မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ၂၀၂၁ နိုဝင်ဘာ

kaiNovember 16, 20211min2741

“ဤခရီးမနီး”
နွေဦးတော်လှန်ရေးသည် UWSA နှင့် အထူးသဖြင့် AA တို့ဆယ်စုနှစ်အတွင်းဆွဲယူလုပ်ဆောင်သွားပုံတို့ကိုတု၍ ယနေ့မြန်မာလူထုနည်းနာယူလုပ်နေခြင်းဖြစ်ပါသည်။ သတင်းများအရ KIO/KIA နှင့် UWSA တို့သည်ကိုယ်ပိုင်လက်နက်စက်ရုံရှိကြပြီး သယံဇာတပရံကတပစ္စည်းတို့မှအဓိကပုံမှန်ဝင်ငွေရှိကာ AAမှာလည်း ရခိုင်လူထုအခွန်ငွေနှင့်ထပ်ဆောင်းဖြည့်ထားခြင်းဖြစ်၏။ နောက်ခံမှာ အိမ်နီးချင်းနိုင်ငံကြီးဖြစ်သည်ကို ထူး၍ရှင်းပြရန်ပင်မလို။
NUG သည် လူအင်အားရှိသဖြင့် တော်လှန်ရေးတခုကို အချိန်တိုနှင့်ဖြတ်နိုင်မည်တွေးပါသလား။ တွက်ကြည့်အံ့။
လူတဦးတနေ့စားစရိပ် ၁ဒေါ်လာရှိပါက လူ၁သိန်းအတွက်တရက်ကုန်ကျမည့် စားစရိပ်ငွေသည် ဒေါ်လာ၁သိန်းပါ။ တလ ဒေါ်လာ ၃သန်းနှင့် ၆လလျှင် ၁၈သန်းစားစရိပ်ချည်း လူတသိန်းအတွက်ဖြစ်ပါကြောင်း။ လူသားတဦးအတွက်လိုအပ်သည်မှာ စားဝတ်နေရေး၃ပါးဖြစ်၍ CDM ဝင်ထားသူသိန်းချီလစာနှင့် pdfလက်နက်တို/ရှည်စရိပ်တို့တွဲလိုက်လျှင် ၁၀လလျှင်ဒေါ်လာသန်းရာချီလိုအပ်ပါမည်။
ထိုဘက်ဂျက်ကို အဓိကထောက်ပံ့ဖြည့်စည်းနေသူများမှာ နိုင်ငံတကာရောက်မြန်မာများနှင့် ပြည်တွင်းမှအချို့သာဖြစ်ကြ၏။ မည်သို့လှူတန်းသည် ရန်ပုံငွေရှာသည်ဖြစ်စေ ထိုပမာဏငွေကို အုပ်ချုပ်စိုးမိုးမှုမြေပိုင်မရှိသေးသော NUG/CRPHမှ လပိုင်းနှင့်ရလာရန်အကြောင်းမရှိ။ နိုင်ငံတခုအကူအညီ သို့မဟုတ် ဘီလီယံနာငွေကြေးရှင်တဦး အဖွဲ့အစည်းတခုမှ မကူလျှင်မဖြစ်နိုင်ပေ။

“အာဆီယံငါးချက်ဆီ”
ယခုရက်ပိုင်းတွင် ကမ္ဘာအင်အားကြီး ၁-၂-၃တို့၏ အထူးသံတမန်များ မြန်မာပြည်တွင်းခြေချင်းလိမ်လာသည်။ အမေရိကား၏ ကုလသမဂ္ဂဆိုင်ရာသံအမတ်ဟောင်း၊ပြည်နယ်အုပ်ချုပ်ရေးမှုးဟောင်း ဘီလ်ရစ်ချက်ဆန်၊ ချိုင်းနား၏အထူးသံ အာရှရေးရာကိုယ်စားလှယ်ဆွန်းကော့ရှန် နှင့် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် နိပွန်းဖောင်ဒေးရှင်းဥက္ကဌ ယိုဟဲစာစကဝါ တို့ဖြစ်သည်။ အယောက်စီတိုင်းတွင် မြန်မာနိုင်ငံနှင်ပါတ်သက်ဖူး အောင်မြင်ဖူးသည့် လုပ်ရပ်များလည်းရှိကြသည်။ ရုရှားနိုင်ငံ၏စစ်ဖက်ထိပ်တန်းအရာရှိကြီးများနှင့် ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်တို့လည်း ဝင်ထွက်နေကြသည်ကိုမြင်ကြရမည်။
နိုဝင်ဘာ ၁၀ရက်နေ့တွင် ဗြိတိန်နိုင်ငံဦးစီးခေါ်ဆိုမှုဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပြုလုပ်ကာ ဗီတိုသမားရုရှားနှင့် ချိုင်းနားပါသည့် အဖွဲ့ဝင်နိုင်ငံ၁၅ခုလုံးက ကန့်ကွက်ခြင်းမရှိသဘောတူသော မြန်မာ့ရေးရာထုတ်ပြန်ချက်ထုတ်နိုင်ခဲ့သည်။ နိုဝင်ဘာ ၁၅ရက်နေ့တွင် အမေရိကားသမ္မတနှင့် ချိုင်းနားသမ္မတတို့ ကမ္ဘာ့နှင့်နှစ်နိုင်ငံကိစ္စများ ၄နာရီမျှ ပုံရိပ်ယောင်တီဗီဖြင့်တိုက်ရိုက်ဆွေးနွေးခြင်းလည်းရှိခဲ့သည်။

မြန်မာပြည်တွင်းတွင် ယာယီသမ္မတဦးမြင့်ဆွေမှ အရေးပေါ်အခြေအနေကြေညာကာ အာဏာထိန်းရန်လွဲအပ်ထားသော စစ်ကောင်စီ၏သက်တမ်းကုန်ရက်လည်း နီးကပ်လာသည်။ နှစ်လခွဲသာကျန်တော့သည်။ ၂၀၀၈ ခြေဥပုဒ်မ ၄၂၁(ခ) အရ ကာကွယ်ရေးဦးစီးချုပ်မှ သမ္မတဆီအကျိုးအ‌ကြောင်းဖေါ်ပြလျှက်တင်ပြလာပါက ၆လသက်တမ်းတိုးပေးရမည်ဖြစ်သည်။ ခြေဥအရ ကာလုံနှင့်ညှိနှိုင်းပြီး တကြိမ်လျှင်၆လသက်တမ်း နှစ်ကြိမ်(ပေါင်း၁နှစ်)သာတိုးပေးနိုင်ရာ စစ်ကောင်စီ၏ အများဆုံးသက်တမ်းမှာ ၂၀၂၁ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂နှစ်ဖြစ်၏။ ကာကွယ်ရေးဦးစီးချုပ်သည် ယခုထိထိမ်းသိမ်းနိုင်စွမ်းမရှိသေးသော တိုင်းပြည်၏ပကတိအခြေအနေများပေါ်တွင် တည်ငြိမ်မှုပျက်နေပုံပေါ်သည်။ နေ့စဥ်ဗုံးကွဲ ပစ်ခတ်နေမှုများကြားမှ ကျောင်းများပြန်ဖွင့်ခြင်း နိုင်ငံအားဖွင့်လှစ် တိုးရစ်လက်ခံခြင်းများပြုလာရခြင်းက သမ္မတအပ်နှင်းထားသောတာဝန်ကို ပေးထားသော၁နှစ်အတွင်းပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်းမရှိ စိုးရိမ်မှုများရှိလာနေသည်ကိုလည်းပြသည်။ သူ၏အုပ်ချုပ်ရေးသည် ကမ္ဘာ့ဇတ်ခုံ သံတမန်ရေးတွင်ကား အရှုံးကြီးရှုံးလျှက်ရှိနေပါ၏။
မည်သို့ဆိုစေ လက်ရှိ၂၀၀၈ အခြေခံဥပဒေပုဒ်မ ၄၃၂အရ ကာကွယ်ရေးဦးစီးချုပ်၏အုပ်ချုပ်ရေးကို နောက်ကြောင်းပြန်အရေးယူခွင့်မရှိဟုဆိုထားသည်။ သို့နှင့် ယခုအာဏာသိမ်းအစိုးရနှင့် ယခင်နဝတ နအဖ စစ်ခေါင်းဆောင်များသည် ၂၀၀၈အခြေခံဥပဒေကို ဖက်တွယ်ထားရလိမ့်မည်။ တနည်းအားဖြင့် လက်ရှိမြန်မာနိုင်ငံ၏နိုင်ငံရေးစနစ်တွင် နောက်ကွယ်လက်မည်းကြီးများ သို့မဟုတ် Deep State ရှိခြင်းထင်ဟတ်နေလေသည်။
Deep State သည် လက်ရှိကာကွယ်ရေးဦးစီးချုပ်ကို စိတ်ရှည်ထားစောင့်ကြည့်နိုင်မှုနည်းလာပုံပေါ်သည်။ သက်တမ်းတိုးပေး/မပေးကိုချိန်ဆမည့်ဟန်တို့မြင်လာရပြီ။(ခြေဥအရ ဖြုတ်ချခွင့်ကားမရှိ)
ထိုအခါမျိုးတွင် ကိုင်ထားသောဖဲချပ်ကောက်လှန်ကာ Plan B ပြောင်းသွားနိုင်ချေရှိပါ၏။ အမေရိကားနှင့် ချိုင်းနား၏ကြားဝင်မှုဖြင့် အာဆီယံ၏ဘုံသဘောထား၅ချက်ကို ဖမ်းဆွဲကာ ‌ဒေါ်အောင်ဆန်းစုကြည်နှင့် စားပွဲပေါ်တွင်ညှိနှိုင်းရေးတက်လာနိုင်ပေသည်။ ကာလုံအားဖြင့် နောက်ထပ်၆လ သက်တမ်းချိန်ဆွဲဆန့်၍ အထွေထွေရွေးကောက်ပွဲတခုပြုလုပ်နိုင်သည်။

“Groundမရှိ”
ညှိနှိုင်းဆက်သွားမည့် ဒေါ်အောင်ဆန်းစုကြည်၏ NLDအမာခံအုပ်စု။ သွေးကြွေးမှာဆွေးနွေးရန်မရှိ အပြုတ်နှံချင်အုပ်စု။ စစ်တပ်၊မဘသနှင့် ပြည်ခိုင်ဖြိုးအုပ်စု။ တိုင်းရင်းသားလက်နက်ကိုင်EAOများအုပ်စုကြီးတို့ ၄ခုတွင် နိုင်ငံတကာရောက်မြန်မာများ၊ ရိုဟင်ဂျာနှင့်ပြည်တွင်းမွတ်စလင်၊ခရစ်ယန်များ၊ ဘာလာလာဆဲဆိုကြိမ်း‌မောင်းမည့်သူများတို့မှာ အုပ်စု၄ခုသို့ မျှဝင်သွားမည့်ဟန်ရှိသည်။
သို့ပါလျှင် ငွေအား/လူအား စိုက်ထုတ်ကူညီနေသူများ၏ ပကတိအခြေအနေသည် မကြာမှီကာလများတွင် ၁၈၀ဒီဂရီ ချိုးချပြောင်းသွားနိုင်ချေလည်းရှိပါ၏၊ ဦးသိန်းစိန်၏နအဖအစိုးရ။ ရွှေဂုံတိုင်ကြေညာချက်။ ဦးဝင်းတင်နှင့်၈၈မျိုးဆက်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ NLD နှင့် ၂၀၁၀၏ ရွေးကောက်ပွဲတို့ကို သတိရစရာပါ။ သမိုင်းဘီးတပါတ်လည်ချင်လည်လာပေလိမ့်။
ထိုအချိန်မျိုးရောက်ခဲ့ပါလျှင် ကိုယ်/စိတ် အကြီးအကျယ်ထိခိုက်ခံရမည့်သူများမှာ တော်လှန်ရေးကာလ လူအားငွေအားစိတ်အားအစွမ်းကုန်ဖြည့်ထားသော မြန်မာ-အမေရိကန်များအပါအဝင် မြန်မာနိုင်ငံသားမဟုတ်သူများရယ်ပါ။ နိုင်ငံခြားသား နိုင်ငံခြားနေ ဘာဆိုင်လည်းဟု ပြောဆိုလာလျှင် ချေပကြရန် မိမိ၏ရပ်တည်မြေကြီးရှာ၏၊ မရှိ။
အထူးအားစိုက်လုပ်ကြရန်မှာ NUG/CRPH တို့ ကမ္ဘာတန်းခြေလှမ်းနိုင်ချိန် အချိန်ကိုက် လိုအပ်သည့်အမှုအချက် ဥပဒေပြုမှုတို့ တွန်းလုပ်စေရန်ဖြစ်သည်။ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေတခုလုံး မဖျက်သိမ်းနိုင်သော်မှ ပုဒ်မ ၁၃နှင့် ၁၆ ၂ခုကိုဖျက်သိမ်းပစ်ရန်ဦးစားပေးတိုက်တွန်းကြရမည်။ ထိုမှနောက်တွင် အမေရိကပြည်ထောင်စု၏ မျိုးချစ်ဥပဒေPatriot Act နိုင်ငံခြားကိုယ်စားလှယ်မှတ်ပုံတင်ဥပဒေ FARA တို့နှင့်လည်းကင်းလွတ်ခွင့်ရရှိကာ စိတ်ရောကိုယ်ပါ နှစ်၍ အဖမြန်မာနိုင်ငံအရေးဆောင်ရွက်နိုင်ကောင်း၏။
၁၉၈၂မြန်မာနိုင်ငံသားဥပဒေကိုဖျက်သိမ်း၍ ခေတ်နှင့်လျှော်ညီသည့် နိုင်ငံသားဥပဒေပြဌာန်းနိုင်ပြီးသောနေ့တွင် မြန်မာ့မြေတွင် မွေးဖွားကြီးပြင်းထားပြီး မွေးရာပါအလိုအလျှောက်နိုင်ငံသားဖြစ်ထားသူများ တိုင်းရင်းသားများ မြန်မာနိုင်ငံသားနှင့် အမေရိကနိုင်ငံသားအဖြစ်ပူးတွဲ၍ ဆောင်နိုင်ချေရှိပါသည်။ ထိုခေတ်ကာလမရောက်မချင်း မြန်မာ-အမေရိကန်များသည် အပြင်လူများပါတည်း။

နွေဦးတော်လှန်ရေးတွင် ကိုယ်စိတ်နှစ်လုပ်နေသူ အများစုကြီးဖြစ်သည် မိမိတို့ မြန်မာ-အမေရိကန်များ။ မြန်မာနယ်စပ်မှတဆင့် ထိုင်း/မလေးရှား/ဘင်္ဂလားဒေ့ရှ်/ချိုင်းနားနိုင်ငံများသို့ တရားမဝင်သွားရောက်အလုပ်လုပ်နေသူများ။ Refugee ပြောင်းခိုသူများ။ စစ်ဘေးရှောင်များ၊ ဆိုင်ရာနိုင်ငံအသီးသီးတွင် အမြဲတမ်းနေထိုင်ခွင့်ရရှိ တရားဝင်နေသူများ။ ကျောင်းသားဗီဇာနှင့်နေထိုင်ခွင့်အထောက်အထားလျှောက်ထားရယူထားသူများသည် မြန်မာနိုင်ငံသားအဖြစ်မှအလိုအလျှောက် ရပ်စဲခံရသူများချည်းဖြစ်ပါ၏။
ရှင်းပါရစေ။ အောက်ပါတို့မှ မှတ်ချက် (၁)နှင့်(၂) ကိုဖတ်ကြည့်ပါ။
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးအဖွဲ့ မှ စက်တင်ဘာလ ၂၀ရက် ၁၉၈၃တွင် အမိန့်ကြော်ငြာစာအမှတ် ၁၃/၈၃ ဖြင့်ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများထဲမှာ မြန်မာ-အမေရိကန်များနှင့် သက်ဆိုင်သည့် ဥပဒေပုဒ်မ/လုပ်ထုံး ၂၃နှင့်၂၆ (မူရင်းအတိုင်း)
၂၃။ ဥပဒေပုဒ်မ၁၃ အရ နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိပါ။ နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်၏သစ္စာကိုသာခံယူရမည်။အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူခြင်း သည်ထိုနိုင်ငံ၏ သစ္စာကိုခံယူခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံသားတစ်ဦးသည် အခြားနိုင်ငံ၏ နိုင်ငံသား အဖြစ်ကိုပါ တချိန်တည်းတွင် ခံယူခွင့်မရှိခြင်းဖြစ်သည်။
၂၆။ နိုင်ငံသားတစ်ဦးသည် ဥပဒေပုဒ်မ ၁၆ အရ အောက်ပါကိစ္စတစ်ရပ်ရပ်ကို ပြုလုပ်လျှင် နိုင်ငံသား အဖြစ်မှ ရပ်စဲသည်-
(က) နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာခြင်း၊
(ခ) အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူခြင်း သို့မဟုတ် မှတ်ပုံတင်ခြင်း၊
(ဂ) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ကို ကိုင်ဆောင်ပြီး နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာ ခြင်း၊
(ဃ) အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူခြင်း။
မှတ်ချက်။ (၁) နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာခြင်းဆိုရာတွင် ဥပဒေနှင့်အညီ အပြီးအပိုင် ထွက်ခွာခြင်းအပြင် ဥပဒေမဲ့ခိုးထွက်ခြင်း၊ နယ်စပ်မှ တိတ်တဆိတ် ထွက်ခွာခြင်းတို့လည်း ပါဝင်သည်၊
(၂) အလားတူ လက်မှတ်ဆိုရာတွင် အရေးပေါ်ခရီးသွားလက်မှတ်၊ အခြားနိုင်ငံကထုတ်ပေးသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်တို့ ပါဝင်သည်။

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံသားဆိုသူများ/တိုင်းရင်းသားများလည်း အကယ်စင်စစ် တင်းပြည့်နိုင်ငံသားမဟုတ်ကြရှာပါ။ ပါလီမန်ခေတ် တော်လှန်ရေးကောင်စီခေတ် မဆလခေတ် စသဖြင့်ရှေးအစဥ်အဆက်ထုတ်ပေးလာသည့် မူလသုံးခေါက်ချိုးမှတ်ပုံတင်ဟုခေါ်သော (နိုင်ငံသားလက်မှတ်ပုံစံ နိုင်-၆) ကို ၁၉၈၈တွင်အာဏာသိမ်းလိုက်သည့် ဗိုလ်ချုပ်မှုးကြီးစောမောင်၏ နဝတအစိုးရက ပြန်လည်အပ်နှံစေ၍ ၁၉၉၀ပြည့်ရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းပြုစုရန်အကြောင်းပြ သိမ်းဆည်းကာ နိုင်ငံသားစိစစ်ရေးကတ်ပြားပုံစံ နိုင်-၆ (က)ပန်းရောင်ကဒ်ပြားများကို ပြန်လည်ထုတ်ပေးခဲ့သည်။ နိုင်ငံသားများကို အဆင့်တဆင့်ချ စိစစ်ဆဲပြုခဲ့ခြင်းဖြစ်ရာ မည်သည့်အခွင့်အာဏာနှင့်လုပ်ခဲ့သည် မသိငြား ထိုထိုလုပ်ဆောင်မှုအရ မြန်မာပြည်တွင်းနေသူအားလုံးမှာ မြန်မာနိုင်ငံသားအဖြစ်စိစစ်နေဆဲ အဆင့်တွင်သာရှိပါ၏၊

“သောကကင်းဝေး နေနိုင်ရေး”
ယခုနှစ်အတွင်း အမေရိကားပြည်တွင်းတွင် အဓိကမီဒီယာကြီးများတွင်ပါလာသည်အထိ နာမည်ကြီးသွားသော လူအစုလိုက်အပြုံလိုက်ပစ်ခတ် သတ်ဖြတ်မှုနှစ်ခု မြန်မာ-အမေရိကန်၂ဦးမှကျူးလွန်ခဲ့သည်။ ပစ်သူကိုယ်တိုင်တို့လည်း ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ကြသည်။ ယခင်နှစ်များအစဥ်အဆက်က မဖြစ်စဖူး။ မြန်မာ-အမေရိကန်တို့၏နှလုံးသားသည် မြန်မာနိုင်ငံ၏ပကတိအခြေအနေတို့နှင့်ထပ်တူ လိုက်၍ခုန်နေဟန်ရှိသည်။ လူသည်အမေရိကားတွင်နေလျှက် နှလုံးသားသည် မြန်မာပြည်တွင်ကျန်ရစ်၏။ ဟိုမှာဖက်မြန်မာပြည်တွင် စစ်ကောင်စီ၏ မတရားဖမ်းဆီးသတ်ဖြတ်နေမှုများ၏ အကုသိုလ်စိတ်တို့သည် ထုံကူးစက်လာခြင်းမျိုးသာ။
အမေရိကားတွင်အနေကြာကာ ဦးနေဝင်းခေတ် ပြည်သူပိုင်သိမ်းခြင်းနှင့် တရုတ်-ဗမာရေးအခင်းကြောင့်ထွက်လာသူ တရုတ်-အမေရိကန်ကြီးများ ငြိမ်ချက်သားကောင်းနေသည်ကိုတွေ့ရပါမည်။
ရှစ်လေးလုံးအရေးတော်ပုံအကြောင်းပြုထွက်လာသူများမှာ ဆယ်စုနှစ် ၃ခုထဲအခြေပြု ခိုင်ကြပြီဖြစ်၍ ကိုဗစ်ကြောင့်ပိတ်မိနေသော စိတ်တို့နှစ်ကာဝင်ပါရင်း လူသား၏စိတ်သဘာဝအလျှောက် နင်း၍နှစ်ကာ တွန်း၍ပါကြသည်။
ယခုလပိုင်းဆိုက်ရောက်လာနိုင်မည်ဖြစ်သော မြန်မာနိုင်ငံရေးအခြေအနေအရ နိုင်ငံရေးအယူအဆကြောင့် မြန်မာ-အမေရိကန်များ မကွဲကြစေလို။ ဤအမိမြေ အမေရိကားတွင် ကျန်သည်ဘဝတသက်တာ အတူတကွယှဥ်တွဲနေထိုင်သွားရမည့်သူများဖြစ်၍ပါ။ သားသမီးမြေးမြစ်များလည်း မြန်မာဇာတိနွယ်နှင့်တကွ မျိုးဆက်အစဥ်ရှိကြပါဦးမည်။ နိုင်ငံကြီးသားစိတ်ဖြစ်တည်ကြပါလေ။ အမေရိကန်စိတ်မွေးကြပါလေ။ ။

One comment

  • manawphyulay

    November 24, 2021 at 6:31 am

    နောကျ ခွောကျလ မ ပွောနဲ့ နှစ်လခွဲ ေတာင် မထားချင် တော့ဘူး
    အောကျ ခွေ လူတန်းစား ကိုယ် ေတွ အပါအ၀င် အကုန် ငတ် ကုန် ေန ပြီ

Leave a Reply