အညာဌာနီ – safari

 

 

နယ်ဘက်က ကားလမ်းမတွေပေါ်မှာ …

အိမ်မွေးအကောင်ပလောင်တွေ သွားလာနေတာကြောင့်
ကားမောင်းရတာ အနှောင့်အယှက် ဖြစ်တဲ့အကြောင်းလေး ပြောချင်လာတယ်။

 

ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမပေါ်မှာတောင်

ခွေးတွေ/ နွားတွေ ဖြတ် တက်လာလို့
အန္တရာယ်ကြီးစွာ ရှောင်ရ…(မရှောင်သာတဲ့အခါ တိုက်ခဲ့ရ)တဲ့ အဖြစ်တွေ ကြုံဖူးသူ မနည်းပါဘူး။

အရှိန် ကီလို 100 လောက်နဲ့ မောင်းလာတဲ့ ကားတွေအနေနဲ့

ရုတ်တရက် ဖြတ်ပြေးလာတဲ့ ခွေး၊နွားတွေကို ရှောင်ဖို့

ဘေး ဆွဲချလိုက်ဖို့ဆိုတာတာလည်း အန္တရာယ်များသလို …

အဲ့လောက် အရှိန်နဲ့ မောင်းနေရာကနေ အဲ့ဒီခွေးကို
မတိုက်မိခင်မှာ  ဘရိတ်နင်းပြီး ရပ်ချလိုက်ဖို့ကလည်း လွယ်မှ မလွယ်တာနော်။

အဲ့တော့ အမြန်လမ်းမှာ ကီလို ၁၀ဝ လောက်နဲ့မောင်းနေရင်းကနေ ဟိုးခပ်ဝေးဝေးရဲ့ဘယ်ညာ ၂ဖက်လုံးကနေ
ဘွားခနဲ ပြေးထွက်လာမယ့် ခွေးတွေကို ပြူးပြဲနေအောင် ကြိုကြည့်ထားရတာလည်း စိတ်ဖိစီးမှုတစ်ခု။

အမြန်လမ်းမ မဟုတ်တဲ့နယ်လမ်းတွေ (ဥပမာ ပုသိမ်-မုံရွာလမ်း)မှာ ဆိုရင် ခွေးတွေတင် မက…
နွားတွေ ကျွဲတွေ ဆိတ်တွေ ဝက်တွေ ကြက်တွေ …နည်းတာ မဟုတ်။

လမ်းပေါ်မှာ သူတို့ကို ရှောင်နေရတာ အလုပ်တစ်ခု။

အခုတစ်ခေါက် ပုသိမ်-မုံရွာလမ်း(မိုင်တိုင် ၂၆ဝနား)မှာ ကြုံခဲ့ရတာဆိုရင်…
နွားတစ်အုပ်…. လမ်းပေါ်တက် နေတာ အိပ်တဲ့ကောင်က အိပ်လို့….
လမ်းအပြည့်မို့ ကားတွေ ဘယ်လိုမှ သွားမရ၊ နွားမောင်းပေးမယ့် နွားကျောင်းသားလည်း မတွေ့။

နွားဆိုတဲ့အကောင်တွေကလည်း ဟွန်းတီးလည်း မလန့်၊

မီးကြီး တောက်ပြလည်း သိပုံတောင် မပေါ်၊
ဆင်းပြီး လက်နဲ့ တွန်းထုတ်ရင်တောင် ပေကပ်ကပ် လုပ်ချင် လုပ်နေအုန်းမှာ။
နွားတွေဟာ ခွေးတွေလောက် အသိဉာဏ် မရှိ။

အဲဒီ နွားအုပ် ကြားထဲအတင်း တိုးဝင်တော့…
ကားကြီးတစ်စီးလုံး နွားအုပ်ထဲ တိုးဝင်လာတာကိုတောင် နေရာ ရွှေ့မပေးတဲ့အထိ။

ငါးမိနစ်လောက် ကားရပ်ပြီး နည်းမျိုးစုံနဲ့ လမ်းဖယ်အောင် ကြိုးစားပေမဲ့ မရတဲ့အဆုံးမှာတော့….
ကားကို ဂျိုနဲ့ ခွေ့ထည့်လိုက်မှာ ကြောက်ကြောက်နဲ့ပဲ နွားအုပ်ထဲ အတင်း တိုးဝင်ခဲ့ရ။

ကျနော့် ကားပေါ် ပါလာတဲ့ နိုင်ငံခြားသား(ထိုင်း)တစ်ယောက်က ဆိုရင်…. ကြည့်ပြီး အံ့ဩနေတာ။
သူတို့နိုင်ငံထဲ ကျေးလက် လမ်းတွေပေါ်မှာ ဒါမျိုးပဲလားလို့ မေးတော့… သူပြောပုံအရဆိုရင်
လမ်းမပေါ်ကို နွားတွေ ခွေးတွေ တက်နေတာ အင်မတန် နည်းပါတယ်တဲ့။ တစ်ခါတစ်လေပဲ မြင်ရတယ်တဲ့။

သူတို့ဆီမှာ နွားတွေ ခွေးတွေ လမ်းပေါ်တက်လာလို့ ကားက တိုက်မိရင် ကားပိုင်ရှင်ဘက်ကို ပြန်အလျော် ပေးရတယ်တဲ့။ အော်… သူတို့ဆီမှာတော့

ဥပဒေကလည်း တရားဝင် ရှိပြီးသား…. ဥပဒေကို လိုက်နာရကောင်းမှန်းလည်း

သိကြပြီးသားနေမယ်။ ကိုယ် မရောက်ဖူး မမြင်ဖူးသေးတော့လည်း သူပြောသလိုပဲ ဖြစ်မှာပါလို့ တွေးရုံပေါ့လေ။

ကျနော်တို့ဆီမှာတော့ နွားတစ်ကောင်ကို ကားနဲ့ တိုက်မိလို့ရှိရင်

ကားသမားက နွားပိုင်ရှင်ကို အလျော်ပေးရတာပါပဲ။

လမ်းစည်းကမ်းအရ လမ်းမပေါ် ကျွဲနွားများ မတက်ရလို့သာ ပြောပေမဲ့ တကယ်တမ်း တိုက်မိတဲ့အခါမှာ အလျော်မပေးပဲ စည်းကမ်းက ဘယ်လို ဘယ်ချမ်းသာ ဆိုပြီး သွားပြောရင် တောနယ်ဘက်မှာ
နွားပိုင်ရှင် ဓါးမနဲ့ လိုက်ခုတ်လို့ ပြေးပေါက် မှားမှာ အသေအချာပါပဲ။

တောနယ်လမ်းတွေပေါ်က နွားကျောင်းသားတွေကိုလည်း ကြည့်ပါအုန်း။ မြိနေတဲ့ ဓါးမကြီးတွေ ခါးထိုးလို့။
လက်ထဲမှာလည်း လေးခွနဲ့။ သူ့နွားတွေက လမ်းပေါ်တက်နေလို့ ကားရပ်ပြီး ဟွန်းတီးနေတာကို မြင်နေလည်း
နွားတွေကို လမ်းဘေးရောက်အောင် မောင်းပေးရကောင်းမှန်း မသိတာလား… သူ့နွားတွေကို
တိုက်ရဲရင် တိုက်ကြည့်လေ ဆိုတဲ့အထာလားတော့ မသိ။

ဆက် သွားမရလို့ ရပ်ထားရတဲ့ ကားကို အားနာ ပါးနာနဲ့
နွားမောင်းပေးတဲ့သူ မြင်ရခဲတယ်။

ကိုယ်တွေမှာတော့ နွားကြောင့် ကား ပိန်မှာ လန့်ရသလို… နွားကျောင်းသားရဲ့ လက်ထဲက လေးခါနဲ့ ခါးကြားက  ဓါးမကိုလည်း လန့်ရသေးတယ်။

လမ်းတလျှောက်မှာ နွား၊ ကျွဲ၊ သိုး၊ ဆိတ်၊ ဝက်၊ ကြက်၊ငှက်၊ ဘဲ၊ ခွေး … စသည်ဖြင့် အကောင်ပလောင်စုံကို  ရှောင်တိမ်းပြီး မောင်းနေရတာကို မြင်ပြီး နိုင်ငံခြားသားက ရီတယ်။

”မင်းတို့ ကားလမ်းက အစုံ မြင်ရတယ်နော်”တဲ့။
ဘယ် အဟားခံမလဲ … ပြန်ပြောရတာပေါ့…
”ငါတို့လမ်းတွေက ကားမောင်းရင်းနဲ့ လမ်းပေါ်မှာ အကောင်မျိုးစုံ မြင်ရတဲ့

Safari လို လမ်းတွေ”လို့။ ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ လို့။

ဟုတ်တယ်လေ….
ကိုယ်တွေလို ရန်ကုန်မြို့ထဲ အနေများတဲ့လူတွေအတွက်တော့
အဲ့လို အကောင်ပလောင်စုံကို မြင်ရဖို့ဆိုတာ လွယ်မှမလွယ်တာ။
ကံကောင်းလို့သာ  မြင်ရတာ။

:k:

 

 

 

 

 

 

 

 

 

 

 

 

သင့်အေးရိပ်

အောက်တိုဘာလ ၂ရက်နေ့၊ ၂၀၁၇

 

 

 

12 comments

  • ကထူးဆန်း

    October 3, 2017 at 11:34 am

    🙂 🙂 ကျွဲ လေးငါးကောင်လောက် နဲ့ ဆုံမိ ရင် နွား အုပ် က အေးဆေးဘဲဖြစ်သွားလိမ့်မယ် … 🙂 🙂

    ရာသီ ချိန် ကြုံ လို့ ပွဲ ဈေး လူအုပ် တိုး ရရင် အားလုံး ပိုပြီး အေးဆေးဖြစ်သွားမယ် … 🙂 🙂

    အဲ့ ဒါ ကြောင့် လမ်း မ ဖယ် ပေးတဲ့ လူ တွေ ရင် က ျွဲ တွေ နွားတွေလို ဘဲသဘောထား လိုက်တယ် .. ဒေါသမထွက် စိတ်ချမ်းသာရအောင် … 🙂 🙂

    • သင့်အေးရိပ်

      October 3, 2017 at 4:27 pm

      နွားတွေ ကျွဲတွေထက် ဆိုးတာ ရှိသေးတယ် လေးထူးဆန်းရေ
      ဆိုင်ကယ်တွေ…
      တချို့ကတော့ ကား လာနေတာ သိရင် လမ်းပေးပါတယ်။
      တချို့ကတော့ တမင်ကို ဖယ် မပေးတာတွေ ကြုံရတယ်
      😆

  • ဦးကျောက်ခဲ

    October 3, 2017 at 12:24 pm

    နွားတွေ ကျွဲတွေ ဆိတ်တွေက ကြိုမြင်ရင် ရှောင်လို့ရသေးတယ် …
    သူတို့က အငြိမ်ဇယား … ရှေ့ဆိုရှေ့ပဲ ၊ ဂယောင်ဖတ်ခဲတယ် …
    ဒွတ်ခပေးတာက ခွေး … လမ်းဖြတ်ကူးရင်း နောက်ပြန်လှည့်ပြေးသေးတာ …
    အောက်ပိုင်းနိမ့်တဲ့ကားတွေဆို ရေတိုင်ကီကွဲရော …
    အဲဒါကြောင့် ကားမောင်းရင် “နွား – နောက် ၊ ခွေး – ရှေ့” က ဖြတ်တဲ့ … :k:

    • သင့်အေးရိပ်

      October 3, 2017 at 4:25 pm

      .ခွေးလေးတွေက အန္တရာယ်ကို သိတော့သိတယ်။ ခွေးစိတ်ပေါက်ပြီး… ဟိုုဘက် ပြေးမလိုလို လုပ်ပြီးမှ
      ဒီဘက် ပြန်လှည့်ပြေးတတ်တာတော့ အဟုတ်ပဲ။ အတော်ဆိုးတယ်။ အမြန်လမ်းပေါ်မှာဆို ခွေးကို ခပ်လှမ်းလှမ်းက မြင်ထားရင်
      အရှိန်ကို ကြို လျှော့ထားရတယ်။ နို့မှုန့်ဆို ကိုယ်ကလည်း အရှိန်ကြီးနဲ့ သူကလည်း ခွေးစိတ်ပေါကနဲ့ …
      စိတ်မချရဘူး။
      :k:

  • kai

    October 3, 2017 at 3:17 pm

    အမေရိကားဖရီးဝေးတွေမှာတော့.. (သတိထားမိသလောက်) .. ဖရီးဝေးပေါ်ကို အကောင်ဘလောင်တက်လို့မရအောင်.. ခြံစည်းရိုးနဲ့ ကားထားတယ်လို့.. မြင်ရတာပဲ..။ အထူးသဖြင့် ဖယ်ဒရယ်ပိုင် ပြည်နယ်ဖြတ်လမ်း.. ဖရီးဝေးတွေပေါ့..။
    ပြည်နယ်ပိုင်ကတော့.. မကာတာတွေရှိမယ်..။

    ဖရီးဝေးလမ်းမှာ.. သမင်ဖြတ်သည်။ ဝက်ဝံဖြတ်သည်။ နွားဖြတ်သည် စသဖြင့် အရုပ်နဲ သတိပေးဆိုင်းဘုတ်တွေလည်းရှိတယ်..။
    ကားတိုက်ခံရပြီး သေနေတဲ့ သမင်လည်းတွေဖူးတယ်..။

    ကုန်ကားကြီးတွေကတော့.. ညညမောင်းလာကြတာ.. တက်နေသမျှအကောင်အကုန်တိုက်ချသွားမှာပါပဲ..။
    ဆိုတော့..
    မြန်မာပြည်မယ်.. ပြည်နယ်ဖြတ်… ကုန်ကားကြီးတွေများလာရင်.. အလိုလို …လမ်းပေါ်က အကောင်တွေ.. လျှော့နည်းပျောက်ကုန်တာရှိမလားပဲ..။ :k:

    https://www.youtube.com/watch?v=OPJ-FDr-OhY

    • သင့်အေးရိပ်

      October 3, 2017 at 3:59 pm

      တခါတခါကျတော့ စိတ်ပေါက်ပေါက်နဲ့ တိုက်ချခဲ့ချင်တာ
      ကိုယ်ပိုင်ကား မဟုတ်လို့….
      ကားကလည်း အိမ်စီးကား သေးသေးလေးဆိုတော့ တစ်ခုခုနဲ့ တိုက်မိရင် ကိုယ့်ကား ပိန်လိန်သွားမှာက အရင်
      :k:

      လမ်းတလျှောက် အကာတွေ ဖြစ်လာဖို့ကတော့ တိုင်းပြည် ငွေ သုံးနိုင်အား အားဖြင့်…
      ကြာအုန်းမယ် ထင်တာပါပဲ
      :k:

  • manawphyulay

    October 13, 2017 at 4:32 pm

    သင်္ကြန်တွင်း သွားရင် ပိုတောင်ဆိုးသေးတယ်… ဒီထက်ပအတွေ့အကြုံ လိုချင်ရင် သင်္ကြန်တွင်း သွားကြည့် လက်လှန်သွားမယ်။

    • Thint Aye Yeik

      October 13, 2017 at 9:57 pm

      သင်္ကြန်တွင်းတော့ မသွားဖူးသေး`
      လက်လန်ရမှာတောင် ကြောက်မိသေး
      ၂ခါ
      :k:

  • Shar Thet Man

    October 14, 2017 at 10:46 am

    ဟုတ်ပါ့

Leave a Reply