“ အာရပ်ကမ္ဘာက ကာတာ ပြသနာ ဇွန် ၂၀၁၇”

Swal Taw YwetJune 7, 20171min1708

ပေါ်ပင်လိုက်တာတော့မဟုတ်။

တကယ် ဖြစ်နေတဲ့နေရာမှာ တကယ်ရောက်နေတဲ့ ရွာသားတယောက်အနေနဲ့

သတင်းပို့ပေးတာပါ။

ဇွန်လ၅ ရက်နေ့ မှာ ကာတာနိုင်ငံကို ဆော်ဒီ အီဂျစ် ဘာရိန်း ယူအေအီး စတဲ့နိုင်ငံတွေ က သံတမန်အဆက်အသွယ် ဖြတ်ချလိုက်တယ်။

လေကြောင်းပျံသန်းမှုတွေ ရပ်ပလိုက်တယ်။

ဆော်ဒီဆို ကုန်းလမ်းတွေပါ ပိတ်ပစ်လိုက်တယ်။

မျက်နှာချင်းဆိုင်နိုင်ငံက ရေလမ်းမှာသူ့ ဆိပ်ကမ်းတွေ အသုံးပြုခွင့် ပိတ်ပစ်လိုက်တယ်။

ကာတာ အစုရှယ်ယာတွေ ဈေးကျသွားခဲ့တယ် ( ဒီနေ့မနက် ပြန်တက်လာတယ်တဲ့ )

ရေနံဈေး နဲနဲ မြင့်တက်သွားတယ်။

သတင်းတွေမှာတော့ စိုးရိမ်ပူပန်မှုတွေကြောင့် အစားအသောက်တွေ ဝယ် စု ကြလို့

အဓိက Shopping Mall တချို့ မှာ စားသောက်ကုန်တွေ ပစ္စည်းပြတ်ကုန်တယ်လို့ ပြောနေကြတယ်။

ကျနော် ကာတာမှာ လုပ်နေတာပါ။

ခုထိတော့ ပတ်ဝန်းကျင်အားလုံး ပုံမှန်လို့ဘဲ မြင်နေမိတယ်။

ညက နေတဲ့နေရာနားကပ်လျက် Grand Mall  အမည်ရှိ Shopping Mallကြီးကို

တကူးတက သွားကြည့် ခဲ့တယ်။

ပုံမှန်ပါ။

အလုအယက် ဝယ်နေကြတာမျိုးမရှိပါ။

ဆန်အိတ်တန်း အပြည့်ပါ။

ပစ္စည်း အပြည့် နဲ့ Shopping mall
ပြောကြလွန်းလို့ ဆန်တန်းကို တမင် ရိုက်ခဲ့တာ။

ငွေရှင်းကောင်တာတွေ အကုန်ဖွင့်ဘို့တောင် မလိုပါ။

ကျနော်တို့နေတာ ဆင်းရဲသားရပ်ကွက် အလုပ်သမားတွေများတာမို့ ကျန်နေတာဆိုလျင်တော့မသိပါ။

သတင်းတွေမှာတော့ ကာတာအစိုးရ က အေးဆေး ပုံမှန်အတိုင်းသာ နေသွားကြပါလို့ ပြောနေပါတယ်။

ဖြစ်စဉ်ကို ပြန်ကြည့်ရအောင်။

စ ကြားကြားခြင်းက အကြမ်းဖက်အဖွဲ့အစည်းတွေကို ကာတာက ထောက်ပံ့လို့တဲ့။

သတင်းတွေ လိုက်ဖတ်ကြည့်တော့ စာလုံးနဲနဲကွဲနေတယ်။

အကြမ်းဖက် မဟုတ် အစွန်းရောက်အဖွဲ့တွေ လို့ ဖြစ်နေတယ်။

ထားတော့ ကိုယ်လည်းမသိ။

BBC ဖတ်ရင်း သတင်းတပုဒ်တွေ့လိုက်မိတာက

ကာတာ စော်ဘွားရဲ့ အမျိုးတွေ သိမ်းငှက်နဲ့ အမဲလိုက်ထွက်ရင်း ပြန်ပေးဆွဲခံရတာကို

ဒေါ်လာ ၁ ဘီလီယံ လျော်ကြေးပေး ပြန်ရွေးခဲ့ရတယ် လို့လည်း တွေ့မိလိုက်သဗျ။

ကာတာအစိုးရကတော့ ဆော်ဒီရဲ့ စွပ်စွဲချက်တွေကို ငြင်းနေပါတယ်။

မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်းဆွေးနွေးဘို့ ပြောနေပါတယ်။

အာရပ်ကမ္ဘာအတွက် အဆိုးဆုံး အကြတ်အတည်းဆိုပြီး တူရကီလို နိုင်ငံတွေက ညှိနှိုင်းဖြေရှင်းဘို့ လှုပ်ရှားနေပါတယ်။

အမေရိကန်သမတ လက်နက်ရောင်းရင်း ဖွပေးလိုက်တာလို့ အော်သူကလည်း အော်ပေါ့ ခင်ဗျာ။

ပြည်တွင်းပြည်ပတယ်လီဖုန်း စကားပြောဆိုမှုတွေ အသံဖမ်းထားမယ်။

ဆိုရှယ်မီဒီယာတွေ ကို စောင့် ကြည့်နေမယ်။

ဂရုတစ်ိုက် ဆက်သွယ်ကြပါလို့ အချင်းချင်းသတိပေးနေတာလည်း လက်ခံရရှိထားပါတယ်။

ကာတာအခြေစိုက် US Base ကတော့ သူတို့မှာ ပြသနာမရှိပါတဲ့။

ဆော်ဒီ ကလေယာဉ်ဖြတ်သန်းပျံသန်းခွင့် ပိတ်တားလို့ Qatar Airway လေယာဉ်တွေ တပတ်ကြီး လမ်းကြောင်း ပြောင်းမောင်းရစရာ ရှိသွားတယ်။

ဆီပိုကုန်မယ်ဆိုတော့ ဈေးများ တက်ကုန်မလားမသိသေး။

ကျန်နိုင်ငံတွေ ဖြတ်ကျော် ပျံသန်းခွင့်ကို  ပိတ်မရဘူးလို့ ဖတ်လိုက်ရတယ်။

အပြည်ပြည်ဆိုင်ရာ လေကြောင်းသဘောတူညီချက် စာချုပ်တခုကို အတူတူ လက်မှတ်ထိုးထားလို့ အနည်းဆုံး ပျံသန်းရာ လမ်းကြောင်း ကန့်သတ်ပြီး ဖွင့်ပေးထားရမတဲ့။

ဆော်ဒီကအဲံစာချုပ် လက်မှတ်မထိုးထားလို့ ပိတ်လို့ ရတာတဲ့။

မြန်မာ FB ပို့စ်တွေမှာတော့ ကာတာရဲ့ အစားအသောက် Food supply ၉၀% က ဆော်ဒီကသွင်းရတာမို့

ဈေးတက် ပစ္စည်းပြတ် ဖြစ်မယ်လို့ ရေးနေကြလေရဲ့။

အပြည်ပြည်ဆိုင်ရာသတင်းတွေမှာတော့ ၄၀% လို့ဘဲရေးကြသဗျ။

ကာတာကက်ဘိနက်ကတော့ လိုအပ်တဲ့ခြေလှမ်းတွေ လှမ်းနေပြီပြောတာပါဘဲ။

အစားအသောက် အတွက် စိတ်ပူမနေဘို့ နဲ့ နေမြဲအတိုင်း နေနေကြဘို့ဘဲ ပြောထားပါတယ်။

ဆောက်လုပ်ရေးပစ္စည်းတွေ တင်သွင်းမှု ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားအတွက်ဆောက်နေတာတွေ နှောင့်နှေးစေမယ်လို့ တွက်ထားကြပါတယ်။

ကျနော့် မတူသောအမြင်ကတော့ အဲ့၂၀၂၂ ကြီး ဖြစ်မလာဘို့များ လုပ်လိုက်သလားလို့ပ။

မန့်ထဲမှာ ဆက်ပြောပေးပါ့မယ်။

ခု ဇွန်လ ၆ ရက်နေ့ည ရ နာရီလောက်မှ လုပ်ဖေါ်ကိုင်ဘက် ဖိလစ်ပိုင်တွေ ဆီက သတင်းရတာကတော့

ခု လောလောဆယ် ကာတာကနေ ဖိလစ်ပိုင်ကို ခွင့် ပြန်နေသူတွေ ကာတာကို ပြန်လာခွင့် ဖိလစ်ပိုင်အစိုးရက ပိတ်ထားလိုက်ပြီတဲ့။

စိတ်ချရတဲ့ ရှင်းရှင်းလင်းလင်း အနေအထားရောက်မှ ပြန်လာခွင့် ပြုမယ် ပြောတယ်။

( ကြားထဲ အဲ့ဒီအလုပ်သမားတွေ လစာမရတော့ မိသားစုတွေ ဘယ်လိုနေရမယ်မသိ )

ကျနော် စွယ်တော်ရွက်တောင် ဩဂုတ်လထဲ ရွှေပြည်တော်ကိုခွင့်ပြန်မှာမို့

လေယာဉ်လက်မှတ်စုံစမ်းနေရင်း ချတုံ ချီတုံ ဖြစ်နေပါကြောင်းးးး။

ရွှင်လန်း ချမ်းမြေ့ ကျန်းမာ ကြပါစေ။

With respect,

Swal Taw Ywet.

8 comments

  • သင့်အေးရိပ်

    June 7, 2017 at 9:11 am

    2022လောက် ဆိုရင်တော့ ပညာရှင်တွေရဲ့ လုပ်အားကို
    ပညာရှင်အတွက် ထိုက်တန်တဲ့ အဖိုးအခ ပေးပြီး
    လုပ်ကိုင်ဆောင်ရွက်စေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ မြန်မာပြည်မှာလည်း အထိုက်အလျောက် ရှိလာလိမ့်မယ်လို့တော့. . .
    မျှော်လင့်တာပဲ။
    အဲ့အခါကျရင် ဦးစွယ်တို့လို ပညာရှင်တွေလည်း သူများတိုင်းပြည်တွေဆီ သွားနေစရာ မလိုလှတော့ပဲ ကိုယ့်ပြည်ထဲကိုယ် ပညာရှင်ပီသစွာ ထိုက်တန်စွာ
    ပြီးတော့ တင့်တယ်စွာပေါ့။
    မျှော်လင့်တာတော့ ကောင်လာဖို့ပဲ မျှော်လင့်ရတာပဲ။

    😆

  • kai

    June 7, 2017 at 1:11 pm

    ဘုရှ်အကြီးလက်ထက်ကစပြီး.. အာရပ်ကမ္ဘာကို..သွားသွားစ.. သွားသွားဖွကြရာမှာ… အိုဘားမားလက်ထက်..သွားစပေါက်လိုက်တဲ့.. အာရပ်စပရင်း( အာရပ်တွန်းကန်ကြွမှု) ကြောင့်..အစ္စလမ်မစ် နိုင်ငံတော်တော်တော်များများ.. လှုပ်ခါကုန်တယ်..။
    အဲဒီထဲ ကျန်ရစ်တဲ့နိုင်ငံ.. ချမ်းသာတဲ့နိုင်ငံတွေကို.. သမ္မတထရမ့်က..သမိုင်းပေးတာဝန်အရ.. ဆက်.. ဖွမယ်..ဆွမယ်လို့.. ယူဆရပါတယ်..။
    .. ရေနံဆိုတာကြီးကို.. ကမ္ဘာသုံးဖြစ်အောင်တီထွင်လုပ်.. အမေရိကန်တွေရဲ့ စက္ကူတွေ(ဒေါ်လာငွေ) တွေနဲ့.. ရောင်းဝယ်ဖေါက်ကားစေရင်း.. အမေရိကားက.. စူပါပါဝါနေရာကို.. ရယူခဲ့တာ..။
    ခုလို.. ခေတ်ရောက်တော့.. ကျေးဇူးကန်းကြပြီလေ…။ ပေးထားခဲ့တဲ့ စက္ကူငွေတွေကို..လက်နက်ရောင်းပြီး.. ပြန်သိမ်းယူပါလိမ့်မယ်..။
    ဖြစ်ရမယ်.. ဖြစ်ရမယ်..။ :k:

  • Shar Thet Man

    June 7, 2017 at 3:47 pm

    မွန်လေးသာ အဲလိုနေရာမှာဆို..ကြောက်နေမှာပဲ…အီး…

  • ဇီဇီ

    June 12, 2017 at 4:31 pm

    ဟီးဟီးး
    ပြောသာပြောရ ကုလ နိုင်ငံတွေကို ကျနော်က မသဲကွဲဘူးရယ်။
    ဘယ်သူနဲ့ ဘယ်သူတွေက တစ်ဖက်မှန်းမသိတော့ ဝင်မပြောတတ်ဖု။

    :k:

  • Ma Ei

    June 13, 2017 at 10:25 am

    တခုခုဆို အစားသောက်(ဆန်၊ဆီ၊အခြောက်ခြမ်း) စုထားတာတော့ မမှားလောက်ပါဘူး အရံရိက္ခာတော့ ထားစေချင်….
    ကျန်တာတော့ ပြောတတ်ဘူးရယ်…ပြန်လာရင် ကော်ဖီလေးတော့ပါပစေနော်…

  • •*¨နန်းတော်ရာသူ •*¨

    June 13, 2017 at 10:59 am

    တစ်ခုခုအသံကြားတိုင်းပြေးစုထားတာတော့မမှား ကိုယ်တွေ နာဂစ်အရပ်နေရစဉ်က မိုးဦးကျ မိုးနှောင်းကာလတိုင်း မုန်တိုင်းသတင်းကို မပြတ်နားစွင့်ရသလို နည်းနည်းအရေးပေါ်ကြေငြာထားတာနဲ့ ရိက္ခာ ဆေးဝါး ဏာတ်မီး စုဆောင်း ပစ္စည်းတွေထုတ်ပိုင်း ပေါ်တင်

  • Foreign Resident

    June 14, 2017 at 10:44 am

    ကိုစွယ်တော် ။
    လာမယ့် Oct & Nov မှာတော့ Dubai & Abu Dhabi ( UAE ) နှင့်
    Dead Sea & Petra ဂျော်ဒန် သွားဖို့ ရှိတယ် ။ Tour Package ဝယ်ပြီးပြီ ။
    အခြေအနေထူးရင် ပြောပါအုန်း ။

Leave a Reply