စိတ်ဖမ်းပွဲ

Paing LayFebruary 26, 20141min26810

အချိန်ကား ဗြိတိသျှ ကိုလိုနီ မြန်မာပြည် တစ်နံတစ်လျား ကို သိမ်းယူကာ ကျွန်ပြု စိုးမိုးနေချိန်ဖြစ်ရကား… သူ့ကျွန်မခံလိုစိတ်သော မျိုးချစ်သူရဲကောင်းများ ထကြွနေချိန်ဖြစ်လေသည်။ ထို့ကြောင့် ယမ်းငွေ့မပြယ် … တစ်နယ်တစ်ကျေးမှ မအေးပေ။ မြန်မာပြည်တွင်း ငြိမ်ဝပ်ပိပြားရေး အတွက် မျက်နှာဖြူတွေဗျာများနေရသော ကာလဖြစ်သည်။

ထိုကာလအတွင်းအစိုးရမင်းများ ရုံးစိုက်ရာ မြို့ကြီးပြကြီးများနှင့် နှိုင်းစာလျှင် မြို့ငယ်နယ်စပ်ဂါတ်စခန်းများ လွန်စွာ ရှုပ်ထွေးသော ရာဇဝတ်မှုများနှင့် လုံးလည်ချပ်ပြား ဖြစ်၍နေရသည်။

“ဆရာရေ…ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်း ဆိုသလို ဖြစ်တော့မှာပဲ မနေ့ညက ချစ်တီး မရန်ဒါကို သတ်သွားလို့တဲ့” ရာဇဝတ်အုပ် ဦးမောင်ကလေး မျက်လုံးပြူးကာ လှမ်းကြီးပြီး “ဟေ…သေပလားကွဲ့” “ဪ…သတ်မှတော့ သေပြီပေါ့ဗျ” “ဒုက္ခတော့များပြီပဲ ဘယ်သူသတ်သလဲ၊ တရားခံကော မိပလား” “ဟုတ်ကဲ့၊ သတင်းရရချင်း ပုလိပ်အဖွဲ့နဲ့ ဆားပုလင်းမောင်ပြုံးတို့ မရမ်းချောင်းရွာကို လိုက်သွားကြတယ်။ ဆရာရောက်လာရင် သတင်းပို့ပါဆိုလို့”

ဦးမောင်ကလေးလည်း ရပ်လျက် တွေဝေနေရာမှ ပင့်သက် အရှည်ကြီးချပြီး သူ၏ရုံခန်းဆီ ခပ်စိုက်စိုက်ဝင်သွားလေသည်။ ထိုအခြေအနေကြောင့် ဂါတ်စာရေး  မောင်ထင်လည်း ပြောမိပြီးမှ မှားလေပြီလား ဟုတွေးကာ စိတ်မကောင်းဖြစ်မိသည်။ ရာဇဝတ်အုပ်ဦးမောင်ကလေးကား သူတို့ ဂါတ်ထဲသို့ မနေ့ကမှ ပြောင်းရွှေ့လာကာ ဒီမနက်မှစပြီး စခန်းထိုင်ရန် ရောက်ရှိလာခြင်းပင်…..။ဒါပေမယ့်လည်း တာဝန်အရ မပြောလို့လည်း မဖြစ်သဖြင့် အလိုက်မသိရန်ကောဟု အမျက်သင့်လည်း သင့်စေတော့ဟု တွေးကာ ရှိသည့် အမှုဖိုင်တွဲများ အား လှန်လှော စစ်ဆေးနေတော့၏။ဂါတ်တဲစခန်း အဝင်ဝ ကင်းရုံးကလေးတွင် ပုလိပ်သားလေး မောင်တူးရှိနေခိုက် ကင်းမှူးပုလိပ်ကြပ် အောင်ထွန်းရောက်လာကာ စစ်ဆေးသည်။

“ဘာထူးလဲ မောင်တူး” “မောင်တူးကင်းကျရင် ထူးတာများတယ်။ ကိုအောင်ထွန်းရေ” “အေးပါ ငါလည်း အဲ့ဒါပြောချင်လို့ မင်းဘက်လှည့်လာတာ မင်းမှာ မီးခြစ်ပါလား” “ပါပါသော်ကောဗျာ… ဟောဒီမှာပါ” မောင်တူးက သူ့ဘောင်းဘီအိပ်ကပ်ထဲက ဒေါင်းရုပ်ကြေီးမီးခြစ်ကို ထုတ်ပေးလိုက်၍ အောင်ထွန်းက လန်ဒန်ရိုး ဖရိုက်စီးကရက်အား ဟန်ပါပါ ပါးစောင်ခဲကာ မီးညှိရှိုက်ဖွာပစ်လိုက်သည်။

“ကြီးပွားနေပါလား ဆရာရဲ့..အပိုပါရင် တစ်လိပ်လောက်မျှပါဦး” “မပါဘူးကွ ဒါတောင်မနေ့က ရာဇဝတ်အုပ်ကို အရေးပိုင်မင်းဆီလိုက်ပို့ပေးလို့ အရေးပိုင်လူယုံ ချန်ဒယားဆီက တောင်းလာတာ တာဝန်ချိန် ဆေးလောက်မသောက်နဲ့ကွ အကျင့်ပါတယ်။ အဲဒါထက် မောင်ရင့်နာမည်လေးဘာလေး ပြောင်းလိုက်ပါလား” “ဗျာ!!!!!!ဘာဖြစ်လို့လဲဗျ” “အာ……မောင်ရင် ဒီဂီတ်မှာ ကင်းဝင်တာနဲ့ တစ်မှုမဟုတ် တစ်မှုတက်တော့တာပဲ၊ တက်လာတဲ့ အမှုကလည်း ဆင်က အဘခေါ်ရမယ့် အမှုတွေချည်းပဲ” မောင်တူးစိတ်ညစ်သွားဟန်နှင့်…..

“ဒါကတော့ တိုက်ဆိုင်တာပါ ကိုအောင်ထွန်းရာ” “ဟေ……မင်းနှယ် တိုက်ပဲတိုက်ဆိုင်ပါဦးတော့…ဒီမှာ ငါတွက်ပြမယ်၊ ကလိမ်ရွာ သူကြီးသား ငပေါက်အသတ်ခံရတုန်းကလည်း မင်းဂျူတီချိန်ပဲ၊ အေးရွာ ဓားပြမှုတုန်းကလည်း မင်းဂျူတီချိန်၊ တစ်ခါ မြို့အုပ်မင်း အမျိုးတွေနေတဲ့ ကန်ပိုင်းရွာ မှာ လူသတ်မှုဖြစ်တုန်းကလည်း မင်းဂျူတီချိန်ပဲ၊ ဒီအမှုတွေ တစ်မှုမှမပေါ်လို့ ပြောင်းရွှေ့ခံရတဲ့ ရာဇဝတ်အုပ်တွေလည်း သုံးယောက်ရှိသွားပြီ။ အခုလာပြန်ပြီ အခု ချစ်တီးအသတ်ခံရတဲ့ အမှု၊ ဦးမောင်ကလေးကလည်း ခုဆို စိတ်ညစ်နေလောက်ပြီ၊ နောက်ထပ် ဂါတ်တစ်ခုထပ်ပြောင်းရဖို့ သေချာနေပြီကွ မောင်တူးရ” မောင်တူးလည်း မခံချင်ဖြစ်သွားပုံဖြင့်….

“ဒီလိုတော့ မပြောနိုင်ဘူးလေ ကိုအောင်သိန်းရဲ့ ဆားပုလင်းတို့ ပြန်လာရင် တစ်ခုခုထူးနိုင်တာပဲ ဥစ္စာ” “ဟာ…..တော်ပါကွာ မောင်ပြုံးဆိုတဲ့ကောင် လေကျယ်နေတာနဲ့ပဲ တရားခံက ပြေးပြီ၊ ရောက်ကတည်းက တစ်မှုမှလည်း မဖော်နိုင်ဘူး။ အခုအမှုက ပိုတောင်ဆိုးဦးမယ်။ ချစ်တီးက မြို့အုပ်မင်းတွေ အမြဲတမ်း ပူဇော်ခစားနေတာဆိုတော့ သူတို့ လာဘ်အိုးကြီး သေရှာလို့ ငါတို့ ဂါတ်ထဲ ဖိအားပေးမှာပဲ မင်းတို့ရအောင်ဖော် မဖော်နိုင်ရင် အိပ်ရာလိပ်ပြင်ထားပေတော့လို့ပြောမှာပဲ” “ကျုပ်အိပ်ရာလိပ်ကတော့ အလိပ်လိုက်အတိုင်းပဲ လေဗျာ…ဟိုမှာ”

မောင်တူးက ကင်းရုံပေါ်ရှိ သူ့အိပ်ရာလိပ်ကို ဆက်ပြကာ အရွှန်းဖောက်ဖို့ပြင်ခိုက် ခမ်းလှမ်းလှမ်းဆီမှာ အော်စတင်ကား အမျိုးအစား ကားလေးတစ်စီး ဂါတ်တဲဘက် မောင်လာတာတွေ့၍…“ကိုအောင်သိန်းရေ ဟိုမှာ…” “ဟိုက်..အရေးပိုင်မင်း ကြွချီလာပြီဟေ့….”

 

ချစ်တီးသူဌေး အသတ်ခံလိုက်ရသည့် သတင်းက မရမ်းကုန်းရွာတွင်သာမက အနီးပတ်ဝန်းကျင်ရှိ ထိန်ပင်စု၊ ကုက္ကိုတန်း၊ ဗျိုင်းကုလားရွာအထိပါ သတင်းပျံ့ကုန်ကာ အံ့အားသင့်ကုန်ကြသည်။ သည်နယ်တစ်ဝိုက်သည် မရန်ဒါ၏ ငွေဂုဏ်ဩဇာကား ကြီးမားလှသည်။ အတိုးကြီးစားမှန်းသိသော်လည်း ဆင်းရဲ ချွတ်ခြုံကျနေသည့် လယ်သမား ဘဝတို့ မြက်တစ်ပင်သည်လည်း အသက်ပဲ ထင်ကာ ဆွဲရသည်။ အဆိပ်ပါမှန်းသိသော်လည်း အငတ်ပြေအောင် စားရသည်။ ချစ်တီးကလည်း လူမိုက်များကို လက်သပ်မွေးပြီး ထိုအခြေအနေဆိုးကို အခွင့်ကောင်းယူက စပါးသိမ်း၊ လယ်သိမ်းသည်။ နောက်ဆုံး ဘာမှမရှိလျှင် မယားသိမ်း၊ နှမသိမ်းသော လူယုတ်မာ ဝါဒကို အသက်သွင်း အနိုင်ကျင့်ခြင်းဖြစ်သည်။

ထိုအခါ ဒေသခံပြည်သူလူထုနှင့် ချစ်တီးတို့ လူစုကြားမှာ တရားမမြင် ဓါးပဲမြင်သော အသိစိတ်ရိုင်းတွေ လွှမ်းမိုးလာခဲ့သည်။ ချစ်တီးတို့လူစုလည်း မခေ မိုက်ပေ့ ဆိုးပေဟူသော လူရမ်းကားများ တပည့်မွေးကာ အာဏာရှိသော မြို့အုပ်မင်း၊ အရေးပိုင်မင်းတို့ကို ဆရာမွေးထားသည်။ မတရားသဖြင့် သိမ်းယူရသမျှထဲက တပည့် ကိုအချို့စွန့်ကြဲပြီး အချို့အား ဆရာကို ပူဇော်ပသသည်။ အာခံလာသူရှိလျှင် ငွေပေးပြီးဖမ်းခိုင်းသည်။ ချစ်တီး ဩဇာ အရှိန်အဝါအောက်မှာ ခွက်ချွတ်လက်ချွတ်လိုက်ရသည့်အပြင် နှမပါ ချွတ်လိုက်ရသည်။ အချို့ စိတ်ဓာတ်ပြင်းထန်သူတို့ ချစ်တီးအင်အားစုကို ခုခံရင်း ဘဝပျက်အသက်စွန့်ကြရသည်။ ယခုမူ ချစ်တီးမရန်ဒါ အလှည့် တစ်ကျော့ပြန်ကံတရားပေလားဟု မဆိုနိုင်၊ လူမိုက်အစောင့်အရှောက် အခြွေအရံတွေကြားက လူယုတ်မာချစ်တီးကို ယောယုဝခရီးကို အနှင်ခံလိုက်ရသည်။ လူသတ်တရားခံဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိသေး။ ချစ်တီး သေဆုံးသွားခြင်း အတွက် တစ်ရွာလုံးက ကြိတ်ဝမ်းသာနေကြသည်။

“သေမှအေးမယ့် မသာ မြေမမြှပ်ဘဲ အပုပ်ခံပြီး ဠင်းတစာကျွေးပစ်ရမှာ” “အို…ငါကတော့ ငါ့လယ်ထဲမှာ မြှပ်ပြီး မြေဩဇာတောင် လုပ်ပစ်ချင်သေးတယ်အေ” “ဟဲ့!!!! နင်တို့ ပါးစပ်တွေ ပိတ်ထားကြစမ်း ဟိုမှာ ပုလိပ်အဖွဲ့တွေ ရွာထဲရောက်နေပြီ” “ရောက်ပစေ…လူသတ်သမားကြီး ဘေးရန်ကင်းပါစေ မောင်မင်းကြီးသား ကျန်းမာပါစေတော်” “မိအေးတို့နဲ့တော့ ခက်တာပဲ”

ပုလိပ်အဖွဲ့များ တကယ်ပင်ရောက်ရှိနေကာ အခင်းဖြစ်ထားသော ချစ်တီးသူဌေး အိမ်ကား လုံခြုံရေးချထားလိုက်ပြီး တချို့ ရွာထဲလှည့်က သတင်းယူနေကြသည်။

“အကူအညီပေးပါ ဘယ်သူသတ်တယ်လို့ထင်လဲ” “ဘယ်သိမလဲဗျ” “ဘယ်အချိန်လောက်မှာ အော်သံတွေကြားလဲ ပြေးလွှားတာတွေကော ကြားလား ဘယ်ဘက်ကို ပြေးမယ်လို့ ယူဆလဲ” “အင်း…ကျုပ်တစ်ရေးနိုးတော့ ခြေရင်းက ကြက်ဖတွန်သံကြားတယ်ဗျ။ ပြန်အိပ်ပြီး ပြန်နိုးတော့ ဦးပြူးခြံထဲက နွားတွေ ရွာလယ်လမ်းပေါ်ပြေးတဲ့ကောင်ကပြေး ဝှေ့တဲ့ကောင်က ဝှေ့ပေါ့ဗျာ ကျုပ်အထင်တော့ ဒီနွားအုပ်က ရွာတောင်ဘက်က စားကျက်ကို စုန်ပြေးမယ်ထင်တာပဲ”

ဆားပုလင်း မောင်ပြုံးလည်း စိတ်ညစ်နေသည်။ ဘယ်သူလို့လဲ မေးလို့မရ ဖြေတော့လည်း တစ်လွဲ၊ သို့နှင့် ချစ်တီးနှင့် မျက်နှာချင်းဆိုင်အိမ်မှ တဲလေးတစ်လုံးသို့ ဝင်မေးသည်။ “အစ်မကြီးက ဒီမှာနေတာလား၊” “ဟုတ်တယ်” “ချစ်တီး မရန်ဒါကိုတော့ သိပါတယ်နော်” “အရေးပိုင်တွေ မြို့အုပ်တွေ အကာအကွယ်မပေးဘူးဆိုရင် ဓားနဲ့ထိုးမသတ်ဘူး ပါးရို်က်ပြီးတော့ သတ်ချင်တယ်၊ အခုသေတာကတော့ ငါမသတ်ဘူး ငါနဲ့လည်း မပတ်သက်ဘူး” “ဒါဖြင့် ဘယ်သူသတ်တယ်လို့ ထင်လဲဗျ” “ဘယ်သိမလဲ သိရင်လည်း ပြောစရာလား ဒင်းသေတာတောင် နောက်ကျနေသေးလို့” “အဲလိုတော့ ရမ်းမပြောနဲ့လေဗျာ” “ တစ်နယ်တစ်ကျေးလုံး ဒီလိုပဲ ပြောနေတာ မကျေနပ်ရင်ထွက်သွားးးးးးးးးးးးးးး”

ဆားပုလင်းမောင်ပြုံးလည်း စိတ်ညစ်ညစ်ဖြင့် ထွက်လာရသည်။ ချစ်တီးသေဆုံးမှုလည်း လေးလကြာသည်အထိ မဖော်ထုတ်နိုင်သဖြင့် ဆားပုလင်း မောင်ပြုံးလည်း ညောင်တုန်းဂါတ်သို့ နတ်လမ်းသဖွယ် မှတ်ကာ ပြောင်းရွှေ့သွားရလေတော့သည်။ ထို့နောက် ဆားပုလင်းမောင်ပြုံးအစား မန္တလေးသား ရာဇဝတ်အုပ် မောင်တုတ် ဆိုသူ ရောက်လာလေတော့၏။

 

ဆက်လက်ဖော်ပြပါဦးမည်။ ဒီလောက်နှင့် နားထားဦးမည် ဇာတ်သိမ်းမျှော်…………. 😀

Credit to-နတ်ရွာမိုး

10 comments

  • မင်း ခန့် ကျော်

    February 26, 2014 at 4:26 pm

    ဇာတ်သိမ်းကိုမျော် တဲ့။

    မျော်ရတာ အရေထူနေပြီမို့

    မမောတမ်းမျော်နေပါကြောင်းး ;mrgreen:

  • alinsett ( Gazette )

    February 26, 2014 at 6:34 pm

    နောက်တစ်ပိုင်းမှာ. . .
    copy/paste မဖြစ်သွားဖို့
    category ရွေးဖို့ မမေ့တော့ဘူးလို့လည်း မျှော်လင့်ပါကြောင်း
    copy/paste ဖြစ်သွားရင် ပထမစာမျက်နှာမှာ မပေါ်တော့ပဲ
    ပျောက်ဆုံးနေသောပိုစ့်တစ်ပုဒ် ဖြစ်သွားမှာစိုးလို့ပါ. . .
    🙂

  • Paing Lay

    February 26, 2014 at 7:57 pm

    လိုင်းမကောင်းတဲ့ကြားက အခုလိုဖစ်တွားထှာဂျို့ တွေ့ပုချိ :mrgreen:

  • ကျော်စွာခေါင်

    February 28, 2014 at 3:28 am

    ကိုပိုင်လေး
    ဖတ်ကောင်းတယ်ဗျ…
    ဒီလို ဝတ္တုတွေ မဖတ်ရတာ ကြာလှပြီ
    ဇာတ်သိမ်းထိ စောင့်ဖတ်ပါ့မယ်ဗျာ..။.

  • Paing Lay

    February 28, 2014 at 9:34 am

    အားပေးတဲ့အတွက် ကျေးကျေးပါဗျာ 🙂

  • Wow

    February 28, 2014 at 12:46 pm

    ဆိတ်ဖမ်းပွဲ ဟုတ်ဝူးလားဟင်င်င်င် :mrgreen:

    • မမချွိ

      February 28, 2014 at 12:54 pm

      ဖမ်းပြီးရင် နာ့ ကို ခွဲပေးအူးးး
      ဆိတ်သားကင် စားချင်လို့..

      :mrgreen:

      • Wow

        February 28, 2014 at 1:40 pm

        ကားရှေ့ခန်းမှာ ဆိတ်သားကင်ကျွေးပီး ဥ ထားတာဂို လူဂျီးဒွေ ညက်နှာပျက်အောင် မလုပ်နဲ့နော်… :mrgreen:

        • မမချွိ

          February 28, 2014 at 2:20 pm

          ဟယ်။
          မှတ်မိတယ်လားးးး
          ရဘူးးး
          ကျွေးရမယ်။
          ပို့(စ) ပိုင်ရှင်ရောပဲ။
          နာ့ ကို ဆိတ်သားကင်ကို သတိရအောင် လုပ်တဲ့သူတွေ….

          :mrgreen:

  • Paing Lay

    February 28, 2014 at 7:32 pm

    :hee: တိန်…..တေပီချာ……… :harr: :mrgreen:

Leave a Reply