အကျဉ်းချလို ့မရတဲ့ ယုံကြည်ချက်

မစုဥာဏ္December 26, 20141min28516
photo: internet
photo: internet

ဒီဇင်ဘာလ ခရစ္စမတ်ညမှာ

နံရံတွေခြား၊ သံတိုင်ကြားမှ

မြူနှင်း ပျပျ ဆောင်းအလှ ကို ….. ငါ မှန်းဆမိတယ်။

 

မာကြော အေးစက်တဲ့ ကြမ်းပြင်ကို ကျောခင်း

ကြွက်တွေ၊ ကြမ်းပိုးတွေ ကို မောင်းထုတ်ရင်း ….

အမေ့လက်ရာ ထမင်းဟင်းတွေ ကို တမ်းတ

ချစ်ခင်သူတွေ ကို ငါ လွမ်းလှတယ်။

 

မတရားမှုကို အံတု၊ ယုံကြည်မှု ကို အားပြုလို ့

သံတိုင်တွေ နောက် ငါ ရောက်ခဲ့တယ်။

လွတ်မြောက်မှု ကို စတေး၊ အဲဒီ ယုံကြည်ချက် အတွက်

နုပျိုမှုတွေ ကို ငါပေးခဲ့ရတယ်။

 

ဖိ နှိပ် မှု စနစ်ကို တန်ပြန်၊ စစ်ဖိနပ်တွေ ကို အာခံပြီး

လွတ်လပ်မှု ကို အရင်းပြုလို ့ ……

အာဏာရှင် တစ်စု ကို ငါ စိန်ခေါ်ခဲ့တယ်။

ပုဒ်မတွေ ပလူပျံတပ်၊ ပြစ်မှုတွေ ထပ်ကာတိုးလို ့

သံတိုင်တွေ နောက် ငါ့ ကို ပို ့ခဲ့တယ်။

 

နံရံတွေခြား၊ သံတိုင်တွေ ကြားမှာ

ငါ ့ခန္ဓာ ကို ဖမ်းချုပ် မလှုပ်နိုင်အောင် တုပ်ခဲ့ပေမယ့်…

မပြောလိုက်ရတဲ့ အမှန်စကားတွေ ကြောင့် ဦးနှောက် အပုပ်မခံနိုင်လို့

ငါ့ ယုံကြည်ချက်တွေ အတားဆီးမဲ့ ….. လွတ်မြောက်လို ့နေဆဲ။

 

နောင်လာနောက်သားတွေ လွတ်လပ်ရေးတေးဆိုဖို ့ …..

ညစ်ထေးထေးလေကို ရှူရှိုက်

မှောင်မိုက်ညမှာ … ကြယ်တွေကို ငါဆက်လို ့ရေမယ်။

 

ချစ်သူတွေ နဲ ့ကွေကွင်း ငရဲတွင်းမှာ …

မပြောလိုက်ရတဲ့ အမှန်စကားတွေ ကြောင့် ဦးနှောက် အပုပ်မခံနိုင်လို့

ငါ့ ယုံကြည်ချက်တွေ အတားဆီးမဲ ့လွတ်မြောက်လို ့နေဆဲ။

ငြိမ်းချမ်းရေး အတွက် လှမ်းဆက်လို ့ရှာမြဲ။

 

(သံတိုင်နောက်ကွယ်မှ သူရဲကောင်းများအား ဦးညွတ်လျှက် )

 

မစုဉာဏ်

၂၀၁၄၊ ဒီဇင်ဘာ လ ၂၅ ရက်

16 comments

  • ခင်ဇော်

    December 26, 2014 at 1:21 pm

    ဟုတ်တယ်…!!
    ဘယ်သူ ဘာပြောပြော….
    ခုချိန်မှာ သူတို့ ဘာပဲ လုပ်နေလုပ်နေ
    သူတို့ ပေးးဆပ်ခဲ့တဲ့ လမ်းးကြောင်းးး တစ်ခု အတွက်
    အမြဲလေးးစားးးတယ်….

    :chit:

  • ခင် ခ

    December 26, 2014 at 1:55 pm

    အဲလို ပေးဆပ်သူတွေဟာ ဝေလည်းမွှေး ကြွေလည်းမွှေး တွေပါဘဲ။
    ဒါပေသည့် စစ်အာဏာရှင်ကတော့ အခုလို ဆက်ပြီးစကားကိုအဆုံးသတ်လေသည်
    ” ဝေလည်းမွှေး ကြွေလည်းမွှေး သေလည်းအေး “

  • သံတိုင်အကွယ်ထဲ ရောက်သွားတာကိုတော့ အားနာလှပါတယ်
    နိုင်ငံရေးလုက်ရင် အဖမ်းခံရတယ်ဆိုတဲ့နိုင်ငံထဲမှာမှ
    နိုင်ငံ့အရေးကို လှုပ်ရှားတက်ကြွမိကြသူတွေမို့
    သူတို့ ဘဝ သူတို့ အမောတွေကို ထပ်တူထပ်မျှ ခံစားမိပါတယ်

    ဒါမယ့် သံတိုင်နောက် မရောက်အောင်
    လုပ်လည်းလုပ်
    လှုပ်လည်း လှုပ်နေတဲ့
    လှုပ်နေနိုင်အောင် လုပ်တတ်တဲ့သူတွေကို
    ပိုသဘောကျတယ်။

    သံတိုင်ထဲရောက်သွားတာဟာ
    ဂုဏ်ယူစရာကောင်းတဲ့ ရလဒ်တော့မဟုတ်ဘူး။
    ဒါက စာနာသနားမှုသက်သက်

    သံတိုင်ထဲလည်း မရောက်အောင်
    ရှောင်ရှောင်တိမ်းတိမ်း အချိန်ကြာကြာ
    စိုက်လိုက်မတ်တပ် လုပ်နေနိုင်တဲ့သူတွေရဲ့ ရလဒ်
    အဲ့ဒါလေး မြင်ချင်တာ ဆိုပါတော့. . .

    :kwi:

    • kai

      December 27, 2014 at 2:40 pm

      မိုးသီးဇွန်ပေါ့..
      ၈၈ တွေထဲ ကျုပ်တော့သူ့အတွေးအခေါ်.. လေးစားမိ..

      • ကျနော်ကတော့ …အူးမင်းကိုနိုင် ပဲ…

        အစွန်းမရောက်သောနိုင်ငံရေး ရှုမြင်ပုံနဲ့… မှန်မှန်လေး လှုပ်ရှားနေတယ်လို့ မြင်မိတယ်..

        😆

    • မစုဉာဏ်

      December 29, 2014 at 12:53 am

      ကို အလင်းဆက် ပြောသလို၊ ထောင်နန်းမစံ အောင် ရှောင်နိုင်ရင်တော့ အကောင်းဆုံးပေါ ့။
      နိုင်ငံရေးလုပ်လို ့တံတိုင်နောက်ရောက်ရသူတွေထဲမှာ တချို ့ကလဲ “မျက်ကန်းမျိုးချစ်” တွေပါပါတယ်။ မှန်သောစကားခြင်း၊ လုှပ်ရှားမှုခြင်း တူပေမယ့် စကားလုံးရွေးချယ်မှု၊ ပြောတဲ့ လေသံ စ တာတွေ က မငြင်သာတဲ့ အခါ၊ တခါလှုပ်ရှားပြီး တခါထဲ အဖမ်းခံလိုက်ရတဲ့ သူတွေ၊ ထောင်ထဲမှာ အညတရ ကွယ်လွန်သွားရသူ နိုင်ငံရေးသမားတွေ လဲ အများကြီးပါ။
      ခေတ်ကာလ မကောင်းခင်တုန်းက နိုင်ငံရေးစာအုပ်တစ်အုပ် လောက် လက်ဝယ်ပိုင်ဆိုင်ထားရင်တောင် ပုဒ်မ အကြီးကြီးတွေ တတ်ပြီး ဖမ်းတတ်တဲ့ နိုင်ငံမှာ အဖမ်းမခံရအောင် ရှောင်နိုင်ဖို ့ကလဲ အခက်သား။
      ကျွန်မကတော့ အိမ်ထဲမှာ တရက်လောက် အပြင်မထွက်ပဲ နေရရင်တောင် နေမကောင်းချင် သလိုလို ဖြစ်တတ်သူမို ့…နှစ်ရှည်လများ ထောင်အခန်းကျဉ်းထဲမှာ အများအတွက် ဘဝတွေ၊ အချိန်တွေ ပေးနိုင်သူတွေ ကို လေးစားချီးကျူးမိတယ်။

  • Ma Ma

    December 26, 2014 at 6:17 pm

    စကားလုံးတွေ ကျစ်လစ်သိပ်သည်းလှပလွန်းလှပါပေတယ်။
    အဲလို ရေးတတ်ချင်လိုက်တာ။
    :kwi:

    • မစုဉာဏ်

      December 29, 2014 at 12:30 am

      ကျွန်မကလဲ Ma Ma ရဲ ့photo essays ခရီးသွားမှတ်တမ်းပုံ တွေ ကို (အထူးသဖြင့် “အမြင်ဆန်းချင် ရွာလှမ်းရှင်” လိုမျိုး မြန်မာ့အလှ ကို ဖော်ကြူးတဲ့ ပုံကောင်းကောင်းတွေ ကို ကြည့်ပြီး) ရိုက်တတ်လိုက်တာလို ့အားကျနေတာ။ မြန်မာ့အလှ ဆိုပြီး ပုံပြပွဲတွေ ဘာတွေ တောင် လုပ်သင့်တယ်။

  • padonmar

    December 26, 2014 at 9:32 pm

    ကိုယ့်မှာတော့ အဲသလို ကိုယ်ကျိုးစွန့်ပြီး တိုက်ပွဲဝင်ရဲတဲ့ သတ္တိမရှိတာကြောင့် အဲဒီသတ္တိရှင်တွေကို လေးစားပါတယ်။
    အနာခံရချိန်မှာ ကိုယ်ကျိုးစွန့်ရဲသလို
    အသာစံရချိန်ကျရင်လည်း ကိုယ်ကျိုးဆက်စွန့်ရဲဖို့ လိုပါတယ်။
    ဒီအင်္ဂါရပ်တွေနဲ့ ညီရင် လူထုမေတ္တာပန်း ထာဝစဉ် ဆင်မြန်းရမှာပါ။
    (ဖခင်ဗိုလ်ချုပ်နဲ့ ဒေါ်စု လိုပေါ့)

  • မြစပဲရိုး

    December 27, 2014 at 1:12 am

    ဆက်ဆက် ရေ
    စစ်တုရင်ကစားပွဲ မှာလိုဘဲ
    လမ်းပေါက်ပိတ်နေချိန်
    နည်းမျိုးစုံ နဲ့ ထိုးဖောက် ရာမှာ
    ပထမဆုံး နည်း က pawn နယ်စားလေးတွေ နဲ့ အစားခံ ဖောက်ရပါတယ်။
    တစ်ခြား အရုပ် တွေ က ပညာပါပါ နဲ့ ကာပေးနိုင်ရင်တော့ အဲဒီဖောက်ထွက်လာတဲ့ pawn လေး က တစ်ချိန် ပိုအားကောင်းတဲ့ ဘဝ ပြောင်းနိုင်ပါတယ်။
    တစ်ဖက် ကို ထိုးဖောက်ပြီး ပါသွား တဲ့ အကောင် လေးတွေ ကို ပြန်ကယ်ဖို့လဲ ကြိုးစားရပါတယ်။
    ကစားပွဲထဲ မယ် ရဲဝံ့ပြီး ဉာဏ်သုံးတတ်ဖို့တော့ လိုပေမပေါ့။
    ဒီတော့ အသေခံ pawn တွေကိုလဲ လေးစားသင့်/ လေးစားရပါတယ်။

    • မစုဉာဏ်

      December 29, 2014 at 1:14 am

      မြစပဲရိုး ပေးတဲ့ ဥပမာ က တော်တော်ကောင်းတယ်။
      အသေခံ pawn တွေ အများကြီး က နှစ်အကြာကြီး အစားခံခဲ့ တာကြောင့် လဲ မြန်မာ့ နိုင်ငံရေး အကျဉ်းသားတွေ ရဲ ့ဘဝ အခြေအနေ ကို ကမာက ပိုမို အာရုံစူးစိုက်လာစေပြီး၊ နောက်ပိုင်း ဦးခွန်ထွန်းဦး တို ့ ကိုမင်းကိုနိုင်တို ့လို နာမည်ကြီး နိုင်ငံရေး အကျဉ်းသားတွေ ရဲ ့လုှပ်ရှားမှု တွေ ကို ပိုမို အထောက်အကူ ပြုစေခဲ့တယ်လို ့မြင်ပါတယ်။

      တနွယ်ငင် တစင်ပါ နှိပ်ကွပ်လေ့ရှိတဲ ့ကျွန်မတို ့နိုင်ငံမှာ…. နိုင်ငံရေး အကျဉ်းသားတွေ တင် မကပဲ သူတို ့ရဲ ့သားသမီးတွေ ၊ မိသားစုဝင် တွေပါ အနည်းနဲ ့အများ ပေးဆပ်ကြရတာမို ့…အဲဒီလို ဖြစ်နိုင်တာကို သိသိကြီးနဲ ့စွန် ့စားရဲ၊ တော်လှန်ရဲ တဲ့ သူတွေ ကို
      လေးစားမိတယ်။

  • manawphyulay

    December 27, 2014 at 4:13 pm

    ပေးဆပ်သူတွေအတွက် အမြဲ ဂုဏ်ယူ လေးစားနေမိပါတယ်…

  • kyeemite

    December 29, 2014 at 3:27 pm

    .ကောင်းလိုက်တဲ့ခရစ္စမတ် ကဗျာလေးပါ
    .ဆရာအောင်သင်းပြောဖူးတဲ့“ ရှေ့လူတွေ မစားပဲစွန့်ခဲ့လို့ နောက်လူတွေမစွန့်ပဲစားနေရတာတဲ့”
    .ကိုယ်ကျိုးစွန့် အနစ်နာခံသူတွေများစွာကြောင့်(သိပ်အကောင်းချည်းမဟုတ်သေးပေမဲ့) အထိုက်အလျှောက်
    .လွတ်လပ်မှုရှိလာတဲ့ ဒီနေ့ခေတ်ကိုရောက်လာတာပါ…
    .ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အသက်စတေးခံခဲ့ကြသူ သူရဲကောင်းများကိုလေးစားပါတယ်

  • uncle gyi

    December 29, 2014 at 11:34 pm

    .ကိုယ်ကျိုးစွန့် အနစ်နာခံ၊ အသက်စတေးခံခဲ့ကြသူ သူရဲကောင်းများကိုလေးစားပါတယ်
    ဒါပေမဲ့ဘုံတူညီချက်တခုအခြေပြုပြီးအတူယှဉ်တွဲလက်တွဲနိုင်ပါမှ
    အောင်မြင်မှုကိုမြင်ရမှာပါ

  • ကိုယ်မလုပ်နိုင်တဲ့.. မလုပ်ရဲတဲ့အရာတွေကို လုပ်နိုင်တဲ့ လုပ်ရဲတဲ့ သူရဲကောင်းတွေကို လေးစားမိပါတယ်..

Leave a Reply