အင်္ဂလိပ်စာ အရည်အချင်းစစ်အောင်မှ ဘွဲ့ပေးမည်

manawphyulayJuly 28, 20101min790

ပြည်တွင်း တက္ကသိုလ်အသီးသီးတွင် ပါရဂူ၊ မဟာဘွဲ့ ကျမ်းပြုသင်တန်းသားများအနေဖြင့် သတ်မှတ်ထားသည့် အဆင့်မြင့် အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲအောင်မြင်မှ ဘွဲ့ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ပညာသင်နှစ် (၂၀၁ဝ – ၂၀၁၁) မှစ၍ ဖြေဆိုရမည့် Test of English as a Foreign Language for Advance Study (TEFLAS) စာမေးပွဲတွင် ရမှတ် (၅၅၀) ကျော်မှ အောင်မြင်မည်ဖြစ်ပြီး သတ်မှတ်ရမှတ် မပြည့်မချင်း ထပ်မံ ဖြေဆိုရမည်ဖြစ်ကြောင်း မဟာ ဝိဇ္ဇာတန်းဘွဲ့အတွက် ကျမ်းပြုနေသူ ကျောင်းသားတဦးက ပြောသည်။

၎င်းက “နိုင်ငံတကာ စံသတ်မှတ်ချက်ဖြစ်တဲ့ TOEFL စာမေးပွဲနဲ့ အလားတူပါပဲ။ TOEFL ကလည်း (၅၅၀) ရမှတ်ရှိမှ ပြည်ပတက္ကသိုလ်တွေက လက်ခံတယ်လေ။ ဒါပေမယ့် ဒီက သင်တန်းသားတွေက ဒါကို အောင်နိုင်ပါ့မလားပေါ့ ညည်းနေကြတယ်။ ပြည်တွင်းက တက္ကသိုလ်ပညာရေးမှာ အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ဘယ်လောက်တတ်ကြသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပဲလေ။ အင်္ဂလိပ်စာ မေဂျာက လူတွေတောင် လွယ်တာမဟုတ်ဘူး” ဟု ပြောကြားသည်။

လက်ရှိအခြေအနေအရ ကျမ်းပြုသူများအကြား အဆိုပါအင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲကို သတ်မှတ်စံရမှတ်အတိုင်း အောင်မြင်ရန် လွယ်ကူမည်မဟုတ်ကြောင်း အဆိုပါကျမ်းပြုနေသူ ကျောင်းသားက ပြောသည်။

“ဒီလိုစာမေးပွဲကို သင်တန်းတပတ်ပေးပြီး ဖြေခိုင်းတာဆိုတော့ အောင်ဖို့လမ်းမမြင်ဘူး။ ဒါပေမယ့် ကြိုးစားကြည့်ရမှာပဲလေ။ ဒီနှစ် Master ယူဖို့ များလာတာက ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ပေးတာကြောင့်လည်း ပါတယ်။ အများစုက ပုဂ္ဂလိကကျောင်းမှာ ဝင်ငွေကောင်းတဲ့အလုပ်ရနိုင်ဖို့ အနီးစပ်ဆုံး ပြည်တွင်းမဟာဘွဲ့၊ ပါရဂူဘွဲ့တခုခုကို ရအောင် ကြိုးစားချင်လာကြတယ်။ ကျနော် အပါအဝင်ပေါ့။ အခုလို အင်္ဂလိပ်စာစစ်ရင် ကျနော့်အတွက်တော့ အနည်းဆုံး တနှစ်လောက်တော့ အချိန်လိုမယ် ထင်တယ်” ဟု ၎င်းက ပြောသည်။

ယခု ပညာသင်နှစ်တွင် ပြည်တွင်းတက္ကသိုလ်များ၌ ပါရဂူဘွဲ့၊ ဝိဇ္ဇာ၊ သိပ္ပံနှင့် မဟာသုတေသန ကျမ်းပြုတန်း တက်ရောက်နေသူပေါင်း (၄,၀၀၀) ခန့်ရှိကြောင်း အဆင့်မြင်ပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပညာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ တက္ကသိုလ်များတွင် ဓာတုဗေဒ၊ ရူပဗေဒ၊ သချင်္ာ၊ မြန်မာစာ၊ သမိုင်း၊ ပထဝီ၊ သတ္တဗေဒေ၊ ဘူမိဗေဒ၊ စီးပွားရေးဆိုင်ရာ အထူးပြု ပါရဂူဘွဲ့၊ မဟာဘွဲ့များ ဖွင့်လှစ်ထားရှိသည်။

“ပြည်တွင်းမှာ တက်နေတဲ့ Ph.D. (ပါရဂူ)၊ Master တန်းက လူအများစုက ဝန်ထမ်းအလုပ်ကတဖက် အသက်ကြီးသမားတွေ ဖြစ်နေကြပြီလေ။ တချို့ဆို မိသားစုတွေနဲ့ ဘာနဲ့ဆိုတော့ ပြည်ပမှာ Master တက်ဖို့ ကြိုးစားနေတဲ့ လူတွေထက် အားနည်းပါတယ်။ ရမှတ် (၅၅၀) ဆိုတာ အင်္ဂလိပ်စာ သင်တန်းကို နှစ်ချီတက်ခဲ့ပြီးမှ ဖြေကြတဲ့ စာမေးပွဲလေ” ဟု ပါရဂူဘွဲ့အတွက် သင်တန်းတက်နေသူ အသက် (၄၁) နှစ်ရှိ ကျောင်းဆရာတဦးက ပြောသည်။

အဆိုပါ အင်္ဂလိပ်စာကျွမ်းကျင်မှု စာမေးပွဲအား လာမည့် ဇူလိုင်လ (၂၃) ရက်နှင့် (၃၀) ရက်နေ့တို့တွင် တကြိမ်စီ စတင်ကျင်းပသွားမည်ဖြစ်ပြီး အဖြေလွှာများကို အမျိုးသားအင်္ဂလိပ်စာဌာနက စစ်ဆေးပေးမည်ဖြစ်ကြောင်း သင်တန်းသားများက ပြောဆိုကြသည်။

မြန်မာစစ်အစိုးရ၏ တရားဝင် ထုတ်ပြန်စာရင်းအရ မြန်မာတနိုင်ငံလုံးတွင် တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီအရေအတွက် (၁၅၉) ခု ရှိလာပြီး အာဆီယံနိုင်ငံ ဒေသအတွင်း နိုင်ငံများတွင် အရေအတွက် အများဆုံးဖြစ်သော်လည်း နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ်ကျောင်းများတွင် မပါဝင်ချေ။

တနိုင်ငံလုံးတွင် တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမအင်အား (၁၄,၉၉၂) ဦးရှိကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၀၉ ခုနှစ် စာရင်းတွင် ဖော်ပြထားသည်။