မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ဒီဇင်ဘာ ၂၀၂၁

kaiDecember 16, 20212min3131

နှစ်ကုန်တော့မည်၊ နှစ်ဟောင်းကိုနှုတ်ဆက် နှစ်သစ်ကိုကြိုပါရစေ။
ဇန်နဝါရီ ၆ရက်နေ့တွင်အမေရိကကွန်ဂရက်ရုံးသို့ လူအုပ်စုကြီးဝင်စီးခြင်းဖြစ် ဇတ်ကြမ်းစဖွင့်ခဲ့သော ၂၀၂၁ သည် ဇန်နဝါရီ၂၀တွင် ဂျိုးဘိုင်ဒင်ကျမ်းကျိန် အမေရိကသမ္မတအဖြစ်စတင်ထမ်းဆောင်ခြင်းဖြင့် တစခန်းရပ် အရေးယူခြင်းတို့စခဲ့သည်။
အမေရိကား၏၂၀၂၁သည် လူဖြူထိပ်တင်နှင့်အမျိုးသားရေးအစွန်းရောက်ဝါဒအား ဖြေရှင်းအရေးယူနေရရာနှစ်ပါ။ ကွန်ဂရက်မှ ဇန်နဝါရီ ၆ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး ယခင်သမ္မတထရမ့်နှင့် အစွန်းရောက်အမည်ခံများကို အမည့်ချွေချနေဟန်ရှိသည်။ သမ္မတဘိုင်ဒင်အုပ်ချုပ်ရေး၏ရည်ရွယ်ချက်မှာ (ရိုးရှင်းသည်ဆိုချင်ဆို) ထရမ့် ၂၀၂၄တွင်သမ္မတအဖြစ်ပြန်လည်ရွေးကောက်မခံနိုင်ရေးတည်း။ အမေရိကသမိုင်းတွင် သမ္မတ ၄၆ဦးအနက် နောက်တကြိမ်ပြန်လာနိုင်သူမှာလည်း သမ္မတဂရိုဗာကလိဗ်လန်းဒ်(၂၂ နှင့်၂၄မြောက်)တဦးတည်းသာရှိဖူးပေသည်။ ၂၀၂၄သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတဘိုင်ဒင်၏အသက်မှာ၈၂နှစ်ရှိနေမည်ဖြစ်၍ မှား/မှန်အနာဂတ်ချိန်ဆချက်တို့မှာ ၂၀၂၂ အထွေထွေရွေးကောက်ပွဲတွင်များစွာတည်သည်။

“သတင်းဒိုင်ယာရီ”
သမ္မတဂျိုးဘိုင်ဒင် အာဏာရသည်နှင့် ဒေါ်လာထရီလီယံချီသည့် ဘက်ဂျက်ဥပဒေများပြုရန်ကြိုးစားခဲ့သည်။ အစပိုင်းကိုဗစ်ရောဂါကြောင့်ကျဆင်းနေသောစီးပွားရေးကိုဆွဲတင်ခြင်း($1.9 trillion American Rescue Plan -March 12) မှသည် BBB(Build Back Better) ဟုခေါ်သော($1 trillion infrastructure Law -Nov 15) အင်ဖရာစရပ်ချာနှင့် ကျန်းမာရေး လူမှုရေး စသည့်တိုင်းပြည်၏အရင်းအမြစ်များကိုမြှင့်တင်ရင်းနှီးမြုတ်နှံခြင်းအပြင် ကမ္ဘာဥတုရာသီပြောင်းအတွက် ကုစားပြင်ဆင်မည်တို့အထိကျယ်ပြန့်စွာပါသည်။ သူ၏သက်တမ်း၄နှစ်အတွင်းများစွာထပ်၍လာပါဦးမည်။

ဖေဖော်ဝါရီ ၁ရက်နေ့တွင် မြန်မာနိုင်ငံ၌ စစ်တပ်မှအာဏာသိမ်းသည်။ အခြေခံဥပဒေအရအာဏာထိန်းသည်ဆိုသော်ငြား မူလရှိပြီးသမ္မတကိုဖမ်းဆီးကာ စစ်တပ်မှတင်မြှောက်ထားသည့်ဒုတိယသမ္မတဦးမြင့်ဆွေမှ ယာယီသမ္မလုပ်၍ စစ်တပ်ခေါင်းဆောင်များချည်းနှင့်ကာလုံအစည်းအဝေးခေါ် အရေးပေါ်အခြေအနေကြေညာပြီး ကာကွယ်ရေးဦးစီးချုပ်အား တနှစ်တာအာဏာ၃ရပ်လွှဲအပ်လိုက်ခြင်းဖြစ်သည်။ သမ္မတကိုဖြုတ်ချအရေးယူပုံအဆင့်ဆင့် အခြေခံဥပဒေတွင်ပြဌာန်းထားသည်ကို ပစ်ပယ်လျှက် လုပ်ခဲ့ကြခြင်းဖြစ်၏။ လွှဲပြီးသည်နှင် ၇၂နာရီကြာစောင့်ကြည့်ပါရန် သတင်းများပြန့်နှံ့သွားပြီး လူထုအများစုမှာလည်း စောင့်ကြည့်ခဲ့ကြပါ၏။ ယနေ့တွင်မူကားနစကခေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအောက်တွင် တိုင်းပြည်၏ ဥပဒေစိုးမိုးရေး၊အုပ်ချုပ်ရေး၊စီးပွားရေး၊နိုင်ငံရေး အလုံးစုံမတည်မငြိမ်ဖြစ်နေသည်ကို မြင်ကြရမည်။ မအောင်မြင်သော အာဏာသိမ်းမှုဟု သမိုင်းကျန်ရစ်ပါလိ့မ်မည်။ အနာဂတ်တွင် တိုင်းပြည်သည်လည်း စည်းလုံးမှုပျောက်ကွဲပြတ်သွားသည်တို့ဖြစ်နိုင်သလို စီးပွားရေးသည်လည်း ကျဆုံးပျက်ဆီးသွားနိုင်ပါသည်။ ၂၀၂၂တွင် တိုးတက်ငြိမ်းချမ်းသော မြန်မာလူ့ဘောင်ကိုမြင်ရန်မရှိပေ။

မတ်လတွင် ချိုင်းနား၏ ၁၀နှစ်စီမံကိန်းထဲမှ ဂျာမဏီနိုင်ငံIndustry 4.0 ကိုပုံစံယူထားသော Made in China 2025 ကိုအထူးပြုထားသည့်၁၄ကြိမ်မြောက် FYP ၅နှစ်စီမံကိန်း(၂၀၂၁-၂၀၂၅)ကိုစတင်သည်။ အမေရိကားနှင့်ကုန်သွယ်စီးပွားစစ်အပြင် တောင်ချိုင်းနားပင်လယ်ပြင်တွင်လည်းစစ်ရေးတင်းမာနေသော ချိုင်းနားသည် ထိုင်ဝမ်ကိုလည်း ၂၀၂၅မတိုင်မှီသိမ်းမည်ဟု စစ်ရေးမှန်းဆချက်များရှိနေ၏။ သူပိုင်ဟောင်ကောင်ကိုနိုင်ငံရေးအရလွှမ်းမိုးသိမ်းပိုက်ထားနိုင်ပြီဖြစ်သော ချိုင်းနားသည် ကမ္ဘာ့စီးပွားရေးဒုတိယနေရာမှ ပထမနေရာသို့လှမ်းနေသည့်အပြင် စစ်အင်အားကိုလည်းကြီးစွာချဲ့နေလေသည်။

အစိုးရ(တို့)ထိန်းချုပ်ထားခြင်းမရှိသည့် ခရစ်တိုကာရန်စီDeFi သည်လည်း အဟုန်မြှင့် ကမ္ဘာ့ငွေကြေးစျေးကွက်ဝင်လာချေပြီ။ စျေးကွက်ဝေစု ၃ထရီလီယံဝန်းကျင်ဖြင့် ခြေကုပ်မြဲသွားဟန်ရှိသည်။
ဇွန်လတွင် အစ္စရေးနိုင်ငံ၌ဆယ်စုနှစ်တခုကျော် သက်တမ်း၄ခါဝန်ကြီးချုပ်ဖြစ်ခဲ့သော လက်ယာယိမ်းအမျိုးသားရေးသမားနေသန်ရာဟုပြုတ်ကျသွားသလို ဂျာမဏီနိုင်ငံတွင် ၁၆နှစ်ကျော်အဓိပတိတာဝန်ယူထားသူ ကွန်ဆာဗေးတစ်မာကယ်သည်လဲ ဒီဇင်ဘာတွင်ထွက်ခဲ့ရသည်။ EUတွင် စီးပွားရေးအင်အားအကြီးဆုံး ဂျာမဏီနိုင်ငံရေးအပြောင်းသည် ဥရောပသမဂ္ဂအတွက်အပြောင်းအလဲကြီးမည်ဖြစ်ပါသည်။ ဂျပန်ပြည်တွင်မူ ၂၀၂၀စက်တင်ဘာတွင်ဂျပန်သမိုင်း၌သက်တမ်းအကြာဆုံးဝန်ကြီးချုပ်ရှင်ဇိုအာဘေးနှုတ်ထွက်ပြီးနောက်ယနေ့အထိအတွင်းဝန်ကြီးချုပ်၂ယောက်မြောက်ဖြစ်၏။ ပါတီနှင့်ပေါ်လစီမှာမပြောင်းသေး။
အခြေအနေအရပ်ရပ်တို့ ခြုံငုံကြည့်လျှင် နောင်ဆယ်စုနှစ်တခုအတွင်းအဖြေထွက်သွားရမည်ဖြစ်သော နိုင်ငံရေးသမိုင်းအချိုးအကွေ့ကြီးသို့ သွားနေခြင်းရယ်သာ။

“Cold War မှသည် Warm War”
ဇူလိုင်၂၃တွင်ကျင်းပခဲ့သော ချိုင်းနားကွန်မြူနစ်ပါတီ၏ နှစ်၁၀၀ကြိမ်မြောက်ညီလာခံကြီးတွင် ချိုင်းနားသည် သမိုင်းသုံးသပ်ချက်ပြုခဲ့သည်။ အမေရိကား၏စူပါပါဝါကို ရင်ဆိုင်ရင်းကျဆုံးသွားသော ဆိုဗီယက်ယူနီယံကို လေ့လာသုံးသပ်ကြည့်ခဲ့သည်။ လက်ရှိသမ္မတရှီကို ပုံမှန်သမ္မတသက်တမ်း၅နှစ်နှစ်ခါမှသည် အဆုံးမဲ့သက်တမ်းသတ်မှတ်ပေးခဲ့သည်။ ချိုင်းနားသည် ကမ္ဘာ့ကုန်ထုတ်လုပ်ရာစက်ရုံကြီးမှ ကိုယ်ပိုင်တီထွင်ထုတ်လုပ်သည့်အဆင့်လည်းရောက်ခဲ့ပါပြီ။ ပြည်တွင်းလူဦးရေသန်း (၁၄၄၀ကျော်) ရှိရကားချမ်းသာလာသော လူထုအပေါ် စျေးကွက်ကြီးသည်ပင် ကမ္ဘာ့အခြားနိုင်ငံများကိုဆွဲဆောင်နေပြီးလည်းဖြစ်၏။ လူ့အခွင့်အရေးများကိုအရေးမထား တိုင်းပြည်ကိုသံမဏိလက်ဖြင့်ညှပ်ကာအုပ်ချုပ်သော ချိုင်းနားနည်းဟန်နှင် ဒီမိုကရေစီဟူသောနိုင်ငံရေးသည် လွန်စွာတည်ငြိမ်နေလေ၏။ ကမ္ဘာ့အများဆုံး တနိုင်ငံထဲ၌စုနေသော နိုင်ငံသားလူဦးရေကို တည်ငြိမ်ချမ်းသာအောင် အုပ်ချုပ်ထားနိုင်ရကား ချမ်းသာအဆင်ပြေသောလူထုသည်လည်း မည်သည့်အသံကြီးမျှပင်မထွက်။ အမေရိကား၏ဒီမိုကရေစီနှင့်ကား ကွဲပြားလှလေသတည်း။
ကမ္ဘာကြီးသည် ဒီမိုကရေစီနှင့်အော့တိုကရေစီယှဥ်ပြိုင်မှုလမ်းပေါ်တွင်ရယ်ပါ။ အမေရိကားဦးဆောင်သော ဥရောပသမဂ္ဂ၊ ဗြိတိန်၊ဂျပန်၊အိန္ဒိယ၊သြစတေးလျှ၊တောင်ကိုရီးယား စသည့်အုပ်စုကြီးနှင့် ချိုင်းနားဦးဆောင်သော ရုရှား။အီရန်။မြောက်ကိုရီးယား၊ဆော်ဒီအာရေးဗျ၊ မြန်မာ၊ဗီယက်နမ်တို့ပါဝင်သည့်အာဆီယံနိုင်ငံအချို့ တို့အုပ်စုပါ။

ကမ္ဘာ့သမိုင်းအရကောက်ကြည့်လျှင် ရိုမန်အင်ပါယာ။ ဂျင်ဂစ်ခန်၏မွန်ဂိုအင်ပါယာ။ အော်တိုမင်န်တူရကီအင်ပါယာ တို့အပြင် ဗြိတိန်နှင့် စပိန်တို့၏ပင်လယ်ပြင်လွှမ်းမိုးရေးအားပြိုင်မှု၊ နပိုလီယန်၊ ဟစ်တလာတို့မှသည် ဗြိတိန်၏နေမဝင်အင်ပါယာကြီးအကျ အမေရိကား၏စစ်ရေးစီးပွားရေးစူပါပါဝါတို့ကို နိမ့်/မြင့်-တက်/ကျတို့မြင်ကြရမည်။ ပထမနှင့်ဒုတိယတို့သည် ကြီးစွာသောတွန်းတိုက်အားပြိုင်မှုများဖြစ်ကြခြင်းမှာ ပုံမှန်သဘာဝတရားပါ။ လူသိန်းသန်းချီလည်းသေကြေပျက်စီးခြင်းရှိတတ်ပါ၏။ ယခုခေတ်ကာလသည် ထိုခွကြားဆုံချက်ဖြစ်ပါသည်။ ရာစုနှစ်ကြာခဲ့ပြီး ဗြိတိန်နှင့်မဟာမိတ်ပြု ဂျာမဏီကိုစစ်နိုင်။ ရွေပေါင်ထားဒေါ်လာငွေဖြင့် ကမ္ဘာ့ငွေကြေးစျေးကွက်လွှမ်းမိုး ပေါင်စတာလင်ကိုဖြိုချခဲ့သော အမေရိကားသည် ယှဥ်ပြိုင်လာသော ဆိုဗီယက်ယူနီယံကိုအစိတ်စိတ်ကွဲစေခဲ့၍ ကမ္ဘာဒုတိယစီးပွားရေးအင်အားကြီးနေရာရောက်လာသောဂျပန်ကိုလည်း မိတ်ဖက်ပြုသိမ်းသွင်းနိုင်ခဲ့သည်။ သမ္မတကလင်တန်လက်ထက် ချိုင်းနားကို WTO ဝင်စေခြင်းမှအစပြု ဆွဲတင်ပေးခဲ့ပြီး ကမ္ဘာ့စက်ရုံကြီးဖြစ်စေခဲ့သောငြား ယခုမူ မွေးခဲ့သောမျောက် ပြန်ခြောက်ခံရခြင်းဖြစ် ရင်ဆိုင်ရန်ခက်ခဲခြင်းကြီးစွာဖြစ်နေပုံရသည်။ အချိန်ကိုက် အမျိုးသားရေးအစွန်းရောက်များကလည်း အမေရိကပြည်တွင်း၌ အုံကြွတက်လာပေရာ ပြည်တွင်း၌လည်း ဒီမိုကရေစီသည် ယိုင်နဲ့လျှက်ရယ်ပါ။ ဒီမိုကရေစီ၏အခြေခံဖြစ်သော နိုင်ငံသားတိုင်းလွတ်လပ်စွာမဲပေးနိုင်ခွင့်အခွင့်အရေးကိုပင် ပြည်နယ်အချို့၌လက်လွတ်ဆုံးရှုံးလာနေရပြီ။ အရင်းရှင်ငွေကြေးရှင်များ၏ နိုင်ငံရေးအာဏာပါဝါကို ငွေကြေးဖြင့်ဝယ်ယူအသုံးချခံနေရပေပြီ။ ချမ်းသာ/ဆင်းရဲကွဲခြားမှုလည်း လွန်စွာကြီးခဲ့ပြီ။ အမေရိကားပြည်တွင်းတွင်ပင် မြို့ကြီးများ၌နေစရာအိမ်မရှိ၍ လမ်းဘေးရောက်၍ခိုကပ်စားနေနေသည့်မိသားစုများရှိနေချိန် ရစ်ချက်ဘရန်ဆင်န်၊ဂျက်ဘေဇိုစသည့်ဘီလီယံနာအချို့မှာ ဒေါ်လာသန်းရာချီသုံး၍ အာကာသကောင်းကင်တက် မိနစ်ပိုင်းစီအပျော်ခရီးထွက်ရက်ခဲ့ကြသည်။

“The Earth Strikes Back”
ကမ္ဘာကြီးမှာဥတုဆိုးတို့ဖြင့်တုံ့ပြန်လျှက်ရှိသည်။ သိပ္ပံပညာရှင်ရာနှုန်းပြည့်က ယခုကဲ့သိုဥတုရာသီအစွန်းရောက်နေခြင်းသည် လူသားကြောင့်သာဖြစ်သည်ဆိုထား၏။ သို့နှင့် ယခုနှစ်နိုဝင်ဘာလတွင် COP26 ကို Glasgow, Scotland တွင်ကျင်းပကာသဘောတူညီချက်တချို့ချနိုင်ခဲ့သည်။ မည်သို့ဆိုစေ ကမ္ဘာ့လူဦးရေ (၇.၉ဘီလီယံ) ရောက်နေပြီဖြစ်ရာကမ္ဘာမြေကိုယ်နှိုက်သည်သူ၏အရင်းအမြစ်များကို လူသားတို့မှအလွန်အကျွံသုံးစွဲခံရခြင်းအားတားမြစ်လိုဟန်ရှိသည်။
သို့ဆိုလျှင် ကပ်ဘေးကြီးတခုခုဖြစ်၍ လူသန်းရာချီပျက်ဆီးဆုံးရှုံးရပေမည်။ ယခုဖြစ်နေသော ကိုဗစ်ရောဂန္တရကပ်သည် ယနေ့အထိ ကမ္ဘာ့လူသား၅.၃၂သန်း အသက်ကိုချွေထားသည်။ ၁၉၁၈ စပန်းနစ်ဖလူရောဂန္တရကပ်၏နိမိတ်အရကောက်လျှင် ထိုစဥ်က ကမ္ဘာလူဦးရေ၏ ၃ပုံ၁ပုံကူးစက်၍ သန်း၅၀မျှသေကြေခဲ့သည်နှင့်နှိုင်းပါက များစွာကွာဟနေသေးသည်။ အမေရိကားမှာမူ လိုသည်ထက်ပိုနေပါသည်။ ၁၉၁၈က ၆၇၅၀၀၀နှင့် ယခု ၈၀၀၀၀၀ ကျော် သေသူဦးရေကိုယှဥ်လျှင် ကိုဗစ်၏ရောဂန္တရကပ်သည် ကမ္ဘာ၌ပြီးဆုံးခြင်းမရှိသေးပဲ ထပ်၍ပင်အရှိန်မြှင့်လာလေမလားထင်ရသည်။ သို့တည်းမဟုတ် သဘာဝရာသီဥတုကပ်ဘေးကြီးများဖြင့်လူသားဦးရေလျှော့လေမည်လား ကမ္ဘာစစ်ကြီးဖြင့် အပြီးသပ်မည်လား မသေချာ။ လာမည့်ဆယ်စုနှစ်အတွင်း မိခင်သဘာဝမှ လူသားတို့အား ကြီးများစွာတုံ့ပြန်မည်မှာသေချာနေလေ၏။

“ကြားနေဝါဒ ချောက်သို့ကျ”
၂၀၂၀-၂၁၏ ကိုဗစ်ကပ်ဆိုးသည်၄င်း၊ အာရပ်စပရင်း၏ဆီရီးယား၊အီရတ်၊အီရန်၊စသည့်အရှေ့အလယ်ပိုင်းနိုင်ငံများ၏စစ်သည်၄င်း ကမ္ဘာမြေ၏ လူလျှော့မှုဖြစ်စဥ် (တနည်း) ဂေဟချိန်ဆမှုကိုညီမျှမပေးနိုင်ခဲ့၊
ဧပြီတွင်ရုရှန်းစစ်သား ၁သိန်းကျော်ကို ယူကရိန်းနယ်စပ်၌ချထား၍ မျဥ်းနီကိုမဖြတ်ကြရန် ရုရှားသမ္မတပူတင်မှ အနောက်ကမ္ဘာသို့သတိပေးဖူးသည်။ ယခုဒီဇင်ဘာလလယ်တွင်လည်း ၁သိန်း၂သောင်းမျှချထားပြန်လေပြီ။ ယူကရိန်းကိုသိမ်းလျှင် ယူကရိန်၏၏အမြဲတန်းစစ်သည်၂သိန်းခွဲနှင့်ချက်ချင်းရင်ဆိုင်ရမည်။ ယူကရိန်းသည် နှုကလီယားလက်နက်ပိုင်နိုင်ငံလည်းဖြစ်ပါ၏။ ရုရှား၌အမြဲတန်းစစ်သည်၁သန်းကျော်ရှိကာ အများစုမှာ နေတိုးအုပ်စုနှင့်ရင်ဆိုင် ချာလပတ်နေခြင်းဖြစ်ရာ မြန်မာနိုင်ငံနှင့်မူအလှမ်းကွာလွန်းသည်။

တတိယကမ္ဘာစစ်ဖြစ်ခဲ့လျှင် အီရန်မှဟု၄င်း၊ဆီးရီးယားမှဟု၄င်းမှန်းဆချက်များရှိခဲ့ဖူးသည်။ အီရတ်နှင့်အာဖဂန်တွင်လည်း ပြည်သိမ်းစစ်ကြီးများဖြစ်ဖူးသည်။ ယခုမှု အမေရိကားသည် အီရတ်နှင့်အာဖဂန်မှအပြီးဆုတ်ခွာခဲ့ပါပြီ။ လက်ရှိတွင် အီသီယိုးပီးယား။ အာဖဂန်နစ္စတန်၊ မြန်မာ။ ယူကရိန်းပြည်တို့သည် စစ်အပူဆုံးဒေသများဖြစ်ပါ၏။ ၂၀၂၁အတွင်း ပဋိပက္ခအားဖြင့် ကုလသမဂ္ဂ၊ အမေရိကားတို့ကိုအလုပ်အပေးဆုံးမှာ အာဖဂန်နစ္စတန်နှင့် မြန်မာဖြစ်လိမ့်မည်။ လာမည့်ကမ္ဘာစစ်အစသည် မည်သည့်ဒေသမှနည်း။ ငြိမ်းအေးချမ်းသာ ဗုဒ္ဓဘာသာဝင်အများစုရှိရာ ထိုင်ဝမ်လော။

မြန်မာသည်တကိုယ်တည်းရပ်တည်၍မရသလို ရပ်တည်ရန်လည်းအင်အားမရှိပါ။ ကမ္ဘာ့နိုင်ငံကြီးများ၏ခြေလှမ်းကြည့်၍ မီးစင်ကြည့်ကရန်လိုပါသည်။ ဒုတိယကမ္ဘာစစ်က သခင်အုပ်တစုအတွက်အချက်မှား၍ သမိုင်းဘက်မှားရပ်ခဲ့ဖူးသည်။ နောက်မှတဖန်ပြန်ပြင်၍ ကမ္ဘာစစ်အနိုင်ရမဟာမိတ်တပ်ဖက်ကပ်ပြန်ငြား နောက်ကျခဲ့ပြီ။ သို့နှင့် စစ်နိုင်မဟာမိတ်(ဗြိတိန်)၏ယုံကြည်ခြင်းပျက်ပြားခံရကာ ထိုထိုအကျိုးဆက်တို့ကို ယနေ့အထိခံနေရဆဲဟုဆိုရမည်။ သမိုင်းကြီးငုတ်တုတ်ကို မအပါနှင့်။ အကယ်၍ ကပ်ကြီးများဆိုက်ခဲ့ပါလျှင် အသင်တဦးချင်းစီသာမက နိုင်ငံအနေနှင့်ပါ သမိုင်းဘက်မှားမရပ်မိရန်လိုပါသည်။

မြန်မာသည် အဘယ်ကိုရွေးမည်နည်း။ ခွ၍နေကာ ဂွကျမည်လော။ ခေါင်းဆောင်တို့၏ ကမ္ဘာလွှမ်းခြုံကြည့်အမြင်သည်လွန်စွာအရေးကြီးသည်။ ဘက်မလိုက်ကြားနေခြင်းသည် ကမ္ဘာ့မိသားစုအသိုင်းအဝိုင်းတွင် အဆင်မပြေ၊ မည်သူမှမကူ ကြားသို့ကားယားသာကျပေလိမ့်မည်။ ဘက်မလိုက်ခေါင်းဆောင်နိုင်ငံ အိန္ဒိယလည်း မြင်တော်မူကြသည့်အတိုင်း ဘက်လိုက်နေပါ၏။ Non-Aligned Movement (NAM) မူလတည်ထောင်ရာနိုင်ငံ ယူဂိုဆလပ်ဗီးယားမှာမူ ၇နိုင်ငံအကွဲတည်း။ ချိုင်းနားကဲ့သို့ အော်တိုကရေစီကျင့်ကြံစေ၊ အမေရိကားကဲ့သို့ဒီမိုကရေစီဖြင့်သွားကြစေ သူတို့စောင့်နေချိန် တဖက်ကိုပြတ်ပြတ်သားသား ရွေးကြရမည်ဖြစ်သည်။
ဘယ်သို့ရွေးစေ မည်သည့်နိုင်ငံရေးစနစ်နှင်မျှ အံမဝင်သည့် မူလရှေးဟောင်းအယူအဆများ ဓလေ့ထုံးစံများ ယဥ်ကျေးမှုများအား ထားခဲ့ရမည်။ ကုပ်ကပ်ဖက်တွယ်ထားလျှင် ကမ္ဘာကကြည့် တောသားမြို့တက်ဝိုင်းဟားခံရမည်သာ။ သက်သေအထောက်အထားမရှိ အချက်အလက်မရှိ ဘေးပြောစကားများကိုပယ် ခေတ်နှင့်ယှဥ်ကြည့်ပါ။ နည်းပညာ သိပ္ပံ ဝိဇ္ဇာပညာရပ်တို့ကိုယုံကြည်ပါ။ လူသားဖြစ်သောအမျိုးသမီးများကို ခွင့်တူညီမျှ အမျိုးသားနှင့်တန်းတူထားပါ။ အမျိုးသမီးမတက်ရ ဆိုင်းဘုတ်များဖြုတ်ချပါ။ နေရာထိုင်ခင်းအားဖြင့်ဘုန်းနိမ့်သည် ဟူသော ဓလေ့ကိုစွန့်ပစ်ပါ။ ဗုဒ္ဓ၏ ကေသမုတ္တိသုတ်အတိုင်း တွေးခေါ်ကျင့်ကြံပါ။

One comment

  • သင့်အေးရိပ်

    December 24, 2021 at 3:21 am

    နှစ်ကုန်တော့မည်၊ မြန်မာ့ ပြည်တွင်းစစ် မကုန်သေး။
    နွေဦးတော်လှန်ရေးလည်း တစ်နှစ်နီးပါး ကြာခဲ့ပြီ။
    မြန်မာတွေရဲ့ အာဏာရှင် ဖီဆန် တော်လှန် အမြစ်ဖြတ်ချင်စိတ်ကတော့
    အရှိန် မကျသေး။

Leave a Reply