တရားခံဘယ်သူလဲ….. (ကလေးပညာရေး စိတ်ပညာ)

etoneJuly 27, 20106min1011
ဖြစ်ရပ် (၁)
ကလေးငယ်သည် လွယ်အိတ်ကို ဝှေ့ရမ်းလျက် အိမ်ရှိရာသို့ အပြေးလာနေ၏။ လမ်းတွင် တွေ့သမျှ ရေအိုင်ငယ်၊ ရွှံ့ကွက်ငယ်တို့ကို လွှားခနဲ လွှားခနဲ ခုန်ကျော်၍ လာသည်။
သူ့မျက်နှာမှာ အပျော်ဖြင့် ဝင်းပနေ၏။ အိမ်သို့ မြန်မြန်
သူပြန်ရောက်ချင်လှပြီ။ သူ့အောင်မြင်မှုကို မိဘနှစ်ပါးအား ပြောပြချင်လှပြီ။
အားရဝမ်းသာ ဖြစ်သွားကြမည့် မိဘတို့၏ ပီတိမျက်နှာကို မြင်ချင်လှပြီ။ “ဒါမှ
င့ါသား … ကွ” ဟူသော အဖေ၏ ချီးမွမ်းသံကို ကြားချင်လှပြီ။
ပြုံးရယ်လျက်ရှိသော အမေ၏ အနမ်းနွေးနွေးကို ခံယူချင်လှပြီ။ ကလေးငယ်သည်
ခြေလှမ်းများကို အရှိန်ပိုမြှင့်လိုက်၏။
ရှေ့မှာ အိမ်ကို မြင်နေရပြီ။
အိမ်ရှေ့တွင် စိုက်ပျိုးထားသည့် တစ်ပေခွဲခန့် မြင့်သော ပုဏ္ဏရိပ်ပင်တန်းကို သူ ခုန်ကျော်လိုက်၏။ ခါတိုင်း ဘယ်လိုမှ မလွတ်ဘဲ သစ်ခက်သစ်ညွှန့်တို့ကို
ခြေဖျားဖြင့် ခတ်မိမြဲ ဖြစ်သော်လည်း သည်နေ့အဖို့ လုံးဝ လွတ်လွတ်ကျွတ်ကျွတ်
ဖြစ်သွားသည့်အခါ သူ အံ့ဩသွားလေသည်။ သို့ရာတွင် ကြာကြာ မအံ့ဩနိုင်ဘဲ
အိမ်ပေါ်သို့ တဒုန်းဒုန်း ပြေးတက်သွားခဲ့သည်။ ပါးစပ်ကလည်း “အဖေရေ …
အမေရေ” ဟု အော်ခေါ်လာခဲ့၏။
အဖေသည် ဧည့်ခန်းထဲက ပက်လက်ကုလားထိုင်မှာ ထိုင်နေသည်။ ဆူညံစွာ ပြေးတက်လာသည့် သားဖြစ်သူကို မျက်မှောင်ကုတ်၍ ကြည့်နေ၏။ ကလေးငယ်သည် ဖခင်ကို မြင်သောအခါ
အပြေးကလေး ချဉ်းကပ်သွားလေသည်။
“အဖေ … ကျွန်တော် စာမေးပွဲအောင်တယ်ဗျ သိလား”
“ဟင် ဟုတ်လား၊ တယ်တော်ပါလား၊ လာစမ်းပါဦးကွ”
အနီးသို့ရောက်သည်နှင့် အဖေ၏ လက်တစ်ဖက် မြောက်တက်သွားသည်ကို ရိပ်ခနဲ မြင်လိုက်ရ၏။ မရှေးမနှောင်းပင် ဖြန်းခနဲ အသံနှင့်အတူ သူ့နားရင်းမှာ ပူခနဲ
ခံစားလိုက်ရပြီး မျက်စိထဲမှာ ဝင်းခနဲ ဖြစ်သွား၏။ ကလေးငယ်၏ ဦးခေါင်းသည်
ရှေ့သို့ စိုက်ခနဲ ကျသွားလေသည်။
မယုံနိုင်စွာ၊ ထို့နောက် ထိတ်လန့်စွာ မော့ကြည့်မိသောအခါ အဖေ၏ အနီရောင်မျက်နှာကို မြင်လိုက်ရသည်။
“အောင်ရုံနဲ့ ဘာလုပ်ရမှာလဲ”
ကလေးငယ်သည် ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသားနှင့် မော့ကြည့်နေ၏။ နှုတ်ခမ်းများ တုန်လှုပ်စပြုလာသည်။
“ဟေ့ကောင် ငါမေးနေတယ်လေ၊ အောင်ရုံနဲ့ မင်းဘာလုပ်မှာလဲ”
ကလေးဆီမှ ဖြေသံအစား ရှိုက်သံတစ်ချက် ထွက်လာ၏။ အဖေသည် ဘီရိုပေါ်မှ ကြိမ်လုံးကို ဆွဲယူလိုက်သည်။
“မေးမနေပါနဲ့ရှင်၊ ဒီလောက် အဆော့မက်နေမှတော့ ထိပ်ဆင့် ဘယ်ချိတ်ပါ့မလဲ၊ ပြောစမ်း … ပထမက ဘယ်သူရသလဲ၊ မေမီစိုး မဟုတ်လား”
အိမ်ခန်းထဲမှ ထွက်လာသော မိခင်ဖြစ်သူ၏ အသံဖြစ်သည်။ မျက်ရည်ပေါက်ပေါက် ကျနေပြီဖြစ်သော ကလေးငယ်က ခေါင်းညိတ်လိုက်သည့်အခါ အမေက တစ်ချက်မဲ့လိုက်၏။
“ဟင်း … သူ့အမေနဲ့ ဈေးထဲတွေ့ရင် တမင် စကားစပ်ပြီး ကြွားဦးမှာ၊ သူများကြွားတာ ခံရဦးမယ်။ တောက် …”
“ကိုင်း … လာခဲ့စမ်း၊ ဟိုဘက်လှည့်”
တင်ပါးပေါ်သို့ ကျရောက်လာတော့မည့် ကြိမ်လုံးကို အသက်အောင့် ငံ့လင့်နေသည့် ကလေးငယ်၏ မျက်လုံးများမှာ အရောင်မဲ့ မျက်လုံးသေများ ဖြစ်နေလေသည်။
မေးခွန်း – ကလေးမှာ မိမိကိုယ်ကို ယုံကြည်စိတ်၊ မိမိကိုယ်ကို တန်ဖိုးထားစိတ် နည်းပါးသွားပြီး ညံ့သည်ထက် ညံ့လာလျှင် ကလေးကြောင့်ပါလား … မိဘကြောင့်ပါလား။
The Child is the father of the Man.
William Wordsworth
ဖြစ်ရပ် (၂)
“ဗြန်း … ဗြန်း”
စားပွဲပေါ် ကြိမ်လုံးကျသံကြောင့် သူငယ်တန်း (ခ) ရုတ်ချည်း ငြိမ်ဆိတ်သွား၏။ ငါးနှစ်အရွယ် ကလေးငယ်တို့သည် မျက်လုံးကလေးများ ဝိုင်းကာ ဆရာမကို
ကြည့်နေကြ၏။
“ဆူလှချည်လား၊ ပါးစပ်တွေ ပိတ်၊ စာအုပ်တွေ ဖွင့်၊ ဒါ အိမ်မဟုတ်ဘူး။ ကျောင်း … ကျောင်း”
မျက်နှာတင်း၍ လေသံမာသော ဆရာမသည် ကြိမ်လုံးကို စားပွဲပေါ်သို့ အသံမြည်အောင် ပစ်တင်လိုက်သည်။
“ကဲ အားလုံး ‘ဏ’ ကြီး တစ်မျက်နှာ ရေးကြရမယ်။ အခုအချိန်အတွင်း ပြီးအောင် ရေးရမှာနော်။ နောက်ထပ် တစ်မျက်နှာကို အိမ်စာ လုပ်ခဲ့ကြရမယ်။ ကြားကြလား၊
ကိုင်း … ရေးကြတော့”
တစ်တန်းလုံး တိတ်ဆိတ်လျက် ရှိသည်။ စာအုပ်တွေ ရှေ့မှာထားကာ ခုံတွေပေါ်မှာ ကလေးငယ်များ ငြိမ်ငြိမ်လေးတွေ ထိုင်နေကြသည်။ လက်ကလေးတွေက လွဲ၍ သူတို့
မလှုပ်ရှားနိုင်ကြ။ မလှုပ်ရှားဝံ့ကြ။
ဒုတိယခုံတန်း အစွန်းမှ မေမီစိုးသည် သူနှင့် ဘေးချင်းယှဉ်လျက် တစ်ဖက်ခုံစွန်းမှ စည်သူအောင် ‘ဏ’ ကြီး အရေးမှားနေကြောင်း၊ တွေ့လိုက်ရ၏။ သူက စည်သူအောင်ကို
တိုးတိုးလေး ခေါ်လိုက်သည်။
“စည်သူအောင် စည်သူအောင် နင်ရေးတာ မှားနေတယ်။ ကကြီး ဖြစ်နေတယ်”
စည်သူအောင်က တစ်ချက်လှည့်ကြည့်၏။ သူ့မျက်နှာမှာ စိတ်ရှုပ်ထွေးနေပုံ ရသည်။
“ဟောဒီမှာ ဏကြီးက ဒီလိုရေးရတာ”
မေမီစိုးက သူ့စာအုပ် ထောင်ပြလိုက်သည်။
“မေမီစိုး”
ဆရာမ၏ အသံက မိုးချုန်းသလို မြည်ဟည်းသွား၏။ မေမီစိုး၏ လက်ထဲက စာအုပ် လွတ်ကျသွားလေသည်။
“ဘာဖြစ်လို့ စကားပြောရတာလဲ၊ အခုချက်ချင်း၊ ခုံပေါ်မှာ ဒူးထောက်စမ်း၊ ဒူးထောက်ပြီး ရေး၊ နောက်တစ်ခါ လှုပ်ဝံ့ လှုပ်ကြည့်စမ်း၊ ကြိမ်လုံးစာ မိသွားမယ်”
မေမီစိုးသည် ခုံပေါ်တွင် ဒူးထောက်လိုက်ရ၏။ သူ့တစ်ကိုယ်လုံး တုန်နေသည်။ ဒူးနှစ်ဖက်၏ အောက်မှာ ဇီးစေ့လား ကျောက်ခဲငယ်လေးလား မသိ၊ ဖိမိလျက်သား ဖြစ်နေသည်။
သို့သော် သူနေရာ မရွှေ့ရဲ၊ မလှုပ်ရဲ၊ သည်အတိုင်း ပေ၍ စာရေးရ၏။ ကြာသော်
ဖိမိထားသည့် နေရာက တစ်စတစ်စ နာကျင်၍လာသည်။ နဖူးမှာ ချွေးတွေ စို့လာ၏။
အတန်းထဲမှာ သူတစ်ယောက်တည်း ဒူးထောက်နေရသည့်အဖြစ်။ ဒူးအောက်က
ပြင်းထန်လာသည့် ဝေဒနာ၊ အရှက်နှင့် နာကျင်မှု။ နာကျင်မှုနှင့် အရှက်။ အရှက်၊
နာကျင်မှု၊ အကြောက်၊ အကြောက်၊ အကြောက်။
သည်းမခံနိုင်တော့သည်၏ အဆုံး၌ မေမီစိုး ငိုချလိုက်လေသည်။
“အောင်မယ် ဒူးထောက်ခိုင်းတာလေးကို ငိုတယ်ပေါ့။ အတော် အငိုဝါသနာပါတယ်နဲ့ တူတယ်၊ ထွက်ခဲ့စမ်း ရှေ့ကို”
ကြိမ်လုံးသံ ဗြန်းခနဲအောက်၌ သူငယ်တန်း (ခ) သည် တုန်လှုပ်သွားလေသည်။
မေးခွန်း – အနာဂတ်တွင် ကြီးပြင်းလာမည့် ကလေးအတွက် ငြိမ်ဝပ်စွာ နားထောင်ခြင်းသည် တန်ဖိုးဖြစ်ပါသလား။ မိတ်ဆွေ၊ သူငယ်ချင်းများအား ရိုင်းပင်းကူညီစိတ်ကို
ပျိုးထောင် မပေးသင့်ဘူးလား။
လူတွေဟာ ချယ်ရီသီးနဲ့ စတော်ဘယ်ရီသီးလေးတွေ ဘယ်လိုအရသာ ရှိတယ်ဆိုတာ သိအောင်ကလေးတွေ နဲ့ ငှက်ကလေးတွေကိုု မေးရမယ်။
Johann Wolfgang von Goethe
ဖြစ်ရပ် (၃)
“ကဲဟယ်”
ဒေါက်ခနဲ ခေါင်းခေါက်ခံလိုက်ရသော ကလေးသည် မျက်ရည်လည်လာ၏။ မိခင်၏ အားမလို အားမရ ဖြစ်မှု၊ စိတ်မရှည်မှုတို့သည် ဒေါသအဖြစ် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။
“ဒီလောက်လေးမှ မတွက်တတ်ဘူးလား … ဟင်။ ထောင်စမ်း၊ ညာဘက်လက်က လက်လေးချောင်းထောင်၊ ဘယ်ဘက်က လက်သုံးချောင်းထောင်၊ ဟာ … လေးချောင်း ထောင်ပါဆို၊
မထောင်တတ်ဘူးလား။ လေးချောင်း၊ လေးချောင်း၊ ဟောဒီလို လေးချောင်း”
ကလေးမှာ အယောင်ယောင် အမှားမှား ဖြစ်နေရှာ၏။ သုံးကြိမ် အခေါက်ခံရပြီးမှ လက်လေးချောင်း ထောင်ဖြစ်သွားသည်။
“ဟုတ်ပြီ ကဲ … ပေါင်းတော့၊ လေးနဲ့ သုံးပေါင်း၊ ဟဲ့ ပေါင်းလေ၊ ဘာကြောင်ကြည့်နေတာလဲ”
“တစ် … နှစ် … သုံး … ငါး … ခြောက်”
“ ဘာ သုံး ပြီးရင် ဘာလဲ။ ဟဲ့ … သုံး ပြီးတော့ ဘာ … လဲ … ဟား တစ်နှစ်သုံးလေးတောင် မရေတတ်တော့ဘူးလားဟင်။ အဖျင်း၊ အ.အ၊ အတုံး၊ နင် တော်တော်ညံ့ပါလား။ ဟိုဘက်အိမ်က မိနွယ်တို့ဆို အပေါင်းအနှုတ်တောင် ဂျောင်းဂျောင်းပြေးနေပြီ။ နင်ကတော့ ဆော့ဖို့ပဲ သိတဲ့ကောင်။ သွား … လက်ပိုက်ပြီး တစ်နာရီတိတိ
ရပ်နေ၊ သွား … ငါမဖြုတ်ခိုင်းသေးဘဲ လက်ဖြုတ်မယ် မကြံနဲ့ တိုင်မှာ
ကြိုးနဲ့ တုပ်ထားမယ်။ သုံးနဲ့လေး မပေါင်းတတ်မချင်း ဆော့ရလိမ့်မယ် မထင်နဲ့”
ဂဏန်းမပေါင်းတတ်သဖြင့် အခန်းထောင့်မှာ တွေဝေစွာ လက်ပိုက်၍ ရပ်နေရသော ကလေးငယ်သည် လေးနှစ်အရွယ် ဖြစ်ပါသည်။
မေးခွန်း – မိခင်သည် စာတတ်သည်ဟု သူ့ကိုယ်သူ ပြောလျှင် သင် လက်ခံပါမည်လား။
ကလေးငယ်တစ်ယောက်ဟာ
ပညာရှိတစ်ယောက် မဖြေနိုင်လောက်တဲ့ မေးခွန်းတွေ မေးတတ်ကြပါ်တယ်။
အမည်မသိ
(၁)“သားသမီးကို ချစ်ရင် အိပ်ပျော်နေမှ နမ်းပါ” တဲ့။
ဘယ်သောကာလတုန်းက စတင် ပေါ်ပေါက်ခဲ့တဲ့ အဆိုအမိန့်လည်း မသိပါဘူး။ ကြည့်ရတာ ကျွန်တော်တို့ရဲ့ ရှေးဟောင်း လူ့အဖွဲ့အစည်းအပေါ် ဩဇာကြီးခဲ့ပုံ ပေါ်တဲ့ ရှေးမြန်မာကြီး
တစ်ယောက်ယောက်ရဲ့ အယူအဆ ဖြစ်မှာပါပဲ။ ဒီစကားကို ကျွန်တော် ငယ်ငယ်တုန်းက
အဘိုးအဘွားတွေ ပြောကြဆိုကြတာ ကြားခဲ့ရဖူးပါတယ်။ တော်တော်
ကြောက်စရာကောင်းတဲ့ သဘောထားပါ။ ကလေးတွေဟာ သူတို့ကို မိဘတွေက
ချစ်မှန်းသိရင် ကဲတတ်တယ်၊ ရောင့်တတ်တယ်၊ ဆိုဆုံးမဖို့ မလွယ်တော့ဘူး။
ကြာရင် ပျက်စီးသွားမှာပဲလို့ ထင်ခဲ့ကြတာကိုး။ ဒါကြောင့်လည်း ကလေးဆိုတာ
နှိမ်ထားမှ၊ ကြောက်အောင်လုပ်ထားမှ တန်ကာကျမယ်၊ နို့မဟုတ်ရင် “ငယ်သော်ကား
သား၊ ကြီးသော် ကျားတည့်၊ ငယ်သော် သမီး၊ ကြီးသော် မီးတည့်”
ဖြစ်သွားလိမ့်မယ်လို့ ယူဆလိုက်ကြတာပေါ့။ အဲဒီ ရှေးဟောင်း အယူဟာ
အခုအချိန်အထိ အရှိန်မကုန်သေးပါဘူး။
“အိမ်က သားက သုံးနှစ်ရှိပြီ။ သိပ်ဆိုးတာပဲ၊ အဖေလည်း မကြောက်၊ အမေလည်း မကြောက်ဘူး။ အိမ်ဘေးက ဦးရာဂျူးဆိုတဲ့ ကုလားကြီးကိုတော့ ကြောက်တယ်၊ သူဆိုးပြီ
ငိုပြီဆိုရင် “ဦးရာဂျူးရေ” လို့သာ အော်ခေါ်လိုက် တစ်ခါတည်း ငြိမ်ပြီး
တိတ်သွားတော့တာပဲ။ ကလေးဆိုတာ သူကြောက်ရမယ့် လူတစ်ယောက်တော့ ရှိမှရှင့်”
လို့ မိခင်တစ်ယောက်က ပြောပါတယ်။ သူ့ခမျာ သူ့သားကလေးမှာ အကြောက်တရား
ရှိတာကို ဂုဏ်ယူနေပုံပါပဲ။ သူ့စကား ကြားရတဲ့အခါ ကျွန်တော် ငယ်ငယ်တုန်းက
ကြောက်အောင် အလုပ်ခံရပုံကို သတိရမိသေးတော့။ ကျွန်တော် ငိုကြောရှည်နေတဲ့အခါ
ကျွန်တော့်ကို ထိန်းတဲ့ အဒေါ်ကြီးက “ဟာလဝါကြီး လာနေပြီ၊ လာနေပြီ”
ဆိုလိုက်ရင် ချက်ချင်း အငိုတိတ်ရတော့တာ၊ ဟာလဝါဆိုတာ ဘာမှန်း မသိဘဲနဲ့
ကြောက်လိုက်ရတာလေ။ နောင် ကြီးလာမှ ဟာလဝါဆိုတာ အတော်စားလို့ကောင်းတဲ့
မုန့်တစ်မျိုးမှန်း သိရတော့တာ။
သားသမီးကို အိပ်ပျော်နေမှ နမ်းရဲကြရှာတဲ့ မိဘမျိုးကို ငယ်ငယ်တုန်းက တွေ့ဖူး မြင်ဖူးပါတယ်။ သူတို့ခမျာ သားသမီးတွေ ရှေ့မှာ မျက်နှာကို တည်တည်ကြီး
လုပ်ထားကြရရှာပါတယ်။ လေသံကိုလည်း တင်းတင်းမာမာ ဖြစ်အောင် အားစိုက်ပြီး
ပြောကြရရှာပါတယ်။ ရိုက်နှက်အပြစ်ပေးဖို့ လိုလာပြီ ထင်ရင်လည်း
လက်မနှေးအောင် ကြိုးစားကြရရှာပါတယ်။ ရင်ထဲက တကယ်ဖြစ်နေတဲ့
ချစ်ခြင်းမေတ္တာရဲ့ လက္ခဏာပုံရပိ်တွေ မပေါ်အောင် ဖိနှိပ်ချုပ်တည်းထားရတာ၊
အတွင်းစိတ် ခံစားမှုကို ဆန့်ကျင်ပြီး သရုပ်ဆောင်ပြနေရတာတွေဟာ အတော်တော့
ပင်ပန်းကြရှာမှာပါ။ ဘာဖြစ်လို့ သူတို့ အဲဒီလို ဖြစ်နေကြရတာလဲ။
“မှားယွင်းတဲ့ အယူအဆကို လက်ခံ ယုံကြည်ထားလို့ပါ။ ပြီးတော့ ကလေးရဲ့ သဘာဝကို နားမလည်ကြလို့ပါ။ ပြီးတော့ တန်ဖိုးထားမှုတွေ လွဲနေလို့ပါ” လို့ စိတ်ပညာ ဆရာတစ်ဦးက ဆိုပါတယ်။
ကျွန်တော်ဟာ ဒီအမှောင်ကမ္ဘာထဲကို ကလေးငယ်တွေကိုခေါ်လာပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီအမှောင်ကမ္ဘာ လိုအပ်နေတဲ့ အလင်းကို ကလေးငယ်တစ်ယောက် ကသာ ဆောင်ကြဉ်းနိုင်မှာ မို့လို့ပါဘဲ။
Liz Armbruster
(၂) ကြောက်အောင်လုပ်တာ ကောင်းပါသလား
လောကမှာ ကြောက်စရာအကောင်းဆုံးက အကြောက်တရားပဲတဲ့။ ကလေးတွေရဲ့ အကြောက်တရားကိစ္စ အရေးကြီးပါတယ်။
နိုင်ငံတိုင်းရဲ့အဖိုးအထိုက်တန်ဆုံး သယံဇာတဟာ ရေနံမဟုတ်ပါဘူး။
သစ်တော မဟုတ်ပါဘူး။တွင်းထွက် မဟုတ်ပါဘူး။
ကလေးတွေပါ။
နိုင်ငံတိုင်းမှာ အရေးအကြီးဆုံး ပုဂ္ဂိုလ်တွေဟာ ကလေးတွေပါ။
သူတို့အပေါ် တန်ဖိုးထားမှု အနည်းအများဟာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု စံချိန်စံညွှန်း ဂရပ်မျဉ်း အနိမ့်အမြင့်ကို ဖြစ်စေပါတယ်။ သူတို့ကို
အခွင့်အရေး အပြည့်အဝ ပေးခြင်းဟာ အကောင်းဆုံး အနာဂတ်
ရင်းနှီးမြှုပ်နှံမှုပါပဲ။
အဲသလောက် အရေးတကြီး တန်ဖိုးရှိတဲ့ ကလေးတွေရဲ့ ရင်ထဲကို ကြောက်စိတ်သွင်းပေးလိုက်တာဟာဖြင့် အနာဂတ် လူ့အဖွဲ့အစည်းကို မြေမြှုပ်သင်္ဂြိုဟ်ဖို့ ကျင်းတူးပေးလိုက်တာပါပဲ။
နေ့စဉ်ဘဝရဲ့ စိန်ခေါ်ချက်တွေကို ကျွန်တော်တို့ တုန့်ပြန် ပြုမူပုံတွေဟာ ကလေးသူငယ်ဘဝက ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေရဲ့ လွှမ်းမိုးမှု မကင်းတတ်ပါဘူး။ ဒီလို
ဆိုလိုက်တာနဲ့ ကျွန်တော်တို့ဟာ မျိုးရိုးဗီဇနဲ့ အစဦး ပတ်ဝန်းကျင်ရဲ့
သားကောင်လုံးလုံး ဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့်
ဘဝတစ်လျှောက်လုံးမှာ စောစောပိုင်း နှစ်ကာလတွေရဲ့ ဩဇာဟာ အနည်းနဲ့အများ
ကျွန်တော်တို့အပေါ်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။
ကလေးတွေနဲ့ လူကြီးတွေဟာ တစ်ခုတည်းသော ကမာ္ဘမှာ နေထိုင်ကြတာလို့ ကျွန်တော်တို့ ထင်နေကြတယ်။ မဟုတ်ပါဘူး။ ကလေးဟာ သူ့ကမာ္ဘလေးနဲ့သူ သီးခြားနေနေတာပါ။
ကလေးအတွက် ဒီလောကကြီးဟာ အသစ်စက်စက်ပါ။ အရာရာဟာ စိတ်ဝင်စားစရာပါ။ သူတို့ဟာ
ကလေးကမာ္ဘမှာ အံ့ဩမှု၊ ထိတ်လန့်မှုတွေနဲ့ သီးခြားနေကြတဲ့ ကလေးတွေသာ
ဖြစ်ပါတယ်။ အရွယ်ရောက်ပြီး လူကြီးကမာ္ဘထဲကို သူတို့ဘာသာ သူတို့
တဖြည်းဖြည်းနဲ့ မှန်မှန်ကန်ကန် တိုးထွက်လာနိုင်ဖို့ လက်ဦးဆရာတွေ
အရေးကြီးလှပါတယ်။
“မိဘတွေက ကိုယ် ဖြစ်စေချင်တာတွေကို အကြောက်တရားနဲ့ ဇွတ် အဓမ္မ ပုံသွင်းပေးနေကြရင်တော့ ကလေးတွေဟာ စိတ်ကျန်းမာ ရင့်ကျက်တဲ့၊ လူမှုရေး
သိနားလည်တဲ့၊ စိတ်သတ္တိနဲ့ ပြည့်ဝတဲ့၊ နေ့စဉ် ဘဝမှာ ကိုယ့်ကိုယ်ကို
ယုံကြည်ပိုင်နိုင်တဲ့ လူကြီးတွေ ဖြစ်လာဖို့ ခက်ပါတယ်။
မေတ္တာဓာတ်လွှမ်းခြုံပြီး နားလည်မှုရှိတဲ့၊ လုံခြုံတဲ့ ပတ်ဝန်းကျင်မှာ
လွတ်လွတ်လပ်လပ် ကြီးပြင်းခွင့်ရဖို့ လိုပါတယ်” လို့ စိတ်ရောဂါကု ပါရဂူ ဒေါက်တာ ရောဘတ်ရှီးက “ကလေး၏ ပထမ ငါးနှစ်” ဆိုတဲ့ စာအုပ်မှာ ရေးခဲ့ပါတယ်။
ကြီးမြတ်တဲ့ ပုဂိုလ်ဆိုတာ သူ့ရဲ့ကလေးဘဝ နှလုံးသား မဆုံးရှုံးသေးတဲ့သူဖြစ်တယ်။
Mencius, Book IV
စာရေးဆရာမကြီး ကြည်အေးရဲ့ “မေတ္တာမီးအိမ်” ဝတ္ထုမှာလည်း ဒီသဘောတွေ တွေ့ရပါတယ်။ အတ္တကြီးလွန်းလှတဲ့ ဖခင်တစ်ယောက်ရဲ့ စရိုက်အဖွဲ့ဟာ ကျောစိမ့်စရာပါ။
သမီးကလေး လူမှန်းသိစ အရွယ်မှာပဲ မိခင်ဖြစ်သူက လင်ယောက်ျားရဲ့ဒဏ်
မခံနိုင်တော့တဲ့အတွက် ထွက်ပြေးသွားတဲ့အခါ ဖခင်ရဲ့ နာကျင်မှုနဲ့ အချစ်ဟာ
သမီးလေး “အဖြူ” အပေါ် ပုံပြီး ကျရောက်လာခဲ့တယ်။ အချစ်ကြီးသလောက်
ရက်စက်ကြမ်းတမ်းစွာ ဖိနှိပ် ဆက်ဆံခဲ့တဲ့ ဖခင်ရဲ့ တင်းကျပ်တဲ့ စည်းကမ်းတွေ၊
အပြစ်ပေးမှုတွေ အောက်မှာ ကြီးပြင်းလာရတဲ့ အဖြူဟာ စိတ်ဝေဒနာသည် တစ်ယောက်
ဖြစ်လာခဲ့ရတယ်။ အဖြူရဲ့ မသိစိတ်က ဖခင်ကို သေစေချင်နေတယ်။ ဖခင်သေပြီး
ငရဲခံနေရတယ်လို့ အိပ်မက်မက်ပြီးတိုင်း အဖြူဟာ စိတ်ရောဂါဆေးရုံကို
ရောက်ရောက် သွားရတာပါပဲ။ အသက် သုံးဆယ်နီးပါး ရောက်တဲ့အထိ အိမ်နဲ့ ဆေးရုံ
လွန်းပြန်သွားနေခဲ့ရတယ်။ ဒါပေမယ့် ခေါင်းမာလှတဲ့ ဖခင်ကတော့ သူ့စရိုက်ကို
မပြောင်းလဲခဲ့ပါဘူး။ “ကျုပ်သမီးကို ကျုပ်လောက် ဘယ်သူမှ မချစ်နိုင်ဘူး” လို့
သူက နာကျင်စွာ ပေါက်ကွဲပါတယ်။ နောက်တော့ ချစ်သူ ဆရာဝန်ရဲ့ အားပေးကူညီမှုနဲ့
အဖြူဟာ သူ့ကိုယ်သူ တွေ့ရှိအောင် လုပ်ခဲ့ရပါတယ်။ အမှန်ကို ရင်ဆိုင်ရဲအောင်
အားထုတ်ခဲ့ရပါတယ်။ စိတ်ဓာတ်ရေးရာအားဖြင့် ဖခင်ကို မှီခိုနေရတဲ့ အဖြစ်က
လွတ်မြောက်အောင် ကြိုးစားခဲ့ရပါတယ်။ အဲဒီလိုနဲ့ အဖြူဟာ သူဘယ်သူပဲလို့
ပီသလာအောင် ကိုယ့်ကိုယ်ကို ပြန်လည် တည်ဆောက်ယူရတဲ့ အကြောင်း ဒေါ်ကြည်အေးက
သူရဲ့ အံ့ဩနှစ်သက်ဖွယ် စကားပြေအတတ်နဲ့ ရေးဖွဲ့ထားလိုက်တာ ကျွန်တော်တို့ဟာ
ကိုယ့်ကိုယ်ကို အဖြူလို့ ထင်မြင်လိုက်ရတဲ့ အထိပါပဲ။
ကိုယ်ပြောတဲ့အတိုင်း ကလေးတွေက နားထောင်လိုက်နာတာကို မိဘနဲ့ ဆရာတွေက သဘောကျပါတယ်။ ဒါကို တန်ဖိုးလို့ မြင်ပါတယ်။ မှန်ပါတယ်။ ချစ်ခင်စိတ်ကို အကြောင်းခံတာဆိုရင်
ဒါဟာ တန်ဖိုးပါ။ ဒါပေမယ့် ကြောက်ရွံ့စိတ်ကို အကြောင်းခံတာဆိုရင်တော့ ဒါဟာ
စဉ်းစားစရာ ကိစ္စပါ။ တစ်ခါတစ်ရံမှာ အသက် နှစ်နှစ်နဲ့ ငါးနှစ်ကြားအရွယ်
ကလေးငယ်တွေဟာ လူကြီး ပြောတာကို နားမထောင်တတ်ကြပါဘူး။ ဒါဟာ သဘာဝကျပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီအရွယ်ပိုင်းမှာ ကလေးငယ်ဟာ သူ့ကိုယ်သူ ယုံကြည်စိတ်၊ သူကိုယ်တိုင် စူးစမ်း လုပ်ကိုင်ကြည့်ချင်စိတ်တွေ တိုးပွားလို့ပါပဲ။
တစ်ခါတစ်ခါမှာတော့ လူကြီးတွေက သူ့ကို ဂရုစိုက် စိတ်ဝင်စားမှု ပြတာကို
လိုချင်လို့ တမင် နားမထောင်တာလည်း ရှိတတ်ပါတယ်။ လူကြီးတွေ အဖို့မှာတော့
အောင့်သက်သက် ဖြစ်ရတာပေါ့။ “ဒါပေမယ့် ကလေးတွေမှာ ဒီသဘာဝ ရှိတယ်ဆိုတာ
သိထားရင် သူတို့ကို ဘယ်လိုဆက်ဆံရမယ်ဆိုတာ နားလည်နိုင်ပါတယ်” လို့
ဒေါက်တာရောဘတ်ရှီးက ရှင်းပြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ လူကြီးတွေကတော့ နားလည်ဖို့ မကြိုးစားကြတာ များပါတယ်။ တစ်ကြိမ်နှစ်ကြိမ် ပြောလို့ နားမထောင်ဘူးဆိုရင် ကြိမ်လုံးဆီ
မျက်စိရောက်တော့တာပါ။ “ဒီလောက် ခေါင်းမာလှတဲ့ ကလေး။ လာခဲ့စမ်း၊ နင့်အကျင့်ကို ချွတ်ရမယ်”
ဆိုပြီး ကြိမ်ကို ဝင်တော့တာပါ။ ကိုယ့်ရဲ့ဒေါသကို ရိုက်နှက်ခြင်းနဲ့
ဖြေဖျောက်ဖို့သာ အာရုံထားကြတာမို့ ကလေးရဲ့ ခံစားမှုကိုတော့
ဂရုမစိုက်တတ်ကြပါဘူး။ ကိုယ်ပြောတာကို ကလေး နားလည်အောင် လုပ်ချင်လာအောင်
အားမထုတ်တော့ဘဲ ဆူပူဟိန်းဟောက်လို့ပဲ ဖြစ်ဖြစ်၊ ကြိမ်လုံး
ကိုင်လိုက်လို့ပဲ ဖြစ်ဖြစ် အလွယ်တကူ ဖြေရှင်းပစ်တတ်ကြပါတယ်။ ဒီနည်းက
လွယ်တယ်လေ။ ပညာမလိုဘူး။ အပြန်အလှန် ညှိနှိုင်း ဆွေးနွေးစရာ မလိုဘူး။
ဒါမလုပ်နဲ့ လုပ်ရင် ရိုက်မယ်။
ကလေးတွေ သိပ်ဆော့ရင်လည်း လူကြီးက မကြိုက်ပါဘူး။ အပူအပင်မရှိ ဆော့ခဲ့ရ၊ ပျော်ခဲ့ရတဲ့ ကလေးဘဝကို သူတို့ကိုယ်တိုင် မေ့လျော့သွားခဲ့လို့လား မသိဘူး။
ကလေးတွေ ဆူညံအော်ဟစ်မယ်၊ တဒုန်းဒုန်းနဲ့ ပြေးလွှားခုန်ပေါက်မယ်ဆိုရင်
သူတို့က ခြောက်လှန့် ငေါက်ငမ်းကြပါတယ်။ ငေါက်လို့မရရင် ရိုက်ပါတယ်။
ဒါပေမယ့် သုတေသီတွေကတော့ ဆော့ကစားတာဟာ ကလေးအတွက် အရေးကြီးတယ်လို့
ပြောကြပါတယ်။ လူကြီးတွေပြောတဲ့ ဆော့တယ်ဆိုတာ အမှန်တော့ ကလေးတွေ
အလုပ်လုပ်နေတာပါ။ သူတို့ သင်ယူနေတာပါ။ ကလေးတွေ မီးခြစ်ကိုင်မယ်၊
ကတ်ကြေးကိုင်မယ်၊ ဓားကိုင်မယ်ဆိုရင် “ ဟဲ့ … ဟဲ့ … မကိုင်နဲ့
လောင်သွားလိမ့်မယ်၊ ရှသွားလိမ့်မယ်” ဆိုပြီး အလန့်တကြား
အော်ဟစ်ဟန့်တားလိုက်ရင် ကလေးဟာ ဒီပစ္စည်းတွေအပေါ် ကြောက်စိတ်ဝင်ပြီး မထိရဲ၊
မကိုင်ရဲ ဖြစ်သွားတတ်ပါတယ်။ ကလေးကို ကြောက်အောင်လုပ်မဲ့အစား “ဒါကို
ဒီလို လုပ်ရတယ်၊ ဓားမရှအောင် ဒီလို ကိုင်ရတာ” လို့ သင်ပြပြီး အကျိုးနဲ့
အပြစ်ကို ရှင်းလင်းပြမယ်ဆိုရင် ကလေးဟာ အသစ်တစ်ခုကို တတ်မြောက်
သိရှိပြီဆိုပြီး ရဲဝံ့အားတက်သွားမှာပါ။
ကလေးငယ်တွေဟာ ဂီတမပါဘဲ ကပြနိုင်သူတွေဖြစ်ပါတယ်။
William Stafford
ကစားခြင်းဟာ ကလေးအတွက် သင်ယူနေခြင်းပါပဲ။
ဒါပေမယ့် ကျောင်းမှာ ကလေးငယ်တွေဟာ စာအုပ်ရှေ့မှာ၊ ခုံနောက်မှာ အချိန်အကြာကြီး ငြိမ်ငြိမ်လေး ထိုင်နေတာကို တန်ဖိုးလို့ ဆရာတွေက ယူဆကြပါတယ်။ အတန်းကြီးတဲ့
ကျောင်းသားတွေအဖို့တော့ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် အတန်းငယ်တဲ့
ကလေးတွေအဖို့တော့ မသင့်တော်ဘူးလို့ ပညာရှင်တွေက ပြောလာကြပါပြီ။
“အသက်ငါးနှစ်နဲ့ ရှစ်နှစ်ကလေးတွေကို အတန်းကြီးတွေ သင်သလို သင်ဖို့ မကောင်းပါဘူး။ သူတို့ကို တစ်မျိုးသင်ရပါတယ်။ စာသင်ခန်းထဲမှာ လှုပ်ရှားသွားလာနေရတာထက်
ငြိမ်ငြိမ်လေးထိုင်ပြီး ဆရာ ပြောသမျှ နားထောင်နေရတာက ကလေးငယ်တွေအဖို့
ပိုပြီး ငြီးငွေ့ပင်ပန်းစေပါတယ်။ ကလေးတွေရဲ့ သဘာဝက တစ်နေရာတည်းမှာ
ငြိမ်ပြီး အကြာကြီး မထိုင်နိုင်ပါဘူး” လို့ သင်ကြားမှု ပညာရှင်တစ်ဦးက
ဆိုပါတယ်။ ပညာရေးသမား တစ်ယောက်ကတော့ ဒီလိုတောင် ဆိုပါရဲ့။ “ကလေးလေးတွေကို
စာအုပ်တွေ၊ ခုံတွေ ကြားမှာ တစ်နေ့လုံး ထိုင်ခိုင်းထားရမယ်ဆိုတာ
အတော်ကြောက်စရာကောင်းတဲ့ အတွေးအမြင်ပဲ” တဲ့။
တိုးတက်ဖွံ့ဖြိုးတဲ့ နေရာတွေက သူငယ်တန်း စာသင်ခန်းတွေကို ကြည့်ရင် ကလေးတွေဟာ ဆရာ၊ ဆရာမနဲ့အတူ ကစားကြ၊ ပုံပြောကြ လုပ်နေတာကို မြင်ရပါလိမ့်မယ်။ ကျောင်းဆိုတာ စာတွေသင်တဲ့
နေရာလို့ အစွဲရှိထားသူတွေ အဖို့တော့ အံ့အားတသင့်နဲ့ ဘဝင်မကျ ဖြစ်ကောင်း
ဖြစ်ပါလိမ့်မယ်။ စာသင်ခန်းဆိုတာ ထိုင်နေကြတဲ့ ကျောင်းသားတွေရှေ့မှာ ဆရာက
ရပ်ပြီး စာသင်နေတာ၊ စာသင်သံနဲ့ စာအံသံမှ တစ်ပါး အခြားအသံ
မရှိသင့်တဲ့နေရာလို့ ထင်မြင်သူတွေကတော့ “အမယ်လေး ပျက်စီးကုန်ပါပြီ” လို့
အော်ကောင်း အော်ပါလိမ့်မယ်။
မှန်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကျောင်းဆိုတာ အတန်းကြီးငယ်မရွေး စာတွေသင်တဲ့နေရာ ဖြစ်ခဲ့ပါတယ်။ ဆရာကို ကြိမ်လုံးနဲ့ တွဲပြီး
မြင်လေ့ရှိခဲ့ပါတယ်။ သူငယ်တန်းမှာတောင် ဆရာက စာသင်ချိန်မှာ တစ်ယောက်နဲ့
တစ်ယောက် စကားပြောရင် မကြိုက်ပါဘူး။ မြင်ရင် ကြားရင် အပြစ်ပေးပါတယ်။
အပြစ်ပေးခံရမှာ ကြောက်တာနဲ့ ဒီအရွယ် ကလေးငယ်တွေမှာ အရေးအကြီးဆုံးဖြစ်တဲ့
မိတ်ဆွေဖွဲ့ခြင်း၊ အတူပူးပေါင်း ဆောင်ရွက်ခြင်း တွေ ပျောက်ပျက်ရပါတယ်။ အမှန်မှာတော့
အပေါင်းအသင်း ဖွဲ့ခြင်းဆိုတဲ့ “အ” တစ်လုံးဟာ “အရေး၊ အဖတ်၊ အတွက်” ဆိုတဲ့
“အ” သုံးလုံးထက် ဒီအရွယ်မှာ ပိုပြီး အဓိကကျတယ်ဆိုတာ ကျွန်တော်တို့
ခေတ်တုန်းက မသိခဲ့ကြဘူးလေ။ မသိတော့ ကလေးတွေ အရိုက်ခံရတာပေါ့။
ကလေးတွေ ကြောက်စိတ်ဝင်တော့တာပေါ့။ အစပိုင်းမှာ ပြောခဲ့တဲ့ ဖြစ်ရပ် (၂)ကို
ပြန်ကြည့်ရင် အတန်းငယ် ကလေးလေးတွေကို အတန်းကြီး ကလေးတွေနဲ့ တသဘောတည်း
မြင်တာကြောင့် စာသင်ခန်းတွင်း ပူးပေါင်းလုပ်ဆောင်ခြင်း၊ အပြန်အလှန်
ကူညီခြင်း စိတ်ဓာတ်တွေ ထိခိုက်သွားနိုင်တာ တွေ့ရပါတယ်။ လိုလားအပ်တဲ့
ဒီစိတ်ဓာတ်တွေအစား မလိုလားအပ်တဲ့ ကြောက်စိတ်တွေ ဝင်သွားရခြင်းသာ
အဖတ်တင်ရပါတယ်။
ပြီးတော့ ကလေးငယ်လေးတွေကို စာတွေ အများကြီးသင်တဲ့ ကိစ္စ။ ဒါဟာ မကောင်းဘူးဆိုတဲ့ အမြင် ကျွန်တော်တို့ဆီမှာ ရှိပြီးသားပါ။ ဒါပေမယ့် လက်တွေ့မှာတော့
မိဘတွေရဲ့ မျှော်လင့်ချက်က ကိုယ့်ကလေး စာမြန်မြန်တတ်စေချင်တယ်။
စာတော်စေချင်တယ်၊ ဖြစ်နိုင်ရင် အတော်ဆုံး ဖြစ်စေချင်တယ်။
ပြိုင်ဆိုင်ချင်တယ်။ ဒီတော့ ပြင်ပ မူကြိုကျောင်းတွေက မိဘတွေအကြိုက် စာတွေ
သင်ပေးကြပါရော။ အဲဒီလို မိဘနဲ့ ဆရာရဲ့ ဖိအားတွေအောက်မှာ ကလေးငယ်ခမျာ
မနိုင်ဝန်ထမ်းရတော့တာပဲ။
“ငါးနှစ်အရွယ် ကလေးငယ်ဟာ စာဖတ်တတ်ဖို့ မလိုသေးဘူး”လို့ ပညာရှင်တွေ သတိပေးကြပေမယ့် ကလေးဟာ ကြိမ်တို့ပြီး အမောင်းခံနေရရှာတယ်။ ဒီအခြေအနေမှာ ကျောင်းဆိုတာ သူ့အတွက် ငရဲခန်းလို့ ခံစားသွားနိုင်ပါတယ်။
ကျောင်းကို ကြောက်သွားနိုင်ပါတယ်။ ပညာသင်တယ်ဆိုတာ ပျော်စရာ ဖြစ်မလာဘဲ
နှိပ်စက်ညှင်းပန်းခြင်းလို့ ခံစားသွားမယ်ဆိုရင် ပညာကို မုန်းသွားနိုင်တယ်။
ပတ်ဝန်းကျင်တစ်ခုလုံးကို မုန်းသွားနိုင်တယ်။ လူတွေကို မုန်းသွားနိုင်တယ်။
ဒါ အန္တရာယ်သိပ်ကြီးတဲ့ ကိစ္စပါ။
“သူငယ်တန်းက ကလေးတစ်ယောက်ကို ‘က’ ကြီး နှစ်မျက်နှာရေးဖို့ အိမ်စာပေးလိုက်တဲ့ အဓိပ္ပာယ်က ဘာလဲ။ အဓိပ္ပာယ် အမှန်က သူ့လက်ချောင်းကလေးတွေကို နိုင်နိုင်နင်းနင်း ဖြစ်လာအောင် လေ့ကျင့်တာက အဓိက ရည်ရွယ်ချက်ပါ။ ကကြီးဆိုတာ ဘာအဓိပ္ပာယ်မှန်းလဲ မသိဘဲနဲ့ အလုံး (၁၀၀) ရေးပြီးဖို့က အဓိက မဟုတ်ပါဘူး။ ဒါပေမယ့် အခုဟာက မိဘတွေရော တချို့ဆရာတွေရော အဓိပ္ပာယ်ကောက်ပုံ
လွဲနေကြတယ်” လို့ ပညာရေး သုတေသနဌာနက ပုဂ္ဂိုလ်တစ်ဦးက ဆိုပါတယ်။ အဲဒီလို
နားလည်ပုံ လွဲတဲ့အတွက် အိမ်စာလုပ်ဖို့ ကြောက်နေရှာတဲ့ ကလေးငယ်ဟာ
အရိုက်သော်လည်းကောင်း၊ ငတုံး၊ ငအ၊ ငဖျင်း စသည်ဖြင့် ဖိနှိပ်
မာန်မဲမှုသော်လည်းကောင်း ခံရပါတယ်။
“အမှန်တော့ ကလေးတွေက ပြဿနာ မဟုတ်ဘူးဗျ။ တကယ့် ပြဿနာက လူကြီးတွေ” လို့ စိတ်ပညာ ဆရာတစ်ဦးက ရယ်မောပါတယ်။
ကလေးတွေကို ဘာဖြစ်လို့ ကြောက်အောင် လုပ်တတ်ကြသလဲဆိုတော့ လူကြီးတွေ ကိုယ်နှိုက်က ကြောက်အောင် အလုပ်ခံခဲ့ကြရလို့ပါ။ သူတို့ကိုယ်နှိုက်မှာကိုက ကြောက်စိတ်တွေ
ရှိနေလို့ပါ။ သူတို့ကိုယ်တိုင်မှာလည်း ဘဝဆိုတာကြီးရဲ့ ကြိမ်လုံးနဲ့
အရိုက်ကို ခံနေရတာကိုး၊ လောကမှာ စွမ်းအင်မဲ့လေလေ ဘဝရဲ့ အရိုက်ကို
ပိုခံရလေလေလို့ စွဲမှတ်ယုံကြည်လာကြတဲ့အခါ ကိုယ့်မျိုးဆက်ကို စွမ်းအင်တွေ
ပြည့်စေချင်စိတ်နဲ့ အဓမ္မ ကြိုးစားကြတော့ပါပဲ။ ဒီလိုဆိုပြန်တော့ အမှန်တကယ်
သနားစရာ ကောင်းနေတာက လူကြီးတွေ ဖြစ်နေပါရောလားဗျ။
ကလေးတွေဟာ လူဦးရေရဲ့ သုံးပုံတစ်ပုံရှိပြီး ကျွန်ုပ်တို့အာလုံးရဲ့ အနာဂါတ်တွေပါ။
Select Panel for the Promotion of Child Health, 1981
(၃) ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်း ကျောင်းသားဘဝတုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။
မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်ပြား” ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘဝက စံကျောင်းဆရာတော်ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ အင်းသားကြီး ငကြူက
ငါးခြောက်ပြားကြီး တစ်ပြား လာပြီးလှူတယ်။ ဆရာတော်က ငါးခြောက်ကို
သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့
ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ
သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ
မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။
ဆရာတော်က လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို
စောင့်နေတာပေါ့။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်း စုံစမ်းလို့မရဘဲ
ဗျာများနေခိုက် “ဟဲ့ … ငလွင် မရသေးဘူးလား” လို့ မေးလိုက်တော့
ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း
တင်လျှောက်ရတော့တယ်။ “ငလွင် … လာခဲ့” လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး
ခေါ်လိုက်တဲ့ ဆရာတော့်အသံက ကျောင်းသားအားလုံးရဲ့ နှလုံးသားကို ကန်လန့်ဖြတ် ဝင်သွားပါသတဲ့။
“ဟဲ့ … ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်းညီညွှတ်ရင် နိုင်ငံကို
အုပ်ချုပ်မင်းလုပ် ရမယ့်သူ၊ ဒီလိုလူက ငါးခြောက်ပြားလေး တစ်ချပ်ကိုတောင်
လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင် ဘယ်လို လုံခြုံအောင်
လုပ်နိုင်တော့မလဲ” လို့ မေးပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။
ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို အဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခုက “စံကျောင်းဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား” လို့ အဓိပ္ပာယ်မျိုး ပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာ အချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ဝင်လာပါတယ်။
အဖြေလွှာတွေကို စားပွဲပေါ် ဘုန်းခနဲ မြည်အောင် ပစ်ချလိုက်ပါတယ်။
ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့ဝဲပြီး ကြည့်တယ်။
တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။
ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို
ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။
“ဒါ မင်းအဖြေလား”
“ဟုတ်ပါတယ် ဆရာ”
“အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း”
နည်းနည်း အံ့ဩနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို သူမကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို
သံသယ ဖြစ်မိကြောင်း၊ ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို
လမ်းညွှန်ချင်စိတ်ထက် မိမိ အလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို
ဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က ပိုပြီး
ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ ဒီလောက် ရိုက်နှက် အပြစ် ပေးစရာ
မလိုကြောင်း၊ နားဝင်အောင် ဆုံးမလျှင် ရပါလျက်နှင် ့သေရာပါ အမာရွတ်ထင်အောင်
ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယ ဖြစ်စရာရှိကြောင်း၊
ဘုရားသားတော်တို့ မည်သည် ရသတဏှာဖြင့် ဆွမ်းဘုဉ်းမပေးသင့်သည်ကို
သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤဝိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ၊
တပည့်ကို ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲအောင် မှတ်မယ်လို့
ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေး ဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ
အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေးလိုက်ရတဲ့အတွက်
ဒီဆုံးမနည်းဟာ မအောင်မြင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။
တစ်တန်းလုံးကတော့ တခိခိနဲ့ ရယ်ကြတယ်။ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ
ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။
ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ကိုမေးတယ်။
“ မင်း ငါ့ကို နောက်တာလား”
“ဟာ … မဟုတ်ဘူး ဆရာ။ ကျွန်တော် မေးခွန်းကို ဖြေတာပါ”
“ကဲ … အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ … မင်းကစ၊ သူဖြေတာ မှန်သလား မှားသလား”
ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံ မရဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို
ကြည့်လိုက်နဲ့။ ကျွန်တော်စိတ်ထဲမှာတော့ အဲဒီ ကျောင်းသားရဲ့ အဖြေကို
ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လို ခံစားမိတာပဲ။ ဒါပေမယ့် သူ့လို
မဖြေတတ်ဘူး။ သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို
မဖြေရဲဘူး။ တစ်တန်းလုံး လိုလိုလည်း ကျွန်တော့်လိုပဲလို့ ထင်တယ်။ သူတို့
မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်။
“ဟေ့ကောင် ဖြေလေကွာ”
ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက် ခိုးကြည့်ပြီး ခေါင်းငုံ့ချလိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား၊
မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ်ဆိုပေမယ့် အမူအရာ၊ လေသံ၊
ဖန်တီးထားတဲ့ အငွေ့အသက်တွေက “မှားတယ်လို့ ဖြေစမ်း။ မဖြေရင် ကြိမ်လုံး”လို့
ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာ ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်
ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။ ဒါကို အဲဒီ ကျောင်းသားလည်း
သဘောပေါက်ဟန် တူပါရဲ့။
“သူဖြေတာ မှားပါတယ်”
“ဟုတ်ပြီ၊ နောက်တစ်ယောက်”
“မှား … အဲ … မှားပါတယ်”
“နောက်တစ်ယောက်”
“မှားပါတယ်”
တစ်ယောက်ပြီး တစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။ ကျွန်တော် ထရပ်လိုက်တယ်။ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။
“မှားပါတယ်”
အဖြေရှင် ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့်နေမိတယ်။ ထူးခြားတာက ကျောင်းသားအားလုံးက အဲဒီလိုပဲ။
လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်ပြောင်မှုနဲ့ အတန်းရှေ့မှာ
ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ်
တစ်နေရာမှာ နာနာသွားသလိုပဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။
တစ်တန်းလုံးလည်း ကျွန်တော့်လိုပဲ ခံစားနေရမှာပါ။
အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။
ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ဆရာ့မှာ အဲဒီလို တပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ ကျောင်းမှာ ဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့
နိုင်ငံပေါ့ခင်ဗျာ။ ဒါ ဆုံးရှုံးမှုပါ။
ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။
အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက်ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ …။ ခက်ထန်တဲ့ အမူအရာတွေ။
ဝဲခနဲ … ဝဲခနဲ
တင်းခနဲ … တင်းခနဲ
ရွှမ်းခနဲ … ရွှမ်းခနဲ
အမေရေ … ကျွန်တော်ကြောက်လှချည့်။
ကလေးတွေမှာ အတိတ်လည်းမရှိဘူး၊ အနာဂါတ်လည်းမရှိဘူး။
သူတို့လေးတွေဟာ ပစ္စုပ္ပုန်တည့်တည့်မှာ နှစ်ခြိုက်နေသူတွေပါ။
Jean de la Bruyere
(၄)
အဲသလိုနဲ့ ကျွန်တော်တို့ရဲ့ သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေဝေနဲ့။
လုပ်ငန်းခွင်ထဲမှာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တဲ့ ပြဿနာတွေ၊ အခက်အခဲတွေ ရှိရင်လည်း ကျွန်တော် ဘာမှ မပြောရဲဘူး။ အပြုဘက်က မြင်ပြီး ပြောင်းလဲပစ်ရင်
အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး သိနေမြင်နေပါလျက်ကနဲ့ အထက်လူကြီး
မကြိုက်မှာစိုးလို့ ကျွန်တော် ဘာမှ အကြံမပြုရဲပါဘူး။ ကျွန်တော့်ဆီက အကြံ၊
အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ မတောင်းကြဘူးလေ။ သင်ခဲ့ရတဲ့
ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ
ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော်
မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့ ကျွန်တော် မထင်တော့ဘူး။ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော် မှန်တယ်လို့ ထင်လာတယ်။
ကျွန်တော့်အထက် အဆင့်အဆင့်၊ အောက်အဆင့်ဆင့်က လူတွေအားလုံးက ဒါကို မှန်တယ် ထင်လာကြရင်ဖြင့် …
ဌာန မနာဘူးလား။
တိုင်းပြည် မနာဘူးလား။
ပညာရပ် အမြင်နဲ့ကြည့်ရင် တစ်ကမာ္ဘလုံးနဲ့ လူသားအားလုံး နာပါတယ်။
ဒါပေမယ့် …
An honest man is always a child.
ဝန်ခံချက်။ ။ http://alinsek.blogspot.com/ မှ ကူးယူဖေါ်ပြပါသည်။

One comment

  • khunaung

    July 27, 2010 at 7:11 am

    တင်ထားလေးတွေကောင်းတယ်ဗျာ..ကျွန်တော်က မိဘတစ်ဦးဖြစ်တော့..ကျေးဇူးလည်းတင်တယ်ဗျာ..

Leave a Reply