ရွေးကောက်ပွဲ ကျင်းပချိန်တွင် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုကို ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်

petitelapineAugust 17, 20101min380

၂၀၁ဝ ရွေးကောက်ပွဲ ကျင်းပချိန်တွင် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုကို ကန့်သတ် ပိတ်ပင်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ သတင်း ရပ်ကွက်မှ စုံစမ်းသိရှိ ရသည်။

ယခု အချိန်အထိ ရွေးကောက်ပွဲ ကျင်းပမည့် ကာလကို တရားဝင် သတ်မှတ် ထားခြင်းမရှိသေး သော်လည်း ရွေးကောက်ပွဲကို ကမ္ဘာလှည့် ခရီးသည်များ လာရောက်မှု များပြားသော ပွင့်လင်းရာသီ အချိန်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။

“ရွေးကောက်ပွဲ ကျင်းပမယ့် ပွင့်လင်းရာသီ ရောက်ရင် ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုနဲ့ ပတ်သက်လို့ ကန့်သတ်တဲ့ ညွှန်ကြားချက်တွေ ထွက်လာမယ်” ဟု နေပြည်တော် အခြေစိုက် စစ်တပ် အရာရှိတဦးက ပြောသည်။

နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များကို ကန့်သတ်သည် ဆိုရာတွင် Free Individual Traveler (FIT) များကို ရွေးချယ် ပြီးမှ ခွင့်ပြုခြင်း၊ ဆိုက်ရောက်ဗီဇာ ပေးအပ်မှု ဆိုင်းငံ့ခြင်း၊ အမေရိကန်၊ ဥရောပနှင့် အနောက်နိုင်ငံကြီးများမှ နိုင်ငံခြားသား ခရီးသည်များ လည်ပတ်ခွင့် ခေတ္တ ဆိုင်းငံ့ခြင်းများ ပါဝင်နိုင်ဖွယ်ရှိကြောင်း ၎င်းက ရှင်းပြသည်။

“အသေးစိတ် အတိအကျရယ်လို့တော့ မပြောနိုင်သေးဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့် ရက်သတ်မှတ်ပြီးတာနဲ့ လုံခြုံရေးစီမံချက်က ဆက်တိုက်ဆိုသလို ရှိလာမယ်” ဟု ထို စစ်အရာရှိက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အရာရှိတဦးကမူ လက်ရှိ အခြေအနေတွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံခြားသား ခရီးသွားလာမှုကို ကန့်သတ်သည်ဆိုသော အမိန့်ညွှန်ကြားချက် တစုံတရာ ထွက်ရှိ မလာသေးကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲအချိန်တွင် ကန့်သတ်ပိတ်ပင်မှုများ ရှိလာနိုင်ကြောင်း ပြောဆိုသည်။

ပြည်တွင်းရှိ ခရီးသွားအေဂျင်စီများ၊ ဟိုတယ်များ အနေဖြင့် ရွေးကောက်ပွဲ ကျင်းပချိန်တွင် ကမ္ဘာလှည့် ခရီးသွားများ အပေါ် ပိတ်ပင်မှုများ ပြုလုပ်မည်ကို စိုးရိမ်နေကြသည်ဟု သိရသည်။

“ဆိုက်ရောက်ဗီဇာ စပေးကတည်းက ခရီးသွား အရမ်းကို တက်လာတယ်။ အခုမိုးတွင်းတောင် စပိန်နဲ့ ဥရောပ ခရီးသွားတွေ ပြည့်နေတယ်။ လာမယ့် ခရီးသွား ရာသီအတွက်လည်း ဟိုတယ်တွေရော၊ အေဂျင်စီတွေရော ဘွတ်ကင်တွေ အပြည့်ပဲ” ဟု ရန်ကုန်အခြေစိုက် ဧည့်လမ်းညွှန်တဦးက ပြောသည်။

အကယ်၍ စစ်အစိုးရက ရွေးကောက်ပွဲကြောင့် ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှု ကန့်သတ် ပိတ်ပင်လျင် ခရီးစဉ်များ ဖျက်သိမ်းရမည် ဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားအေဂျင်စီများ အကြီးအကျယ် နစ်နာ ဆုံးရှုံးမည်ဖြစ်ကြောင်း ဟိုတယ် မန်နေဂျာတဦးက ဆိုသည်။

“ဒီနှစ်က အရင်နှစ်တွေနဲ့မတူဘူး။ ခရီးသွား အရမ်းတက်လာတယ်။ ဟိုတယ်တွေနဲ့ ခရီးသွား လုပ်ငန်းတွေ အဆင်ပြေတယ်။ လုပ်ငန်းအရှိန် ကောင်းနေတဲ့အချိန် မလာရဘူးဆိုပြီး ကန့်သတ်တာတွေ လုပ်ရင်တော့ အကုန်နစ်နာမှာ။ ပုဂ္ဂလိကရောအစိုးရရော နှစ်ဦးစလုံး နစ်နာမှာ” ဟု ၎င်းက သုံးသပ်သည်။

ပြည်တွင်း သတင်းသမားတဦးကမူ ရွေးကောက်ပွဲကာလ ကမ္ဘာလှည့်ခရီးသည်များကို အစိုးရက ကန့်သတ်မှုများ ပြုလုပ်နိုင်ကြောင်း၊ ထိုသို့ ကန့်သတ်ရခြင်းမှာလည်း နိုင်ငံခြားသား သတင်းထောက်များက ကမ္ဘာလှည့်ခရီးသည်ပုံစံဖြင့်နို

င်ငံတွင်း ဝင်ရောက် စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်ပြီး သတင်းမှန်များ ဖော်ထုတ်ရေးသားကြမည်ကို စစ်အစိုးရက စိုးရိမ်သောကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“၂၀၀ရ ရွှေဝါရောင်တော်လှန်ရေးနဲ့ ၂၀၀၈ နာဂစ်မုန်တိုင်း နောက်ပိုင်းတွေမှာ နိုင်ငံခြား သတင်းစာဆရာတွေက ကမ္ဘာလှည့် ခရီးသည် ဗီဇာနဲ့ ပြည်တွင်းကို ဝင်ပြီး သတင်းယူ၊ ကမ္ဘာကို တင်ပြခဲ့ကြတဲ့ ဥပမာကလည်းရှိနေတော့ လာမယ့်ရွေးကောက်ပွဲမှာ နိုင်ငံခြားသား ခရီးသွားတွေ ပိတ်ပင်မှုတွေ သေချာပေါက် လုပ်လိမ့်မယ်ထင်တယ်”
ဟု ထို သတင်းသမားက ဆိုသည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကာ့တ်ကမ်းဘဲလ် မြန်မာနိုင်ငံ လာရောက်စဉ်ကလည်း ၂၀၁ဝ ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံခြားသား လေ့လာသူများကို ဝင်ခွင့်ပြုမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက တရားဝင်ပြော ဆိုခဲ့သည်။

ယခု မြန်မာနိုင်ငံသို့ ပြည်တွင်းခရီးသွားအေဂျင်စီ များမှတဆင့် ချိတ်ဆက်လာရောက် လည်ပတ်ကြသော ကမ္ဘာလှည့် ခရီးသည်များ အနေနှင့် ဓာတ်ပုံ မရိုက်ရမည့်နေရာများ၊ လည်ပတ်ခွင့်မပြုသော တားမြစ်ဧရိယာများသို့ ဝင်ရောက်မှု မရှိစေရန် ခရီးသွားအေဂျင်စီနှင့် ဧည့်လမ်းညွှန်များက အပြည့်အဝ တာဝန် ခံရကြောင်း စုံစမ်းသိရှိရသည်။