မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ၂၀၂၂ နိုဝင်ဘာ

kaiNovember 22, 20221min89020

ကြားလည်ရွေးကောက်ပွဲပြီးပါပြီ။ အပြီးသတ်ရလဒ်၍မထွက်သေးသော်လည်း အောက်လွတ်တော်(ဟောက်စ်)ကို ရီပါ့ဗလစ်ကန်တို့သိမ်းပိုက်အနိုင်ရ၍ အထက်လွှတ်တော်(စိနိတ်)ကို ဒီမိုကရက်တို့ပြန်ရလိုက်သည်ဟု မှန်းသိရသည်။ ပြီးခဲ့သောနှစ်၁၀၀ ထုံးစံအရတွင် သမ္မတပထမ၄နှစ်သက်တမ်း၏ ၂နှစ်ပြည့်ကြားလည်ရွေးကောက်ပွဲကို အတိုက်အခံပါတီမှ ပျမ်းမျှ ဟောက်စ်တွင်၂၆ခုံနှင့်စိနိတ်တွင်၄ခုံအနိုင်ရလေ့ရှိသည်။
ချွင်းချက်အဖြစ် သမ္မတရုဇဘဲ့၏ကမ္ဘာ့စီးပွားပျက်ကပ်နှစ်(၁၉၃၄)၊ သမ္မတကလင်တန်၏အင်ပိချ်ကာလဆက်(၁၉၉၈)နှင့် ၉/၁၁ဖြစ်သောသမ္မတဘုရှ်(၂၀၀၂) လက်ထက်သာ သမ္မတ၏ပါတီမှပြန်အနိုင်ရဖူးသည်။
သို့ဆိုသော် ယခုရီပါ့ဗလစ်ကန်တို့ ဟောက်စ်၌သာ ၅ခုံမျှအနိုင်ရမှုကို ညွှန်းဆိုခဲ့ကြသော Red Wave အနီလှိုင်းဟုမဆိုနိုင်။ ဒီမိုကရက်တို့ကမူ အပြာတံတိုင်း Blue Wallနှင့် အနီလှိုင်းကိုတားဆီးခဲ့သည်ကြွားဆိုနေပါသည်။
၂၀၂၂ကြားလည်တွင် အုပ်ချုပ်ရေးအတွေ့အကြုံလုံးဝမရှိသူအမတ် ၁၂ဦးတက်လာသည်။ အမျိုးသမီးအမတ်သစ် ၂၃ဦးပါလာသော်လည်း ၂၀၁၈နှုန်းကိုမမှီ။ ပထမဆုံးဂျန်ဇီးမျိုးဆက်အသက်၂၅နှစ်တဦးပါလာသည်။
အီလက်ရှင်ဒီနိုင်းယာဟုခေါ်သော ရွေးကောက်ပွဲအသိအမှတ်မပြုသူအများစု ပယ်ချခံရသော်လည်း ရှိပြီးအမတ်အများပြန်ရွေးခံရ၍ ရီပါ့ဗလစ်ကန်၂၄ဦးအသစ်ရွေးကောက်ခံရသည်။
ဟောက်စ်တွင် ရီပ့ါဗလစ်ကန်တို့အနိုင်ရခုံအရေအတွက်သည် ပိုင်းဖြတ်သော ၂၁၈ခုံ၏ +_၅ ခုံမရှိရကား သက်တမ်း၂နှစ်အတွင်းပြုတ်ပျက်သေထွက်ရလေ့ရှိသည့် ၁၀ခုံဝင်းကျင်(၂၀၂၀ရွေးကောက်ခံအမတ်၁၆ဦးသည် ၂နှစ်သက်တမ်းပြည့်မရှိနိုင်ခဲ့)နှင့်နှိုင်းပါမူ သက်တမ်း၂နှစ်အတွင်း အများစုအဖြစ်မှလျောကျပြောင်းသွားနိုင်ချေလည်းရှိသည်။

“မင်းကြီးတာ”
ယူကရိန်းစစ်၊ စတော့ရှယ်ယာစျေးများပြုတ်ကျမှု၊ ဂက်စ်ဆီစျေးမြင့်မားမှု၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးလေးကန်နေမှုတို့ကြောင့် လုပ်ငန်းဆောင်ရွက်မှုအမှတ်၃၇%(Reuters/Ipsos poll )ဝန်းကျင်သာရှိသည့် သမ္မတဘိုင်ဒင်အုပ်ချုပ်ရေးခေတ်တွင် နှစ်၁၀၀နိုင်ငံရေးထုံးစံအတိုင်းပင် အနိုင်မရခဲ့သည့် ရီပါ့ဗလစ်ကန်တို့အဖြစ်ကို ခြုံငုံကြည့်ပါလျှင် ပါတီခေါင်းဆောင်သမ္မတဟောင်းထရမ့်၏အတာသာလျှင်တွေ့ရမည်။ သမ္မတထရမ့်၏အဓိကအမာခံ၃ဦးဖြစ်သည် ပန်ဆန်ဗေးနီးယားမှစိနိတ်တာဝင်ပြိုင်သူဒေါက်တာအောက်ဇ်၊ အာရီဇိုးနားမှစိနိတ်တာဝင်ပြိုင်သူ ဘလိတ်ခ်မာစတာနှင့် အာရီဇိုးနားဂါဗနာဝင်ပြိုင်သူကာရီလိတ်ခ်တို့မဲရှုံးပယ်ချခံရသည်။
ထရမ့်သည်ပြီးခဲ့သောသမ္မတရွေးကောက်ပွဲ၂ခုလုံးတွင် ပေါ်ပြူလာမဲဟုခေါ်သော လူထုဆန္ဒမဲအများစုဆက်တိုက်ရှုံးခဲ့ဖူးသည်။ ဟီလာရီကလင်တန်ကို ၂၀၁၆ရွေးကောက်ပွဲတွင် (၂၈၆၄၉၇၄မဲ)ရှုံး၍ ဘိုင်ဒင်ကို ၂၀၂၀ရွေးကောက်ပွဲတွင် (၇၀၅၉၅၄၇မဲ) ကွာခဲ့ပါသည်။ အမေရိကန်အများစုကြိုက်နှစ်သက်သူမဟုတ်ပါ။ မူလနိုင်ငံရေးသမားမဟုတ်မူ၍ စီးပွားရေးသမားဖြစ်ရကား ကမ္ဘာ့နိုင်ငံရေးတွင်လည်း စီးပွားရေးဆန်စွာကစားခဲ့သည်။

“လစ်နဲ့တစ်မှ ထရန့်နှင့်တစ်လစ်”
သမ္မတထရမ့်လက်ထက်မှစ, အမေရိကန်အိမ်ထောင်စုများတွင်လည်း အကွဲအပြဲကြီးကုန်သည်ကိုသတိထားမိသည်။ လစ်ဘရယ်-ကွန်ဆာဗေးတစ်လွန်၍မြန်မာမိသားစုများသည်ပင် ထရမ့်နိုင်ငံရေးအားဖြင့်”တန်း’ကုန်ကြသည်မဟုတ်ပါလော။ သမိုင်းအရ ယခုအမေရိကားသည် ၁၉ရာစုလည်ပြည်တွင်းစစ်နောက်ပိုင်း ခွဲခြားကွဲပြားမှုအကြီးဆုံးသောနှစ်များဖြစ်သည်ဟူ၏။
ဤသို့အားဖြင့် နန်စီပလိုစီသည် ဟောက်စ်စပီကာအဖြစ်မှလျောကျသည်မှ ဒီမိုကရက်တစ်ပါတီ၏ခေါင်းဆောင်ရာထူးကိုပင် ကိုင်စွဲတုံပြန်ရန်ဆုံးဖြတ်မည့်ပုံပေါ်နေပါသည်။

ကလင်တန်တို့အားချိုးချနိုင်ခဲ့သည့် သမ္မတဟောင်းထရမ့်အား ဒီမိုကရက်တို့မှ ၆နှစ်လုံးလုံးတောက်လျှောက်မျိုးစုံ အရေးယူအပြစ်ပေးမျိုးစုံပြုခဲ့၍ အပြစ်ရှာစုန်းလိုက်ခြင်း(Witch Hunt)ပြုနေပြီး ပတ်ဝန်းကျင်မှသူများကိုလည်းဆွဲချထောင်သွင်းအရေးယူသည်အထိ ပြုလျှက်သားပါ။ ယခုရက်ပိုင်းတွင်ပင် တရားရေးဝန်ကြီးဌာနမှ အထူးအရာရှိခန့်အပ်၍ ထရမ့်အားအရေးယူမှုတို့အတွက် ထပ်ထိုးတင်လာပြန်သည်။ ယနေ့ထိထရမ့်မှာ တရားရေးဆိုင်ရာအမှု၃၅၀၀နှင့်ပါတ်သက်နေကာ အမှုကြီး၆ခုမှာ ၂၀၂၄သမ္မတရွေးကောက်ပွဲမတိုင်မှီ သက်ရောက်ခံရမည့်အခြေအနေပါ။ သမ္မတပြိုင်ပွဲဝင်မည့်သူသည် ဥပဒေအကာအကွယ်များစွာရရှိနိုင်သဖြင့် ၂၀၂၄သမ္မတအဖြစ်ဝင်ရွေးမည် အမြန်ကျေညာလိုက်ရသော ထရမ့်သည် သူ့မိခင်ပါတီတွင် ပြိုင်ဖက်အမည်တပ်ရလောက်အောင် လူများများစားစားမရှိ။ ဒုသမ္မတဟောင်းမိုက်ပန့်စ်၊ ဖလော်ရီဒါဂါဗနာရွန်ဒီဆန်းတစ်နှင့် ကုလသံအမတ်ကြီးဟောင်းနစ်ကီဟေလီတို့သာရေးရေးရှိ၏။

ထရမ့်သည်မူလရီပါ့ဗလစ်ကန်ခေါင်းဆောင်ကြီးများဖြစ်သည့် ဘုရှ်မိသားစု၊ ချင်နီမိသားစု၊ မက်ကိန်းမိသားစုတို့နှင့်အဆင်မပြေသလို လက်ရှိစိနိတ်ရီပါ့ဗလစ်ကန်လူနည်းစုခေါင်းဆောင်မစ်မကောနယ်နှင့်လည်း သိပ်အစေးကပ်ကြီးမဟုတ်။ သို့သော် ဘာသာရေးအရ The Chosen One အဖြစ် လူဖြူအီဗန်ဂလစ်ကယ်အများစုကထောက်ခံနေသလို ဂျူးများလည်းထောက်ခံလျှက်သားပါ။ အမေရိကားသည်လူဖြူအများစုတိုင်းပြည်အဖြစ်မှ ၂၀၄၂နောက်ဆုံးထားလျှော့ကျ အသားရောင်ရှိသူတို့ခေတ်ရောက်လာတော့မည်အား သမ္မတထရမ့်သည်နောက်ဆုံးခံတပ်ရယ်ဟု လူဖြူအစွန်းရောက်များကမြင်ကြသည်။

“လက်စားချေနိုင်ငံရေး”
ထရမ့်၏ ရွေးကောက်ပွဲအောင်နိုင်ရေး မဟာဗျူဟာတို့တွင် ဆိုင်ရာပြိုင်ဖက်နိုင်ငံရေးသမားမိသားစုဝင်များ၏ အိမ်တွင်းစီးပွားရေး၊ ပုဂ္ဂလိကရေးအထိ ပါတ်သက်ပြောဆိုထောက်ပြ အရေးယူမှုများပြုခဲ့သည်။
သမ္မတဟူသည် အာစက်လျှာစက်ကြီးလွန်းလှကား သူ၏ပြောစကားကိုအရကောက် နောက်မှလက်တွေ့လုပ် အကောင်အထည်ဖေါ်နေမှုများလည်းရှိပါ၏။
တွစ်တာတွင် ထရမ့်တွိသမျှ ဆင့်ပွားယူကောက် လက်တွေ့ကျကျဆောင်ရွက်သည်ကုန်သည်များရှိကုန်သည်။ ချိုင်းနီးစ်အမုန်းစကားထုတ်ရေးသည်နှင့် အမေရိကတခွင်ချိုင်းနီးစ်များနှင့်ဆင်သောမြန်မာများပင် ထိခိုက်ဒဏ်ရာရ/ရန်လုပ်ခံရသည်ရှိ၏။ အောက်တိုဘာလကုန်တွင် ဟောက်စ်စပီကာနန်စီပလိုစီ၏ ဆန်ဖရန်စစ္စကိုအိမ်တွင်းကျူးကျော်ဝင်ရောက် နိုင်ငံရေးနှင့်မည်သို့မှမသက်ဆိုင်သည် ဟောက်စ်စပီကာ၏အိမ်ထောင်ဖက်ကို တူနှင့်ထုရန်ရှာသည်များပင်ဖြစ်ကုန်သည်မှာ ကမ္ဘာ့ဒီမိုကရေစီအရေးအတွက်ကောင်းသောရလဒ်မဟုတ်ချေ။ ကံကောင်းသည်မှာ ရန်ရှာသူသည် အမေရိကန်မဟုတ်၊ အမေရိကား၌တရားမဝင်နေထိုင်နေသူ ကနေဒါနိုင်ငံသားလူဖြူအစွန်းရောက်ဖြစ်သတည်း။

ဟောက်စ်ကိုအစိုးရလိုက်သောရီပါ့ဗလစ်ကန်တို့သည် သမ္မတဘိုင်ဒင်၏သားဟန်တာဘိုင်ဒင်၊ အာဖဂန်နစ္စတန်ဆုတ်ခွာမှု၊ ကိုဗစ်မူလဇစ်မြစ်ကိစ္စ၊ တောင်ပိုင်းနယ်စပ်ဖွင့်ပွင့်မှုနှင့် သမ္မတဟောင်းအိမ်တော် မာအလားဂိုသို့အက်ဖ်ဘီအိုင်မှဝင်ရောက်ရှာဖွေမှုတို့နှင့်ပါတ်သက်၍ စုံစမ်းစစ်ဆေးကြားနာမှုများပြုလုပ်မည်ယူဆရသည်။ ဘက်ဂျက်နှင့်အကြွေးယူမှုတို့ကိုလည်း ကန့်သတ်ကိုင်တွယ် နိုင်ငံရေးလက်နက်အဖြစ်သုံးလိမ့်မည်။ အဆုံးစွန်အားဖြင့် သမ္မတဘိုင်ဒင်၏နိုင်ငံရေးသိက္ခာချရန် အင်ပိချ်ခေါ်ပေလိမ့်၊
သမ္မတဘိုင်ဒင်မှာ စိနိတ်ကြားနာမှုဖြစ်အမေရိကား၏တရားသူကြီးများကိုဖြုတ်/ခန့်ခြင်းရာချီလုပ်ပေလိမ့်မည်။ သမ္မတထရမ့်ကို ပါတီဖျက်မြင်းအသွင်ဖြစ်အောင် ၂၀၂၄ သမ္မတရွေးပွဲဝင်သွားနိုင်ရန်နပ်ကြောင်းချပေလိမ့်မည်။

ကွန်စပရေစီသီအိုရီများဖိရေးလေ့ရှိသူများသည် အမုန်းတရားများကိုပါယူဆောင်လာကာ နိုင်ငံရေးအယူအဆမတူသူများကို တိုက်ခိုက်လေ့ရှိသည်။ နှစ်ရာချီသက်တမ်းရှိ မီဒီယာများ၏အချက်အလက်သတင်းစကားများလည်း ပစ်ပယ်ခံနေရသည်။ Fake Newsများဖြင့် ပြည်ပနိုင်ငံစွက်ဖက်ခံရကာ လူတစုကောင်းစားနေသည်။ ဤသို့ဖြင့်အမေရိကား၏အက်ကွဲကြောင်းကြီးလာသည်မှာ အားလုံးမျက်မြင်၊ တတိယနိုင်ငံများတွင်သာ နိုင်ငံရေးအရလက်စားချေခြင်းကို ကိုယ်ထိလက်ရောက်ပြုပြုကြ၍ အိမ်ထောင်ဖက်ဆွေမျိုးသားချင်းများကိုပါ လုံးထွေးရန်ရှာခြင်းဖြစ်ကြပါသည်။ အမေရိကန်တို့ ထိုလမ်းမပေါ်တွင်ရှိနေသည်။ နိုင်ငံရေးယဥ်ကျေးမှုအတွက် ကောင်းခြင်းမဟုတ်ပါ။

FTX နဲ့ Twitter
ယခုရက်ပိုင်းတွင် ပြိုကျမတတ်ဖြစ်သွားသော ဧရာမဘီလီယံချီစီးပွားရေးလုပ်ငန်းကြီး၂ခုမှာ FTXနှင့် Twitter ဖြစ်သည်။ FTXသည် ခရစ်တိုကာရင်စီခေါ်သော ဒစ်ဂျစ်တယ်ငွေကြေးအရောင်းအဝယ်လုပ်ရာ ၃၂ဘီလီယံတန်ဖိုးရှိ ငွေကြေးဖလှယ်အဖွဲ့အစည်းဖြစ်သည်။ ပြီးခဲ့သော ကြားလည်ရွေးကောက်ပွဲတွင် ဒီမိုကရက်တို့အတွက် အထူးငွေကြေးထောက်ပံ့ပေးခဲ့ရာ FTXသည် ဒေဝါလီခံပထမအဆင့် Chapter 11 တင်လိုက်ရပေသည်။ ခရစ်တိုကာရန်စီမှာ ကမ္ဘာ့မြေအောက်လောက၏သုံးငွေဖြစ်နေရကား ပြိုကျမည်တော့မထင်၊ ဒီမိုကရက်တစ်သမ္မတ၏ပေါ်လစီအောက်တွင် လုပ်ထုံးစည်းကမ်းဥပဒေသတ်မှတ်ချက်များနှင့်အတူ မြေပေါ်မြေအောက်လောကအစွမ်းတို့ဖြင့် တဖန်ပြန်လာပါဦးလိမ့်။
၄၄ဘီလီယံဖြင့်ဝယ်လိုက်သော Twitter မှာလည်း အီလွန်မတ်စ်လက်ထဲတွင် အလုပ်ဖြုတ်ချခြင်းမှသည် နှုတ်ထွက်ခြင်းများဖြင့် ပြိုကျမတတ်ဖြစ်နေသည်။ အများပိုင်မှတဦးတည်းပိုင်ဖြစ်ခဲ့ရာ ဦးဆောင်သူသည် ဘီလီယံချီကော်ပိုရေးရှင်းကြီးများကိုင်ထားသူ အီလွန်မတ်စ်ဖြစ်ရကား ဤတောင်ကိုအသာကျော်နိုင်မည်ခန့်မှန်းရပါသည်။ လူအများစုမဲဆန္ဒကောက်ယူ၍ ထရမ့်၏တွစ်တာအကောင့်ကို ပြန်ဖွင့်ကာ ဆိုရှယ်မီဒီယာ လွတ်လပ်ခွင့်စနစ်သစ်တည်ပေးလိုက်ပြီလည်းဖြစ်ပါသည်။
အမေရိကစီးပွားရေးသည် အလုပ်လက်မဲ့နှုန်းနိမ့်ကျနေဆဲနှင့် ဒေါ်လာငွေခိုင်မာစွာဖြင့်ရပ်တည်ဆဲပါ။ စီးပွားရေးပညာရှင်အများစုက နောက်နှစ်ထဲတွင် ရီဆက်ရှင်ခေါ်သော စီးပွားရေးလေးကန်ထိုင်းမှိုင်းမှုနှင့်ကြုံရမည်ဆိုထားကြသည်။ တွစ်တာမှအစပြုဖေ့စ်ဘုတ်၊အမဇုံ၊နက်ဖလစ်၊လစ်ဖ်၊ကွိုင်ဘေ့စ်၊မိုက်ခရိုဆော့စသည့်ကော်ပိုရေးရှင်းကြီးများ၏ဝန်ထမ်းအလုပ်ဖြုတ်ပွဲကြီးများဖြစ်နေသည်။ ချိုင်းနားအပါအဝင် ဥရောပတွင်ဆောင်းတွင်းကိုဗစ်လှိုင်းတခုဝင်/မဝင်သည် နောက်နှစ်ကမ္ဘာ့အခြေအနေကိုများစွာဆုံးဖြတ်သွားပေလိမ့်မည်။

“ကပ်တို့၏သမိုင်း”
သမိုင်းကြည့်ပါလျှင် ၁၉၁၈-၂၀ စပန်းနစ်ဖလူရောဂန္တရကပ်နှင့်အတူ ပထမကမ္ဘာစစ်(၁၉၁၄-၁၈) အပြီးသတ်သွားသည်။ ထိုကပ်ကြီးများပြီးနောက်မှ Roaring 20sဟူ၍ စီးပွားနှင့်အနောက်နိုင်ငံယဥ်ကျေးမှုတို့ခုန်တက်ခဲ့ကြသည်။ ငွေဖေါင်းပွနှုန်းလည်း ကြောက်ခမန်းလိလိပါတဲ့။ ၁၉၂၉တွင်ကား ကမ္ဘာစီးပွားပျက်ကပ်(၁၉၂၉-၃၉)နှင့်တိုးပါလေသည်။ အမေရိကန်များ ဥရောပသားများ ရာရှင်နှင့်တန်းစီစားရသည့်ဘဝရောက်ကုန်သည်။ ထို့နောက်ဒုတိယကမ္ဘာစစ်(၁၉၃၉-၄၅)မီးကြီးထလောင်သည်။
ယခု၂၀၂၀မှစပွားသော ကိုဗစ်ရောဂန္တရကပ်ကား မပြီးသေး။ ကပ်ကာလတွင်းယူကရိန်း-ရုရှားစစ်ဖြစ်လာသလို ထိုင်ဝမ်အရေးအကြောင်းပြု ကမ္ဘာစူပါပါဝါအမေရိကားနှင့်ပထမနေရာလိုသူ ချိုင်းနားတို့ကုန်သွယ်စစ်မှသည် တကယ်စစ်ဖြစ်လုလုဆိုက်နေပါသည်။ ချိုင်းနား၊ရုရှား၊အီရန်နှင့်မြောက်ကိုရီးယားတို့ချိတ်ဆက်သွားကာ ကမ္ဘာစစ်ကြီးထ,မဖြစ်ဟုမည်သူမှအတတ်မဆိုနိုင်။
နောက်၅နှစ်အာဏာခိုင်မြဲသွားသောချိုင်းနားသမ္မတရှီနှင့် နောက်၆နှစ်အာဏာလက်ကိုင်ဖြစ်နိုင်ချေရှိသွားသော သမ္မတဘိုင်ဒင်တို့ နိုဝင်ဘာ၁၄ လူချင်းတွေ့ဆုံမှုသည် ဒုတိယသမ္မတဟဲရစ်စ်နှင့်ရှီတို့ထပ်မံတွေ့ပြီးနောက်ဝယ် ယူအက်စ်-ချိုင်းနားစစ်ကြီး လာမည့်နှစ်ပိုင်းအတွင်းဖြစ်မလာနိုင်သေးဟုအာမခံလိုက်နိုင်သည်ဟုယူဆဖွယ်လည်းရှိပါသည်။

၂၀၂၃သည် ကိုဗစ်ကပ်ကြီးဂယက်ဖြင့် ကမ္ဘာကြီးအထူးရုန်းကန်ရမည့် ပဟေဋိတို့နှင့်နှစ်ဖြစ်နိုင်သည်။ မြန်မာနိုင်ငံတွင်လည်း လာမည့်၂၀၂၃ ဖေဖော်ဝါရီတွင် နစကသက်တမ်းကုန်၍ ယာယီသမ္မတဦးမြင့်ဆွေမှ ရွေးကောက်ပွဲတခုပြုလုပ်ကာ သမ္မတအပြောင်းအလဲဖြစ်ပေလိမ့်မည်။ မြန်မာနိုင်ငံ၏ဂျီဒီပီကျော်သည့်ဝင်ငွေရှိအဓိကထွက်ကုန်ဖြစ်သော မူးယစ်ဆေးဝါး(ယာဘနှင့်ဘိန်း) ကျောက်စိမ်းနှင့် သယံဇာတတို့ဖြင့် တိုင်းပြည်ကား ယက်ကန်နေငြားဆန့်ငင်ဖြစ်လျှက်ရှေ့ဆက်သွားပေဦးမည်။ အသက်၇၈နှစ် ဒေါ်အောင်ဆန်းစုကြည်၏နိုင်ငံရေးသည် ၂၀၁၀ကဲ့သို့သမိုင်းဘီးပုံစံတူလည်ဦးမည်ခန့်မှန်းရပါသည်။ မည်သူများဝင်ပါကြမည်နည်း။