သမီးကို သိစေချင်သော ရင်ထဲက စကားများ

manawphyulayNovember 16, 20201min5262

သမီး…..

ကိုယ်ဒီတစ်သက်လုံးမှာ ကိုယ်ဘာပဲလိုချင်လိုချင် ကိုယ့်ကိုယ်တိုင် ၀ယ်နိုင်ဖို့ ကြိုးစားရပါမယ်။ တစ်ယောက်ယောက် ၀ယ်ပေးဖို့ ဘယ်တော့မှ မမျော်လင့်သင့်ပါဘူး။ မသေချာ မရေရာတဲ့ လောကကြီးမှာ “အားကိုးရတယ်” ဆိုတာ မရေရာဆုံးအထဲမှာ ပါပါတယ်။

သမီး……..

ကိုယ်အလေးချိန်လျှော့မယ်။ ဝိတ်လျှော့မယ် ဆိုတာမျိုး စကားအဖြစ်ပြောကြည့်တာပဲ ကောင်းပါတယ်။ သမီး သိရမှာ ကျန်းမာရေးဟာ အဓိက အကျဆုံးပါပဲ။ ဘယ်လောက်ပဲ ပိန်ပိန်၊ ဘယ်လောက်ပဲ စလင်းကျကျ မကျန်းမာရင် အလကားပါပဲ။ လှပတာထက် ကျက်သရေ ရှိတာက ပိုမိုတင့်တယ်တတ်ပါတယ်။ ကျက်သရေရှိဖို့ဆိုရင် အတွေးအခေါ်ရှိဖို့လိုအပ်ပါတယ်။ အတွေးအခေါ်ရှိဖို့ စာများများဖတ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သမီးက ဖက်ရှင်ကျကျ မ၀တ်စားတတ်ဘူး ဆိုရင် ရိုးရိုးရှင်းရှင်း ၀တ်စားဆင်ယင်တာက ပိုပြီး ကျက်သရေ ရှိတတ်ပါတယ်။

သမီး…….

လူဆိုတာ အသက်တစ်ရာ မနေရပေမဲ့ အမူတစ်ရာနဲ့ တွေ့ရတတ်တယ်တဲ့။ လူ့ဘ၀မှာ တစ်ချိန်မဟုတ် တစ်ချိန်ချိန်မှာတော့ စိတ်ညစ်စရာတွေ၊ သောကတွေ နဲ့ တွေ့ကြုံတတ်ပါတယ်။ သမီးအနေနဲ့ အဲဒီစိတ်ညစ်စရာတွေ သောကတွေကို ကြံကြံခံနိုင်ဖို့ အခုကတည်းက ကြိုးစား ရပါလိမ့်မယ်။

သမီး….

ရည်ရွယ်ချက်ထားရှိပါ။ အဲဒီရည်ရွယ်ချက်အတွက် အစွမ်းကုန် ကြိုးစားပါ။ လူဆိုတာ ကိုယ့်ကိုကိုမှ ပဲ့မကိုင်တတ်ရင် သူများမောင်းနင်ရာနောက်ကို လိုက်ပါရတတ်ပါတယ်။ လူလှခြင်းထက် ဘ၀လှခြင်း စိတ်လှခြင်းက အများကြီး ပိုပြီးအရေးကြီးပါတယ်။ ပြီးရင်ရိုးသားပါ။ ကတိတည်ပါ။ ဘယ်တော့မှ ကိုယ့်ကတိကို မဖျက်မိပါစေနဲ့ ။ဘယ်အခြေအနေပဲရောက်ရောက် အကောင်းဘက်ကနေ အမြဲမြင်တတ်အောင် ကြိုးစားပါ။ အခွင့်အရေး မှန်သမျှ အကောင်းမြင်တဲ့လူနောက်ကိုပဲ တွယ်ကပ်လေ့ရှိပါတယ်။ အများအကြံအဥာဏ်တွေကို နားထောင်တတ်ပါ။ အဲဒီအကြံအဥာဏ်အားလုံးကို စစ်ထုတ်အသုံးချတတ်အောင် သင်ယူတတ်သူဖြစ်ပါစေ။

သမီး……

သူငယ်ချင်းများများပေါင်းပါ။ သူငယ်ချင်းဆိုတာ နေ့တိုင်းဆက်သွယ်နေဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ သူငယ်ချင်းက ကိုယ့်ကိုတစ်ခုခု လုပ်ပေးဖို့ အကူအညီ တောင်းလာခဲ့ရင် ကိုယ်ပိုင်အလုပ်လို သဘောထားပြီး လုပ်ပေးရပါလိမ့်မယ်။

သမီး………

လျို့ဝှက်ချက်တွေ၊ ခံစားချက်တွေကို အားလုံးရင်ထဲမှာ မသိမ်းဆည်းထားပါနဲ့။ ဖေဖေ မေမေနဲ့ တိုင်ပင်ပါ။ ဒါမှမဟုတ်ရင် အကြောင်းအရာပေါ်မူတည်ပြီး မေမေနဲ့ဖေဖေ တစ်ယောက် ယောက်နဲ့ တိုင်ပင်ဖို့ ရွေးချယ်လို့ ရပါတယ်။ မတိုင်ပင် ဘဲ နဲ့တော့ မနေပါနဲ့။

သမီး…….

ဖြစ်နိုင်မယ်ဆိုရင် ခရီးများများထွက်ပါ။ မိုင်ပေါင်းတစ်ထောင်ခရီးသွားခြင်းဟာ စာအုပ်ပေါင်းတစ်ထောင်ဖတ်ရူ့တာနဲ့ တူညီတတ်တယ်လို့ ဆိုရိုးစကားရှိတယ်။ စာများများဖတ်ရူ့ခြင်းဟာ အတွေးအခေါ်ကို ရင့်ကျက်ပြည့်ဝစေသလို ခရီးများများ ထွက်ခြင်းဟာလည်း အတွေးအမြင် ကျယ်ပြန့်စေပါတယ်။

သမီး. . . .

ကိုယ်ထက် အသက်အရွယ်ကြီးရင့်သူကို လေးစားပါ ကူညီပါ မရိုင်းပြပါနဲ့။ ရွယ်တူလည်း လေးစားမှု ရှိပါစေ။ ငယ်သူကို ချစ်ခင်ကြင်နာပါလို့ မေမေ ပြောချင်တယ်သမီးတတ်သိလိမ်မာ လူတော် လူကောင်း တစ်ဦးဖြစ်ပါစေ သမီး. . . .

မေမေ

မနောဖြူလေး

2 comments

    • manawphyulay

      November 24, 2021 at 6:45 am

      thank you my sis…. အနီေလး ေတွ မမြင်ရတာ အ ေတာ်ကြာ….ပါပြီ

Leave a Reply