အလင်းခြုံတဲ့ သတင်း Zone – 43

alinsettJune 25, 20151min19816

အပါတ်စဉ် တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone ကနေ ။။။။။

အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ ….

 

 

  • မြန်မာပြည်က အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်အားခ လစာ သတ်မှတ်လိုက်တဲ့ သတင်း၊

  • ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းပေးမယ်လို့ အစိုးရဘက်က ကတိပေးစကား ပြောကြားလိုက်တဲ့ သတင်း၊

  • လှေစီးဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ စက်လှေပေါ်က စကားပြန်နဲ့ လှေလုပ်သား အယောက် ၂ဝ ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တဲ့သတင်း၊

  • ဖွဲ့စည်းပုံ အခြေခံဥပဒေ ရ ခုကို ပြင်ဆင်ဖို့ သဘောတူခဲ့တဲ့ သတင်း

  • US ဝါရှင်တန်ဒီစီမြို့တော်ရှိ အိမ်ဖြူတော်မှာ ကျင်းပတဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ “ဝါဖြေ ညစာစားပွဲ”နဲ့ ပတ်သက်နေတဲ့ မြန်မာပြည်က လူ့အခွင့်အရေးလှုပ်ရှားသူရဲ့ သတင်း၊

  • EU ဥရောပသမဂ္ဂ ကောင်စီရဲ့ မြန်မာပြည် ရွေးကောက်ပွဲနဲပတ်သက်ပြီး သဘောထားထုတ်ပြန် ကြေညာချက်သတင်း၊

  • အရှေ့တောင် အာရှဒေသတွင်းနိုင်ငံတွေမှာ ဖွံဖြိုးမှုကွာခြားချက်တွေ လျော့နည်းစေဖို့ လုပ်ဆောင်နေတဲ့ ထိပ်သီးအစည်းအဝေးရဲ့ သတင်း ၊

  • ပညာရေးသပိတ် တိုက်ပွဲတွေ ပြန်စဖို့ အလားအလာ ရှိနေတဲ့ သတင်း ၊

  • မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေ ပိုမိုများပြားလာတဲ့ သတင်း၊

  • NLD ပါတီအောင်နိုင်ရေးဆိုင်ရာ ပြောကြားချက်များနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံ့အရေး လှုပ်ရှားမှုများ ၊

  • အိန္ဒိယ မြန်မာနယ်စပ်ရှိ မြန်မာပြည်ရဲ့ ပိုင်နက်အတွင်းမှာ ခိုအောင်းနေတဲ့ NSCN ခေါ် နာဂသူပုန်အဖွဲ့ရဲ့ အမာခံတပ်များနဲ့ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေများ၊

  • US မှာ ပြုလုပ်မယ် ့ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများနဲ့

  • အခြား သိမှတ်ဖွယ်ရာ သတင်းအဖြာအဖြာကို စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂၅ ။

မြန်မာပြည်တဝန်းရှိ အလုပ်သမားများ အားလုံး အတွက် တစ်နေ့တာ လုပ်အားခကို ကျပ် ၃၆၀ဝ သတ်မှတ် ထားရှိဖို့ သဘောတူ လိုက်ကြောင်း သိရပါတယ်။

အစိုးရ၊ အလုပ်သမားနဲ့ အလုပ်ရှင်များ ပါဝင်တဲ့ “အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး အမျိုးသားကော်မတီ” ရဲ့ နောက်ဆုံးအကြိမ် ဆွေးနွေးအပြီးမှာ သဘောတူညီမှုရရှိခဲ့တာဖြစ်ကြောင်း သိရပါတယ်။

အခုလို သတ်မှတ်လိုက်တဲ့ နှုန်းထားကို မကြာခင် အများပြည်သူထံ သတင်း ထုတ်ပြန်မှာဖြစ်ပြီး ကျေနပ်မှုမရှိ သူတွေကတော့ ၂ လအတွင်း ကန့်ကွက်ရမှာဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂၅ ။

အခုလက်ရှိကာလမှာ ဝေဖန်ပြောဆိုမှု များနေတဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ဆိုတဲ့ မဘသကို ထိုင်းနိုင်ငံရှိ သံဃာအဖွဲ့ တစ်ခုကနေ ရေဒီယို အသံလွှင့်ရုံ တည်ထောင်ပေးဖို့ အကူအညီတွေ ပေးမယ်လို့ သတင်းရရှိပါတယ်။

မဘသ အသံလွှင့်ရုံ တည်ထောင်ဖို့ အကူအညီပေးမယ့် ထိုင်းသံဃာ အဖွဲ့ကတော့ National Thai Buddhism and Cultural Mass Media Association ဆိုတဲ့ ထိုင်း ဗုဒ္ဓဘာသာ နဲ့ ယဉ်ကျေးမှုဆိုင်ရာ လူထုမီဒီယာ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာပြည်က မဘသ အဖွဲ့အစည်းကို ထိုင်းဘက်က သံဃာ့ အဖွဲ့ဘက်က စတင် ကမ်းလှမ်းလိုက်တာဖြစ်ပြီး အဆိုပါ အစီအစဉ်အတွက် ကုန်ကျငွေ သိန်း၇၀ဝ ကနေ သိန်း ၁၀၀ဝ အကြား လှူဒါန်းမှာ ဖြစ်ကြောင်း သိရပါတယ်။

မဘသ အဖွဲ့ကြီးအနေနဲ့ ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ် စောင့်ရှောက်ဖို့ အရေး မဘသရဲ့ လုပ်ဆောင်ချက်များနဲ့ မဘသ ဗဟိုက ရေးသားတဲ့ ဇာတိသွေး ဆောင်းပါးများ၊ ကောက်နုတ်ချက်များကို ထုတ်လွှင့်သွားမယ်လို့ ဆိုပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂၃ ။

ရခိုင်ပြည်နယ် မောင်တောမြို့အတွင်းက မြန်မာ့ရေပိုင်နက်အတွင်းမှာ တွေ့ရှိပြီး ကယ်ဆယ်ထားတဲ့ လှေစီးဒုက္ခသည် ၂၀ဝ ကျော်ကို တင်ဆောင်လာတဲ့ စက်လှေပေါ်က စကားပြန်နဲ့ လှေလုပ်သား အယောက် ၂ဝ ကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်ကြောင်း သိရပါတယ်။

အဆိုပါ လှေလုပ်သားတွေကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁) နဲ့ မောင်တောမြို့နယ်တရားရုံး တရားစွဲဆို အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

ပြစ်ဒဏ် အမိန့်ချမှတ်ခံရသူတွေဟာ ဧရာဝတီတိုင်း ၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တွေက ဖြစ်ပြီး လှေစီးဒုက္ခသည်တွေ စီးနင်းလာတဲ့ စက်လှေ ပိုင်ရှင်ကတော့ ထိုင်းနိုင်ငံသားတစ်ယောက် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား လှေစီးဒုက္ခသည် ၂၀ဝ ကျော်ပါတဲ့ စက်လှေတစ်စီးကို မြန်မာရေပိုင်နက်ထဲကို ရောက်ရှိလာရာမှာ မြန်မာရေတပ်က ဖမ်းဆီးရမိခဲ့တဲ့နောက်မှာ အဆိုပါ လှေစီးဒုက္ခသည်တွေအရေး အငြင်းပွါးစရာတွေ အခုအချိန်ထိ ဖြစ်နေပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂၃ ။

ဇွန်လ ၂၂ ရက်နေ့က ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးအတွင်း                                             ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြရာ ဥပဒေ ရ ခုကို ပြင်ဆင်ဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဥပဒေ ရ ခု ထဲမှာ သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေးဆိုင်ရာ ပြည်ထောင်စုအဆင့် တာဝန် ရှိသူများကို ပါတီ လုပ်ငန်း လုပ်ခွင့်ပေးထားတဲ့ အချက်လည်း ပြင်ဆင်မယ်လို့ သိရပါတယ်။

လက်ရှိ ဥပဒေ ပြင်ဆင်ချက်များ အတည်ဖြစ်ပြီးသွားတဲ့အခါ အခုလက်ရှိ သမ္မတ၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ စတဲ့ … အစိုးရ အဖွဲ့ဝင်များနဲ့ ၊ ပြည်ထောင်စုအဆင့်ရှိ အုပ်ချုပ်ရေး /တရား စီရင်ရေးဘက်က တာဝန်ရှိသူများဟာ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ပါက ပါတီ နာမည် သုံးပြီး မဲဆွယ်လို့     မရ တော့ဘူးလို့ ဆိုပါတယ်။

အခုလို ပြဌာန်းချက် ထွက်ပေါ်လာတာဟာ ပြည်ခိုင်ဖြိုး ပါတီဝင် အစိုးရ အဖွဲ့များနဲ ့                    ပြည်ခိုင်ဖြိုးအမည်ခံ လွှတ်တော် ကိုယ်စားလှယ်များအတွက် သိသာတဲ့ သက်ရောက်မှုတစ်ခု ဖြစ်ကြောင်း လေ့လာ သုံးသပ် နေကြပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂၃ ။

US ဝါရှင်တန်ဒီစီမြို့တော်ရှိ အိမ်ဖြူတော်မှာ ဇွန်လ ၂၂ ရက်က ကျင်းပတဲ့ အစ္စလာမ်ဘာသာဝင်များရဲ့ အထွဋ်အမြတ်ထားရာ “ဝါဖြေ ညစာစားပွဲ” ကို မြန်မာပြည်က လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုဆိုသူကို အမေရိကန်သမ္မတက ဂုဏ်ပြုဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ညစာစားပွဲအတွင်း မြန်မာပြည်တွင်းက လူ့အခွင့်အရေး အခြေအနေများ၊                                     ၂၀၁၅ ရွေးကောက်ပွဲအနေအထားနဲ့ အာရှဒေသတွင်း နိုင်ငံတကာက အာရုံစိုက်နေတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးတွေကိုပါ US ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဝါရှင်တန်ဒီစီမြို့တော်ရှိ US သမ္မတရဲ့အိမ်ဖြူတော်မှာ ကျင်းပတဲ့ “ဝါဖြေညစာစားပွဲ” ကို တက်ရောက်ဖို့အတွက် သမ္မတအိမ်ဖြူတော်ကနေပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ အမျိုးသမီးရေးလှုပ်ရှားသူ မဝေဝေနုကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

အိုဘားမားကိုယ်တိုင် တက်ရောက်ချီးမြှင့်တဲ့ အဆိုပါ ညစာစားပွဲအတွင်း မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ အခြေအနေတွေကို အဓိကဆွေးနွေးတင်ပြခဲ့ကြောင်း မဝေဝေနုက ဆိုပါတယ်။

Justice for Women အဖွဲ့ရဲ့ ဦးဆောင်သူ US သမ္မတဟောင်း Gorge W. Bush ရဲ ့ Bush Center က စီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှု ( Liberty and Leadership) သင်တန်းရဲ့ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်လက်ခံရယူဖို့ US ကို ရောက်ရှိနေတာ ဖြစ်ကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂၃ ။

၂ဝ၁၅ နှစ်အတွင်း ကျင်းပမယ်ဆိုတဲ့ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရဲ့အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်တဲ့အပြင် မြန်မာပြည် နောက်ပြန် မလှည့်ဘူးဆိုတာကို သက်သေထူနိုင်မယ့် အခွင့်အရေးတစ်ခုလည်း ဖြစ်ကြောင်း EU ဥရောပသမဂ္ဂ ကောင်စီက              သတင်း ထုတ်ပြန် ကြေညာလိုက်ပါတယ်။

EU ဥရောပသမဂ္ဂ ကောင်စီအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ စီးပွားရေး အသွင်ကူးပြောင်းရေးတွေအပေါ် ထောက်ခံအားပေးသွားဖို့ သံန္နိဌာန်ချမှတ်ထားကြောင်းလည်း သိရပါတယ်။

မြန်မာပြည်မှာ ရွေးကောက်ပွဲကျင်းပတဲ့အခါ ဒီမိုကရေစီနည်းကျပြီး အားလုံး ပါဝင်နိုင်ဖို့အပြင် ပွင့်လင်းမြင်သာမှု ရှိဖို့လည်း အထူးတိုက်တွန်းလိုက်ပြီး အထူးသဖြင့် နိုင်ငံ့ရေးရာတွေမှာ အမျိုးသမီးများပါဝင်ခွင့်ကို ထောက်ခံအားပေးဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် သမ္မတ၊ လွှတ်တော်သဘာပတိ၊ ကာကွယ်ရေးဦးစီးချုပ်၊                                            အတိုက်ခံ နိုင်ငံရေးပါတီခေါင်းဆောင်၊ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေ ပါဝင်တဲ့                     ၆ ပွင့်ဆိုင် နိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှု ကျင်းပဖို့ ကိစ္စရပ်တွေကိုလည်း ဥရောပ သမဂ္ဂကောင်စီ အနေနဲ့ ကြိုဆိုတိုက်တွန်းနေကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂၂ ။

အရှေ့တောင် အာရှဒေသတွင်းနိုင်ငံတွေမှာ ဖွံဖြိုးမှုကွာခြားချက်တွေ လျော့နည်းစေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် CLMV ထိပ်သီးဆွေးနွေးပွဲကြီးကို              ဇွန်လ ၂၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါ အစည်းအဝေးဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲက ဖွံ့ဖြိုးမှုနိမ့်ကျနေတဲ့ နိုင်ငံတွေ ဖွံ့ဖြိုးမှုကွာဟချက်များ လျော့ကျသွားအောင် ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ် ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် ၄ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ CLMV မှ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်ရေး၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ လူ့စွမ်းအား အရင်းအမြစ် ….စတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရမယ့် အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂၂ ။

ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေ ဖြစ်တဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းနဲ့ တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့က ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ကတိပေးစကား ပြောကြားလိုက်ကြောင်း သိရပါတယ်။

ရွှေတိဂုံစေတီတော်ကို ထိခိုက်စေမယ့် အန္တရာယ်တွေနဲ့ ကြုံနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေတိဂုံစေတီအနီးမှာ ဆောက်လက်စ ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ သံဃာတော်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရွှေတိဂုံစေတီတော် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့က ကန့်ကွက်ခဲ့ပြီးနောက်မှာ စီမံကိန်းကြီး ရပ်ဆိုင်းဖို့အထိ ဖြစ်လာကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းအစိုးရ တာဝန်ရှိသူတွေ ဖြစ်တဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းနဲ့ တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့က ဒဂုံစီးတီးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဇွန်လ ၂ဝ ရက် စနေနေ့မှာ ကတိပေးလိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်းနဲ့ တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်တို့ဟာ အဆိုပါ စီမံကိန်း ရပ်ဆိုင်းရေးအတွက် တက်ကြွလှုပ်ရှားနေတဲ့ ဆရာတော် ဦးပါမောက္ခနဲ့ တွေ့ဆုံပြီး နှုတ်ဂတိ ပေးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ရွှေတိဂုံစေတီတော် တည်ရှိရာ သိင်္ဂုတ္တရ ကုန်းတော်ကြီးဟာ သဲဆန်တဲ့ဂဝံမြေ ဖြစ်နေတဲ့အပြင်                   ရွှေတိဂုံ ဘုရားကြီးရဲ့ အောက်မှာ ရှိနေတဲ့ သဘာဝ ရေကြောတွေဟာ                                         အဆိုပါ ဆောက်လုပ်ရေးစီမံကိန်းတွေကြောင့် ပြောင်းလဲ ပျက်စီးသွားနိုင်ကြောင်း ပညာရှင်တွေက ခန့်မှန်းထားတာ ဖြစ်ပါတယ်။

အခုလက်ရှိအချိန်မှာတော့ ၁၅ ရက်အတွင်း ဒဂုန်စီးတီးစီမံကိန်းကို လုံးဝပယ်ဖျက်ပေးပါမယ်ဆိုတဲ့ နိုင်ငံတော်သမ္မတရုံးမှ အမိန့် ထုတ်ပြန်ပေးဖို့ ဆရာတော် ဦးပါမောက္ခ ဦးဆောင်တဲ့ သံဃာတော်တွေက တောင်းဆိုထားပါတယ်။

ဒဂုန်စီးတီးစီမံကိန်းဟာ ယခင် တပ်မတော် စစ်ရုံးချုပ်ဟောင်းနဲ့ မော်တော်ယာဉ်တပ်ရှိတဲ့ မြေနေရာမှာ ပြုလုပ်မှာဖြစ်ပြီး မြေဧက ၂ဝ ကျော်မှာ အထပ်မြင့်ကွန်ဒို အဆောက်အအုံတွေ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂၁ ။

ဇွန်လ ၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ပြီး အတည်ပြုလိုက်တဲ့အချက်ဟာ ကျောင်းသားထုက တောင်းဆိုထားတဲ့ အချက် ၁၁ ချက်နဲ့ မကိုက်ညီ်ဘူးဆိုရင် ပညာရေးသပိတ် တိုက်ပွဲတွေ ပြန်စမယ်လို့ သိရပါတယ်။

ပညာရေးသပိတ် တိုက်ပွဲ ပြန်စဖို့ အလားအလာရှိကြောင်းကို ဒီမိ်ုကရေစီ ပညာရေးလှုပ်ရှားမူ ဦးဆောင်ကော်မတီက ထုတ်ဖော် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွတ်တော်မှာ အမျိုးသားပညာရေးဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးချိန်က                      အစိုးရ၊ လွတ်တော် NNER အဖွဲ့နဲ့ ဒီမိ်ုကရေစီ ပညာရေးလှုပ်ရှားမူ ဦးဆောင်ကော်မတီစတဲ့ အဖွဲ့တွေရဲ့ လေးပွင့်ဆိုင် သဘော တူညီချက်တွေနဲ့ ကိုက်ညီမူ မရှိတဲ့အချက်တွေ ပါဝင်နေကြောင်းလည်း ဆိုပါတယ်။

ပညာရေးဆိုင်ရာ ကျောင်းသား သပိတ်ဟာ လက်ရှိအချိန်ထိ သပိတ်ကမှောက်ထားဆဲ ရှိနေပြီး၊ မြေလတ်သပိတ်စစ်ကြောင်းများအပါအဝင် ဧရာဝတီ၊ ထားဝယ်စစ်ကြောင်းတွေ ဟာလည်း တောင်းဆိုထားတဲ့ အချက် ၁၁ ချက်နဲ့ အညီဖြစ်မလာဘူး ဆိုတာနဲ့ သပိတ်တွေကို ဆက်လက် ချီတက်မှာ ဖြစ်ကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် တနိုင်ငံလုံး အတိုင်းအတာနဲ့ လှုပ်ရှားမူတွေကို ပြန်လည်စတင်ဖို့အရေး ဆွေးနွေး ညှိနိုင်း စရာတွေ ရှိနေကြောင်းလည်း သိရပါတယ်။

အစိုးရပိုင်းအနေနဲ့ လေးပွင့်ဆိုင်သဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖေါ်နိုင်ရေးအတွက်၊ နိုင်ငံတော် သမ္မတထံကို NNER အဖွဲ့က စာတင် တောင်းဆိုမယ့်အပြင် လက်ပံတန်း အရေးအခင်းတုန်းက ဖမ်းဆီး ခံလိုက်ရတဲ့ ကျောင်းသားတွေကို ပြန်လွတ်ပေးဖို့လည်း တောင်းဆိုနေပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂၁ ။

ရန်ကုန်မြို့ ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေ ပိုမိုများပြားလာကြောင်း အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ဟာ                                   ပညာရေးဌာန၊ လူမှုဝန်ထမ်းဌာန၊ ကျန်းမာရေးဌာန၊ ကုသရေးဌာန၊ ဥပဒေရေးရာအဖွဲ့များနဲ့ MANA စတဲ့ ဌာနများ ပေါင်းစပ်ပြီး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းများကို ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဒါ့အပြင် ညဘက်တွေမှာ သွားလာနေတဲ့ ယာဉ်တွေကို ပိတ်ဆို့ ရှာဖွေခြင်းများ ပြုလုပ်နေပြီး ပိတ်ဆို့စစ်ဆေးတဲ့အခါ မူးယစ်ဆေးဝါးတွေ အများဆုံး ဖမ်းမိတာကတော့ တာမွေမြို့နယ် ဖြစ်တယ်လို့ ဆိုပါတယ်။

တာမွေမြို့နယ်အတွင်း အခုနှစ် ဇန်နဝါရီလ ကနေ လက်ရှိအချိန်ထိ အမှုပေါင်း ၇ဝ လောက် ဖမ်းဆီး မိထားပြီး အဆိုပါ အမှု ၇ဝ ထဲမှာ အမှုပေါင်း ၅ဝ လောက်က ယာဉ်ပေါ်မှာ ရှာဖွေ တွေ့ရှိ ဖမ်းဆီး ရမိခြင်း ဖြစ်ကြောင်း သိရပါတယ်။

မြန်မာပြည်တွင်းက မူးယစ်ဆေး သုံးစွဲသူတော်တော်များများဟာ မြန်မာပြည်ရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေကို မသိရှိဘဲ သုံးစွဲ ရောင်းဝယ်နေကြတာ ဖြစ်ပြီး မြန်မာနိုင်ငံတွင်းမှာ ထုတ်ပြန်ထားတဲ့ မူးယစ်ဆေးဝါး ဥပဒေအရ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိလျှင် ထောင်ဒဏ် ငါးနှစ်၊                သုံးစွဲလျှင် ထောင်ဒဏ် ငါးနှစ်နဲ့ ရောင်းဝယ် ဖောက်ကားလျှင် ထောင်ဒဏ် ၁ဝ နှစ် ထိ ပြစ်ဒဏ် ခံရနိုင်ကြောင်း သိရပါတယ်။

မြန်မာပြည်အနေနဲ့ ဘိန်းထုတ်လုပ်မှု ပမာဏဟာ ၂ဝ၁၄ ခုနှစ်အတွင်း ဟက်တာ ၅၇၆ဝဝ မှာ စိုက်ပျိုးခဲ့တဲ့ ဘိန်းစိမ်း ထရစ်တန် ၆၇ဝ ရှိကြောင်း မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။

US နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂ဝ၁၅ ခုနှစ်အတွက် အစီရင် ခံစာထဲမှာလည်း မြန်မာပြည်ဟာ              မူးယစ် ဆေးဝါးနှင့်ပတ်သက်ပြီး ဒုတိယမြောက် ဘိန်းအများဆုံးထွက်ရှိတဲ့ နိုင်ငံအဖြစ် ထည့်သွင်း ဖော်ပြခံရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂၁ ။

မြန်မာပြည်မှာ မကြာခင်ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးဟာ                                  NLD ပါတီအောင်နိုင်ရေး သပ်သပ် မဟုတ်ဘဲ ဒီမိုကရေစီ အောင်နိုင်ရေး၊ ပြည်သူ့အောင်နိုင်ရေး ဖြစ်အောင် ကြိုးစားသွားမှာ ဖြစ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကြီး ဖြစ်မြောက်ဖို့နဲ့ ရွေးကောက်ပွဲမကျင်းပခင်မှာ တိုင်းပြည် အေးချမ်းတည်ငြိမ်ရေး ရှိဖို့အတွက် ပြည်သူတွေပါ ပူးပေါင်း ပါဝင်စေလိုကြောင်းလည်း တိုက်တွန်းလိုက်ပါတယ်။

အခုလာမယ့် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းမှာ ကျင်းပနိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ                  လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် NLD အဖွဲ့ချုပ်က ပြည်သူနဲ့အတူ ဆောင်ရွက်သွားမယ်လို့ ပြောဆိုပါတယ်။

ဒါ့အပြင် NLD ပါတီ ရွေးကောက်ပွဲဝင် မဝင် ဆိုတဲ့ သတင်းနဲ့ NLD ရဲ့ အမတ်လောင်းစာရင်းကို မကြာခင် ထုတ်ပြန်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

NLD ပါတီရဲ့ အမတ်လောင်းတွေဟာ ကိုယ့်ပိုင်ဆိုင်မှု စာရင်း၊ ဇနီးသားသမီးများရဲ့ ပိုင်ဆိုင်မှုနဲ့ ဘဏ်စာရင်းတွေကိုပါ စစ်ဆေးခံနိုင်ရမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

NLD ပါတီရဲ့ ဗဟိုကော်မတီ ပဉ္စမအကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၂ဝ ရက်နဲ့                          ဇွန်လ ၂၁ ရက်နေ့တွေမှာ ရန်ကုန်၊ ရွှေဂုံတိုင်မြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ရာ                           ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်များနဲ့ ဗဟိုကော်မတီဝင် တစ်ရာကျော် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂ဝ ။

အိန္ဒိယ မြန်မာနယ်စပ်ရှိ မြန်မာပြည်ရဲ့ ပိုင်နက်အတွင်းမှာ ခိုအောင်းနေတဲ့ NSCN ခေါ် နာဂသူပုန်အဖွဲ့ရဲ့ အမာခံတပ်တွေကို နှစ်နိုင်ငံ အတူ ပူးပေါင်းပြီး တိုက်ခိုက်ဖို့ အိန္ဒိယအစိုးရက ကမ်းလှမ်းချက် ပြုခဲ့တာကို မြန်မာအစိုးရက လက်မခံ ပယ်ချလိုက်ကြောင်း သိရပါတယ်။

မကြာသေးခင်ကပဲ နာဂသူပုန်တွေကို အိန္ဒိယ စစ်တပ်ရဲ့ အထူးတပ်ဖွဲ့တစ်ဖွဲ့က                          မြန်မာပြည် ပိုင်နက်ထဲအထိ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ သူပုန်စခန်းနှစ်ခု ကျသွားခဲ့ပါတယ်။

နောက်ဆက်တွဲအနေနဲ့ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီရဲ့ အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval မြန်မာနိုင်ငံကို ရောက်လာပြီး သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့                          နှစ်နိုင်ငံ – နယ်စပ်လုံခြုံရေးကိစ္စတွေ တွေ့ဆုံ ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန် ၂ဝ ။

မြန်မာပြည်ရဲ့ လူထုခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်ဟာ ဇွန်လ ၁၉ ရက်နေ့မှာ           အသက် ၇ဝ ပြည့်သွားပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ အခမ်းအနားကို နေပြည်တော်ရှိ လွှတ်တော်အတွင်းမှာလည်း ကျင်းပပြုလုပ်ခဲ့ပြီး မွေးနေ့ အမှတ်တရ စကားလည်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေထဲမှာ အခုနှစ်ကုန်ပိုင်းအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲကြီး မှန်မှန်ကန်ကန် ဖြစ်ပေါ်လာဖို့နဲ့ နိုင်ငံရေး အင်အားစု အားလုံးကလည်း နိုင်ငံ့ကောင်းကျိုးအတွက် ပြည်သူ့ အကျိုးစီးပွားဖြစ်မှုကို ဦးတည်ပြီး နိုင်ငံရေးလုပ်ကြဖို့ မွေးနေ ့မှာ တိုက်တွန်းခဲ့ပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ၊ မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က              ပြည်သူကို ဗဟိုပြုတဲ့ နိုင်ငံအကျိုးရှိစေမယ့် နိုင်ငံရေးဖြစ်အောင် ဝိုင်းဝန်းပံ့ပိုးကြဖို့ အရေး မြန်မာပြည်သူ လူထုနဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင် ပတ်သက်သူ အားလုံးကို တိုက်တွန်းလိုက်ပါတယ်။

၂၀၁၅ ခုနှစ်ဟာ ရွေးကောက်ပွဲ ကျင်းပမယ့်နှစ် ဖြစ်တာကြောင့် အင်မတန်မှ အရေးကြီးတဲ့ အချိန်ကို ရောက်နေတဲ့အပြင် မှန်ကန်တဲ့ ရလဒ် ထွက်ဖို့ဆိုတာ အင်မတန် အရေးကြီးနေတယ်လို့ ပြောပါတယ်။

နိုင်ငံရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးမယ့် ရွေးကောက်ပွဲကို ပြည်တွင်း ပြည်ပ ပြောဆိုချက်တွေ ထက် ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

ဒါ့အပြင် နိုင်ငံတနိုင်ငံ အနေနဲ့ သီးခြား ရပ်တည်လို့ မရဘူးလို့ ယူဆထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်သူတွေအနေနဲ့ ကမ္ဘာ့ အခြေအနေကိုလည်း မျက်ခြည် မပြတ်ကြဖို့ မွေးနေ့မှာ တိုက်တွန်းပြောဆိုပါတယ်။

အဲဒီ့နောက် ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ မွေးနေ့ကို လက်ဆောင်ပေးချင်သူတွေအနေနဲ့ အန်အယ်လ်ဒီကို မဲပေးကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။

နောက်ဆက်တွဲ ကြားသိရတာတစ်ခုကတော့ … ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံဇာတာဟာ အခု အသက် ၇ဝ ပြည့်ပြီး နောက်မှာ ရှေးဘုန်းရှေးကံတွေ မြင့်တက်လာတာကြောင့် အခုလာမယ့် ရွေးကောက်ပွဲမှာ မဲ အပြတ်အသတ်နိုင်ပြီး နိုင်ငံရဲ့ အမြင့်ဆုံး ရာထူးဖြစ်တဲ့ သမ္မတအဖြစ် ရောက်ရှိနိုင်တယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုက္ခပေး ခံရခြင်းများ၊လုပ်ကြံ ခံရခြင်းများ ကင်းစင်တဲ့အချိန်ကို ရောက်လာပြီဖြစ်ပြီး သမ္မတ ဖြစ်နိုင်တယ်လို့ ဟောကိန်းထုတ်လိုက်တာကတော့ နိုင်ငံကျော် မြန်မာနက္ခပညာရှင် စံဇာဏီဘို ဖြစ်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ ဘတ်ဖလိုးမြို့ ၊ Grant Street (between W. Ferry & Hampshire) မှာ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို ဇွန်လ ၂ရ ရက်၊ စနေနေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။

အခုနှစ်မှာ သင်္ကြန်အားကစားပြိုင်ပွဲများ ကျင်းပမှာ ဖြစ်ပြီး ဆုနှင်းသဘင်အစီအစဉ်လည်း ထည့်သွင်းထားပါတယ်။

ပိုက်ကျော်ခြင်း၊ ဘောလီဘောနဲ့ ဘောလုံးအားကစားများ အကြိတ်အနှယ် ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး ဗိုလ်စွဲတဲ့ အသင်းတွေကို သင်္ကြန်ပွဲတော် စင်မြင့်ပေါ်မှာ ဆုချီးမြှင့်မယ့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရပါတယ်။

စနေနေ့ နံနက် ၁ဝ နာရီ ကနေ ညနေ ၆ နာရီအထိ ကျင်းပမယ့် အတာသင်္ကြန်ပွဲတော်အတွင်းမှာ ရိုးရာအဆိုအကများ၊ စားသောက်ဖွယ်များ၊ ပါဝင်မယ့်အပြင် အမေရိကန်သူလေးတွေရဲ့ မြန်မာ့ရိုးရာ ဝတ်စုံ ဆင်မြန်း ကပြဖျော်ဖြေမှုများလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Mac book Air Laptop Computer ၊ iPhone 6 Plus ၊ iPhone 6 နဲ့ အခြားဆုမဲပေါင်း ၂ဝ ကျော်ထည့်သွင်းထားတဲ့ ကံစမ်းမဲ အစီအစဉ်လည်း ပါဝင်တဲ့အတွက် လက်မှတ်တွေကို တစ်စောင်လျှင် ၁ဝ ဒေါ်လာနဲ့ နီးစပ်ရာမြန်မာဆိုင်များမှာ ဝယ်ယူကံစမ်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

US ၊ တက္ကဆက်ပြည်နယ် ၊ အမာရီလိုမြို့ ရှိ ၊ ဇေယျသုခ ဓမ္မရိပ်သာအတွင်းမှာ ရှင်ပြု ရဟန်းခံ အလှုတော် မင်္ဂလာကြီး ကျင်းပမယ်လို့ သိရပါတယ်။

အဆိုပါ အလှူတော်မင်္ဂလာကို ဇူလိုင်လ ၄ ရက်ကနေ စတင်ပြီး ၂ ရက်တိုင်အောင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနဲ့ ကျင်းပမှာ ဖြစ်တာကြောင့် ကြွရောက်ပါဝင် ကုသိုလ်တော် ယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

အသေးစိတ် သိရှိလိုသူများအနေနဲ့ ဖုန်း – 806 373 1346, 806 674 5927 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

 

ကျွန်တော့်အနေနဲ့… ဒီသတင်းတွေကို …

Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…

(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )

ကျွန်တော်ဖတ်မိသမျှကို ကျွန်တော့်ဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လျှောက် ရှာ ဖတ်နေစရာမလိုပဲ…

ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့….

မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..

ကျွန်တော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်.

ကျွန်တော် တင်ပြတဲ့ ဒီသတင်းတွေကို …

အောင်ဇေမီဒီယာ သတင်းဌာန  www.azmtv.com  မှာလည်း

အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားဆင်နိုင်ပါကြောင်းးးး

 

Untitled-1

 

 

 

 

 

 

 

16 comments

  • ဇီဇီခင်ဇော်

    June 25, 2015 at 12:13 pm

    ဒီ တစ်ပတ်သီတင်းလေးတွေက နည်းနည်းအေးတယ်။
    မုန်တိုင်းမလာခင် လေငြိမ်နေတဲ့ အတိုင်းပဲ။

    • Alinsett @ Maung Thura

      June 25, 2015 at 12:18 pm

      မိုးတွင်းမို့… အေးနေတာလား မသိ..
      အဟိ
      :kwi:

      မုန်တိုင်းရယ်… မလာပါနဲ့…
      .သတ္တိရှိပြီး ထုတ်မသုံးရဲတဲ့ ကိုယ်တွေ ကြား…

      :mrgreenn:

  • ဦးကြောင်ကြီး

    June 25, 2015 at 12:22 pm

    ရွှေရေးထင်ထင်ကို ဖဘမှာ နှောက်ယှက်တဲ့ကောင် ရဲဖမ်းသွားတယ်ဆိုဒဲ့ သဒင်းဂေါကွ…။ ဒါမ ျိုးကြဒေါ့ အယာတိုလာ မာမွတ်ခိုမ် သီးသန့်ဖတ်ဖို့ တင်ရသလား..

    • Alinsett @ Maung Thura

      June 25, 2015 at 12:29 pm

      အူးကြောင်တယောက်ပဲ သီးသန့် မမြင်အောင်…အာ့မျိုးသတင်းတွေကျ ဖျောက်ပြီး တင်ထားတာလေ..

      :mrgreenn:

  • မြစပဲရိုး

    June 25, 2015 at 3:12 pm

    { ပညာရေးသပိတ် တိုက်ပွဲတွေ ပြန်စဖို့ အလားအလာ ရှိနေတဲ့ သတင်း ၊}
    ဒါမျိုး လေးများ စိတ်ဝင်စားပါတော့လား ကြောင်ကြောင်ရယ်။
    မပြောချင်ဘူး။ lol:-)))

  • မြစပဲရိုး

    June 25, 2015 at 3:42 pm

    အခြေခံဥပဒေပြင်ဆင်ရေး ထောက်ခံမဲနှင့် ကန့်ကွက်မဲများကို စတင်ရေတွက်နေပြီး
    လွှတ်တော်အမတ်များက မဲပေးရေတွက်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်
    +++++++++++++++++++++++++++++++++++++++++++
    “လျှို့ဝှက်မဲမေးစနစ် ကျင့်သုံးမဲခွဲ၊ ကြားနေမဲမရှိ၊ ကြားနေမဲသည် ကန့်ကွက်မဲဖြစ်မည်”

    ဆန္ဒမဲလက်မှတ်ဖြင့် လျှို့ဝှက်ဆန္ဒမဲပေးသည့် စနစ်ကို အသုံးပြုမည်ဖြစ်ပြီး ထောက်ခံလျှင်အမှန်၊ မထောက်ခံလျှင် ကြက်ခြေခတ်ရန် လွှတ်တော်ကိုယ်စားလှယ်များအား သူရဦးရွှေမန်းက ပြောကြားသည်။

    သူရဦးရွှေမန်းက ၎င်းကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ်များနည်းတူ မဲပေးမည်ဖြစ်ကြောင်း ပြောကြားပြီး ကြားနေမဲ ရှိမည်မဟုတ်ကြောင်း၊ ကြားနေမဲသည် ကန့်ကွက်မဲ ဖြစ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

    အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်များ ယခု မဲစပေးနေပြီဖြစ်သည်။

    http://7daydaily.com/story/40244

    ++++++++++++++++++++++++++++++++++++++++++++++
    DVB TV News

    ဖွဲ့စည်းပုံ ပြင်ဆင်ရန် ၄၇၅ မဲလိုုအပ်၊ လွှတ်တော်အမတ် ၅ဝ ခွင့်တိုင်
    =============================

    ဖွဲ့စည်းပုံ အခြေခံဥပဒေ (ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၅၉ (ဃ)၊ ပုဒ်မ ၄၃၆(က)၊ ပုဒ်မ ၄၃၆(ခ)၊ ပုဒ်မ ၄၁၈(ခ)၊ ပုဒ်မ ၆၀(ဂ) ) ပြင်ဆင်ရေး ဒီနေ့ ပြည်ထောင်စု လွှတ်တော်ထဲမှာ ကိုုယ်စားလှယ်တွေက ဆန္ဒမဲပေးပြီး အခုလက်ရှိ မဲစာရင်းတွေ ရေတွက်နေပါပြီ။ ဒီနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုတက်ရောကိခွင့်ရှိတဲ့ကိုယ်စားလှယ် ၆၃၃ ဦးရှိတာကြောင့် ၇၅% ရဖို့ဆိုရင် ကိုယ်စားလှယ် ၄၇၅ ယောက်က ထောက်ခံရမှာပါ။ ဒီကနေ့အစည်းအဝေးမှာ ကိုယ်စားလှယ် ၅ဝ ဦး ခွင့်တိုင်ထားတဲ့အတွက် ၄၇၅မဲရဖို့ အတွက် ကိုယ်စားလှယ်အားလုံးရဲ့ ၈၁.၄၈% ကျော်ကထောက်ခံမှ ဖွဲ့စည်းပုုံ အခြေခံဥပဒေကိုပြင်ဆင်နိုင်မှာပါ။

    ဒီနေ့ ပြည်ထောင်စုုလွှတ်တော် အစည်းအဝေး မနက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ် ၄၉ ယောက် ခွင့်တိုုင်ခဲ့ပြီး နေ့လည်ပိုုင်း ပြန်လည်စတင်ချိန်မှာ နောက်ထပ် လွှတ်တော်ကိုယ်စားလှယ် တယောက် ခွင့်တင်သွားတာမိုု့ စုုစုုပေါင်း အယောက် ၅ဝ ခွင့်တင်ထားပါတယ်။ ဆန္ဒမဲတွေကို မတက်တဲ့သူ ကန့်ကွက်၊ ကြားနေမဲ မရှိ၊ မပေးရင် ကန့်ကွက် လို့ သတ်မှတ်မှာ ဖြစ်ပါတယ်။

  • မြစပဲရိုး

    June 25, 2015 at 3:46 pm

    “အခြေခံဥပဒေ အရေးကြီးပုဒ်မများ ပြင်ဆင်ရန်မဲခွဲမှု ရှုံးနိမ့်”
    သမ္မတအရည်အချင်းသတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉ (ဃ) ကိုသာ ပြင်ဆင်ရန် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် မဲအသာရခဲ့သော်လည်း အဓိကပုဒ်မများဖြစ်သော ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမဲများ ရှုံးနိမ့်သွားပြီဖြစ်သည်။
    ထောက်ခံမဲရရှိခဲ့သည့် ပုဒ်မ ၅၉ (ဃ) သည် နိုင်ငံတော်အရေးရာများဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊စသည့်အမြင်များရှိရမည် အစား နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး ကာကွယ်ရေးစသည့် အမြင်များရှိရမည် ဟုပြင်ဆင်ရန် ထောက်ခံမဲပေးခဲ့ကြခြင်းဖြစ်သည်။
    ယနေ့မဲခွဲဆုံးဖြတ်မှုတွင် စုစုပေါင်း မဲပေးသည့် လွှတ်တော်ကိုယ်စားလှယ် ၅၈၃ ဦးအနက် ၇၅ ရာ ခိုင်နှုန်းကျော် သော ၄၇၅ ဦးက မဲပေးမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။
    ထို့ကြောင့် ၅၉ (စ)၊ ၄၃၆ အပါအဝင် ပုဒ်မများမှာ အမြင့်ဆုံး ၃၈ဝ ကျော်ဖြင့် ၇၅ ရာခိုင်နှုန်မကျော်နိုင်ဘဲ ပြင်ဆင်ခွင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်မှ ဟန့်တားထားသည့် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ရန်ထောကခံသူ ၃၂၁ မဲသာရရှိခဲ့သည်။

    ၅၉ (စ) ထောက်ခံမဲ ၃၂၁ (ရှုံးနိမ့်)
    ၅၉ (ဃ) ထောက်ခံမဲ ၅၅၆ (အောင်မြင်)
    ၆ဝ (ဂ) ထောက်ခံမဲ ၃၈၆ (ရှုံးနိမ့်)
    ၄၁၈ (ခ) ထောက်ခံမဲ ၃၈၆ (ရှုံးနိမ့်)
    ၄၃၆ (က) ထောက်ခံမဲ ၃၈၈ (ရှုံးနိမ့်)
    ၄၃၆ (ခ)ထောက်ခံမဲ ၃၈၈ (ရှုံးနိမ့်)

    မဲရှိမှုအခြေအနေကို အောက်တွင်စက်ဝိုင်းပြဇယားများဖြင့် ဖော်ပြထားပါသည်။

  • မြစပဲရိုး

    June 25, 2015 at 3:49 pm

    “ပြည်သူတွေစိတ်ဓာတ်ကျစရာမလိုဟု ဒေါ်အောင်ဆန်းစုကြည်ဆို”
    အခြေခံဥပဒေပြင်ဆင်ရေး မဲခွဲဆုံးဖြတ်မှုရလဒ်သည် သိပ်ပြီး ထူးထူးဆန်းဆန် မဟုတ်အံ့ဩစရာ မဟုတ်ဟုဆိုပြီး ပြည်သူတွေအနေနှင့် စိတ်ဓာတ်ကျစရာမလိုဘဲရှေ့ဆက်ပြီး ဘယ်လိုသွားရမလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိသွားသည်ဟု ဒေါ်အောင်ဆန်းစုကြည် မဲခွဲဆုံးဖြတ်မှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

    ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီးလည်း သိပ်စဉ်းစားတော့မည်မဟုတ်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်သည်။
    7Day News Journal

  • မြစပဲရိုး

    June 25, 2015 at 3:56 pm

    ဘာလဲဟ။
    နားမလည်ဘူး။
    . ၅၉(စ) ပြင်ဆင်ဖို့ ထောက်ခံမဲ ၅၅% က မနိုင်ဘဲ ကန့်ကွက်မဲ ၄၅% က နိုင်တယ်။ ?????
    . ကြားနေတွေ နဲ့ မဲ မပေးနိုင်သူ တွေ ကို ကန့်ကွက်မဲ လို့ ယူတာလား။

  • မြစပဲရိုး

    June 25, 2015 at 4:05 pm

    Eleven Media Group
    44 mins · Edited ·

    ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ) ပြင်ဆင်ရန် လွှတ်တော်တွင် လုံလောက်သော ထောက်ခံမဲ မရ

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များနှင့် ပတ်သက်ပြီး ယနေ့တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာတွင် ပုဒ်မ ၅၉ (ဃ) ပြင်ဆင်ချက် တစ်ခုသာ လိုအပ်သည့် ထောက်ခံမဲ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ထောက်ခံမဲ ရရှိမှုမှာ ၅၅၆ မဲဖြစ်သည်။

    ပုဒ်မ ၅၉ (ဃ) မူလပြဋ္ဌာန်းချက်မှာ နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်ဖြစ်ပြီး ပြင်ဆင်ချက်မှာ နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ကာကွယ်ရေး စသည့် အမြင်များ ရှိရမည်ဖြစ်သည်။

    အခြား ပြင်ဆင်ချက်များဖြစ်သည့် ပုဒ်မ ၅၉ (စ)၊ ပုဒ်မ ၆ဝ (ဂ)၊ ပုဒ်မ ၄၁၈ (ခ)၊ ပုဒ်မ ၄၃၆ (က)၊ ပုဒ်မ ၄၃၆ (ခ) တို့မှာ ပြင်ဆင်ရန် လိုအပ်သည့် ထောက်ခံမဲ အရေအတွက် မရရှိခဲ့ကြောင်း သိရသည်။ ပုဒ်မ ၅၉ (စ) က ထောက်ခံမဲ ၃၇၁ မဲ၊ ပုဒ်မ ၆ဝ (ဂ) က ထောက်ခံမဲ ၃၈၆ မဲ၊ ပုဒ်မ ၄၁၈ (ခ) က ထောက်ခံမဲ ၃၈၆ မဲ၊ ပုဒ်မ ၄၃၆ (က) က ထောက်ခံမဲ ၃၈၈ မဲနှင့် ပုဒ်မ ၄၃၆ (ခ) က ထောက်ခံမဲ ၃၈၈ မဲတို့သာ ရရှိခဲ့ကြောင်း သိရသည်။

    ပြည်ထောင်စုလွှတ်တော်တွင် မဲပေးခွင့်ရှိသူ ၆၃၃ ဦး ရှိသည့်အနက် ယနေ့ လွှတ်တော် တက်ရောက်သူ အရေအတွက်မှာ ၅၈၃ ဦး ဖြစ်ကြောင်းနှင့် ၇၅ ရာခိုင်နှုန်းကျော် ရရှိရန်အတွက် ထောက်ခံမဲ ၄၇၅ မဲ လိုအပ်ကြောင်း သိရှိရသည်။

    +++++++++++++++++++++++++++++++++++
    50% ကျော်ရင် နိုင်တာဘဲ မဟုတ်လား အရပ်ကတို့ရယ်။
    ၇၅% နိုင်မှ ဆိုတာ ညစ်ပတ်တာ။
    ဒါဆိုလဲ “လက် ရှိ ဥပဒေ ကို ထောက်ခံ” ကို မဲ ပေးခိုင်းလေ။
    အဲဒါဆို ၇၅% မပြောနဲ့ ၃၀% တောင် မရဘူး။
    ညစ်ပတ် စုတ်ပဲ့ ရိုင်းစိုင်း မိုက်ရိုင်း ကြတာ။
    . ယောကျာင်္ရင့်မကြီး တွေ လုပ်ပြီး အရှက်မရှိကြဘူး။
    အတော်ကို ကြောက်ကြပါလား။

    • မြစပဲရိုး

      June 25, 2015 at 4:14 pm

      ဒီလောက် မက် နေကြလဲ ယူသာထား လိုက်ကြတော့ဟာ။

      အခု ပုံစံ က နိုင်တာ ရှုံးတာ ထက် ၇၅% ကို ဘဲ တာကက်ထား နေတာ။ ဒါကြောင့် အများစု ထောက်ခံလဲ မထောက်ခံမဲ့ ၃၀% က သူ့အမာခံ ရှိပြီး ဖြစ်သား။
      Feeling စိတ်ပျက်။ :-(((

      . . ဒေါ်အောင်ဆန်းစုကြည် အတွက် ကတော့ ပညာ စေတနာ သိက္ခာ သမာဓိ ရှိတာ နာမည်ကျော်ပြီး မို့
      သူ့တစ်ကိုယ် အတွက် ကတော့ သမ္မတ ဖြစ်ဖြစ်/ မဖြစ်ဖြစ် ဘာမှ ထူးပြီး မနာ နိုင်ပါ။
      ဒီလူ ကို အစွမ်းရှိရှိ မသုံးနိုင်တဲ့ နိုင်ငံ ဘဲ နာမှာ။
      ဒါကို မသိ ကြ ရင်တော့ လဲ ဘို့သမား အဘများ ကြား တိုင်းပြည်က ဒုက္ခစရိယာ ကျင့်ရင်း ခန္တီစ ပါရမီ တိုးလာမယ်လို့သာ အကောင်းဖက်က တွေးကြပေတော့။

      • ဇီဇီခင်ဇော်

        June 25, 2015 at 4:46 pm

        စလုံးးလောက်ရှိတဲ့ ကျွန်းးလေးးနဲ့
        အမေနဲ့
        အမေ့နောက်လိုက်ချင်တဲ့ လူမှန်စစ်စစ်တွေနဲ့ တစ်ပြည်ထောင် ထူထောင်လို့ ရရင် ကောင်းမယ်..
        စားးလို့ ဝါးလို့ နှိပ်စက်လို့ မဝသေးးတဲ့ သူတွေ နဲ့ အဲ့ ကျွန်ခံချင်တွေ နဲ့ ကတော့ တိုင်းပြည် သတ်သတ်စီလေ…
        အဲလိုဆို ကောင်းမယ်…

    • Alinsett @ Maung Thura

      June 25, 2015 at 5:11 pm

      လူ့အတ္တ လူ့ဗာလတို့ အုပ်စိုးချင်နေသော တိုင်းပြည်
      .ရေစုန်မျောလေ ဆည်ဝက ဆယ်ကြချင်သူတို့ပျော်လေ လေ
      .တွေးလေလေ ရင်လေး ဒေါသထွက် နာကျင် ခံရခက်. . .

      • ဇီဇီခင်ဇော်

        June 25, 2015 at 5:51 pm

        တိုင်းရင်းသား ပြည်သူတွေ ကို အနိုင်ကျင့်ဖို့လောက်
        တိုင်းရင်းသူတွေ ကို မုဒိန်းကျင့်ဖို့ လောက်
        သာ အသိရှိတဲ့ စစ်တပ် အုပ်ချုပ်တဲ့ နိုင်ငံမှာ တိုင်းရင်းသားတွေ လက်နက်ကိုင်တာ မှန်တယ်..
        သူပုန်ထတာ မမှားဘူး…
        ဒီ စစ်တပ်ဟာ ပြည်သူ အတွက် ဘယ်နားးမှ အားးကိုးးမရ…
        သုံးးစားးမရဘူးး…
        တပ်မတော် မရှိရင် ဘာညာ လာမအော်နဲ့..
        သတ္တိရှိရင် တစ်နှစ်လောက်ပဲ နေရာမှန် စစ်တန်းးလျားးပြန်နေကြည့်လိုက်…

  • Mike

    June 26, 2015 at 1:16 pm

    . .The Voice Weekly
    2 hrs ·

    အခြေခံဥပဒေ ပြင်ဆင်ရေး မအောင်မြင်သော်လည်း NLD ကို မဲပေးပါက အစိုးရ ဖွဲ့နိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည် ကတိပြု

    နေပြည်တော်၊ ဇွန် ၂၅

    လွှတ်တော်တွင်း အခြေခံဥပဒေ ပြင်ဆင်ရေး မဲခွဲဆုံးဖြတ်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြင်ဆင်လိုသောအချက်များ အောင်မြင်ခဲ့ခြင်း မရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရရှိရေး ပြည်သူက မဲပေးပါက အစိုးရသစ် အဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကတိပြု ပြောကြားလိုက်သည်။
    “NLD ကို နိုင်အောင်လုပ်ပေး၊ အစိုးရဖွဲ့နိုင်ရမယ်” ဟု ၎င်းကဆိုသည်။

    NLD အနေနှင့် အစိုးရအဖွဲ့ ခေါင်းဆောင်လုပ်ကိုင်နိုင်မည့်သူကို ရွေးချယ်ထားပြီး ဖြစ်ကြောင်း၊ သို့သော် ချပြရန် မဖြစ်နိုင်သေးကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။

    ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း အခြေခံဥပဒေ ပုဒ်မ ၄၃၆ အပါအဝင် အရေးကြီးပုဒ်မ ခြောက်ခု မဲခွဲဆုံးဖြတ်မှုအပြီးတွင် ၎င်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးနှင့် သန့်ရှင်း၍ လွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် မှားနေသော မဲစာရင်းများကို စိစစ်ပေးရမည်ဖြစ်ပြီး ပြည်သူများ၊ မီဒီယာများအနေနှင့် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသည်။

    အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အောင်မြင်နိုင်မှု ရှိမရှိကို ၎င်းတို့ပါတီ အဖွဲ့အစည်းသာမက ပြည်သူကပင် ကြိုတွက်နိုင်သောကြောင့် ပြင်ဆင်နိုင်မှု မရရှိခြင်းကို ရှုံးနိမ့်သည်ဟု မမြင်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

    ယင်းပြင်ဆင်ရေးအတွက် ကြံ့ခိုင်ရေးပါတီမှ ရေးဆွဲတင်ပြသော မူကြမ်းတွင် ပြင်ဆင်လိုသည့် အချက်များ မပါဝင်သောကြောင့် သဘောမတူကြောင်း ၎င်းကဆိုသည်။

    ပြင်ဆင်ရေး မအောင်မြင်သော်လည်း ပြည်သူများအနေနှင့် မျှော်လင့်ချက် ပျောက်ကွယ်သွားရန် မလိုဘဲ ရှေ့ဆက်လုပ်ဆောင်နိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများကို ပြောကြားခဲ့သည်။

    အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရန် ပြည်သူ့အရွေးချယ်ခံ မဟုတ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးတည်း အနေနှင့် ချုပ်ကိုင်ထားခြင်းကြောင့် ဒီမိုကရေစီ အစစ်အမှန် ရရှိမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

    “တပ်မတော်ရဲ့ အနေအထားကို နားလည်တယ်။ တပ်မတော်ဆိုတာ အထက်က အမိန့်နာခံတာ ဖြစ်လေ့ဖြစ်ထ၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ သဘောထားအတိုင်း လုပ်ရမှာပဲ၊ ရွေးချယ်ခံ မဟုတ်တဲ့ ပုဂိ္ဂုလ်ကနေ ရာထူးကို ကိုင်ထားတဲ့သူဟာ နိုင်ငံတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ ပြုပြင်ပြောင်းလဲရေးကို ဟန့်တားလိုက်လို့ရတယ် ဆိုရင် ဒါ ဒီမိုကရေစီ မဟုတ်ဘူး၊ ဖြစ်သင့်ဖြစ်ထိုက်လို့လား၊ ကာကွယ်ရေးဦးစီးချုပ် ဆိုတာ သူ့အစဉ်အလာအရ တပ်ရဲ့ဖြစ်စဉ်အရ ဒီရာထူးကို ရထားတာ။ သူတစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရေး ဟန့်တားပိုင်ခွင့် အပြည့်အဝရှိတယ် ဆိုတာ ဖြစ်သင့်သလား။ ဒါ ဒီမိုကရေစီလားဆိုတာ အန်တီတို့ ပြောတဲ့ကိစ္စ” ဟု ၎င်းကဆိုသည်။

    ယင်းအပြင် ကြံ့ခိုင်ရေးပါတီမှ တင်ပြသော ပြင်ဆင်ရေး မူကြမ်းသည်လည်း လူကြားကောင်းရုံသာ ပြင်ဆင်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပြီးလုံလောက်သည့် အပြောင်းအလဲ မဟုတ်သောကြောင့် အပြောင်းအလဲကို မလိုလားသူများဟု ပြောဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

    • Alinsett @ Maung Thura

      June 26, 2015 at 4:06 pm

      update သတင်းတွေ လာရောက် ထည့်ပေး ဆွေးနွေးကြတဲ့အတွက်
      ဇူးဇူးပါခင်ဗျ

Leave a Reply