တုန့်ပြန်ဖို့တော့ အချိန်ပေးပါ

etoneJuly 28, 20101min670

ဘယ်သူ ဘယ်ဝါ ရေးထားတယ် ဆိုတာ မသိပေမယ့် တချို့ စကားလုံးတွေဟာ အတော်လေး
တွေးလို့ကောင်းတာကြောင့် ဘာသာပြန်ပြီး အားလုံးကို မျှဝေ ပေးလိုက်ပါတယ်။
အတွေးပွားနိုင်ကြပါစေ။

ကျနော်တို့နဲ့ မသင့်လျော်တဲ့ လူတွေ အများကြီးကို တွေ့ပြီးမှ ထိုက်သင့်တဲ့
လူနဲ့ တွေ့ဆုံခွင့် ရကြတယ်။ ဒါမှ ကျနော်တို့ ထိုက်သင့်တဲ့ လူနဲ့
တွေ့ခွင့်ရလို့ ဒီအခွင့်အရေးကို တန်ဖိုးထားနိုင်မယ်။

ပျော်ရွှင်မှု တံခါးပေါက် ပိတ်သွားတဲ့အချိန်မှာပဲ နောက် တံခါး တစ်ပေါက်
ပွင့်လာတယ်။ ဒါပေမယ့် အချိန် တော်တော်များများမှာ ပိတ်သွားတဲ့ တံခါးကို
ငေးမှိုင်ထိုင်တွေး နေတာနဲ့ပဲ ကျနော်တို့အတွက် ပွင့်လာတဲ့ နောက်တံခါးကို
သတိမမူလိုက်မိတော့ဘူး။

အကောင်းဆုံး သူငယ်ချင်း ဆိုတာ …
ထိုင်ခုံလေးပေါ်မှာ အတူထိုင်ရင်း ဘာစကားမှ မပြောလိုက်ရဘဲ ငေးမောပြီး
ခွဲခွာသွားကြပေမယ့် ရင်ထဲမှာ တူမတူနိုင်တဲ့ စကားလုံးတွေ
ကိန်းအောင်းသွားစေတာ သူငယ်ချင်းကောင်းပါ။

ကျနော်တို့ မဆုံးရှုံးမချင်း ဘာတွေ ပိုင်ဆိုင်ထားသလဲ ဆိုတာ ကျနော်တို့
သတိမထားမိကြဘူး။ အဲဒီအတိုင်းပဲ။ ကျနော်တို့ဆီ ပစ္စည်းတချို့ ရောက်ရှိလာတဲ့
အချိန်ကျမှ အရင်က ဒါတွေ ဘဝမှာ လစ်ဟာနေခဲ့ပါလားလို့ သိလိုက်ရတယ်။

တစ်ယောက်ယောက်နဲ့ ပြဿနာတက်ဖို့ မိနစ်ပိုင်းပဲ လိုတယ်။ တစ်ယောက်ယောက်ကို
သဘောကျဖို့ နာရီပိုင်းလောက် အချိန်ပေးရမယ်။ တစ်ယောက်ယောက်ကို ချစ်ဖို့
ဆိုရင် ရက်အနည်းငယ် အချိန်ကြာသွားကောင်း ကြာသွားမယ်။ ဒါပေမယ့်
လူတစ်ယောက်ယောက်ကို မေ့ပျောက်ပစ်ဖို့တော့ တစ်ဘဝစာလောက်
အချိန်ယူရလိမ့်မယ်။

အမြင်အာရုံနောက် မလိုက်ပါနဲ့။ လှည့်ဖျားတတ်တယ်။ ဥစ္စာဓနနောက် မလိုက်နဲ့။
ကုန်ဆုံးတဲ့ တစ်နေ့တော့ ရှိမှာပဲ။ သင့်ကို ပြုံးအောင် လုပ်နိုင်သူကိုတော့
တန်ဖိုးထားစေချင်တယ်။ မှောင်ရိပ်ခိုနေတဲ့ နေ့စွဲတွေကို
ထွန်းလင်းပေးနိုင်တာ အပြုံးပဲရှိတယ်လေ။

မက်ချင်တဲ့ အိပ်မက်တွေ မက်လိုက်ပါ။ သွားချင်တဲ့ နေရာတွေ သွားလိုက်ပါ။
ဖြစ်ချင်တာကို ဖြစ်အောင် လုပ်လိုက်ပါ။ ဘာလို့လဲ ဆိုတော့ ကျနော်တို့မှာ
အသက် တစ်ချောင်းပဲ ရှိတယ်။ လုပ်ချင်တာတွေကို လုပ်ဖို့ အခွင့်အရေးဆိုတာ
တစ်ခါတည်းပဲ ရတာလည်း ဖြစ်နိုင်တာပဲ။

ချိုသာတဲ့ လူသား ဖြစ်ဖို့ လုံလောက်တဲ့ ပျော်ရွှင်မှု ရှိပါစေ။ သန်စွမ်းသူ
ဖြစ်ဖို့ လုံလောက်တဲ့ အခက်အခဲ ရှိပါစေ။ လူသားဆန်ဖို့ လုံလောက်တဲ့
ပူဆွေးမှုတွေ ရှိပါစေ။ ပျော်ရွှင်သူ ဖြစ်ဖို့ လုံလောက်တဲ့
မျှော်လင့်ချက်တွေ ရှိပါစေ။

သူများရဲ့ နေရာကနေ အမြဲ ဝင်ကြည့်ကြည့်ပါ။ သင့်ကို နာကျင်အောင် လုပ်မယ့်
ခံစားချက်တွေဟာ တခြားသူကိုလည်း နာကျင်စေမှာ မလွဲပါဘူး။

သင့် နှလုံးသားကို ပြုံးရွှင်အောင် လုပ်နိုင်သူကို ရှာပါ။ သင့်ရဲ့
အိပ်မက်တွေထဲက ဆွဲထုတ်ပြီး တကယ့် လက်တွေ့ဘဝ အဖြစ် ဖန်တီးချင်လောက်အောင်
လွမ်းဆွတ်စေခဲ့တဲ့ စက္ကန့်တိုင်းဟာ သင့်ဘဝရဲ့ အဖိုးမဖြတ်နိုင်တဲ့
ရတနာတွေပါ။

အပျော်ရွှင်ဆုံး လူသားတွေ အတွက် အရာအားလုံး အကောင်းဆုံး ဖြစ်ဖို့
မလိုအပ်ပါဘူး။ သူတို့ အနီးအနားမှာ ဖြတ်သန်း သွားလာနေတဲ့ အရာအားလုံး
နီးပါးကိုပဲ တန်ဖိုးထားလိုက်တာပါ။

အချစ်ဟာ အပြုံးနဲ့ စတင်တယ်။ အချစ်ကြောင့်ဘဲ သင်ဟာ ရှင်သန်လာပြီး
မျက်ရည်နဲ့ အဆုံးသတ်တယ်။

အထွန်းတောက်ဆုံး အနာဂါတ်ဟာ မေ့ပျောက်သွားတဲ့ အတိတ်မှာပဲ အမြဲ
အခြေခံပါတယ်။ အတိတ်က နာကျင်မှုတွေ ဆုံးရှုံးမှုတွေကို ထွက်သွားခွင့်
မပေးရင်တော့ သင်ဟာ ဘဝခရီးကို ဘယ်လိုမှ ဆက်လျှောက်နိုင်မှာ မဟုတ်ပါဘူး။

မွေးဖွားလာတုန်းက သင်ဟာ ငိုနေတယ်။ သင့် ဘေးပတ်လည်က လူတွေ အားလုံး
ပြုံးနေကြတယ်။ သင် သေသွားပြီ ဆိုရင်တော့ ဒီလို ဖြစ်အောင် အခုကတည်းက
နေနိုင်အောင် ကြိုးစားပါ။ သေခါနီးအချိန်မှာ သင့်ပတ်လည်က လူတွေ အားလုံး
ငိုနေကြပေမယ့် သင်ဟာ ပြုံးနေနိုင်သူ တစ်ဦးပေါ့။