ပြည်တွင်း ပြည်ပသို့ ပြေးဆွဲသည့် လေကြောင်း လိုင်းတချို့ အလွန်အမင်း အရှုံးပေါ်နေ

petitelapineAugust 19, 20101min942

ပြည်တွင်း ပြည်ပသို့ ပြေးဆွဲသည့် လေကြောင်း လိုင်းတချို့ အလွန်အမင်း အရှုံးပေါ်နေသဖြင့် ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ အခွန် မပေးဆောင် နိုင်ကြကြောင်း သတင်းရရှိသည်။

အခွန်မဆောင် နိုင်သဖြင့် လေယာဉ်ပြုပြင်ရန် အပိုပစ္စည်း တင်သွင်းခွင့် အပိတ်ခံရသော အဲပုဂံ၊ ရန်ကုန် အဲယားဝေးနှင့် အဲ မန္တလေး လေကြောင်းလိုင်း ၃ ခုအနက် အဲပုဂံ တခုသာ အကြွေးကျန်များ သွားရောက် ပေးဆောင်နိုင်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆောင်စရာရှိတာ အားလုံးဆောင်ပြီးပါပြီ။ အရင်တုန်းက လေကြောင်းလိုင်းတွေက ရှုံးတယ်ဆိုပြီး အခွန်မဆောင်ဘဲ နေကြတာ။ အခွန်ဦးစီးဌာနက ကုန်သွယ်လုပ်ငန်းခွန်ဆိုတာ ရှုံးရှုံးမြတ်မြတ် ပေးရမှာပဲဆိုပြီး တောင်းတာ။ အခုတော့ အားလုံးဆောင်ပြီးပြီ” ဟု အဲပုဂံလေကြောင်းလိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။

လိုအပ်သည့် လေယာဉ်အပိုပစ္စည်း တင်သွင်းရန် ပြည်တွင်း အခွန်များ ဦးစီးဌာန၏ အခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် လိုအပ်သည်ဟု သိရသည်။

တချို့လေကြောင်းလိုင်းများမှာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွင် အကျုံးဝင်နေသဖြင့် အကြီးစားပြင်ဆင်မှုများအတွက် အပိုပစ္စည်း ဝယ်ယူရန် အခက်အခဲ ရှိကြောင်း လေကြောင်းလိုင်းတခုမှ မန်နေဂျာတဦးက ပြောသည်။

ရန်ကုန်အဲယားဝေးနှင့် အဲမန္တလေး လေကြောင်းလိုင်းတို့သည် ATR-42 နှင့် ATR-72 လေယာဉ်များဖြင့် ပြေးဆွဲနေသော လေကြောင်းလိုင်းများဖြစ်သည်။

အဲမန္တလေး လေကြောင်းလိုင်းသည် လေယာဉ်အစိတ်အပိုင်းတချို့ကို ပြင်ဆင်ရန် လိုအပ်သည့် အပိုပစ္စည်း တင်သွင်းခွင့် မရသည့်အတွက် ခရီးစဉ်များကို ရပ်နားပြီး လေယာဉ်ကို ဘန်ကောက်မြို့တွင် သွားရောက် ပြုပြင်လျက်ရှိသည်ဟု သိရသည်။

အဲမန္တလေး ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ဇူလိုင်လကုန်မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ ရပ်နားထားပြီး လေယာဉ်ပြင်ဆင်မှု မပြီးပါက သတ်မှတ်ရက်ထက် ပိုကြာနိုင်သည်ဟု ခရီးသွားလုပ်ငန်း အေဂျင်စီများက ဆိုသည်။

ရန်ကုန်အဲယားဝေးမှ ဝန်ထမ်းတဦးကလည်း ၎င်းတို့လေကြောင်းလိုင်းသည် မကြာမီ ခရီးစဉ်များ ရပ်နားပြီး ပြည်ပနိုင်ငံတနိုင်ငံသို့ လေယာဉ်သွားရောက်ပြုပြင်ရန် အစီအစဉ်ရှိသည်ဟု ပြောသည်။

၎င်းတို့လေကြောင်းလိုင်းမှ အင်ဂျင်နီယာဌာနက ပြုပြင်ထိန်းသိမ်းမှုလုပ်ရန် လဲလှယ်ရမည့် ပစ္စည်းများစာရင်းကို မကြာခဏ တင်ပြသော်လည်း လတ်တလောတွင် လဲလှယ်ပေးနိုင်ခြင်းမရှိဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ပြေးဆွဲနေသော လေယာဉ်အများစုမှာ နှစ်ကာလ ကြာရှည်သော လေယာဉ်များဖြစ်ကြပြီး နေ့စဉ်လိုလိုပင် ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ရန် လိုအပ်သည်ဟု မြန်မာ့လေကြောင်း အင်ဂျင်နီယာဌာနမှ အရာရှိတစ်ဦးက ပြောသည်။

“လေယာဉ်ဆိုတာက ကားတို့၊ ရထားတို့လို မဟုတ်ဘူး။ စက်တခုခု ချွတ်ယွင်းပြီဆိုတာနဲ့ အပေါ်မှာ ပါလာတဲ့ ခရီးသည်တွေ အသက်ဆုံးရှုံးပြီမှတ်။ လိုတဲ့စက်ကိရိယာ တင်သွင်းလို့မရလို့ ပြုပြင်ထိန်းသိမ်းမှု မလုပ်နိုင်ဘူးဆိုရင်တော့ ခရီးသည်တွေအတွက်က အန္တရာယ်အရမ်းများတယ်” ဟု အဆိုပါအရာရှိက ဆက်လက်ပြောသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း လေယာဉ်ပြင်ဆင်ရေးဌာနမှ စက်ပြင်အင်ဂျင်နီယာတဦးကလည်း “မြန်မာ့လေကြောင်းလိုင်းက လေယာဉ်တွေက လေယာဉ်ထွက်မယ်ဆို နောက်တစီးက အစိတ်အပိုင်းကို ထွက်မယ့်လေယာဉ်မှာ ပြောင်းတပ်၊ နောက်တစီးထွက်မယ်ဆိုရင် အဲဒီလေယာဉ်ကဟာကို ဒီဘက်ပြောင်းတပ်နဲ့ အဲဒီလို ထွက်နေရတာ” ဟု  ပြောသည်။

မြန်မာနိုင်ငံတွင် လတ်တလော ပြည်တွင်းပြေးဆွဲပေးနေသည့် လေကြောင်းလိုင်းများမှာ အဲမန္တလေး၊ ရန်ကုန်အဲယားဝေး၊ အဲပုဂံ၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်းတို့ ဖြစ်သည်။

2 comments

  • tunaung

    August 19, 2010 at 12:26 pm

    အသက်ကိုဖက်နဲ့သာထုပ်သွားကြဟေ့

  • intro

    August 20, 2010 at 2:18 pm

    စိတ်ပျက်စရာပါလား၊ ဒီသတင်းသာ ဂျာနယ်ထဲ ပါလာရင် ဒီထက်ပိုပြီး လေကြောင်းလိုင်းတွေ လူစီးနည်းကုန်တော့မယ်ထင်တယ်ဗျာ…

Leave a Reply