ပေါစိန် မလာနဲ့ ပိုင်စိ လာ

Shwe Zin USeptember 8, 20101min1287

ကျနော့် ဆောင်းပါးထိပ် ခေါင်းစဉ်စာသားလေး က ကျနော်တို့ရွာမှာ တခါက အမှန် တကယ်ဖြစ်ခဲ့ တာလေးပါ၊ ရွာကလေးကတော့ ပေါစိန် မလာနဲ့ ပိုင်စိ လာ ဆိုတဲ့ စကားလေးကြားလိုက်ရင် ဘာကို ရည်ရွယ် သလည်း ဆိုတာ သိကြပါတယ်။ ဥပမာဗျာ..ကျနော်တို့ နိုင်ငံမှာ ကူညီပါရစေ ဆိုရင် အားလုံး သိကြပါတယ်နော်၊ ကျနော်တို့ ကတော့  ဟဲ…ဟဲ အကူအညီ မတောင်းရဲ ပါဘူးဗျာ၊  ( ကြောက်.. ကြောက်တတ် လို့ပါ)

အခုလည်း အဲဒီလိုပါဘဲ။ ကျနော် ရွာပြန်ရင်းနဲ့ ကြုံ့ ခဲ့ရတဲ့ ဖြစ်ရပ်မှန် လေးပါ၊  ပြန်လည် တင်ပြလိုက် ရပါတယ် ခင်ဗျား။

မှတ်မှတ်ရရ အဲဒီနှစ် ဆောင်းတွင်း က နှင်းကျချက် ကတော့ လွန်လွန်းတယ်၊ ရေခဲမှုန် လေးတွေနဲ့ မခြား အေးစက်နေတဲ့ နှင်းပွင့် ဖြူဖြူလေး တွေရဲ့ အောက်မှာ ရွာလေးက နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျ နေလေရဲ့။ ကျနော် ကတော့ ညက စောစော အိပ်တာဆိုတော့ စောစောနိုး နေတယ် ၊ ဒါပေမဲ့ တအိမ်လုံး မထကြသေးတော့ ဆက်ကွေးနေရတာပေါ့။

ကျနော်တို့ ရွာလေးက စိုက်ပျိုး သီးနှံလုပ်ကိုင်တဲ့ ရွာမဟုတ်ဘူး၊ တရွာလုံး ရွှေကျင်တယ်။ ကျောက်တူးတယ်၊ တပိုင်တနိုင် လည်းလုပ်ကြတယ်၊ ပိုက်ဆံ ရှိတဲ့သူတွေကတော့ တွင်းသားတွေနဲ့ လေလံ ဆွဲပြီး တွင်းပိုင်လုပ်တာပေါ့ဗျာ။

ဒါပေမဲ့ ဒါကလည်း လွယ်တာမဟုတ်ပါဘူး၊ တွင်းသားတွေ အတွက် နေ့စဉ်စားစရိတ်၊ စက်စရိတ်၊ ဆီဘိုး ဒါတွေကို တတ်နိုင်မှ တွင်းထောင်လို့ရပါတယ်၊ တခါတလေ ဗျုံးက မတွေ့နိုင်ဘူး၊ စားရိတ်က ပြတ်နေပြီ ဆက်လုပ်ဘို့ ခက်နေပြီ၊ ဒါဆိုရင် ရှိသမျှ ရောင်းချ၊ ပေါင်နှံ ပေါ့၊ မှန်းချက် နဲ့ နှမ်းထွက် မကိုက်ရင်တော့ ရှုံးပေါ့။ ရွှေအောင်ရင်လည်း ပြီးပြီပေါ့။

ဒါပေမဲ့ ရွာထဲကလူတွေကတော့ ရွှေအောင်လို့၊ ကျောက်အောင်လို့ ဆိုပြီး ကားတွေဝယ်၊ ကားထောင်၊ တိုက်တွေဆောက် နောက်တော့ ကားတွေပြန်ရောင်း နဲ့ ဒုံရင်း၊ ဒုံရင်း ပြန်ရောက်တာပါဘဲ၊ ရွှေ အောင်တဲ့ အချိန်မှာ အောင်ပေမဲ့၊ ရွှေသမား ကရွေဘဲ ဆက်လုပ်တာ ဆိုတော့ ၊ ပြန်ရှုံးသွားတာများပါတယ်။

ကျနော်တို့ အိမ်ကတော့ ကျောက်တခါ အောင်ဘူးတယ်။ မန္တလေး တက်ပြီး မြေကွက် တွေဘာတွေ ဝယ်ထားသေးတယ်၊ နောက်တော့ လည်း ထုံးစံအတိုင်း ပါဘဲ၊ အောင်တဲ့ အချိန်ကတော့ ok ပါဘဲ၊ သုံးလို့ကောင်းသလား မမေးနဲ့။ နောက်တော့ လည်း ကုန်တာပါဘဲ။ အခုတော့ ကျောက်တွင်းလည်း မတူးတော့ ဘူး။ ရွှေတွင်း လည်း မထောင် တော့ဘုး။

ဈေးရောင်းစားတယ်ဗျာ၊ ပြောရရင်တော့ ဈေးရောင်းရတာ မှကောင်းပါသေးတယ်။ ချက်ခြင်း ချမ်းသာစရာ အကြောင်းတော့ မရှိတော့ဘူးပေါ့၊ ဒါပေမဲ့ ပူစရာ နဲသွားတော့ ကောင်းတာပေါ့။ ရွာထဲရောင်းတာ မဟုတ်ပါဘူးဗျာ၊ ရွှေ လုပ်ကွက်တွေထဲရောင်းတာပါ။ လေလံ ကွက်တွေရှိတဲ့ တောင်ပေါ်မှာ ရောင်းတာပါ။

အခုလည်း ဈေးဝယ်ဆင်းရင်းနဲ့ အိမ် (ရွာထဲ) ဝင်နှပ်နေတာပါ။ ကြာတော့လည်း နားချင်လာပြီဗျာ၊ တောင်ပေါ်မှာ လည်း ရေကအစ ရှားတဲ့ အပြင် အလုပ်လုပ်ရတာလည်း အတော်ပန်းတယ်။ အဲဒီလို တောင် စဉ်းစား၊ မြောက်စဉ်းစားနဲ့ ကျနော် နှပ်ကောင်းကောင်းနဲ့ နှပ်နေတုန်းဗျာ ပေါစိန်မလာနဲ့ ပိုင်စိလာ၊ ပေါစိန်မလာနဲ့ ပိုင်စိလာ ဆိုတဲ့ အော်သံကြီး ထွက်လာပါတယ်။

ငယ်သံကို ပါနေတာပါဘဲ။ ဒါကြီးတော် အသံဆိုတော့ ကျနော်လည်း လန့်သွားတာဘဲ၊ ပေါစိန် ဆိုတာ ကြီးတော် သမက်၊ ပိုင်စိ ဆိုတာ သမီး။ ဘာများ ဖြစ်လို့ ပေါစိန် မလာရဘဲ ပိုင်စိ ဘဲလာရမှာ လည်း ဆိုပြီး၊ စပ်စုချင်တဲ့ စိတ်ကြောင့် ကမန်းကတန်း နဲ့ ကြီးတော်အိမ်ဘက် ပြေးသွားကြည့်မိတယ်။ ကျနော် လိုဘဲ တရွာလုံး ကလည်း ဘာကြောင့် ပေါစိန်မလာခိုင်းရသလည်း ဆိုတဲ့ စပ်စုချင်တဲ့ သူတွေ တရွာလုံး နီးပါးပါဘဲ။

သနားစရာ ကြီးတော် ခမျာ၊ ခြံစည်းရိုး ကြီးခွတက်ကျော်ရင်း မတော်ရာ စူးမိတယ်ထင်ပါရဲ့ ဗျာ၊ ဆင်းမရ ကျော်မရ ဆိုတော့  သူအော်လိုက်ရင်လည်း သူ့သမက်လာမှာ ကြောက်ပြီး အကူအညီလည်း ရချင်ဆိုတော့ တခါထဲ အလုပ်ဖြစ်သွားအောင်၊ ပေါစိန် မလာနဲ့ ပိုင်စိ လာဆိုပြီးအော်လိုက်တာနေမှာပေါ့၊

အခုတော့ ပေါစိန် တင်မကဘူး၊ တရွာလုံး လာကြည့်လိုက်ကြတာ ရပ်ကျော်ရွာကျော် ကိုဖြစ်လို့ပေါ့၊  အားလုံးကလည်း ကြီးတော် ကို သနားရမဲ့ အစား တဟားဟား နဲ့၊ ကြီးတော် ကလည်း လာကြည့် သမျှ လူတွေကို  ခြံစီးရိုးကြီး တန်းလန်း နဲ့ ဆဲ လိုက်၊ ဆိုလိုက်တာ၊ ပွက်လော ကို ရိုက်သွားတာဘဲ၊။

နောက် တော့မှ သူ့ သမီး ပိုင်စိ က တရွာလုံး တောင်းပန် ပြီး သွားခိုင်းလိုက်ရတယ်။ အဲဒီနောက်တော့ ရွာထဲမှာ ယောက်ကျားသူ မသိစေချင်တဲ့ ကိစ္စ မျိုးဆိုရင် ပေါစိန် မလာနဲ့ ပိုင်စိ လာဆိုတာ၊ တရွာလုံး ရဲ့လက်သုံး စကားကို ဖြစ်လို့ပေါ့ဗျာ။ နဲနဲရရ ကြီးတော် မဟုတ်ဘူး နော်၊ အခုထိ ကြီးတော် စကားဟာ တရွာလုံး လက်သုံးစကား ဖြစ်တုန်းပါ။

ခင်ဗျား တို့လည်း အဲလိုကြုံလာရင် အော်သာအော်လိုက် ပေါစိန်မလာနဲ့ ပိုင်စိလာ ပေါ့ဗျာ…….

(ညီမငယ် seeseinshinss@gmil.com ၏ ပြောပြချက် များကို ခံစားရေးဖွဲ့ပါသည်)

လေးစားစွာဖြင့်

စာရေးသူ – ရွှေစင်ဦး

7 comments

  • unclegyi1974

    September 12, 2010 at 3:09 pm

    တကယ်အဖြစ်မဟုတ်ဘဲ စိတ်ကူးရေးတာဆိုရင် စိတ်းကူးလေးကောင်းပါတယ်။

  • Shwe Zin U

    September 12, 2010 at 3:47 pm

    ဒါက တကယ့် အဖြစ်အပျက်ပါဗျာ ရွာလေး တရွာက ဖြစ်ရပ်မှန် ပါ..

    လေးစားစွာဖြင့်
    ရွှေစင်ဦး

  • kai

    September 12, 2010 at 7:32 pm

    ရွေတို့ကျောက်တို့ ထွက်တယ်ဆိုတော့..မြန်မာပြည်အထက်ပိုင်းကလို့ထင်ပါတယ်..။
    လူနာမယ်တွေက..ပေါစိန်၊ပိုင်စိဆိုတော့…ခပ်ဆန်းဆန်းပဲ..
    ရွာအမည်လေးအတိအကျရေးပေးရင်ကောင်းမယ်..။
    နောက်…အဲလိုကြုံလာရင် ပေါစိန်မလာနဲ့ ပိုင်စိလာ လို့အော်မလို့ပါ။(အဲဒါမျိုးကြုံတော့မကြုံချင်ပါဘူး)
    အဲဒါနဲ့..တခါတည်းရှင်းပြလို့ရအောင်..ရွာနာမည်အတိအကျလေးတော့ပေးပါ။
    ကုညီပါခင်ဗျ..ကူညီပါ..။

  • Shwe Zin U

    September 13, 2010 at 3:28 am

    သပိတ်ကျင်းမြို့နယ် က ဝါးဖြူတောင် ဆိုတဲ့ ရွာကလေး က ဖြစ်ရပ်မှန်ပါ စိတ်ဝင်စားတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ စိတ်ဝင်စားရင် ပေါစိန်မလာ နဲ့ပိုင်စိလာ ဆိုတာ လည်း အဲဒီ ရွာလေး က ဖြစ်ရပ်မှန်ပါ ကျေးဇူးပါ

    လေးစားစွာဖြင့်
    ရွှေစင်ဦး

  • Shwe Zin U

    September 13, 2010 at 3:43 am

    အပေါ်က ပိုစ့် နံမည် မှားရေးပေးလိုက်တယ် လက်ဆော့လိုက်တာ မုန်းမေ ရာ ပါ
    အခု အလွယ်တကူ ဖတ်လို့ ရအောင် လင့်ခ် လေး ပြန်ပေးလိုက်ပါတယ်ဗျာ
    http://myanmargazette.net/?p=24359
    ရွာလေး ရဲ့ ဖြစ်ရပ်မှန်လေးတွေပါ

    လေးစားစွာဖြင့်
    ရွှေစင်ဦး

  • Shwe Zin U

    September 13, 2010 at 3:47 am

    ခုနက ကျနော် ရေးတာ နံမည် မှားသွားတယ် လက်ဆော့လိုက်တာ မုန်းမေ ရာပါ ရွာလေးရဲ့ ဖြစ်ရပ်မှန်ပါ
    အခု အလွယ်ဖတ်နိုင်အောင် http://myanmargazette.net/?p=24359 လင့်ခ် လေးပေးလိုက်ပါတယ်

    လေးစားစွာဖြင့်
    ရွှေစင်ဦး

  • Shwe Zin U

    September 13, 2010 at 6:13 am

    မန့် ၂ခု ဆက်ပေးထားတာကို ကော်နက်ရှင်ကြောင့် လား ဥပဒေ ကြောင့် လားတော့ မသိဘူး မပေါ်ဘူး ကျနော်လည်း မှားနေတာ ပြင်ချင်လို့ အပေါ်ကော့်မန့်မှာ လက်ဆော့လိုက်တာ မုန်းမေ ရာ ဆိုတာလည်း ရွာလေး ရဲ့ အဖြစ်မှန်ဖြစ်ပါကြောင်း

    လေးစားစွာဖြင့်
    ရွှေစင်ဦး

Leave a Reply