အယ်ဒီတာ့သင်ပုန်း – ၂၀၁ရ စက်တင်ဘာ

kaiAugust 26, 20171min1794

Fake News = ကောလဟာသ

သမ္မတထရမ့်မှထပ်ခါသုံးခဲ့သော Fake News တို့သည် ကမ္ဘာသို့များစွာခြေဆန့်ခဲ့ပါပြီ။
ယခုတလောလေးတွင်မှ ယူကရိန်းပြည်တွင် ကောလဟာသမှိုင်းဖြင့် ပြည်သူတို့မည်မျှ ခံစားခဲ့ကြရသည်ဟူသောသတင်းတက်လာသည်။ တကယ်တော့ ယူကရိန်းသည် ရုရှန်းတို့ အမေရိကားမဝင်ခင် မြေစမ်းခဲ့သည့် ခရမ်းပျိုးပြည်ဖြစ်၏။
၂၀၁၄ပြည်တွင်းစစ်အရ ထွက်ပြေးခဲ့ရသည့် ရုရှားယိမ်းယူကရိန်းသမ္မတအတွက် ရုရှန်းတို့မှ မီဒီယာဖြင့် တန်ပြန်စစ်နွှဲရာတွင် ကောလဟာသ များတောက်လျှောက်လွှင့်ထုတ်ခဲ့ကြသည်။ Fake News တို့ပထမဆုံးထုတ်လွှင့်ခဲ့သော တီဗီအစီအစဉ်အမည်ကား STOPFAKE ဟူသတည်း။
သို့နှင့် သတင်းလိမ် ကောလဟာသများအားယူကရိန်သားတို့ ပုံယုံခဲ့၍ ပြည်တွင်းစစ်မီးအောက်ရောက်ခဲ့သည်။ ကရိုင်းမီးယားနယ်ကိုလည်း ဆုံးရှုံးသွားသည်။
ယနေ့ကောလဟာသတင်းသည် ထိန်းချုပ်ထားသော မီဒီယာအောက်ရောက်လျှင် မနက်ဖြန်၌သတင်းမှန်ဖြစ်တော့သည်။ မဖြစ်လျှင်လည်း ယုံကြည်သွားသူတို့က ဖြစ်အောင်လုပ်ယူတော့သည်။

၃ပင်လိမ်၍ ၁ပင်ခိုင်

အမေရိကပြည်ထောင်စု၏ ၂၀၁၆ အထွေထွေရွေးကောက်ပွဲတွင်လည်း ရုရှန်းတို့ ဤနည်းနိဿယကိုပင်သုံးခဲ့ကြသည်။ ဒီမိုကရက်ပါတီမှ သမ္မတလောင်းဟီလာရီကလင်တန်၏ အားနည်းမှားယွင်းချက်တခုကို ဆွဲထုတ်ကာ ပုံချဲ့ယူသည်။ ပါတီရုံးချုပ်၏ဆာဗာနှင့်အဆက်အသွယ်များကိုဟက်ကာသုံးထိုးဖောက်ယူကာ ရရှိသွားအောင်လုပ်ပြီး လျှို့ဝှက်ထားသည့်သတင်းမှန်အချို့ကို ဝီကီလိခ့်အပါအဝင် အီးမေးလ်ဆိုရှယ်မီဒီယာများမှ ထုတ်လွှတ်သည်။ ကောလဟာသများကိုပါရောလွှတ်ပေရာ ဟီလာရီကလင်တန်၏အမာခံမဲဆန္ဒရှင်များပင် သို့လော သည်လောဝေဝါးကုန်သည်။
ထိုသည်ကို ဒီမိုကရက်များကိုယ်တိုင်ပင် သမ္မတမဲပေးရာ၌ “Lesser of two evils” ဆိုးကြီး/ဆိုးလေးရွေးခဲ့ရသည့်ဘဝ ရောက်ခဲ့ခြင်းကပြသည်။ ခပ်ကြမ်းကြမ်းဝင်လာသော ဒေါ်နယ်ထရမ့်နှင့်ယှဉ်လျှင်ပင် အနည်းငယ်သက်သာသော ဆိုးလေးအားရွေးရတော့မည်အထိဒီမိုကရက်များပါမှတ်ထင်ကုန်လေသည်။ တီဗီမီဒီယာတွင်ဆယ်လီဖြစ်ခဲ့သော ထရမ့်သည် ဆိုရှယ်မီဒီယာ တွစ်တာကို ကိုယ်တိုင်သုံး၍ လူထုကိုကစားသွားခဲ့သည်။
ထိုမှနောက်ရလဒ်များအား ငွေရောင်ပိတ်ကားမဟုတ် စုတ်ချက်ကြမ်းဖြင့် ဆွဲချယ်ထားသည့် အိမ်ဖြူတော်ရောက်ပန်းချီကားအဖြစ်တွေ့ကြရ၏။ လိမ်စရာရှိလျှင် ဗြောင်၂ခါလိမ်ပါ။ အမှန်တခုထည့်လိမ်ပါ။ သုံးပင်လိမ်လိုက်လျှင် ခိုင်ခိုင်တစ်ပင်ထွက်လာမည်မဟုတ်လော။

နေကြတ်၊ လကြတ်

ရှေးယခင် ဘာသာတရားများမရှိခင်က နေ၊လ၊လေ၊မီးတို့ကို နတ်/ဘုရားတို့အဖြစ်ကိုးကွယ်ကြသည်။
ကိုယ်ကဘာမှထိမ်းကြောင်းပြုပြင်မရ မိခင်သဘာဝသဘောအတိုင်း သူလုပ်ချင်ရာ လိုက်ဖြစ်နေ၍ ကြောက်ကြသည်မဟုတ်ပါလား။
ယခု ဩဂုတ်လ ၂၁ရက်နေ့တွင် အမေရိကပြည်တခွင် စလွယ်ခုတ်ဖြတ်ဝင်ခဲ့သော နေကြတ်ခြင်းသည် အမေရိကန်အပေါင်းတို့အား ဆန်းသစ်ပျော်ရွှင်မှုအပေါင်းခညောင်းစေခဲ့သည်။ ၁၉၁၈ခုနှစ်တွင်ဖြစ်မြင်ခဲ့ကြသော နေကြတ်ခြင်းမှသည် နောက် ၉၉ နှစ်ကြာမှပေါ်လာသည်ဖြစ်ရာအမှတ်တရကြည့်သူမြင်လိုသူများအတွက် မျက်မှန်များရောင်းကောင်းခဲ့ယုံမက နေလုံးဝကြတ်ကာ အမှောင်အတိကျသည့် နေရာအတိအကျများအထိပင်သွားရောက်သူများကြောင့် ခရီးသွားလုပ်ငန်းပင် တက်လာခဲ့သည်ကိုတွေ့ရမည်။
အတိတ်နမိတ်တို့မည်သို့ရှိစေ ပျော်ရွှင်စွာဖြင့် လက်ခံကြိုခဲ့ကြလေသည်။
နာဆာမှ စက္ကန့်ပိုင်းအထိအတိအကျတွက်ပြထားသဖြင့် နည်းပညာအစွမ်းကိုလည်းအံ့ဘနန်းဖြစ်ကြရသည်။
သိပ္ပံအစွမ်းကို မယုံကြည်သူ၊ ကမ္ဘာ့ရာသီပြောင်းလာသည်ကိုပင် ကောလဟာသဆိုသူ သမ္မတထရမ့်သည်ပင် မိသားစုလိုက် အိမ်ဖြူတော်အပြင်ထွက်ကာ နေကြတ်ကြည့်ကြသည်ကို တွေ့ကြရသည်။ သို့သော် သမ္မတထရမ့်ကိုယ်တိုင်သည်ကား တိုက်ရိုက်ကြည့်လျှင် မျက်စိအတွင်း ကုသမရနိုင်သောဒဏ်ရာရ လောင်ကျွမ်းမည်ဆိုသော ဆေးပညာရှင်များ၏သတိပေးစကားကို သိပ်ကြီးယုံဟန်ကားမရှိ လက်နှင့်ကွယ်ကာ မျက်မှောင်ကြုတ်ခါ တဒင်္ဂလှမ်းကြည့်သည်ကိုလည်း မြင်ကြရမည်။ သို့နှင့် သူ၏ ရှေးရိုးစွဲသော မူလစိတ်ထား ရိုးရိုးသားသားကိုသိကြရသည်။

အတိတ်၊ နမိတ်

မြန်မာတို့အတွက်မူကား နေကြတ်လကြတ်ခြင်းအတွက် အိနိ္ဒယအယူ၊ ချိုင်းနားအယူ၊ ရိုးရာအယူ နိမိတ်အရကောက်များ ရာချီမကရှိချေသည်။
သိပ္ပံမထွန်းကားခင်ခေတ်က နေခင်းကြောင်တောင် နေမင်းကြီးကွယ်ကာ ရုတ်တရက်အမှောင်ကျရာတွင် လွန်စွာထိန့်လန့်တုန်လှုပ်ကြမည်မှာသေချာသလို လှမ်းကြည့်ရာမှ မျက်စိကွယ်/ကမ်း အမြင်ယွင်းသူများလည်း ရှိကြပေရာ ကြောက်စရာဒေဝေါအဖြစ် ယူဆကြသည်မှာ ယုတ္တိတန်ပါ၏။
သို့နှင့် ယူလိုရာယူကာ ကြောက်ချင်ရာကို ဖြဲခြောက်ကြောက်ခဲ့ကြသည်။
တကယ်တော့ ၂၁ရာစုတွင် သိပ္ပံပညာသည် အကုန်နီးပါးခွင်းခဲ့လေပြီ။ သဘာဝဟာ သဘာဝပါ ဆိုပြလေပြီ။ နေသည်ဘာလဲ ကြတ်သည်ဘယ်လဲ သိကြပြီ။ အသေးစိတ်သိယုံမက နေကြတ်ခြင်းကို အခွင့်ယူ၍ သိပ္ပံပညာရှင်တို့ နေ/လတို့သဘောကိုပို၍လေ့လာကြနိုင်ကြပြီ။ ပို၍သိကြပြီ။

နေနှင့်လတတန်းတည်းဆွဲအားကြောင့် ထိုနေကြတ်ချိန်တွင် လူ့ခန္တာအလေးချိန်သည် ၁.ရအောင်စပင် ပေါ့သွားသည်ဟုပင် တွက်ချက်နိုင်ခဲ့ပြီ။ နက္ခတ်တာရာဂြိုလ်ဆွဲအားတို့ လူအားတိုက်ရိုက်သက်ရောက်ခြင်းသက်သေတည်း။
ကမ္ဘာ့အချို့သော နိုင်ငံများရှိ လူသူတို့ကား နေကြတ်လကြတ်ခြင်းကို ဘဝနှင့်ရင်း၍ အတိတ်နမိတ်တို့ကောက်ဆဲ ယုံဆဲရှိကြပါသည်။

၉၆ပျောက်ဆေး

မြန်မာ့ဖေ့စ်ဘုတ်ဆေးပညာတွင်လည်း ကင်ဆာကိုဘယ်လိုပျောက်သည် အနာမျိုး၉၆ ဘယ်လိုကုသည်ဟု ရှားပါးသည် သစ်ပင်သစ်ရွက်သစ်ဥများကို ဖေစ့်ဘုတ်အဆင့်မှကျော်၍ ပုံနှိပ်ဖေါ်ပြနေကြလေသည်။ တာဝန်ယူတာဝန်ခံမှုလည်းမရှိ။ ရှားပါးတိရိစ္ဆာန်များ၏ ဦးချီု၊အရိုးများဖြင့်လည်း ဟိုဟာကောင်းသည် သည်ဟာတက်သည် လုပ်နေကြ၏။
ထိုထိုဆေးဆိုသည်များဖြင့် ၁ဝယောက်ကု၍ ၅ယောက်ပျောက်ကင်းပါသည်ထားဦး ၅၀%ကင်ဆာပျောက်ပါလျှင် ဆေးပညာနိုဗယ်ဆုသာမက အဆိုပါဆေးဝါးနည်းသည် ဒေါ်လာမီလီယံချီတန်သွားကာ လူသန်းချီကို အသက်ကယ်သွားနိုင်သည်ကိုလည်း မျက်မှောက်မပြု။
အချို့မှာသိလျှက်နှင့် ရောချ၍ အများစုမှာ မသိသား ယောင်လျှက်နှင့်နေလေသည်။
ရောဂါသည်း၍ ကုရာဆေးဖိုးမရှိ၊ ရေနစ်နေသောသူ ကောက်ရိုးမျှင်ကို အားကိုးဆွဲသဘောတည်သည်မှာ သဘာဝကျပါ၏။ သို့သော် ဘဝကိုပင်ပုံ၍ ဘာမဆိုင်သူများပင် ဝင်ယုံနေကြသည်တမုံ့။

ယုံကြည်မှုစကေး

မြန်မာပြည်တွင် ပြီးခဲ့သည် ဇွန်လကုန်က မန်င်ဘာ ၉သောင်းကျော်ရှိသည် ဖေ့စ်ဘုတ်ပေ့ချ်တခု၌ အောက်ပါအတိုင်း သတင်းတခုတင်ခဲ့ဖူးသည်။
“မြန်မာနိုင်ငံတွင် ကိုယ်ပိုင်ဂြိုလ်တုစတင်လွှတ်တင်ပြီးနောက် စမ်းသပ်ကာလအဖြစ် ယနေ့ဂျွန်လ ၂၅ရက်နေ့မှ ဂျုလိုင် ၂၅ရက်နေ့အထိအင်တာနက်များကို အခမဲ့ သုုံးနိုင်ပါပြီ။”
ဤ ကောလဟာသသတင်းကို ဒေတာတထောင်ထုတ်ယူ စစ်တမ်းလုပ်ကြည့်ရာတွင် လုံးဝယုံကြည်နေသူမြန်မာ ၇၆% ထိ,ရှိနေသည်ကိုတွေ့ရသည်။
အလွန်ရိုးရှင်းသော အဖြစ်မှန်ချက်ချင်းသိနိုင်သည်လေးကိုပင် ယုံကြည်မှုဖြစ်ကာ ကောလဟာသ ဝဲဩဃထဲ လည်ကျကုန်သည်ကို တွေ့ရမည်။ သို့နှင့် ထိုထိုသူတို့ သိသူစာဖတ်နာသူတို့ ဝင်ရေးဆွေးနွေးထောက်ပြမှုများဖြင့် တည့်သူမှန်သူတို့ ရှိကြ/များလာကြဟန်ရှိပါသည်။

အတန်းပညာရေး Vs ဘဝတက္ကသိုလ်

မြန်မာတို့လွတ်လပ်ရေးရပြီးကထဲက အတန်းပညာရေးဟူသည် နိုင်ငံရေးအားဖြင့် မတည်ငြိမ်ခဲ့ယုံမက အာဏာရှင်စိတ်ကူးတို့အောက်ဝယ် ကျောင်းသားထုတို့ အစမ်းသပ်ခံဘဝဖြစ်ခဲ့ကြရသည်။
ဟော.. ယခုတလော အိုင်ဒီယာတွေထွင်ထွက်လာပြန်ပါပြီ။ “မြန်မာပြည်မှာ မြန်မာလိုသင်တဲ့တစ်နေ့ ဘွဲ့ရရမရရ ပညာတတ်တွေ များပြားလာမှာပါပဲ” ဟူသတတ်။
လူသန်း ၄ဝမျှသုံးစွဲသော ကမ္ဘာဖွံ့ဖြိုးမှုနောက်အကျဆုံးနိုင်ငံတခု၏ ဘာသာစကားအားဖြင့် ကမ္ဘာရွာကြီးထဲ အဘယ်သို့ခြေဆန့်ကြပါမည်နည်း။ မြန်မာတို့သည် ကိုယ်ပိုင်သိပ္ပံနည်းပညာ သီအိုရီတို့ မည်မျှတီထွင်ထား၍ လူသားတို့အား အလုပ်အကျွေးပြုထားပါသနည်း။

ပညာရေးနှင့်ကျောင်းသားထုသည် နိုင်ငံရေးသမားများ၏ အစမ်းသပ်ခံလည်းမဟုတ်။
ဟိုလမ်းကောင်းနိုးနိုး ဒီနည်းကောင်းနိုးနိုးဖြင့် တိုင်းပြည်ရေတိမ်နစ်ခဲ့ဖူးသည်ကို အမှတ်မရှိ ထပ်ခါစမ်းသပ်နေပါလျှင် ဒီတခါတွင်တော့တိုင်းပြည်ပျောက်တော့မည်။ ယခုလည်း စီးပွားရေးအရဝါးမြိုခံရ၍ မြန်မာတွေ နိုင်ငံတကာတွင် ကျွန်ခံပါရစေဖြစ်ကုန်လှပြီ။
ယခုလို နည်းပညာခေတ်စမ်းကြီးတွင် မြန်မာတို့ ကမ္ဘာတန်းမှီအောင်ဘယ်သို့လိုက်မည်နည်း? အများစုလက်ဝယ်ရှိနေသည့် လက်ကိုင်ဖုန်းများမှတဆင့် ဆိုရှယ်မီဒီယာအားဖြင့် မဖြစ်နိုင်သည်လော။

ဆိုရှယ်မီဒီယာ ဂမ္ဘီရပညာ

ဆိုရှယ်မီဒီယာသည် ကြားခံနယ် လူသားအဆက်အသွယ်တို့ကို မြေကြော၊လေကြော ရှုံ့ပေးရာ ဂမ္ဘီရပညာတခုဖြစ်သည်။ ပညာသယ်ယူရာဖြစ်သလို ပညာကိုယ်တိုင်လည်းဖြစ်သည်။
မြန်မာများ ဆိုရှယ်မီဒီယာပေါ်များများတက်ကြပါ။ ကမ္ဘာအနှံ့ အင်္ဂလိပ်-ချိုင်းနီစ်း-ဂျပန်-ကိုရီးယား-မြန်မာဘာသာ နားလည်သူ သန်းဂဏန်းရှိနေပေရာ ဤသူထိုသူများ မိမိတို့ဘဝအတွေ့အကြုံသတင်းတို့ မြန်မာလိုများများရေးတင်ကြပါ။
မြန်မာဇာတိနွယ်မှန်လျှင် စာဖတ်ကြပါ။ ပုံများ ဗီဒီယိုများကြည့်ကြပါ။ ကော်မန့်များအထိဖတ်ပါ။ ဆွေးနွေးပါ။ သတင်းစာ၊ဂျာနယ်၊စာအုပ်စာစောင်များ၏ အယ်ဒီတာတို့ လွှမ်းခြုံလေ့လာပေါင်းစပ်သတင်းတို့ဖြင့် ပုံနှိပ်ဖေါ်ပြ၍ တိကျသေချာမှုယူကြပါ။ အင်တာနက် များများတက်ကြပါ။
ကောလဟာသတို့ ဖွင့်ပေါ်ကုန်ကာ အမှန်တရား သစ္စာတည်သည့် ပညာတတ်များသည့်မြန်မာပြည်ဖြစ်လာပါလိမ့်မည်။ အတွေးအခေါ်ကောင်း/အဆက်အသွယ်ကောင်းတို့ရလာပါလိမ့်မည်။

ပြဒါးသေတဆွေဝ၊ သံသေ တပြည်ဝ၊ ဟုရှေးဆိုရိုးရှိသည်။ သံသေ(သံကိုလိုရာပုံသွင်းလုပ်နိုင်) သော ဂျာမဏီ၊ အင်္ဂလန်၊ အမေရိကား၊ ဂျပန်၊ ချိုင်းနား တို့သည် တပြည်လုံး,ဝလင်(ချမ်းသာ) လာခဲ့ကြဖူးသည်။ ယခုမူ ဆိုရိုးသစ်ဖြည့်တင်ချင်ပါသည်။
မီဒီယာသေ သင်တကိုယ်ဝ။ ။

4 comments

  • ဂျစ်စူ

    August 27, 2017 at 9:39 pm

    အီကား
    ဒေါ်နွယ်ထွန်းအိ
    ဖိတ်ခ်နယုစ် တွင်း သက်ဆင်းခဲ့ဖူးသော
    ဘာဘူခိုင်အိ သင်ပုန်းဖြစ်ပေသည်တဂါး

    • kai

      August 29, 2017 at 6:59 am

      အမေရိကန် သန်း ၄ဝလောက် ဒေါ်နွယ်ထွန်းအောက်.. ဆင်းသွားတာဗျ..။
      ခံပေါ့..။ အခု..။ :a:

  • သင့်အေးရိပ်

    August 28, 2017 at 11:48 am

    ကောလာဟလ လို့ ရေးမှ သတ်ပုံအမှန်။
    သူကြီးပဲ ဆာလုဏ်းပေါဏ်းဿပ်ပုမ် ထဲမှာ ပြထားပြီးတော့
    :k:
    ဒါ သင်ပုန်းအတုကြီး

    • kai

      August 29, 2017 at 5:05 am

      ကောလဟလ က.. အင်္ဂလိပ်လိုဆို Rumour
      “ကောလဟလ”
      ကောလဟလ ဟူသည် အုတ်အုတ်ကျက်
      ကျက်ကျက် ဤသို့ဖြစ်တော့မည်ဟု သတင်းစ
      ကား တစ်ဦးနှစ်ဦးကစ၍ စုပေါင်းကာ စကားတူ
      အသံတူ ရုတ်ရုတ်ရက်ရက်ပြောဆိုကြခြင်းမျိုး
      ကိုဆိုသည်။
      “ကောလဟလငါးပါး”
      (၁)ကပ္ပကောလဟလ
      ကမ္ဘာမပျက်မီအနှစ်တစ်သိန်းက ကျော်ကြား
      ခဲ့သောအသံ။
      (၂)စက္ကဝတ္တိကောလဟလ
      စကြာမင်းမပေါ်မီ အနှစ်တစ်ရာက ကျော်
      ကြားခဲ့သောအသံ။
      (၃)ဗုဒ္ဓကောလဟလ
      ဘုရားမပွင့်မီ နှစ်ပေါင်းတစ်ထောင်က ကျော်
      ကြားခဲ့သောအသံ။
      (၄)မင်္ဂလာ ကောလဟလ
      မင်္ဂလာတရား မဟောမီ ၁၂ နှစ်က ကျော်
      ကြားသောအသံ။
      (၅)မောနေယျကောလဟလ
      မောနေယျအကျင့်ကို မေးလျောက်ကျင့်ကြံ
      သောပုဂ္ဂိုလ် မပေါ်မီ ရ နှစ်က ကျော်ကြားခဲ့
      သောအသံ။
      =

      Fake News ကို.. ကောလဟာသ လို့တမင်တကာရေးထားတာဖြစ်ပါကြောင်း..။
      =
      အောက်မှာ ပါဠိမြန်မာ အဘိဓာန်ထဲက တတသလောက်မှတ်သလောက် ရှာထားပါတယ်..။ :v
      kola: ကောလ (ပ)
      ဝက်။

      kola: ကောလ (န)
      ဆီးသီး။

      kola: kola(pu,na)
      ကောလ(ပု၊န)

      haṭa:ဟဋ (ပ)
      မှော်။ သစ်စေးမှော်။
      Back to Top
      haṭaU Hau Sein’s Pāḷi-Myanmar Dictionary ပါဠိမြန်မာ အဘိဓာန်(ဦးဟုတ်စိန်)
      haṭa:ဟဋ (န)
      ဆောင်ခြင်း။
      ဒူတေယျံ ဟဋေန၊ တမန်ကို ရွက်ဆောင်သဖြင့်။
      Back to Top
      haṭaU Hau Sein’s Pāḷi-Myanmar Dictionary ပါဠိမြန်မာ အဘိဓာန်(ဦးဟုတ်စိန်)
      haṭa:ဟဋ (တိ) (တီ-ကိတ်) (√ဟရ်+တ)
      ဆောင်အပ်သည်။

Leave a Reply