မပြောမဖြစ်လို့ ပြောရပါမည်

ေဟသီJune 18, 20161min2053

မိုးအနည်းငယ် ရွာလိုက်ရုံနှင့် ရွှံ့ဗွက် ဗရပွ တို့က စက်မှုဇုန်အတွင်းရှိ လမ်းများကို ပိုမို အကျည်းတန် နေစေသည်။ ထို ရွှံ့ဗွက်များကို ကျွမ်းကျင်မှု အပြည့်ဖြင့် ကျော်နင်းရင်း ထမင်းချိုင့် ကိုယ်စီ ဆွဲ၍ အလုပ်ချိန် အမှီ ခပ်သွက်သွက် လမ်းလျှောက်လာခဲ့သည့် အလုပ်သမ ကလေးများ၏ မျက်ဝန်းများထဲဝယ် မျှော်လင့်ချက် အရောင်တို့က ကိုယ်စီရစ်ဝဲလျက် ရှိကြသည်။ လစာထုတ်ရက်လည်း မဟုတ်၊ အပိုဆုကြေး ပေးသည့် အချိန်အခါ လည်း မဖြစ်နိုင် သို့ပါလျှင် မည်သို့သော အကြောင်းက ထိုမိန်းကလေးတို့ မျှော်လင့်ချက် ဖြစ်ပါမည်နည်။ သူတို့၏ မျှော်လင့်ချက်တို့က အခြားမဟုတ်ချေ။ စက်ရုံတွင်း အလုပ်သမား အဖွဲ့အစည်းသစ်တစ်ခု ဖွဲ့စည်းနိုင်ရေး မဲပေးကြရမည် ဖြစ်သည်။ ထိုအသစ် ဖြစ်ပေါ်လာမည့် အဖွဲ့အစည်းအတွက် မျှော်လင့်ချက် အရောင်တို့က မျက်ဝန်းများထဲမှ ဖိတ်လျှံထွက်ကျ နေခြင်းသာ ဖြစ်ပါသည်။ လွတ်လပ်သော မျှတသော စည်းကမ်းရှိသော အဖွဲ့အစည်း ဖြစ်မည် ဟု မသေချာလင့်ကစား မိမိတို့အား ခေါင်းပုံဖြတ် အမြတ်ထုတ်တတ်သည့် အလုပ်ရှင်တို့၏  လက်မှ လုံးဝဥဿုံ ကယ်တင်နိုင်လိမ့်မည် ဟူသည့် အတွေးက ထို အလုပ်သမကလေးများ၏ စိတ်ကို နိုးကြား တက်ကြွစေနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ယခင် ဦးသိန်းစိန် အစိုးရလက်ထက်မှ စ၍ အလုပ်သမား ရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသည့် ဆန္ဒပြပွဲများ၊ အလုပ်သမားထု၏ တောင်းဆိုမှုများသည် သတင်းစာ၊ ဂျာနယ်တို့တွင် မတွေ့ချင် မမြင်ချင်မှ အဆုံး ဆက်တိုက် ဆိုသလို ဖြစ်လာခဲ့သည်။ အလုပ်သမားများ အတွက် လွတ်လပ်၍ ပွင့်လင်းမြင်သာသော လုံခြုံမှု အပြည့်အဝ ရှိနိုင်သည့် အလုပ်ခွင်များလည်း ပေါ်ပေါက်လာနိုင်ခဲ့သည်။ သို့ရာတွင် လောက သဘာဝအရ အကောင်းနှင့်အတူ အဆိုးလည်း ဒွန်တွဲ လိုက်ပါလာတတ်သည့် အားလျော်စွာ ရင်းနှီးမြှုပ်နှံသူများ အတွက် စိန်ခေါ်မှုတစ်ရပ်သည် အလုပ်သမားတို့၏ အခွင့်အရေး တောင်းဆိုသံတို့နှင့် အတူ ပူးတွဲ ကပ်ပါလာတော့သည်။ အလုပ်သမား ယိုစီးမှုမှ စတင်၍ အလုပ်သမားဘက်ကို အလေးပေးသည့် သဘော သက်ရောက်နိုင်သည့် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး အသီးသီး တို့မှ ထွက်ပေါ်လာသည့် အငြင်းပွားမှု ဖြေရှင်းရေး ရလဒ်တို့က မြန်မာနိုင်ငံအတွင်း နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံသူတို့အား အဟန့်အတား တစ်ခုသဖွယ် တားဆီးလျက် ရှိတော့သည်။ အတော်အတန် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခဲ့သည့် အလုပ်သမား ဥပဒေတို့က အချို့သော ဟာကွက်တို့နှင့် အတူ အလုပ်ရှင်တို့အား ထိန်းချုပ် ကွပ်ကဲလျက်ရှိသည်။ အသေးစား အလတ်စား စီးပွားရေးတို့အတွက်လည်း အလုပ်သမား ရေးရာ ပြဿနာက အတော်အသင့် ခေါင်းခဲစရာပင် ရှိနေသည်။

ဥပမာ ဆိုကြပါစို့ အလုပ်ရုံတစ်ခု တနင်္ဂနွေ အလုပ်ဖွင့်၍ လုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရန် အလုပ်ရှင် အလုပ်သမား နှစ်ဦး နှစ်ဘက် အသီးသီးက သဘောတူကြသည်။ ထို့အပြင် အလုပ်ရှင်ဘက် ကလည်း ဥပဒေနှင့်အညီ အချိန်ပိုလုပ်ခကြေး ပေးပါအုံးမည် ဆိုသော်လည်း ခွင့်ပြုမိန့်က မဖြစ်မနေ တောင်းခံရသေးသည်။ ထို့အပြင် ထိုခွင့်ပြုမိန့် ဆိုသည်မှာလည်း မည်မျှ ဥပဒေနှင့် ညီညွှတ်သည် ဆိုပါစေမူ ခွင့်ပြုမိန့် တောင်းခံတိုင်း ခွင့်ပြုလေ့မရှိချေ။ အများဆုံး တစ်လတွင် တနင်္ဂနွေ နှစ်ရက်သာ ဖွင့်လှစ် ဆောင်ရွက်ခွင့် ပေးလေသည်။ ထိုအချက်သည်ပင်လျှင် အလုပ်ပြီးမြောက်မှုအတွက် အရံအတား တစ်ခု သဖွယ် ဖြစ်လျက်ရှိသည်။ ဥပဒေနှင့် ညီညွှတ်သော်ငြားလည်း အဘယ်ကြောင့် အလုပ်ရုံဖွင့်၍ ဆောင်ရွက်ခွင့် မပြုသလဲ ဆိုသည့် မေးခွန်းသည် ပဟေဋ္ဌိသဖွယ် ဖြစ်လျက် ရှိသည်။ ထို့အတူ မရေရာ မသဲကွဲသည့် အလုပ်သမား ဥပဒေ ပဟေဋ္ဌိများက လုပ်ငန်းအသီးသီးရှိ လူ့စွမ်းအား အရင်းအမြစ် ဌာနများရှိ ဝန်ထမ်းများအား စိန်ခေါ်လျက်ရှိပေသည်။

ထို့အပြင် မပေါ့ဆသင့်သည့် အခြား စိန်ခေါ်မှု တစ်ရပ်က အလုပ်သမားတို့အတွက် ကူညီ ဆောင်ရွက်ပေးကြသည့် အလုပ်ခွင် ပြင်ပမှ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူများပင် ဖြစ်သည်။ အမှန်တကယ် ပံ့ပိုးကူညီ ဆောင်ရွက်သူများ ရှိသကဲ့သို့ ပိုမို ဆိုးရွားစေနိုင်၍ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး ပြတ်တောက်စေနိုင်သည် အထိ စွမ်းဆောင်နိုင်ကြသူများလည်း ဖြစ်ပါသည်။ ညှိနှိုင်းဆောင်ရွက်ခြင်းထက် လမ်းပေါ်ထွက် ဆန္ဒပြသည့် အလွယ်နည်းကို အားပေးထောက်ခံကြသူများလည်း ဖြစ်သည်။ အလုပ်သမားတို့ အရေး ကောင်းကျိုးလိုလားသူများဟု ဆိုသော်လည်း တိတ်ဆိတ်စွာ နစ်နာဆုံးရှုံးနေကြရသည့် အလုပ်သမား တို့အတွက် ကာကွယ် ပေးခံရမှု၊ ကူညီဖေးမခံရမှုမှာ အနည်းငယ်သာ ရှိသည်။ ၎င်း တက်ကြွလှုပ်ရှားသူများသည် အမှန်တကယ်ပင် အလုပ်သမားတို့အတွက် အမှန်တကယ် ကာကွယ်ပေးနိုင်ခြင်း ရှိမရှိကိုမူ အချိန်ယူ လေ့လာ စောင့်ကြည့်ရမည်သာ ဖြစ်သည်။

အနည်းဆုံး အခကြေးငွေဆိုင်ရာ ပဋိပက္ခများ၊ လုပ်ငန်းခွင်နှင့် လိုက်လျော ညီထွေ သလို ပြင်ဆင်ခွင့် မရှိဘဲ ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်အတိုင်း ချုပ်ဆိုနေရသည့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်များ၊ အလုပ်သမား အလေးပေး စီရင်ဆုံးဖြတ်ထားသည့် အငြင်းပွားမှု ဖြေရှင်းသည့် နောက်ဆုံးရလဒ်များ၊ လိုအပ်သည်ထက် ပိုမို နေရာဝင်ယူလိုကြသည့် အလုပ်သမား အဖွဲ့အစည်းများ၊ ထိုထိုသော မေးခွန်းများ ပုစာ္ဆများက လွယ်မလိုနှင့် ခက်လျက် ရှိပါသည်၊ တိမ်မယောင်နှင့် နက်လျက် ရှိပါတော့သည်။ မှန်ကန်မှု၊ မျှတမှုနှင့် အတော်အသင့် သွေဖယ်နေသည့် အလုပ်သမား အရေးသည် ပြောင်းလဲလာသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေနှင့် ကွာဟလျက် ရှိသည်။

ရောင်နီဦး၏ အလင်းရောင်သည် လက်တကမ်း အလိုတွင်သာ ရှိတော့သည်။ ထို့အတူ အသစ် အသစ်သော အခြေအနေတို့နှင့်အတူ မြန်မာ့နိုင်ငံ၏ စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကဏ္ဍသည်လည်း သစ်လွင်တောက်ပ သင့်ပေသည်။ အလုပ်ရှင်ရော အလုပ်သမားပါ တစ်ဦးကို တစ်ဦး ဖေးမ စောင့်ရှောက်ရင်း လွတ်လပ်သော မှန်ကန်သော မျှတသော အလုပ်ခွင်များ ပိုမို ပေါ်ပေါက် ကြစေရန် ဤစာစုဖြင့် အသိပေး နှိုးဆော်လိုက်ရပါသည်။

3 comments

  • ဦးကြောင်ကြီး

    June 19, 2016 at 5:58 am

    ရွာထဲမှာ အာတီဒုံဂ ျီး ဆိုတာ ရှိတယ်… သူနဲ့ဆွေးနွေးကြည့်ပါရား။။။။

  • ဂျစ်စူ

    June 19, 2016 at 1:24 pm

    ပြသနာတွေ မကြားရဖို့
    အတော်ကြာဦးမယ် ထင်ပါတယ်
    ရင်လေးတယ်
    ဘော်လီကြား ခဲညှပ်ဝတ်လို့

  • Thint Aye Yeik

    June 20, 2016 at 10:08 am

    အရင် ဦးသိန်းစိန်လက်ထက်တုန်းက ဆန္ဒပြ အလုပ်သမားတွေကို အကြမ်းဖက် ဖြိုခွဲခံရတယ်
    အခု ဒေါ်စုလက်ထက်မှာလည်း တလောကတင် အဲ့လို ထပ်အလုပ်ခံရတယ် ဆိုပြီး ပြောသံတွေ ကြားနေရတယ်

    ဥပဒေအကြောင်း နားလည် တတ်ကျွမ်းသူများ အကြောင်းရယ် အကျိုးရယ် ရှင်းပြ ပြောဆိုဖို့ လိုနေတာတွေတော့ ရှိနေပြီ

Leave a Reply