ဖေဂျီး မျိုးသန့်ဂလည်း ဟိုဂရောက်ခမ
      တော်ချင်နေတဲ့လူလဲ အဆင်ပြေသွားအောင် ကျုပ်ကိုမွေးစားလိုက်ပေါ့ဗျာ။

  • Mobile

    January 28, 2013 at 7:51 pm

    ကိုမျိုးသန့်ရေ သူ့နေရာလေးမှာ ဝင်ပြီးစဉ်းစားမိပါတယ်။
    သူ့နေရာမှာဆိုတာထက် ကိုမျိုးသန့်နေရာမှာသာ ကျုပ်ဆိုရင်
    ၁။ ကောင်မလေးကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်မယ် မှားခေါ်မိတာပါဆိုတဲ့အကြောင်း
    ကျနော်တို့ဖက်က ပေါ့လျော့မှားယွင်းတာ ဖြစ်တဲ့အတွက် တောင်းပန်တယ်ဆိုတဲ့အကြောင်းလေးပေါ့
    ဒါကလည်းအခုလို စဉ်းစားပြီးမှဖြေလို့ ဒီလိုအဖြေထွက်တာပါ။
    ၂။ မစဉ်းစားပဲဖြေရမယ်ဆိုရင်တော့ ကောင်မလေးက လှလားလို့အရင်ကြည့်ရလိမ့်မယ်
    ကိုမျိုးသန့်ပြောပုံ အရိုးခံမျက်နှာလေးနဲ့ဆိုဒေါ့ဂါ လူကဲခတ်နည်းအရ ရိုးသားမယ်လို့ထင်တယ်
    နေရပ်လိပ်စာ ဖုန်းနံပါတ်အပြည့်အစုံမေးပြီး ရည်းစားရာထူးပေးနိုင်ဖို့ အလုပ်လျှောက်လွာတစ်ခု
    ထပ်ခေါ်ပေးလိုက်မယ်။
    ငါတို့တွေဟာ ကိုယ့်အတွက် မဟုတ်ပါဘူးဆိုတဲ့ နေရာတွေအတွက်များ
    ကြိုးစားမိနေတာ ဘယ်နှခါ ရှိနေပြီလဲကွာ

    ကြိုတ်တယ်ဗျို့ ဒီစာသားလေးကို ကျုပ်လည်းသိပ်မကြာသေးဘူး တစ်ခါခံလိုက်ရတယ်
    အလုပ်လျှောက်တာတော့ဟုက်ဘူးဗျ သူ့ရည်းစားရာထူးအတွက် အခုလိုပဲ မှားခေါ်မိတာလား
    ကျုပ်ကပဲ မှားပြီးသွားလျှောက်မိတာလား ဘာလားတော့သိဘူး
    ကိုယ့်အတွက်မဟုက်တာဂျီးကို ကြိုးစားကြည့်ဖူးတယ်။

  • panpan

    January 29, 2013 at 8:20 am

    မှားရင်မှားတယ်ပြောလိုက်တာကောင်းပါတယ်
    မဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေပေးတာက ပိုပြီးဒဏ်ရာရစေပါတယ်
    မှတ်ချက်။ ။အချစ်စာသားမဟုတ် :mrgreen:

  • Myo Thant

    January 29, 2013 at 9:02 am

    လာမယ့်လမှာ တခြားဌာနအတွက် အော်ပရေတာခေါ်မယ်ဆိုလို့
    အဲဒီဌာနမန်နေဂျာဆီ အဲဒီစီဗွီပို့လိုက်ပါပြီ ၊
    နောင် ဒါမျိုးမဖြစ်အောင် ဂရုစိုက်မှာပါ ၊

    ကျွန်တော်လည်း လျှောက်လွှာ မှားတင်မိတာ ခဏ ခဏပါပဲ ၊ ဟိုး ငယ်ငယ်ကပေါ့ ၊
    ပီအိတ်ချ်ဒီ ကိုမှ ခန့်မှာမျိုးကို ဘီအေဘွဲ့လေးနဲ့ သွားလျှောက်မိသလိုမျိုး
    သူဋ္ဌေးသား ဥစ္စာပေါ ရုပ်ချောကိုမှ လိုချင်တဲ့သူကို သွားချစ်မိတာမျိုးပေါ့လေ ၊
    ကိုယ့်ကိုယ်ကို မသိတတ်ခဲ့တဲ့ အဲဒီဘဝကို တွေးတိုင်း ရှက်ဒေါသဝေမိနေဆဲ
    ကုန်ခဲ့တဲ့ အချိန်တွေကိုလည်း နှမျောနေဆဲပါ ၊

Leave a Reply