“Minimalism” – ရိုးရှင်းတဲ့ ဘဝ

ဇီဇီMay 10, 20196min27603

မျိုးကြီး သီချင်းခေါင်းစဉ်လေးကို ယူသုံးလိုက်တယ်။

“Minimalism”

ဂျပန်မှာ ခေတ်စားနေတာကြာပြီဖြစ်တဲ့ စာလုံးလေး။

ဒီ စကားလုံးလေးကို စတင် ရင်းနှီးတုန်းက Home Decor နဲ့ ပတ်သက်ပြီး Minimalist Living အကြောင်း စဖတ်မိရာက ဆက်တိုက်ဖတ်ရင်းနဲ့ ဗုဒ္ဓ တရားတော်နဲ့ အညီနေနိုင်တဲ့ Lifestyle လေးမို့ လက်ခံမိခဲ့တယ်။

ဘယ်လို ဘာသာပြန်ရမလဲဆိုတော့ ရိုးရှင်းနိုင်သမျှရှင်းလင်းအောင် ဘဝ နေထိုင်မှု လို့ပဲ ပြောရမလားမသိ။

နေထိုင်တဲ့ ဘဝမှာ ကိုယ့် အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့

  • ကြွေးမြီ
  • ပစ္စည်း
  • လူ
  • အကြောင်းအရာတွေကို လျှော့ချဖြတ်တောက်နေနိုင်တဲ့ ဝါဒီမျိုး လက်ကိုင်ထားတဲ့ ဘဝ နေထိုင်နည်းမျိုးပေါ့။

ငွေကြေးချွေတာ စုဆောင်းမှုနယ်ပယ်မှာလည်း အသုံးပြုလာပြီဖြစ်တဲ့ စကားလုံးလေးပါ။

ကိုယ်တွေ မြန်မာ စကားနဲ့ပြောရင်တော့

  • လောဘလျှော့/ဖြတ် ပြီး ရောင့်ရဲစွာနေနိုင်တာရယ်၊
  • ပတ်ဝန်းကျင် အရှုပ်ထဲမှာ ကိုယ်က ရှင်းအောင်နေနိုင်တာရယ်၊
  • စိတ်က တွယ်တာ သံယောဇဉ်များတာတွေ နည်းနိုင်သမျှ နည်းအောင် နေနိုင်တာရယ် စတာမျိုးတွေပေါ့။

ဆိုတော့ကာ အကြောင်းအရာ တစ်ခုချင်းစီနဲ့ ကိုယ် နဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်တယ်ပေါ့နော့။

လူ/စိတ် နဲ့ ပတ်သက်ပြီး အရင်သွားရအောင်။

ကျနော် ဒီ အသက်ဒီအချိန်မှာတော့ ဘယ်သူတွေရဲ့ အဆိုးအကောင်း အကျိုးအကြောင်းတွေကို သိတန်သလောက် သိခဲ့ ကြုံခဲ့ပြီ ဆိုတော့…

ကျနော် ဘဝ အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်တဲ့သူတွေ၊ ကိုယ့်စိတ်ကို အဆိုးမြင်ဘက်ဖြစ်အောင် လုပ်နိုင်တဲ့သူတွေနဲ့ ဝေးဝေးသာနေချင်တော့တယ်။

ကိုယ်က ချစ်ရသူဖြစ်ဖြစ်၊ ဆွေမျိုး ဖြစ်ဖြစ်၊ မိတ်ဆွေဖြစ်ဖြစ် ပေါ့လေ။

သူများအကြောင်းစိတ်ဝင်စားပြီး ပြောဆိုနေတာ၊

ဝန်တိုနေတာ၊

တိုက်ခိုက်နေတတ်တဲ့ သူမျိုးတွေကိုလည်း အစကတော့ မဖြစ်စေချင်တဲ့ စိတ်နဲ့ တားတတ်ပေမဲ့ ခုဆိုရင် ကျနော် ပါ အဲလို့ လူမျိုးတွေကို ခပ်ခွါခွါနေတတ်ပြီ။

ဒီ နှစ်ပိုင်းတွေမှာ စိတ်ထဲ အတော် ဝန်ပေါ့ပြီး အေးချမ်းနေတယ်။

ကြွေးမြီ နဲ့ ပတ်သက်လို့ ပြောရရင် …

ငွေ နဲ့ ပတ်သက်တဲ့ လောဘ အစကတည်းက မများလို့

ခုချိန်ထိ MLM ဖျာလိပ် ထဲလည်း မပိတ်မိဖူးဘူး!

ဈေးကွက် စတော့ ရှယ်ယာ ဘာညာသာရကာလည်း ရှုံးဖူးဘူး!

အိမ် ခြံ မြေ ကား အင်ဗက်စမန့်တွေမှာ လည်း မပလုံဖူးဘူး!

မတန်တဆ အတိုးမက်ပြီး ငွေတိုးတွေပေးပြီးလည်း မမြုပ်ဖူးဘူး!

ကိုယ့်ဆီပိုက်ဆံလာချေးရင်လည်း ပြန်ပေးမယ်ဆိုတဲ့ စကားကို ဘယ်တော့မှ မယုံလို့ friendship နဲ့ လဲယူဖို့ တန်လောက်တဲ့ ပမာဏပဲ အဆုံးတွေးပြီး ချေးလိုက်တယ်! ပြန်မရလည်း အမျှ အမျှ ပဲ! သူ့သိက္ခာကို ဒီ amount နဲ့ လဲတယ်ပဲမှတ်တယ်! သိပ် တနုံနုံဖြစ်မနေတော့ဘူး!

ဆိုတော့ကာ ခုထိတော့ ကိုယ်မှာ ငွေနဲ့ ပတ်သက်လို့ အိပ်မပျော်ရလောက်အောင် မပူပန်ဖူးဘူး!

ဉာဏ်ကောင်းလွန်းလို့တော့ မဟုတ်ပါဘူး!

အမှန်က ကျနော် ရှာတာနဲ့ ကျနော် သုံးတာမှာ အာ့တွေ လုပ်ရလောက်အောင် ငွေမပိုဘူးရယ်!

ကိုယ့် ကို လှည့်စားနိုင်တာ ကိုယ် အထင်ကြီးတဲ့ သူရယ်

ကိုယ်ယုံရတဲ့ သူတွေရယ်ဆိုတဲ့ သဘောတရားကို သိပြီးနောက်ပိုင်းး

အထင်ကြီးဖို့ နဲ့ ယုံကြည်ဖို့ ကိစ္စတွေမှာ စည်း ၃ တန်တားထားတာပဲ!

ကိုယ်တိုင်လည်း ကိုယ့်အင်အားထက်ကျော်လွန်ပြီး ငွေအများကြီးရချင်တဲ့လောဘ မရှိ!

အပျင်းလည်းထူတယ်!

စိတ်ရှုပ်လည်းမခံနိုင်!

သူများအလွဲသုံးစားလုပ်ခံရဖို့ အပိုငွေ ရယ် လောဘရယ် မရှိတဲ့ တာမို့ ခုထိမချမ်းသာပေမဲ့ ငွေနဲ့ပတ်သက်လို့ ပူပန်ရတာ ဝန်ထုတ်ဝန်ပိုးဖြစ်တာ နည်းတယ်။

Benefits of being a minimalist တဲ့။

  • Be free from financial worry

(ကြွေးမြီကင်းတဲ့ ဘဝမှာ နေပျော်နိုင်ပါတယ်)

  • Get rid of clutter that doesn’t add value to your life

(ကိုယ့် ဘဝအတွက်တန်ဖိုးပိုတက်လာမှာ မဟုတ်တဲ့ အရာတွေကို ဖယ်ရှားနိုင်ပါတယ်)

  • Spend more on experiences rather than stuff

(အရာဝတ္ထုတွေမှာထက် အတွေ့အကြုံရဖို့ ပိုအားထုတ်အသုံးချနိုင်ပါတယ်)

  • Be happier and less stressed

(စိတ်ဖိစီးမှုလျှော့ချပြီး ပိုပျော်ရွှင်တဲ့ ဘဝရလာပါတယ်)

  • Go green

(မလိုအပ်တာတွေ အဖတ်တင်ခံမပြီပိုင်ဆိုင်မသုံးစွဲတော့ မလိုအပ်တဲ့ စွမ်းအင်ရင်းမြစ်တွေ ဖြုန်းတီးရာမရောက်တော့ဘူးပေါ့)

  • Develop better relationships

(စိတ်ရှင်း ကိုယ်ရှင်းနဲ့မို့ ပိုကောင်းတဲ့ ရင်းနှီးဆက်ဆံရေးတွေ တိုးတက်နိုင်ပါတယ်)

အကြမ်းဖျဉ်းကြည့်ရင် လူတိုင်းမှာ တကယ်မလိုအပ်တဲ့

  • အရာဝတ္ထုတွေ
  • အတွေးတွေ
  • လူတွေ နဲ့ အချိန်ကုန်နေတဲ့သူ များတယ်။

ကိုယ်တိုင်ရော အပါအဝင်မို့ ဒီ နောက်ပိုင်းမှာ အတော်လျှော့ချ ဖြတ်ချရပါတယ်။

နေထိုင်တဲ့နေရာက ပစ္စည်းတွေက အစ

သံယောဇဉ်ကြီးတတ်လွန်းတဲ့ ကိုယ့်စိတ်ကို အဆုံး၊

စွန့်လွှတ်သင့်တာ စွန့်လွှတ်၊ စိတ်ဖြတ်သင့်တာ ဖြတ် လုပ်နေပါတယ်။

နောင်လည်း ဆက်ပြီး လုပ်ပါဦးမယ်။ လောဘလေးကို သတိတစ်ချက်ကပ်ပြီး ထိန်းလိုက်ရုံပါပဲ။

  • လူသိများ လူရာဝင်မှကောင်းတယ်၊ ပိုင်ဆိုင်မှုများမှ ကောင်းတယ် စသည်ဖြင့် သတ်မှတ်ထားတဲ့ ကျနော်တို့ လူမျိုးတွေ အတွက်တော့ ဒီ Minimalism ဟာ တစ်မျိုးစိမ်းသက်နေလိမ့်မယ်။
  • ကိုယ့်မှာ ရှိတဲ့ စိတ်အစွဲ၊ အပိုပစ္စည်း၊ သံယောဇဉ်တို့ကို ဖြတ်နိုင်ခဲ တဲ့ နှလုံးသားရှိရင်လည်း ဒီ Minimalism ဟာ လက်ခံနိုင်စရာမရှိဘူး။
  • ရုပ်ဝတ္ထု တိုးတက်လာတဲ့ ပြိုင်ဆိုင်မှုများပြားလာတဲ့ အချိန်အခါ အခြေအနေ တစ်ခုမှာ ဒီ Minimalism ဟာ လူကြိုက်မများနိုင်ပါဘူး။
  • တစ်နေ့လုပ် တစ်နေ့စား လူဦးရေ များတဲ့၊ အစစအရာရာ လိုချင်တဲ့ အချိန်မှာ မရအောင် ရှားပါးတဲ့ နိုင်ငံမျိုးမှာလည်း Minimalist Living က ခေတ်စားမှာမဟုတ်ပါဘူး။

ကျနော်ကိုယ်တိုင် ဒီ Minimalist Living ထဲက ရွေးယူ လိုက်နာခဲ့ရတဲ့ အပိုင်းတွေက

  • ဘယ်အရာမဆို ကိုယ်အတွက် လိုအပ်သလောက် ပမာဏပဲ ဝယ်ယူ/ရယူဖို့ရယ်၊
  • အလှမ်းကျယ် အလယ်လပ်မဖြစ်အောင်ရယ်၊
  • တခြားလူတွေရဲ့ ကိုယ်ရေးကိုယ်တာတွေမှာ အချိန်မဖြုန်းဖို့ရယ်၊
  • စွန့်လွှတ်ရတဲ့ အခါ မပူချင်တာမို့ ပိုင်ဆိုင်တာမများချင်တာရယ် စတာတွေပေါ့။

ဒီလောက်ဆိုရင် ကျန်တဲ့ သက်တမ်းမှာ အေးချမ်းနိုင်မယ် ထင်ပါတယ်။

ဒါကတော့ Minimalism နဲ့ minimalist အကြောင်းကို အရင်ဆုံး တို့ထိလိုက်တာပါ။

နောက် ပို့(စ)တွေကျရင်တော့ ဒါနဲ့ပတ်သက်ပြီး

  • အိမ်မှာ၊
  • ကိုယ့်အသိုင်းအဝိုင်းမှာ နေထိုင်မှုနဲ့ ဆက်စပ်ပြီး ရင်ဖွင့်ချင်တာတွေ  ပြောချင်တာတွေ ရေးသွားပါ့မယ်။

3 comments

  • Thint Aye Yeik

    May 15, 2019 at 3:11 pm

    စာပေနဲ့ပတ်သက်တဲ့ ဝါဒ သီဝရီတွေထဲမှာလည်း
    အဲ့ဒါလေးနဲ ဆင်တူတဲ့ အတွေးအခေါ်တစ်ရပ် ရှိတာ
    ဖတ်ဖူးတယ်။
    အနည်းဆုံးဝါဒ လို့ ဆရာဇော်ဇော်အောင်က သုံးစွဲ တင်ပြဖူးတာ။ ကြီးကျယ်ခမ်းနားတဲ့ စကားလုံးတွေကို
    ရှောင်ပြီး အရိုးရှင်းဆုံး ထိမိဆုံးသော ကျစ်လျစ်မှုတွေနဲ့
    စာပေအနုပညာ ဖန်တီးမှု ဆိုပါတော့။

    လူမှုဝန်းကျင်နဲ့ ဆက်စပ်ပြီး အခုလို
    ဖတ်ရတော့လည်း ဒီအယူအဆလေးကို
    ကျနော် စိတ်ဝင်စားမိတုန်းပါပဲလား။
    တချို့နေရာတွေမှာ မမကြီး တွေးသလို တွေးခေါ်
    ယူဆမိတာလေးတွေလည်း တွေ့ရတယ်။
    ဒါမယ့် မမကြီးလောက် မရင့်ကျက်သေးတဲ့
    ကိုယ့်အပြုအမှုတချို့ကိုလည်း
    ဒီပိုစ့် ဖတ်အပြီးမှာ သတိထားမိသွားတယ်။

    ဆက်လက် ရေးသားမှာတွေကို ဖတ်ရှုဖို့
    စောင့်မျှော်နေတယ်လို့ ပြောရင်းနဲ့ပဲ. . .

    ”လူတိုင်းမှာ တကယ်မလိုအပ်တဲ့
    အရာဝတ္ထုတွေ
    အတွေးတွေ
    လူတွေ နဲ့ အချိန်ကုန်နေတဲ့သူ များတယ်”
    ဆိုတဲ့အပိုဒ်က စိတ်ထဲ ရောက်လာတယ်။

    ဒီလောက် ခြောက်ကပ်ပြီး
    ဖုန်ထနေတဲ့ ရွာထဲ
    သံယောဇဉ် မပြတ်ဘဲ မကြာခဏ စာဝင်ဖတ်မိတဲ့အဖြစ်ကရော.. . .
    မလိုအပ်တော့ပဲ အချိန်ပေးနေမိပြီလား.. . .
    မပေးသင့်တော့ပြီလား လို့ သံသယ ဝင်
    ခွိ
    :k:

  • manawphyulay

    July 10, 2019 at 3:42 am

    အခုလက်ရှိမှာတော့ ဇီဇီပြောတဲ့အတိုင်း အရှုပ်ထဲမှာ ရှင်းအောင်နေရင်း စိတ်ချမ်းသာမှုတစ်ခုကို ရရယူပိုင်းဆိုင်ထားရင်း ဒီပြင်အရာတွေက ကိုယ့်အတွက်တော့ အဓိကမဟုတ်ပဲ သာမညလို့ ခံယူရင်း… ဘဝကို ဖြတ်သန်းနေမိပါကြောင်း

Leave a Reply