“Who want to get M&E knowledge and autocad standard code Pls share this mail and try to study below links”

Yin Nyine NwayJuly 30, 201022min930

Singapore: M&E and AutoCAD

ဒီတစ်ပါတ်တော့ မြန်မာ ပြည်ကနေ စင်္ကာပူမှာ AutoCADနဲ့ အလုပ် လာရှာတဲ့သူတွေ အတွက် သိသင့်တာလေးတွေ ကို ရေးဖြစ်ဘို့ ကြုံလာပါတယ်။

  • ဒါကြောင့် Units တွေ Paper Sizes တွေ မှာ စင်္ကာပူ ရဲ့ အသုံးနဲ့ပဲ ရေးထားပါတယ်။ ဒီစာ က AutoCAD ကိုသိပြီး Construction Industry မှာ အသုံးချ လိုတဲ့ သူတွေ အတွက် မိတ်ဆက် သက်သက် ပဲ ရည်ရွယ် ပါတယ်။ M&E Systems တွေအတွက် အဓိက ရေးထားပေမဲ့ အခြား သူတွေ အတွက် လည်း အထိုက်အလျောက် အသုံးတည့် မယ်လို့ယူဆပါတယ်။ နောက် Basics ကို ကောင်းကောင်း နိုင်ပြီးသား သူတွေ အတွက် ရည်ရွယ်တာ မို့ AutoCAD ရဲ့အကြောင်းကို အသေးစိတ် ပြောမနေ တော့ပါဘူး။ အလုပ်လျှောက်တာတို့ အင်တာဗျူး ရဘို့တို့၊ အလုပ်လုပ်ခွင့် S-Pass တွေအကြောင်းကို တော့ နီးစပ်ရာ မှာ စုံစမ်းနိုင်ပါ လိမ့်မယ်…..
  • အဓိက ပြောချင်တာ ကတော့ Engineering Drawing ကို နားလည်ဘို့ အရေးကြီးပါတယ်။ ဆိုလိုတာက ကိုယ် ဘာကို ဆွဲနေတယ် ဆိုတာ ကိုယ်တိုင်သိရပါမယ်။ လက်နဲ့ ဆွဲရမယ် ဆိုရင်လည်း ဆွဲတတ် ရပါမယ်။ Engineering Drawing ကို စနစ်တကျ နားမလည်ပဲ AutoCAD ဆွဲရင် Draftsman အဆင့်မှာတောင် အဆင်ပြေဘို့ မလွယ်ပါဘူး။ Draftsman ဆိုတာကတော့ ကူးဆွဲတတ်ဘို့ အဓိကပါ။ Human Scanner ပေါ့လေ။ အလုပ်ရဘို့လည်းလွယ်ပါတယ်။ ဒါကြောင့် မြန်မာ အင်ဂျင်နီယာ တွေ အတွက် Stepping Stone ခေတ္တ ခိုနားဘို့ ထမင်းစား အလုပ်ပါ။ စနစ်တကျ ဖွဲ့စည်းထားတဲ့ ကုမ္ပဏီကြီးတွေ မှာ တော့ Scope of Works ကိုသေချာ သတ်မှတ်ပေးထား တာမို့ ပုံဆွဲ ရုံပဲ ဆွဲရလေ့ ရှိပေမဲ့ ကုမ္ပဏီအများစု မှာတော့ အခြားတာဝန်တွေ ကို ပါ ယူကောင်းယူရပါလိမ့်မယ်။ Draftsman (cum) Q.S (cum) Site Supervisor, etc. အစရှိသဖြင့် ပေါ့။ လီဆင်လုံး ဝန်ကြီးချုုပ် မဖြစ်ခင် အရင်တုန်းက တော့ Draftsman Position ကို Employment Pass ပေးလေ့ မရှိလို့ ရဘို့ အရမ်းခက်ပေမဲ့ ခုနောက်ပိုင်း S-Pass ရနိုင်တာ မို့ နေရဘို့ လည်း အဆင်ပြေ နိုင်ပါတယ်။ Company မှာ Quota ရှိဘို့တော့လိုတာပေါ့လေ။
  • အင်ဂျင်နီယာ ဘွဲ့ရ အင်ဂျင်နီယာ တွေကိုတော့ (စာတွေကို လည်း ကျောင်းမှာ မထားခဲ့ ဘူးဆိုရင်) Cad Operator (or) CAD Designer ဘဝမှာပဲ ကျေနပ် တင်းတိမ် နေဘို့ ကိုတော့ အားမပေး လိုပါဘူး။ တစ်ခု တော့ သတိပေး လိုပါတယ်။ ဘွဲ့ရ တာ နဲ့ တင် မလုံလောက် ပါဘူး။ Good Engineering Practices, Industrial Knowledge & Experiences ကောင်းတွေ နဲ့ ပေါင်း မှ အင်ဂျင်နီယာ ကောင်း ဖြစ်နိုင်ပါတယ်။
  • အင်ဂျင်နီယာ အနေနဲ့ လည်း AutoCAD က အဓိက မဟုတ်တောင် အတိုင်းအတာ တစ်ခုအထိတော့ လိုအပ်လေ့ ရှိပါတယ်။ ဒီဇိုင်း လုပ်မဲ့သူ ဆို တတ်ထားသင့်ပါတယ်။ မြန်မာပြည်ကနေ ထွက်လာခါစ အင်ဂျင်နီယာ ဘွဲ့ရ တွေ အင်ဂျင်နီယာ အနေနဲ့ တန်းလုပ်ရအောင် အခွင့်အရေးရဘို့ က လည်း လွယ်လှတာ တော့ မဟုတ်ပါဘူး။ အင်ဂျင်နီယာ ဆိုတာ ကလည်း အလုပ်နဲ့ဆိုင်တဲ့ အကြောင်းအရာ မိတ်ဆက်ပေးမဲ့သူ၊ အနီးကပ် တွဲခေါ်မဲ့သူ လိုပါတယ်။ Team works လုပ်ရတာမို့ ပူးပေါင်းဆောင်ရွက် လိုတဲ့စိတ် နဲ့ သည်းခံတတ်တဲ့ အကျင့် ရော Professional Conducts ပါရှိဘို့လည်း လိုအပ်ပါတယ်။ အမြဲတမ်း Continual Improvements လုပ်နိုင်ဘို့ လည်းလိုအပ်ပါတယ်။ မကျွမ်းကျင်တဲ့ နေရာ လက်တဲ့မစမ်း ပဲ သေချာနားလည်အောင် အရင် လုပ်ဘို့ အရမ်းကို အရေးကြီးပါတယ်။ ခပ်အေးအေးပဲ နေချင်လို့ ပုံပဲဆွဲ စားချင်ရင်တော့ တစ်မျိုးပေါ့လေ။ ဘယ်လို အကြောင်းကြောင့် ပဲ ဖြစ်ဖြစ် Construction Industry မှာ AutoCAD နဲ့ လုပ်စား ရဘို့ အကြောင်း ဖန်လာခဲ့ရင်တော့
    • Basic AutoCAD for Construction Industry: အခြေခံတွေကို သိရပါမယ်။ အောက်မှာ ရေးထားတာတွေ ကို Self-Learning လုပ်တာထက် ဒါတွေကို မှီငြမ်းပြီး လက်ရှိ လုပ်နေနှင့် ပြီးသား ကိုယ်နဲ့ ခင်မင်ရင်းနှီး သူတွေ ဆီက လေ့လာတာ က ပို အဆင်ပြေပါလိမ့်မယ်။
    • လိုအပ်တဲ့ Drawing တွေကို လည်း ခင်မင်တဲ့ သူတွေဆီက အကူအညီတောင်း ငှားကြည့်ပါ။ M&E Systems Services တွေက များတာ မို့ အဓိက ဆွဲရမဲ့ Servicesကို သိရင် ပို အဆင်ပြေပါလိမ့်မယ်။ ဥပမာ။ ။ Plumbing & Sanitary ဆွဲရမှာလား၊ Fire Protection Systems ဆွဲရမှ လား
    • Familiar with Construction Drawings and Terms : ဆောက်လုပ်ရေး အခေါ်အဝေါ်တွေ ပုံတွေနဲ့ လည်း ရင်းနှီးနေရပါမယ်။
    • Interview မှာ ဘယ်လို လုပ်သင့်လဲ ဆိုတဲ့ ဆောင်ရန် ရှောင်ရန် တွေကို လည်းသိထားရပါမယ်။
  1. Basic AutoCAD
    1. Basic Commandsအခြေခံ Line, Cycle, Text, Arc, Polyline, Rectangle, Polygon တွေနဲ့ အတူ Snap ဘယ်လို ဖမ်းမလဲ သိရပါတယ်။ Point ကိုတော့ မဆွဲစေချင် သလို သုံးလည်းမသုံးစေချင်ပါဘူး။ အကြမ်းအားဖြင့် Snap ဖမ်းတဲ့အခါ။
      • Nea: Line, Arc, Cycle, Polyline
      • Cen: Arc, Cycle
      • End: Line, Arc, Polyline
      • Mid: Line, Arc, Polyline
      • Per: Line, Polyline
      • Ins: Block, Text
      • Tan: Arc, Cycle
      • Reference
      • Mid between two points

      နောက် Modify Command တွေဖြစ်တဲ့ Erase, Copy, Mirror, Offset, Array, Move, Rotate, Scale, Stretch တွေ ကို သေချာ အသုံးချတတ်ဘို့ လိုသလို ဒါတွေ မလုပ်ခင် Selection ဘယ်လိုလုပ်မလဲ သေချာသိရပါမယ်။ Trim, Extend (Break) Chamfer, Fillet တွေကို သုံးတတ်ရပါမယ်။ AutoCAD မှာ Modify Commands ကို ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင် လေ အချိန်ကုန် သက်သာလေ ပါပဲ။
      Inquiry Command တွေဖြစ်တဲ့ List, Dist (Distance) တွေကို လည်း အသုံးချတတ်ရပါမယ်။
      ပြီးတော့ Block: (Wblock, Xrefs) တွေသုံးတတ် ရပါမယ်။ အထူးသဖြင့် Architectural Drawings ပုံတွေကို
      Xref ယူသုံးတတ် ဘို့ လေ့ကျင့်ထား ရပါမယ်။ Hatch: အကြောင်းလည်းသိထားသင့်ပါတယ်။

    2. Drawing Template
      New Drawing ဖွင့်တဲ့အခါ “acad.dwt” ကိုပဲ သုံးပါ။ AutoCAD LT ကို သုံးရမယ် ဆိုရင်တော့ “aclt.dwt” ကိုပဲ သုံးပါ။ “acad -Named Plot Styles.dwt” တို့ “acadiso.dwt” အစရှိတဲ့ တခြား Drawing Templates မသုံးပါနဲ့။
    3. Units
      စင်္ကာပူ မှာ သုံးတာက SI units တွေ ဖြစ်တဲ့ အတွက် Length ရဲ့ Units က mm ပါ။ အရေးကြီး တာက စစချင်း Units ကိုပြောင်းရပါမယ်။

      ဒီနေရာမှာ ပြင်စရာ နှစ်ခုရှိပါတယ်။

      • Units
      • Options

      Command Prompt မှာ ddunits လို့ ရိုက်ချလိုက်ပါ။ Menu ကနေသွားရင် Format အောက်က Units ပါ။ Length: Decimal နဲ့ Angle: Decimal Degrees ကိုသုံးပါ။ 0.00 လောက်ဆိုရပါပြီ။ Insertion Scale မှာတော့ Milimeters ကိုသုံးပါ။ နောက် Options အောက်က User Preference – Tab အောက်မှာရှိတဲ့ Insertion Scale Source Content Units & Target Drawing Units တွေမှာလည်း Milimeters လို့ပြင်ပေးပါ။

    4. Scale
      ဆွဲရမဲ့ ပုံရဲ့ လိုအပ်ချက် ကိုလိုက်လို့ Scale အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
      Computer Programs တွေရဲ့ အားသာချက်တွေ ကတော့ ဆွဲတဲ့အခါ တကယ့် အတိုင်းအတာ အတိုင်း ၁း၁ ( 1:1) နဲ့ ဆွဲနိုင်တာ ပါပဲ။ ပုံထုတ်တဲ့ အခါကျမှသာ လိုချင်တဲ့ စာရွက် အရွယ်အစား ကိုလိုက်လို့ Scale ကိုချင့်ချိန်ရပါတယ်။
      အဲဒါကြောင့်ပဲ ကိုယ်ထုတ်ရမဲ့ Scale ကိုခန့်မှန်း နိုင်ဘို့ အရေးပါလာတာပါ။ မဟုတ်ရင် Text တွေက illegible (ဖတ်လို့မရတာ)၊ Linetypes တွေကမပေါ်တာ၊ Symbol မသဲကွဲတာ တွေကြုံတွေ့ ရမှာ ဖြစ်သလို သိပ်ကြီးလွန်းရင် လည်း အရုပ်ဆိုးပါတယ်။
      Text Size မြင်သာတဲ့ အရွယ်ဖြစ် ရပါမယ်။ ထုတ်ပြီးသားပုံတွေမှာ 2.5 mm ကကောင်းကောင်းမြင်ရပါတယ်။
      1.5mm အောက်ဆို မြင်ရ ဘို့ မလွယ်တော့ပါဘူး။ အထူးသဖြင့် စာလုံး သေးပြီး ထူနေရင်လည်း မသဲကွဲ ပါဘူး။
      Dimensions နဲ့ Symbols တွေမှာ လည်း ဒီသဘောတရား အတိုင်း ပါပဲ။ အဓိက Print Out ထုတ်ပြီးသား ပုံမှာ သဲသဲကွဲကွဲ ဖြစ်နေဘို့ ရာလိုအပ်ပါတယ်။
    5. Text Style
      Text Style Name တွေ ကို ရိုးရိုးရှင်းရှင်း ပဲ ပေးပါ။ အများဆုံး သုံးတာ က Romans ပါ။ Width Factor ကို 0.75 လောက်ထားပါ။ သတိထားဘို့ ကတော့ Height ကို တန်ဘိုး တစ်ခုခု မပေးမိဘို့ ပါ။ 0.0 ပဲထား ပါ။ မဟုတ်ရင် Dimensions တွေမှာ ကမောက် ကမ ဖြစ်ကုန်ပါ လိမ့်မယ်။
    6. Dimensions
      Dimension Style Name တွေ ကို ရိုးရိုးရှင်းရှင်း နဲ့ လူတိုင်း သိလွယ်၊ မှတ်မိလွယ် တဲ့ အမည် ပဲ ပေးပါ။ ဥပမာ DimR100 ဆိုရင် Text Style: Romans ကိုသုံး ပြီး 1:100 အတွက် သုံးမဲ့ Dimensions လို့ ကိုယ် ကသတ်မှတ် ထားရင် သုံးစွဲ ရတာ ရှင်းလင်းတာ တွေ့ ရပါလိမ့်မယ်။

      • Text Style: Romans (or အခြားသင့်တော်ရာ) Text Height: 2.5 (2.5mm က အနေတော်၊ 1.5mm အောက်ဆို သေးလွန်းသည်)

      • Arrow Sizes များကို မြင်သာသော အရွယ် 2.5 ထားပါ။
      • Offset များကို 0.6 ထားပါ။

      • Overall Dimension Scale ကိုလိုအပ်သော Scale ကို လိုက်၍ ပြင်ရန်။ ဥပမာ 1:100 ဆိုလျှင် 100 ထားရ ပါမယ်။

      • သတိထားဘို့ ကတော့ Primary Unit Scale Factor (1) ကို မပြောင်း မိစေဘို့ ပါပဲ။ ၁း၁ နဲ့ ဆွဲထားတဲ့ ပုံတွေမို့ ပါ။ မဟုတ်ရင် Dimensions တွေမှာ ကမောက် ကမ ဖြစ်ကုန်ပါ လိမ့်မယ်။

    7. Linetype Scale
      Engineering Drawings တွေမှာ Linetype က အရေးပါ ပါတယ်။ Hidden, Center အစရှိသဖြင့်ပေါ့လေ။ ပုံထုတ်တဲ့ အခါ Linetypes တွေကို မြင်သာဘို့ အတွက် Linetype Scale ကို နိုင်နင်းဘို့ အရေးကြီး ပါတယ်။
      Global Scale ကိုပဲသုံး တာက ထိန်းရသိမ်းရ လွယ်ပါတယ်။ Entity တစ်ခုချင်း မှာ လိုက်ပြောင်းထားရင် Manage လုပ်ရတာ ခက်ပါတယ်။
      အဓိက “ acad.lin” ကိုသုံးပါ။ LTscale ကို scale ရဲ့ ၁ဝ ဆ လောက်ထားရပါတယ်။ အနည်းဆုံး ၅ ဆလောက်ထား ရင် သဲသဲကွဲကွဲ ရှိပါလိမ့်မယ်။
      PSLTscale က Viewport ထဲက scale ကို overwrite လုပ်ဘို့ပါ။
      မှတ်ချက်။ ။ တကယ်တော့ “acadiso.lin” က “acad.lin” နဲ့ စကေးချင်း ယှဉ်ရင် ၂၅.၄ ဆရှိပါတယ်။ ဆိုလိုတာက သူ့ကို (mm: millimeter) အတွက် သုံးဘို့ ဖြစ်ဟန် တူပါတယ်။ ဒါပေမဲ့ “acad.lin” က အသုံးများတော့လည်း…
    8. Layers
      Construction Drawing AutoCAD (or) Any other Cad Programs တစ်ခုခု မှာ Manage လုပ်တဲ့အခါ Layer ခွဲရပါတယ်။ ဒါမှ ပုံဆွဲ၊ ပုံထုတ်တဲ့ အခါ ဖွင့်၊ ပိတ်၊ ဖေါ်၊ ဖျောက်၊ လုပ်လို့ ရမှာပါ။ တစ်ခုသတိထားဘို့ က သက်ဆိုင်ရာ Services ရဲ့ နာမည်ဖြစ်ဘို့လိုပါတယ်။ ကိုယ့်နာမည် သွားမပေးပါနဲ့။ တကယ်သုံး ဘို့လည်း လိုပါတယ်။ Layer ကို Service + Type တွေကို စဉ်းစားပြီး စနစ်တကျ သုံးထားရင် ပုံကို Print out ထုတ်ဘို့ Style Setup လုပ်တဲ့ အခါလည်း ပိုမိုလွယ်ကူတာတွေ့ရပါလိမ့်မယ်။
      Archi ကို ခပ်မှုန်မှုန် ပါးပါးလေးပဲ ထားပြီး M&E services တွေ ကို ထင်းထင်းဖြစ် အောင် ဂရုစိုက် ရပါတယ်။ ဒါက Layer Control နဲ့ Plot Style ကို Manage လုပ်နိုင် မှ ရတာပါ။
      Layer Control နဲ့ ပတ်သက် လို့ ကုမ္ပဏီ တိုင်းမှာ In-house Standard ကိုယ်ပိုင်စနစ် ရှိလေ့ ရှိပါတယ်။ ကမ္ဘာပေါ်မှာ Layer Standard အမျိုးမျိုး ကွဲနေသလို စင်္ကာပူမှာ လည်း Singapore Standard CP83 ရှိပေမဲ့ ကုမ္ပဏီတိုင်း က လိုက်နာ နေကြတာ တော့ မဟုတ်သေး ပါဘူး။ LTA (Land Transport Authority) လို အလုပ်ရှင်မျိုး လောက်ကပဲ Original Contract မှာ Specify လုပ်ထား လို့ လိုက်လုပ် ပေးတတ်ကြတာပါ။
      Interview မှာ တော့ Layer ခွဲခိုင်းချင် မှ ခွဲခိုင်းပါလိမ့်မယ်။ ဒါပေမဲ့ စနစ်တကျ Layer ခွဲဆွဲ ပြ နိုင်ရင် အမှတ်ရကောင်း ရပါလိမ့်မယ်။
      Layer On/Off ကိုသိပ်မသုံးပါ နဲ့။ Off လုပ်ထားတဲ့ အချိန် Modify Commands တွေသုံး ရင် ဆိုးကျိုုး ပေးတတ်လို့ပါ။ Freeze/Thaw နဲ့ ဆွဲနေရင်း မြင်လည်းမြင်ချင် ရွေးလို့လည်း မရချင်ရင် Lock ကို သုံးပါ။
      ဒါ့အပြင် Layouts ထဲက MSpace တွေထဲမှာ Layer Control ဘယ်လိုသုံး ရမှာလဲ နားလည်အောင် ကြိုးစားပါ။
    9. Paper Sizes (စာရွက် အရွယ်အစားများ)
      အဓိက ISO sizes ထဲက A series တွေကို သုံးပါတယ်။ A0, A1, A2, A3, A4, A5 စသည်ဖြင့်ပေါ့လေ။ နေ့စဉ် အများဆုံး သုံးနေကျ အရွယ်က A4 ဖြစ်ပါတယ်။
      အကြီးဆုံး က A0 ပါ။ Golden Ratio 1:√ 2 ကိုသုံးထား ပြီး 1m² နဲ့ ညီမျှတဲ့ ( 841mm × 1189mm) အရွယ်ပါ။ A0 ကို အနားရှည် ဘက်ကနေ ထက်ခြမ်းခွဲရင် A1 ရပါတယ်။ အောက်ကပုံမှာ ကြည့်ပါ။ ဒါကတော့ Golden Ratio 1:√ 2 သုံးထားတာမို့ ဖြစ်နိုင်တာပါ။
      ISO 216 size

      A Series (mm × mm)
      A0 841 × 1189
      A1 594 × 841
      A2 420 × 594
      A3 297 × 420
      A4 210 × 297

      Scale အနေနဲ့ ပြောရင်တော့ A0 ကို 0.5 နဲ့ လုပ်ရင် A2 ရပါတယ်။ Scale ကို တစ်ဝက်လျှော့ရင် အလျား ရော အနံပါ တစ်ဝက်လျော့ သွားတာ မို့ Area က ( 0.5×0.5=0.25) လေးပုံတစ်ပုံ ဖြစ်သွားပြီး Size က နှစ်ခု ကွာသွားတာ ဖြစ်ပါတယ်။ အဓိက သုံးကြတာ က Printer/ Plotter အကြီး မှာထုတ်ရင် A1, A0 အသေးမှာ ထုတ်ရင်တော့ A3, A4 ပါ။ A4 ထက်သေးတဲ့ ( A5 to A10) ကိုတော့ Construction မှာ သုံးလေ့မရှိပါဘူး။ နောက် B နဲ့ C sizes တွေကို သုံးတာလည်း မတွေ့ရပါဘူး။

      Printer / Plotter ကထုတ် တဲ့အခါ အနားသားချန်ရပါတယ်။ ဒါက လည်း ဖိုင်တွဲတဲ့ အခါ အဆင်ပြေအောင်ပါ။ Printer / Plotter တွေက လည်း အနားသား အပြည့် (Boderless) ရအောင် ထုတ်ပေးနိုင်တာ သိပ်မရှိ ပါဘူး။ အပေါ်အောက် နဲ့ ညာဖက်မှာ 10mm လောက်နဲ့ ဘယ်ဖက်မှာ 20mm လောက်အနားစာ ချန်ထားရပါတယ်။ ဘယ်ဖက်က ဖိုင်တွဲရတဲ့ ဖက်မို့ နဲနဲ ပိုချန်ရတာပါ။ ဖိုင်တွဲရတဲ့ အနားအနေ နဲ့ A4 မှာတော့ ရှည်တဲ့ အနားကို ထားလေ့ရှိ ပြီး ကျန်တဲ့ ( A3 to A0) တွေမှာ တိုတဲ့အနားကို ထားလေ့ရှိပါတယ်။
      Scale တွက်တဲ့အခါ၊ ဒီအနားသားတွေကို နုတ်ဘို့ မမေ့ပါနဲ့။

    10. Title Block, Layouts, Paper Space & Model Space
      Title Block ထဲက Title Panel ထဲမှာ Project Title, Subject of Drawing, Scale, Issue Date, Revisions တွေနဲ့ သက်ဆိုင်ရာ Clients, Consultants, Main Contractor Sub-Contractor တွေရဲ့ လိပ်စာ တွေပါဝင်ရပါတယ်။
      အများအားဖြင့် Title Block ကို Layout Spaces မှာ 1:1 နဲ့ ထည့်လေ့ရှိပါတယ်။ ဒါမှ Print လုပ်တဲ့ အခါ လွယ်ကူမှာ ဖြစ်ပါတယ်။

      • ပထမ Layout Space/ Layout Tab ကိုသွား၊ MView Command နဲ့ Model Veiw ကို လိုသလို ကွက်ယူ ပြီးရင် MSpace Command နဲ့ Model Veiw ထဲကို ဝင်ပြီး Scale ချိန်ရပါတယ်။
      • Model Space မှာ 1:1 နဲ့ ဆွဲထားတာ ကို ကိုယ်လိုချင်တဲ့ ပြောင်းယူ တဲ့ သဘောပါ။ Mspace Window တစ်ခုမက ထားနိုင်တာ မို့ Print တစ်ခုထဲမှာ scale အမျိုးမျိုး နဲ့ ပါဝင်အောင် လုပ်နိုင်ပါတယ်။ ပုံမှာပြထား တာကတော့ Mspace Window ကို ဘယ်လို Scale ပြောင်းရမလဲ ဆိုတာပါ။ နောက်တစ်နည်း ကတော့ Zoom Command နဲ့ 1/[scale]XP နဲ့လည်းလုပ်လို့ ရပါတယ်။ ဥပမာ 1/100 XP ဆိုရင် 1:100 Scale ပေါ့။
      • ပြီးရင် MView Command နဲ့ Vports ကို Lock လုပ်ပါ။ Properties ကနေလည်း Vports ကို Lock လုပ်လို့ ရပါတယ်။ ဒါမှ Viewport ထဲမှာ Pan / Zoom လုပ်တဲ့ အခါ Scale ကို မထိခိုက် မှာပါ။

      သူ နဲ့ သက်ဆိုင် တဲ့ Command တွေကတော့

      • PSLTscale & LTScale Command : Linetype တွေကို ပြတ်ပြတ်သားသား မြင်ရအောင် Control လုပ်နိုင်ဘို့ ဒီနှစ်ခု ရဲ့ ဆက်စပ်ချက် ကို သိရပါမယ်။ PSLTscale က 0 or 1 Toggle ပါ။ 1 ထားပြီး LTScale ကို 10 ရင် Scale အမျိုးမျိုး လုပ်ထားတဲ့ Viewports အားလုံးထဲက Linetypes တွေ အားလုံး တစ်ပြေးညီ Consistence ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ ဒီနေရာ မှာ PSLTscale ကို 1 ထားတဲ့ အချိန် LTScale ကို 10 x SCALE ၁ဝ ဆ မလုပ်တာ သတိထားပါ။
      • Model / Paper Toggle လုပ်တတ်ပါစေ။ အလွယ်ဆုံး ကတော့ ကိုယ်သွားချင်တဲ့ Model ViewPorts ပေါ်မှာ Mouse နဲ့ Double Click လုပ်တာပါ။ Tag နဲ့ သာမက MSpace, PSpace Commands တွေနဲ့လည်း လုပ်နိုင်ပါတယ်။
      • နောက်တစ်ခုက Model View Layer Control ပါ။ Model View တစ်ခုချင်းမှာ ဖျောက်ထား ချင်ရင် သုံးလို့ရပါတယ်။
  2. Basics for Construction Services
    1. Services
      Building Services Drawings တွေကို ကြည့်ရင် အုပ်စု လေးခု ရှိပါတယ်။

      • Architectural Services
      • Structural Services
      • Mechanical Services
      • Electrical Services

      ဘယ်အုပ်စု မှာပဲဖြစ်ဖြစ် ပါဝင်တဲ့ အဓိက Drawings အမျိုးအစား တွေကတော့၊

      • Plans
      • Details
      • Sections
      • Schematics

      နောက် Drawing Development Stage အဆင့်ဆင့်ကိုလိုက်ပြီး၊

      • Design Drawings (Preliminary, Concept, Schematics, Detail, For Construction)
      • Shop Drawings / Coordination Drawings
      • As-Built / As-Installed Drawings

      M&E Systems တွေကို ဆွဲတဲ့အခါ အဓိက Background (နောက်ခံ) အနေနဲ့ Architectural တွေကို အဓိကအသုံးပြူရ ပြီး ရံဖန်ရံခါ Structural Drawing တွေကိုလည်းအသုံးပြူရ လေ့ရှိ ပါတယ်။ ဒီပုံတွေမရှိရင် တောင်းယူရပါတယ်။ Architectural Drawing အနေနဲ့ Layouts ပုံတွေ , Finishing Drawings တွေကို အဓိကသုံးရပါတယ်။ ဒါကြောင့်မို့ Xrefs တွေကို နိုင်နိုင်နင်းနင်း သုံးစွဲတတ်ဘို့ အရေးပါ လာတာပါ။ Insertion Point နဲ့ Layer Control ကို Xrefs မှာ ဘယ်လိုသုံးရမလဲ သိထားရပါမယ်။
      Floor level, ceiling location and types, type of walls, အစရှိသဖြင့် ပတ်သက်ရာ ပတ်သက်ကြောင်း တွေကို သိထားသင့်ပါတယ်။

      Plan ပုံတွေမှာ Grid Lines လို့ခေါ်တဲ့ Reference Line တွေပါ ရပါတယ်။ ဒါတွေကို Architectural Drawings တွေမှာ စတင်သတ်မှတ် ထားတာ ဖြစ်ပြီး ကျန်တဲ့ တွေကပါ လိုက်နာရပါတယ်။ နေရာတွေကို ရည်ညွှန်းဘို့ အတွက်၊ အပေါ်ထပ် အောက်ထပ် နှိုင်းယှဉ်ကြည့်ဘို့ အတွက်၊ အတိုင်းအတာ ခန့်မှန်းဘို့ အတွက် အစရှိသဖြင့် အမျိုးမျိုး အသုံးပြုနိုင်ပါတယ်။
      အရှေ့အနောက် တောင် မြောက် သိဘို့အတွက် North လမ်းညွှန်အမှတ်အသား လည်းပါလေ့ ရှိပါတယ်။
      Floor Levels တွေကို ရှာပါ။ Standard Datum (Reference Mean Sea Level) က 100.000 m ပါ။ Standard Datum ကို reference မလုပ်တဲ့ Levels တွေကိုတော့ RL (Reduced Level) လို့လည်း ခေါ်ကြပါတယ်။ အဆောက်အအုံ ရဲ့ အမြင့် သတ်မှတ်ချက် ကိုတော့ AMSL (Above Mean Sea Level) နဲ့ ပြလေ့ရှိ ပါတယ်။
      ပုံတွေမှာ Scale ကိုလည်းပြထားလေ့ရှိပါတယ်။ ဒါပေမဲ့ ပြန်တိုင်း တတ်တဲ့ အကျင့် လုပ်ထားပါ။ Verify လုပ်ရတာပါ။
      Mechanical Systems Plan တွေမှာ အဓိကကတော့ Pipes တွေ နဲ့ Ducts တွေပဲ ရှိတာပါ။ Equipments တွေ Fixtures ကလွဲရင်ပေါ့လေ။ Section (ဘေးတိုက်) ဖြတ်ကြည့်ရင် စက်ဝိုင်း နဲ့ စတုဂံ တွေပဲ များပါတယ်။

      Layout Drawings တွေမှာ Pipes တွေကို Single Lines တွေနဲ့ ဆွဲလေ့ရှိပြီး Ducts တွေကိုတော့ Double Lines တွေနဲ့ပြလေ့ ရှိပါတယ်။ Design Concept Drawings တွေနဲ့ Schematics ကလွဲလို့ပေါ့လေ။ သိသင့်တာတစ်ခု ကတော့ ( Insulated / Un-insulated), Insulation ပါရင် သူ့ရဲ့အထူကို ထည့်စဉ်းစား ရမှာပါ။ နောက် Elevation (Height above Floor Level) ကြမ်းခင်းအထက် ဘယ်လောက်မြင့်လဲ အစရှိတဲ့ BOP (Bottom of Pipe), BOD (Bottom of Duct), BOT (Bottom of Trunking / Cable Tray) တွေကိုလည်းသိသင့်ပါတယ်။ တစ်ခါတစ်ရံ မှာ တော့ TOD, Top of Duct, COP (Center of Pipe) တွေပေးတတ် ပေမဲ့ ရှားပါတယ်။
      Mechanical Systems Draftings တွေ အတွက် သိထားသင့်တာ ကတော့

      • Symbols
      • Ducting
      • Pipings
      • Fittings
      • Equipments
      • Controls

      တို့ ဖြစ် ကြပါတယ်။
      ဘယ်ပုံကို ပဲဆွဲရ ဆွဲရ သိသင့် တာကတော့ Symbols တွေ အကြောင်း ပဲ ဖြစ်ပါတယ်။ HVAC Industry မှာ နာမည် ကျော်ကြားတဲ့ SMACNA Website မှာ

      တွေကို Free Download လုပ်ပြီး လေ့လာနိုင်ပါတယ်။ Symbols တွေသာ မက Layer Standard ကိုပါ လေ့လာ နိုင်ပါတယ် ( Layer Standard ကို အလွတ်ကျက်ရန် မဟုတ်ပါ၊ သဘောသိရန်သာ ဖြစ်ကြောင်းသတိပြုပါ။ )

      Electrical မှာဆိုရင်လည်း Trunking, Tray, Conduit, Cable Ladders တွေပဲ အဓိက ပါတာပါ။ Equipments တွေ Fixtures ကလွဲရင်ပေါ့လေ။
      Electrical Systems Draftings တွေ အတွက် သိထားသင့်တာ ကတော့

      • Symbols
      • Single Lines (for all electrical services)
      • Power & Lighting Layouts
      • Fittings
      • Equipments
      • Distributions

      တို့ ဖြစ် ကြပါတယ်။
      M&E Systems တွေအကြောင်းကို M&E Systems ဆိုတာ ဘာတွေလဲ။ (What are Building M&E Systems?) ဆိုတဲ့ Post မှာ လေ့လာ နိုင်ပါတယ်။

    2. Design Drawings
      အင်ဂျင်နီယာ ဒီဇိုင်းလုပ်ထားတဲ့ ပုံတွေပါ။ အဓိကလို ချင်တဲ့ အချက်တွေကို ဖေါ်ပြ ထားတာ ဖြစ်ပါတယ်။ Design Development Stage အဆင့်ဆင့်ကိုလိုက်ပြီး

      • Programming Phase
      • Schematic Design Phase
      • Preliminary Design
      • Final Design Phase: Construction Documents
    3. Construction Drawings (Shop Drawings)
      တကယ် တတ်ဆင်တဲ့နေရာ မှာ သုံးဘို့ပါ။ Coordination လို့ခေါ်တဲ့ “အခြား Services တွေနဲ့ ညှိနိုင်း နေရာချထားခြင်း” ကိုလုပ်ပြီးမှ သတ်မှတ်ထားတဲ့ နေရာ မှာ တတ်ဆင် ရတာမို့ တည်နေရာ ကိုပြဘို့ လိုအပ်တဲ့ Dimensions တွေ လိုအပ်တဲ့ အသေးစိတ် တွေ ပါရှိ ရပါတယ်။ Site ထဲမှာ အသုံးမပြုခင် တာဝန်ရှိ Engineer/ Consultant ရဲ့ Approval ကိုရယူရလေ့ရှိပါတယ်။ Drawings တွေ ပေါ်မှာ အဲသည့် Approved လက်မှတ်ထိုးထားမှသာ သုံးခွင့်ရှိပါတယ်။
    4. As-Built Drawings
      တကယ်တပ်ဆင်ထားတဲ့ အတိုင်း ရေးဆွဲ ရတာပါ။ Construction Drawing တွေကို On-Site Coordination နဲ့ လိုအပ်လို့ ပြင်ဆင်ခဲ့တဲ့ Information ဖြည့်ပြီး ပေးရပါတယ်။ ဒါက အဆောက်အအုံ အတွက် Operating & Maintenance (လည်ပတ်ဘို့ နဲ့ ပြုပြင်ထိန်းသိမ်းဘို့) အတွက် လိုအပ်တဲ့ အခါ မှီငြမ်းနိုင်အောင်ပါ။
  3. Interview အကြောင်း တစ်စေ့တစ်စောင်း ။
    အလုပ်ရဘို့က ကံလည်း ပါပါတယ်။ အပေါ်ယံ လောက်ပဲ အမေးခံ ရပြီး အလုပ်ခန့်တတ် တဲ့သူရှိသလို၊ ခရေစေ့ တွင်းကျ အမေးခံရတာ လည်း ရှိနိုင်ပါတယ်။ လက်တွေ့ ပုံဆွဲ ခိုင်းတတ်တဲ့ သူ ရှိသလို ဆွဲတတ်လား ပဲမေးတတ် တဲ့သူလည်း ရှိပါတယ်။ များသောအားဖြင့် ကုမ္ပဏီကြီးတွေ ကခန့်တဲ့ အလုပ်ကောင်းကောင်း တွေမှာ ခရေစေ့ တွင်းကျ မေးလေ့ရှိ ပြီး လက်တွေ့ သေသေချာချာ အဆွဲ ခိုင်းတတ်တာ ကြောင့် သေချာပြင်ဆင် ထားစေ ချင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ်ရတဲ့ အခါ တကယ်လုပ်ရ မှာက ကိုယ်ပဲ မို့ မိမိ ရော အလုပ်ရှင် ပါ ဒုက္ခ မရောက်ရ လေအောင် သေချာပြင်ဆင် ထားဘို့ လိုအပ်ပါတယ်။

    1. Interview (လူတွေ့) သွားစဉ် ကျင့်ဝတ်။
      • ဒါလေးတွေပါ ပါစေ။
        1. CV / Resume and Supporting Documents ကိုယ်ရေး ရာဇဝင် နဲ့ စာရွက်စာတမ်း များ [ဘွဲ့လက်မှတ်၊ သင်တန်းဆင်း လက်မှတ်များ၊ အရင် အလုပ်မှ ထောက်ခံစာ (ရှိလျှင်)]။ မှတ်ချက်။ ။ဘွဲ့လက်မှတ် က မြန်မာလိုသာ ပါတယ် ဆိုအုံးတော့ မူရင်း (အစစ်) ဖြစ်ပါတယ်။ Notary မှာ ဘာသာပြန်သာဖြစ်ပြီး မူရင်းမရှိ လျှင် အနှစ်မရှိ သော စာရွက်သက်သက် ဖြစ်တာ မို့ သူများ ဖတ်တတ်တာ မဖတ်တတ်တာ ထား၊ Notary သာမက ဘွဲ့လက်မှတ် မူရင်း ၏ မိတ္တူများ ပါ ပါစေ။
        2. ဘောပင် တစ်ချောင်း၊ ပေတံ တစ်ချောင်း
        3. Calculator
        4. Mechanical Pencils
        5. မှတ်စုစာအုပ်ငယ်၊
      • အင်တာဗျူး ချိန်းတဲ့နေ့ အချိန်မီရောက်ဘို့ ကြိုတင်ပြင်ထားပါ။ အချိန် ကိုပိုပြီးယူထားပါ၊ သွားရမဲ့ လမ်းကိုလည်း စောစော ထဲက ရှာထားနိုင်ရင် ကောင်းပါတယ်။ အင်တာဗျုး ချိန်းတိုင်း နေ့ (ရက်စွဲ + ဘာနေ့လဲ)၊ အချိန်၊ နေရာ နဲ့ ဘယ်လို လာရမလဲ ပါမေးထားပါ၊ အနီးဆုံး MRT ကဘာလဲ ပေါ့။
      • ရုံးတိုင်း လိုလို က သူတို့ မူပိုင် ကိုယ်ရေး ရာဇဝင် ပုံစံ Form ကို ဖြည့်ခိုင်းလေ ့ ရှိပါတယ်။ ဒါကြောင့် CV / Resume ကိုယ်ရေး ရာဇဝင် ယူသွားဘို့ သတိပေး ရတာပါ။ သေသေချာချာ စစ်ဆေးပြီးဖြည့်ပါ။
      • နောက် Hearing Aid လိုတဲ့သူ မဟုတ်ရင် နားထဲမှာ ဘာမှ ထည့်မထားပါနဲ့။ ရုံးမရောက်ခင် ထဲက Hands-free ဖြစ်ဖြစ်၊ MP3/4 Head Sets ဘာ နားကြပ်ပဲဖြစ်ဖြစ် ကြိုသိမ်းထားပါ၊ ပြီး အာရုံ သေသေချာချာ စူးစိုက်ထားပါ။
      • အသက်မှန်မှန် ရှုပြီး တည်တည်ငြိမ်ငြိမ် စောင့်ပါ။ စိတ်ထဲကနေ ဘုရားစာ ရွတ်နေရင် လည်း စိတ်ကို အေးချမ်းစေတာမို့ ကောင်းပါတယ်။ တွေဝေငေးငိုင် တွေးတော မနေမိဘို့ သတိထားပါ။ သန်းဝေ၊ ငိုက်မြည်း မလုပ်ပါနဲ့။ ပျင်းတိပျင်းတွဲ ခွေခေါက် မနေမိပါစေနဲ့။ First Impressions က အမြဲတမ်း အရေးကြီးပါတယ်။
      • အင်တာဗျူး မစမီထဲက ဖုန်းကို ပိတ်ထားတာ အကောင်းဆုံး ပါပဲ။ အမြင်မတော်လို့ပါ။
      • ကိုယ့်အကြောင်း ကို ရိုးရိုးရှင်းရှင်း မိတ်ဆက်ပါ။ အင်တာဗျူး မဲ့သူတွေ နဲ့ Eye Contact ရှိပါစေ။ အသံကို မတိုးလွန်း၊ မကျယ်လွန်း ချင့်ချိန်ပါ။
      • အဓိက အင်တာဗျူး သူ ရဲ့ နာမည် ကို အတတ်နိုင်ဆုံး မှတ်မိအောင် ကြိုးစားပါ၊
      • နားမလည် ရင်သေချာ ပြန်မေးပါ။ စိတ်ဝင်စားမှု ကိုပြပါ။
      • ယဉ်ကျေးပါ၊ တည်ငြိမ်ပါ။ ဒူးနှံ့ နေတာတို့ စည်းချက်လိုက်နေတာ တို့ လုပ်မနေမိဘို့ သတိပြုပါ။
      • အင်တာဗျူး အဆုံး မသတ်ခင် ဗျူးတဲ့သူက ဘာသိချင်သေးလဲ မေးတတ်ပါတယ်။ ဒီ အခွင့်အရေး ကို အသုံးချပါ။ ကိုယ်သိချင်တာတွေ နဲ့အတူ အရေးကြီးတဲ့ မေးခွန်း When can I expect to hear from you with a decision? (ဆုံးဖြတ်ချက် ဘယ်တော့သိရမှာလဲ) မေးပါ။ အင်တာဗျူး ပြီးရင် ဟန်လုပ်တာ မဟုတ်တဲ့ ကျေးဇူးတင် စကား Thank you! ပြောဘို့ မမေ့ပါနဲ့။
    2. ပုံစ မဆွဲမီ။
      1. မေးသော မေးခွန်း ကို သေချာ အောင် ဂရုစိုက်နားထောင် ပါ။ မရှင်းတာ သေချာမေးပါ။
      2. ပုံကို လေ့လာပါ။ ပြင်ဆင်ပါ။ မရှင်းတာ သေချာမေးပါ။
      3. ဘာလုပ် ရမှာလဲ မှတ်စု မှာ သေသေချာချာ မှတ်ပါ။ ခေါင်း နဲ့ပဲ မှတ်ဘို့ မစဉ်းစား ပါနဲ့။
    3. လက်တွေ့ ပုံဆွဲရန်။
      1. Phone ကို Silent Mode မှာထားပါ။ ဖုန်းအဝင်ကို ဖြေဘို့ လုံးဝ မစဉ်းစားပါနဲ့။ လိုအပ်ရင် ဖုန်းဆက်မေးလို့ ရအောင်သာပါ။ ဖြစ်နိုင်ရင် ပိတ်ထားတာ အကောင်းဆုံးပါပဲ။
      2. Units ပြင်ပါ။ Decimal ကိုထားပါ။
      3. ဘောင်လိုက်ရှာပါ။ Grids, Wall, Floor, Column / Beam တွေထဲက သင့်တော်ရာ နဲ့ ဘောင်သတ်မှတ် နိုင်ပါတယ်။ Grids တွေနဲ့ References တွေကို ဆွဲပါ။ (မရှိသေးရင် ပေါ့လေ၊)
      4. ပြီးရင် Scale Rule ကိုသုံး Calcualtor နဲ့ Paper Sizes တွေ ကနေ Scale ကိုချင့်ပြီး Text Sizes ကိုပြင်ပါ။ Scale ကိုမှတ်ထားပါ။
      5. Layer ခွဲပါ။ Services အလိုက်ပေါ့။
      6. ပုံတွေကို Layer အလိုက်ဆွဲပါ။
      7. Dimension တပ်ပေးရမယ်ဆိုရင် အဆင့် ၂ မှာ သိထားတဲ့ Scale အတိုင်း Dimension Style တွေကို ပြင်ပါ။
      8. ပုံထုတ်ပေးဘို့ ပြင်ဆင်ရရင် လုပ်တတ်ပါစေ။
        Plot Dialogue ကိုဖွင့်ပြီး Printer Drop Down Menu ကို Mouse နဲ့ ထောက်၊ ပြီးမှ ဘယ် Printer ကိုထုတ်ရမလဲ မေးပါ။
    4. အင်တာာဗျူး ပြီး နောက်။
      1. သတ်မှတ်ထားတဲ့ အကြောင်းပြန်မယ် ဆိုတဲ့ ရက် ကျော်သွားရင် အင်တာဗျူးတဲ့ သူဆီ ဖုန်းဆက်ကြည့်ပါ။
        တစ်ချို့ ပုဂ္ဂိုလ်တွေ က အလုပ်များလွန်းတာ မို့ ကိုယ့်ကို ခေါ်ဘို့သတိ ရချင်မှ ရပါမယ်။ ခေါ်တဲ့ အခါ မိမိဘယ်သူ၊ ဘယ်တုန်းက အင်တာဗျူးထားခဲ့ ပါတယ်။ အခြေအနေ သိချင်လို့ခေါ်ကြည့်တာပါ ပေါ့လေ။
      2. S-Pass / Work-Pass တင်တဲ့ အခြေအနေ၊ ကို စောင့်ကြည့်ပါ။ Pass မရခင် အလုပ်ဆင်း ဘို့မကြိုးစား ပါနဲ့။ ဒီအချိန် မှာ နောက်အလုပ် (သို့) အင်တာဗျူး ကိုအရံ သွားနိုင်ပါတယ်။ ဒါပေမဲ့ Pass ရပြီး မှ Cancel လုပ်ပြီး ချက်ချင်း ခုန်ဘို့ တော့ အားမပေး ပါဘူး။
    5. အလုပ်ရ ပြီး နောက်။
      1. ရုံးချိန်စတဲ့ အချိန် ကိုယ့်စားပွဲ မှာ အလုပ်အတွက် အဆင်သင့် ဖြစ်နေပါစေ။ ရုံးချိန် အမှီ နေ့တိုင်း သွားပါ။ ဘယ်သူနောက်ကျ နောက်ကျ ကိုယ်နောက်မကျ ပါစေနဲ့၊ အကျင့်ဆိုး ဝင်သွားရင် ပြင်ရခက်ပါတယ်။။ အနည်းဆုံး ၁၀-၁၅ မိနစ်လောက် ကြိုရောက် နိုင်ရင် လိုအပ်တဲ့ ကော်ဖီခွက်ဆေးတာ တို့၊ ကော်ဖီဖျော်တာ တို့၊ ကိုယ့်ခုံကိုယ် သန့်ရှင်းရေး လုပ်တာတို့ လုပ်နိုင်ပါလိမ့်မယ်။ ရုံးချိန်စမှ Breakfast စားတတ်တဲ့ အကျင့်ဆိုး ကိုလည်း မမွေးစေ ချင်ပါဘူး။
        မနက်ပိုင်း အစာဟောင်း ရှင်းတဲ့ ကိစ္စ လည်းအတူတူပါပဲ။ အန္တရာယ် လွယ်ထားလို့ မရပေမဲ့ အိပ်ယာ စောမထချင်လို့ တမင်တကာ ရုံးအထိအောင် နေ့တိုင်း သယ်လာတတ်တဲ့ အကျင့်ကိုလည်း မမွေးစေချင်ပါဘူး။
      2. မှောက်ထားတဲ့ အိုးလို မကျင့်ပါနဲ့။ သင်တတ်၊ မြင်တတ်ဘို့ ကြိုးစားပါ။ ရေသာခိုမဲ့ အစား အလုပ်ပြီးတာ ကို ဂုဏ်ယူတတ် တာက ကိုယ့်ရှေ့ရေး အတွက် ပိုကောင်းပါတယ်။
      3. ရုံးချိန်မှာ Chit-Chat လုပ်မနေ ဘို့သတိပြုပါ။ အလုပ်လုပ်နေ တဲ့သူတွေကို လည်း အပျော်ဖုန်း လိုက် ခေါ်ခြင်း ဖြင့် မနှောင့်ယှက် နေမိပါစေနဲ့။ အင်တာနက်၊ ဂျီတော့ သုံးခွင့် ရရင်တောင် Chat တဲ့ အကျင့် မလုပ်ဘို့ သတိပြုပါ။ (အရေးကြီးလွန်းမှ လိုရင်း၊ တိုရှင်း) အချိန်ကို အသုံးချတတ် ဘို့လိုပါတယ်။
      4. Be Efficient & Effective: အလုပ်မှာ အာရုံစိုက်ပါ။ အကျိုးရှိရှိ၊ အလုပ်ပြီးဘို့ အလေးထားပါ။ အလကား ယောင်နေပြီး ကိုယ့်ဘဝ ရှေ့ရေး ကိုယ်ဖျက်ဆီးသလို မဖြစ်ဘို့သတိရှိပါစေ။ ကိုယ်ယောင်ချင်တာ၊ သဝေထိုးချင်တာ နဲ့ အလုပ်ကို ပြီးစလွယ် လုပ်၊ ဆင်ခြေများ တတ်တဲ့ အကျင့်ဆိုး ကိုလည်း မမွေးစေချင်ပါဘူး။
      5. Cad Operator အနေနဲ့ ပဲ လုပ်ရလုပ်ရ ပညာရှင် စိတ်မွေးပါ။ ဖြစ်သလို၊ ပြီးပြီးရော မလုပ်ပါနဲ့။ ကိုယ့် အလုပ်အတွက် ဂုဏ်ယူ နိုင်တဲ့သူ ဖြစ်ပါစေ။
      6. အလုပ်ကို နားလည်သည် အထိ မစောင့်ပဲ ခန ခန ခုန်ဘို့ပဲ စိတ်မကူးပါ နဲ့။
      7. သူ့ဘက် ကိုယ့်ဘက် ကြည့်တတ်ပါစေ။ ကိုယ့်အခွင့်အရေး ကိုယ်ရဘို့ အရေးကြီး သလို အခွင့်အရေး အယူလွန်ရင် လည်း မတရားတာ သတိပြုပါ။
  4. ဆက်လက် လေ့လာဘို့
    • Singapore မှာ တက်လမ်းရှာဘို့၊ ဆက်လက်ရပ်တည် နိုင်ဘို့ အတွက် အဆက်မပြတ် လေ့လာသင်ယူမှုတွေ လုပ်ရ ပါလိမ့်အုံးမယ်။ လုပ်ထုံးလုပ်နည်း တွေဖြစ်တဲ့ Code of Practices တွေကို သိနေဘို့ ရာ လိုအပ်ပါတယ်။ ကိုယ်လုပ်ရတဲ့ Service ပေါ်မူတည်ပြီး ဘယ် Code ကို ဘယ်လို သုံးရမယ် ဆိုတာ ကို လေ့လာနေ ရပါမယ်။
    • Code တွေက ဒီဇိုင်း လုပ်တဲ့ အခါ မပါမဖြစ် ပါရမဲ့ အချက် တွေ၊ လိုက်နာ ရမဲ့ စည်းကမ်းတွေ ကို ပြဌာန်း ထားတာ ဖြစ်ပါတယ်။ Code တွေက အချိန် နဲ့ အမျှ အပြောင်းအလဲ ရှိနိုင်တာမို့ နောက်ဆုံး ထွက်တဲ့ Code ကို မှီငြမ်းနိုင်ရင် အကောင်းဆုံးပါပဲ။
    • အများပြည်သူ ကျန်းမာရေး နဲ့ လုံခြုံရေး အတွက် အရေးကြီးတဲ့ Sanitary / Sewerage Systems နဲ့ Fire Code တွေကို တော့ Free Download ရနိုင်ပါတယ်။ အတော်များများ က ကိုယ်ပိုင်ဝယ်နိုင်ဘို့ ဈေးကြီးပါတယ်။
    • ကုမ္ပဏီ တွေမှာ သူတို့ လုပ်နိုင်တဲ့ Services တွေနဲ့ ဆိုင်တဲ့ Code of Practices တွေ ရှိမှာမို့ ရှာဖွေ မှီငြမ်းနိုင်ပါတယ်။
      1. PUB (Singapore Public Utilities Board – http://www.pub.gov.sg) : Publications Website ဒီမှာ Sanitary, Sewerage, Storm Water Drainage Code တွေကို Free Download ရနိုင်ပြီး Water Service ကတော့ ဝယ်ယူမှပဲ ရနိုင်ပါမယ်။
      2. Singapore Defence Force (http://www.scdf.gov.sg/) – Publications Website မီးသတ်ဌာန ရဲ့ လိုအပ်ချက် တွေကို ပြဌာန်း ပေးထား တာပါ။ မီးသတ်စနစ် တွေကို ဒီဇိုင်း လုပ်တဲ့ အခါ ပါဝင်ရမဲ့ လိုအပ်ချက်တွေပါ။
      3. Singapore Standards eShop Website (http://www.singaporestandardseshop.sg): Code of Practices တွေ ဈေးကြီပေး ဝယ်နိုင်ရင် (သို့) ကုမ္ပဏီ ကို ဝယ်ခိုင်းလိုရင် ရနိုင်တဲ့ နေရာပါ။
    • စာရေးသူ ရဲ့ အခြား Post တွေကို လည်း ဝင်ရောက် လေ့လာ နိုင်ပါတယ်။
  5. Communication Skill
    • ခုတစ်လော စိတ်မချမ်းသာ စရာကြား နေရတာ က တော့ မြန်မာ တွေ ကို Communication Problem ရှိတယ် ဆိုတဲ့ အပြောတွေ ပါ။ နိုင်ငံရဲ့ အခြေအနေ အရ မူလ Exposure နည်းလေ့ရှိ တာ မို့ ဝမ်းနည်းစရာ အပြစ် တစ်ခု တော့ မဟုတ် ပါဘူး။ ဒါပေမဲ့ လိုအပ်တဲ့ လေ့ကျင့် မှု မရှိပဲ ဆက်နေတာ ကတော့ မဖြစ်သင့် ပါဘူး။ အဓိက အရေးကြီး တာက Communication ပါ။ အလုပ်ထဲမှာ အချင်းချင်း လုံးစေ့ပတ်စေ့ နားလည်ဘို့ လိုအပ်ပါတယ်။ ကိုယ်ပြောချင်တာ ကို လည်း အခြားသူ သေသေချာချာ နားလည်အောင် ထိထိရောက်ရောက် ပြောနိုင်ဘို့ လည်း လိုအပ်ပါတယ်။ English, American, Australian တွေလောက် ကောင်းအောင် ပြောစရာ မလိုပေမဲ့ ဖြစ်နိုင်ရင် တော့ Standard English ကိုသုံးစေချင် ပါတယ်။ Local တွေနဲ့ စကားပြောတဲ့ အခါ Local အသုံး ပါတာ ကလွဲ ရင်ပေါ့လေ။ ပြောလို့ ရနေတာ ပဲ ဆိုပြီး တော့ ရပ်မနေပါနဲ့။
    • အရေးအသား က လည်း သိပ်ညံ့မနေဘို့ လိုအပ်ပါတယ်။ လေ့ကျင့်ရင် ဖြစ်ပါတယ်။ ရေလိုက် ငါးလိုက်ပဲ ပြီးပြီးရော မနေကြပါနဲ့။ Communication Skills က လည်း အလုပ်မှာ အဆင်ပြေဘို့ နဲ့ တက်လမ်း ရဘို့ အတွက် လိုအပ်ချက် တစ်ခုပါ။ မြန်မာဆို အလုပ်ကြိုးစားပြီး တော်လို့ ကြိုက်ကြတယ် ဆိုတဲ့ အပြော ပြောင်းပြန် ဖြစ်လာတာ တာကို ကာကွယ်ချင်ရင် နောက်လူတွေ အတွက် လမ်းကြောင်း ကို အမှိုက်ပုံ ပေးသလို မဖြစ်စေ ချင်ရင် အတတ် နိုင်ဆုံး လေ့လာကြပါ။
    • Radio ပါတဲ့ Mp3 Player ဖြစ်ဖြစ် Mobile Phone ပဲဖြစ်ဖြစ် တစ်ခုလောက် ရှိ ရင် Communication Skill Improve ဖြစ်ဘို့ BBC ဖြစ်ဖြစ် Singapore Channels တွေဖြစ်ဖြစ် နားထောင် နိုင်ပါတယ်။ BBC World Service (UK) ကလည်း ၂၄ နာရီလွှင့် နေတာပါ။
    • National Library ရဲ့ Branch တွေကလည်း နေရာ အနှံ့ မှာရှိပါတယ်။ လူစည်ကား တဲ့ နေရာတွေ မှာ လည်း ရှိလေ့ရှိပါတယ်။ member ဝင်ထားရင် အခြားစာအုပ် တွေ၊ Language Literature စာအုပ် တွေ ကို သာမက Language CD တွေ ကိုပါ ငှားရမ်း နိုင်ပါတယ်။ Premium Membership ဆိုရင် Multi-Media DVD/CD တွေတောင် ငှားလို့ ရပါသေးတယ်။ Language Literature / CD တွေကို ငှားပြီး mp3 rip လုပ်ထားရင် MRT / Bus စီးရင်း လည်း နားထောင် လို့ ရတာပေါ့။
  6. ကျောင်းဆက်တက် ဘို့
    • ဖြစ်နိုင်ရင် အချိန်ပိုင်း ကျောင်းဆက်တက် နိုင်ပါတယ်။ တက်သင့်တယ် လို့လည်း ထင်ပါတယ်။
    • အလုပ် နဲ့ ကျောင်းကို တစ်ပြိုင်တည်း Manage လုပ်ဘို့က လွယ်လှတာ တော့ မဟုတ်ပါဘူး။ အထူးသဖြင့် စင်္ကာပူ က အလုပ်တွေ အားလုံး လိုလို က Very Demanding ပါ။ အချိန်မီ မပြီးရင် မပြီးမချင်း လုပ်ရတာ များပါတယ်။ သိပ်ပြီး အလုပ်ချိန် များတဲ့ နိုင်ငံ ပါ။
    • အချိန်ပိုင်း ကျောင်းတက် မယ် ဆိုရင် တော့ ဒဏ်ခံ နိုင်ဘို့ လိုပါတယ်။ အလုပ်ရှင် နဲ့ လည်းပြေလည် ဘို့လိုပါတယ်။ ဥပမာ ကျောင်းမရှိ တဲ့ နေ့ အလုပ် ပိုလုပ်ပေးတာ မျိုး၊ အလုပ် ကို လည်း ဦးစားပေး မလျော့ တာ ပြသ ဘို့ လိုပါတယ်။
    • ဒီလို အခက်အခဲ တွေကြား ကကျောင်းပြီး သွားတဲ့ သူတွေ အများကြီးပါ။ ကိုယ့်တက်လမ်း ကိုယ်ရှာ ကြတာပဲလေ။ ကျောင်းဆက် တက်ဘို့ ဆုံးဖြတ် ခဲ့ရင် ပထမ ကျောင်းကို သေချာ ရွေး၊ ကိုယ်ဝင်ခွင့် ရနိုင်၊ မရနိုင် ချင့်ချိန်၊ ကျောင်းလခ၊ စရိတ် အချိန် နဲ့ အကျိုးရလာဒ် ကိုတွက်။ ဆုံးဖြတ် ပြီးရင်တော့ နောက် မဆုတ်နဲ့ ပေါ့။
    • စကာင်္ပူ မှာက သင်တန်းတွေ အမျိုးမျိုး ရနိုင်ပါတယ်။ ဆောက်လုပ်ရေး မှာဆိုရင် လည်း အလုပ်သမား တွေ ကျွမ်းကျင်လုပ်သား ဖြစ်စေဘို့ သင်တန်းတွေ ရှိသလို၊ အင်ဂျင်နီယာ တွေ အတွက်လည်း Training Courses အမျိုးမျိုးရှိပါတယ်။
    • ပထမ ဦးစားပေး တက္ကသိုလ်များ။
      1. NUS (National University of Singapore): http://www.nus.edu.sg/
      2. NTU (Nanyang Technological University): http://www.ntu.edu.sg/

      ဒီ တက္ကသိုလ် တွေမှာ Post-Graduation (Masters/Phd) Programs, Diploma Programs, Part-Time Degree (Bachelor) Programs တွေရှိပြီး လိုအပ်ချက် တွေကို သူတို့ရဲ့ WebSites တွေမှာ သွားရောက် လေ့လာ နိုင်ပါတယ်။

    • Construction Industry အတွက် သင်တန်း တွေပေး နေတာ ကတော့ BCA (The Building and Construction Authority) ရဲ့ BCA Academy ပါ။ အဲဒီမှာ နာရီပိုင်း သင်တန်း၊ ရက်တို သင်တန်းတွေ အပြင် Specialist Diploma in M & E Co-ordination လို Diploma သင်တန်းတွေ လည်းရှိပါတယ်။
    • တခြားနိုင်ငံ တွေ (U.S, U.K, Australia) က လာဖွင့်တဲ့ သင်တန်းတွေ လည်းရှိပါတယ်။ နိုင်ငံတကာ အသိမှတ် ပြု၊ မပြု။ အထူးသဖြင့် သက်ဆိုင်ရာ နိုင်ငံ မှာ ဘယ်အဆင့် အတန်းရှိတယ် ဆိုတာ သေချာ စုံစမ်း ပြီးမှ တက်ဘို့ကြိုးစားပါ။ အစိုးရ ကျောင်းတွေလောက် ဝင်ခွင့်မခက် ပေမဲ့ ကျောင်းလခ တော့ မြင့် နိုင်ပါတယ်။ ဥပမာ U.S က Kaplan University http://www.kaplan.com.sg/ လိုမျိုးပါ။ Accreditation ကိုတော့ မိမိဖာသာ သေချာစစ်ဆေး ရမှာ ဖြစ်ပါတယ်။
    • Polytechnics (စက်မှုသိပ္ပံ ကျောင်းများ)
      1. Singapore Polytechnic (SP) (http://www.sp.edu.sg/)
      2. Ngee Ann Polytechnic (NP) (http://www.np.edu.sg/)
      3. Temasek Polytechnic (TP) (http://www.tp.edu.sg/)
      4. Nanyang Polytechnic (NYP) (http://www.nyp.edu.sg/)
      5. Republic Polytechnic (RP) (http://www.rp.edu.sg/)
    • ပိုသိချင်ရင် Ministry of Education (ပညာရေး ဝန်ကြီးဌာန) က Website (http://www.moe.gov.sg/) ကို သွားရောက် လေ့လာ ပါ။
  7. CAD Softwares
    • Construction Industry မှာ အဓိက သုံးတာ ကတော့ AutoDesk’s AutoCAD® (Full (or) LT) ဖြစ်ပြီး Singapore Government အစိုးရ နဲ့ ပတ်သက်တဲ့ Mega-Projects အကြီးကြီး တွေ နဲ့ Plant /Process Engineering Construction တစ်ချို့မှာ Bentley’ s MicroStation ကိုသုံးကြပါတယ်။
    • Plant /Process Engineering Construction မှာ PDS Intergraph’s PDS® နဲ့ Plantcon’s PDMS တို့ ကို လည်း အဓိကသုံးကြပါတယ်။
    • အခြား Industries တွေမှာ တော့ AutoDesk ရဲ့ 3D modeling softwares တွေအပြင် PTC’ s Pro/ENGINEER နဲ့ Solid Works တွေကို လည်း သုံးကြပါတယ်။

Web-Links

  1. SMACNA Website [ http://www.smacna.org/technical/index.cfm?fuseaction=papers ]
  2. Author’s Posts [ http://chawlwin.blogspot.com/ ]
  3. Code References