ကျွန်တော်ချစ်တဲ့မြို့

CourageMay 20, 20161min010

ကျွန်တော်ချစ်တဲ့မြို့

မန္တလေးမြို့နဲ့ ၄၂ မိုင်ဆိုတဲ့ အကွာအဝေးဟာ တစ်ကယ်ဆိုရင်တော့ နီးနီးလေးပါ။ ဒါပေမယ့် မြွေနဂါးကြီးတစ်ကောင်ရဲ့ ကျောပေါ်မှာ လမ်းလျောက်နေရသလို အချိုးအကွေ့တွေများလွန်းလှတဲ့ တောင်တက်လမ်းကြောင့် ၁ နာရီသာသာလောက်တော့ ကားမောင်ချိန်က ကြာတတ်တယ်လေ။
ဒီမြို့လေးက မင်းတုန်းဘုရင်နန်းစိုက်ရာ ရတနာပုံရွှေမြို့တော်ကြီးရှိတဲ့ မန္တလေးတိုင်းအတွင်းရှိပေမယ့် ထူးခြားလှစွာပဲ ရှမ်းအနွယ်ဝင် ဓနုတိုင်းရင်းသားတွေ အခြေချနေထိုင်ခဲ့တဲ့မြို့ဖြစ်နေတယ်။။ တောင်လှေခါး၊ ပန်းမြို့တော်၊ ချယ်ရီမြေစတဲ့ အမည်နာမတွေအမျိုးမျိုးနဲ့ တင်စားခဲ့တဲ့မြို့၊ ရဟန်းပညာရှိ လူပညာရှိများစွာရဲ့ စာပေ ပန်းချီ ဂီတတွေနဲ့ ဂုဏ်ယူအလှဘွဲ့ ဖွဲ့ခဲ့တဲ့မြို့လေ။ ဒီမြို့လေးက မောင်ကာကြီးချစ်ရတဲ့မြို့လေးပေါ့…။
မေမြို့ သို့မဟုတ် ပြင်ဦးလွင်လို့ အများကခေါ်ပေမယ့် မောင်ကာကြီးကတော့ ပြင်ဦးလွင် သို့မဟုတ် မေမြို့ သို့မဟုတ် ပြင်ဦးလွင်လို့ ခေါ်လိုက်ချင်ရဲ့။ သိကျတဲ့အတိုင်းလေ မောင်ကာကြီးဆိုတာက အလွန့်အလွန် အတွန့်တက်ချင်တဲ့သူမို့လာ။

တကယ်ဆို ‘ပြင်ဦးလွင်’ဆိုတာက ဒီမြို့လေးရဲ့ နာမည်အရင်းပါ။ ဘာလို့လဲဆိုတော့ အမရပူရရွှေမြို့တော်နဲ့ ရတနာပုံရွှေမြို့တော်ကြီးရဲ့ နယ်နိမိတ်သတ်မှတ်ရာမှာ ဒီမြို့လေးရှိတဲ့နေရာဟာလဲ ရွှေကြိုးနယ်နိမိတ် သတ်မှတ်ခြင်းခံခဲ့ရတဲ့နေရာပေါ့။ ပြောရရင် မင်းတုန်းမင်းတြားကြီးရဲ့အကို ပုဂံမင်းလက်ထပ်ကတည်းက ပြန့်ပြူးသော လွန်ပြင်ဦးမှာရှိလို့ ပြင်ဦးလွင်လို့ ခေါ်ဝေါ်ခဲ့တဲ့ ဓနုရွာလေးရှိတဲ့နေရာလေ။ နောက်ပိုင်း ကိုလိုနီခေတ်အရောက် အင်္ဂလိပ်တွေက နွေရာသီအပန်းဖြေဒေသနဲ့ ဗမာ(မြန်မာ)ပြည်အလယ်ပိုင်း စစ်စခန်းအခြေစိုက်ရာမြို့အဖြစ်တည်ထောင်ပြီး ကာနယ်မေကိုအစွဲပြုကာ မေမြို့အဖြစ် ခေါ်ဝေါ်ခဲ့တယ်။ ၁၉၉ဝနောက်ပိုင်းမှာတော့ ပြင်ဦးလွင်ဆိုတဲ့ အမည်ကို ပြန်လည်သုံးစွဲခဲ့လေရဲ့။
မောင်ကာကြီးမှတ်မိသေးတယ်။ ပန်းနုုရောင်ပွင့်ချပ်သေးသေးလေးတွေနဲ့ အပြိုင်အဆိုင်လှနေတဲ့ ချယ်ရီပင်တန်းမှာ စက်ဘီးစီးခဲ့တာ၊ အပ်ချောင်းလေးတွေလိုအရွက်တွေနဲ့ ညိုနက်နက်ပင်လုံးရှိကာ သင်းသင်းလေးမွှေးတတ်တဲ့ ထင်းရှူးပင်တွေကြားမှာ လမ်းလျှောက်ခဲ့တာ၊ မိတ်ကပ်လိမ်းထားသလို ဖြူလွလွအပင်ကြီးကနေထွက်လာတဲ့ ယူကလစ်တက်ခ်အနံ့ကို တဝကြီးရှူရှိုက်ခဲ့တာတွေ အခုချိန်ထိမှတ်မိနေပါသေးတယ်။
ပန်းမာလာအမျိုးစုံက အသွေးစုံတဲ့ ပွင့်ချပ်တွေနဲ့ အရောင်စုံတဲ့ အလှတွေဟာ ဒီမြို့လေးကို လွှမ်းခြုံထားလို့လေ။ မောင်ကာကြီးပြောရင် ပိုတယ်ထင်ဦးမယ်။ ဒီမြို့မှာပွင့်တဲ့ပန်းတွေ ဘယ်လောက်လှလဲဆို လမ်းဘေးမှာအလေ့ကျပေါက်တဲ့ ဒေသအခေါ် ဘိန်းပန်းဆိုတဲ့ တစ်ထွာသာသာ နီလာရောင်ပန်းလေးတွေက အစ ကြည့်လို့ကို ကောင်းနေတာ။ ဆိုတော့ကား အခြား ဒေစီတို့ ဂန္ဓမာတို့ ဆိုတာကတော့ ပြောမနေနဲ့ မျက်စိပသာဒဖြစ်စရာတွေချည်ပဲ။
ရာသီဥတုဆိုတာကရော ပြောစရာတောင်မလိုပါဘူး။ အလွန်တရာမှ ဟိုအရာကျယ်တဲ့ အင်္ဂလိပ်တွေကတောင် လန်ဒန်မြို့နဲ့ ဥတုချင်းဆင်တူတဲ့နေရာဆိုကာ အာရှတိုက်က လန်ဒန်လို့သတ်မှတ်ခဲ့တဲ့မြို့ဆိုတော့ စဉ်းစားသာကြည့်… ဘယ်လောက်တောင်နေလို့ကောင်းလိုက်မလဲဆိုတာ။ တကယ်ပါ တကယ်… မန်းမြို့နဲ့ကွာတာက ၄၂မိုင်ထဲရယ်။ ဒါမဲ့ အပူချိန်ကတော့ ဇောက်ထိုးပဲ။ မန်းမြို့ရဲ့ ဆောင်းဥတုဟာ ပြင်ဦးလွင်အတွက်တော့ နွေရာသီအနေအထားပဲရှိတယ်။ မောင်ကာကြီးငယ်ငယ်တုန်းကဆို မြူမမည် နှင်းမရောက်တဲ့ ပွင့်လွှာဖြူဖြူလေးတွေတောင်တွေ့ဖူးရဲ့လေ။
နည်းနည်းထပ်ပြီး ကွန့်လိုက်ဦးမယ်။ ဒီမြို့မှာနေထိုင်တဲ့ လူတွေကိုလဲကြည့်ဦး။ ရှမ်းရှိတယ်ဗျာ၊ ကရင်ရှိတယ်ဗျာ၊ ဗမာရှိတယ်ဗျာ၊ အခြားတိုင်းရင်းသား အနည်းစုလဲရှိတယ်ဗျာ။ ပြီးတော့ ဧည့်နိုင်ငံသားတွေဖြစ်တဲ့ တရုတ်ရှိတယ်ဗျာ၊ ဆစ်(ပန်ချာပီ)ရှိတယ်ဗျာ၊ ဂေါ်ရခါးရှိတယ်ဗျာ၊ မွတ်ဆလင်ရှိတယ်ဗျာ။ ဒီတော့ဗျာ ဒီမြို့လေးဟာ ပန်းတင်အရောင်စုံတာမဟုတ်ဘူး လူပါ အရောင်စုံရှိတယ်ပေါ့ဗျာ။
တောင်ပေါ်ဒေသမို့ သောက်သုံးရေရှားမယ်တော့မထင်နဲ့။ မြို့ကို ဖြတ်သန်းစီးဆင်းနေတဲ့ ခဲလောင်းချောင်းဆိုတာကလဲရှိသလို အဝီစိတွင်းတောင်မလိုပဲ နွေရာသီတောင်မခမ်းတဲ့ ရေတွင်းတွေကလဲ အိမ်တိုင်းနီးပါးမှာရှိနေပြန်ရော။
လည်စရာပတ်စရာလား… … … ပေါမှပေါ။ ဓါတ်တော်ချိုင့်ရေတံခွန်၊ အမျိုးသားကန်တော်ကြီးဥယဉ်၊ တရုတ်ဘုံကျောင်း၊ ပွဲကောက်ရေတံခွန်၊ ပိတ်ချင်းမြောင် မဟာနန္ဒမူလိုင်ဂူတို့ရှိပါ့။ ဒါတောင် မဟာအံ့ထူးကံသာရုပ်ပွားတော်၊ ရွှေမြင်တင်စေတီ၊ ဦးခန္တီဘုရား၊ တရုတ်ဘုံကျောင်းတို့လို ဘာသာရေးအဆောက်အအုံတွေကျန်နေသေးတယ်။ မြို့လေးကသေးလို့ အထင်တော့ မကျုံ့နဲ့။ အနှစ်အပြည့်ရှိတဲ့မြို့လေးပါ။
မောင်ကာကြီး ဒီမြို့လေးကိုချစ်တယ်ဆိုတာ ဖေါ်ပြပါ အကြောင်းအရာတွေအပြင် အခြားသော အခြားသော အကြောင်းတွေ အများကြီးရှိပါသေးတယ်။ ဒီအကြောင်းတွေများစွာထဲက အဓိက အကျဆုံးအချက်ကိုပြောရမယ်ဆိုရင်တော့ ‘ပြင်ဦးလွင် သို့မဟုတ် မေမြို့ သို့မဟုတ် ပြင်ဦးလွင်ဆိုတာ မောင်ကာကြီးရဲ့ ဇာတိမြို့’ မို့လို့ပေါ့။
ဟုတ်ပါတယ်… မောင်ကာကြီးဟာ… ပန်းမြို့တော် မောင်တို့ချယ်ရီမြေက တောင်ပေါ်သားလေးတစ်ယောက်ပါဗျာ… … …။

 Courage

About Courage

has written 49 post in this Website..

10 comments

  • Thint Aye Yeik

    May 20, 2016 at 10:21 am

    .တောင်ပေါ်သားတစ်ယောက် ဖြစ်ရတာ… ဂုဏ်ယူပါတယ်ဗျာ…ဆိုတဲ့..စိုင်းထီးဆိုင်သီချင်းလေးတောင် သတိရသွားသေး… ။

    ကျနော်တော့ ပြင်ဦးလွင်ကို ဘယ်တော့မှ ရောက်ဖြစ်မလဲ မသိ။ ရောက်ဖြစ်ရင်… အသိမိတ်ဆွေတစ်ယောက်ရှိတယ်လို့ ကိုကာကြီးကို မှတ်ထားလိုက်ပြီနော…

    .ပြင်ဦးလွင်နယ်ထဲမှာ … ရှိတဲ့ ဘုရားတွေ စေတီတွေ…ကျောက်တုံး အချွန်အတက်တွေကလွဲရင်..
    ကျန်တဲ့ ရေတံခွန်တို့…ဘာတို့ကို အလွန်တရာ သွားချင်လှပါကြောင်း…

    • Courage

      May 20, 2016 at 11:17 am

      အဟတ်
      ပြင်ဦးလွင်က အလည်သွားဖို့ထက် နားနေဖို့လာမယ်ဆို ပိုပြီးတော့ကောင်းတယ်ဗျ

  • ခင်ဇော်

    May 20, 2016 at 10:56 am

    ကြိုက်တယ် ကြိုက်တယ်။
    မေမြို့ကိုလည်း ကြိုက်။
    မေမြို့သားကိုလည်း အဲ အဲ ခင်တတ်တယ်လို့။
    နာ့မှာ မေမြို့သား သယ်ချင်းတွေ အများကြီးး

    :k:

    • Courage

      May 20, 2016 at 11:17 am

      ကျော့ကိုလဲ တစ်ယောက်ထပ်တိုးလိုက်ပါ :D

  • .ကျနော်တော့ ပြင်ဦးလွင်သားမဟုတ်ခဲ့ပေမဲ့ အဖေတာဝန်ကျရာလိုက်နေရင်း ၄တန်းကနေ ရတန်းထိနေခဲ့ဖူးတော့..ပြင်ဦးလွင်အရသာကို ကိုကာကြီးပြောခဲ့သမျှ ခံစားခဲ့ဖူးပါသကောဗျာ…
    .လွတ်လပ်ရေးနေ့တိုင်း ကျောက်တိုင်ကွင်းမှာ ကျင်းပတဲ့ ပွဲတွေ…သီတင်းကျွတ်ဆို မေမြို့ လားရှိုးလမ်း
    တစ်လျောက်ပေါ်က ခေတ်ပေါ်တီးဝိုင်းတွေကို စောင်ကြီးတွေပါတ်ပြီးအချမ်းဒဏ်ကိုအံတုလို့ ညနက်သန်းခေါင်
    .ကြည့်ခဲ့တာတွေ..လွမ်းနေမိသေး…ဆောင်းတွင်းဖက်ဆို သူငယ်ချင်းတွေနဲ့ တောစပ်ဝင်ပြီး ကြိမ်သီးကောက်
    .ညဖက်မီးလှုံရင်း လှော်စားရတာတွေ…မမေ့နိုင်စရာပေ….
    .အို..ဘယ့်..လွမ်းလို့မဆုံးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး :))

    • Courage

      May 20, 2016 at 6:17 pm

      ဦးမိုက်ပြောမှပဲ အလွန်တရာမှခန့်ညားတဲ့ မြင့်မြင့်မားမားကျောက်တိုင်ကြီးကိုလွမ်းမိသဗျာ

  • ဂျစ်စိန်

    May 20, 2016 at 11:28 pm

    တနေ့ကျ အလည်လာသောက်ဦးမဗျာ ဒါဗဲ

    • Courage

      May 20, 2016 at 11:43 pm

      လာပါလာပါ ဖိတ်ခေါ်တယ် ် ် ်

  • manawphyulay

    June 1, 2016 at 4:37 pm

    သူများတွေလိုတော့ ချစ်တဲ့မြို့တွေ မရှိပေမယ့်
    တောင်ပေါ်သူမဟုတ်ပေမယ့် တောင်ပေါ်ဒေသကိုတော့ ချစ်မိပါတယ်။ နှစ်သက်တယ်။ နေဖူးချင်တယ်။

Leave a Reply

%d bloggers like this: