မြန်မာပြည်သတင်း ဒိုင်ယာရီ Oct/Nov 2024

သင့်အေးရိပ်November 12, 20249min1770

သင့်အေးရိပ် စုဆောင်းတင်ပြသည်။

Oct 27 ။ မြန်မာစစ်တပ်သမိုင်းမှာ အဆိုးဝါးဆုံး ရှုံးနိမ့်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်ပါပြီ။ ၂၀၂၃ အောက်တိုဘာ ၂၇ ရက်က မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA၊ အာရက္ခတပ်တော် AA တို့ ဦးဆောင်စတင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ပထမဆုံးနေ့မှာတင် ချိုင်းနားနယ်စပ်မြို့ ချင်းရွှေဟော်ကနေ လားရှိုးမြို့အထိ တပြိုင်နက် တိုက်ခိုက်ခဲ့တာပါ။

Oct 26 ။ ပါတီ ဖျက်သိမ်းခံထားရတဲ့ NLD ပါတီ အနေနဲ့ ပြန်လည် မှတ်ပုံတင်မယ်ဆိုရင် ခွင့်ပြုပေးဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားကြောင်း BBC သတင်းဖေါ်ပြချက်အရ သိရပါတယ်။


တိုက်ပွဲတွေနဲ့ စစ်‌ကောင်စီတပ်ရဲ့‌ နေအိမ်မီးရှို့မှုကြောင့် နီးစပ်ရာ စစ်ဘေး‌ရှောင်စခန်းတွေမှာ တိမ်း‌ရှောင်နေကြရတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်ဟာ ကူညီထောက်ပံ့မှုတွေ လျော့နည်းနေပြီး စားဝတ်နေရေး အခက်အခဲအပြင် ဆေးဝါးအကူအညီတွေပါ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Oct 25 ။ စစ်ကောင်စီက ရွှေအရောင်းအဝယ်ကို အရေးကြီးဝန်ဆောင်မှုအနေနဲ့ သတ်မှတ်လိုက်ပြီးတဲ့နောက် ရွှေဆိုင်တွေအကုန်လုံး လုပ်ငန်းလိုင်စင်ပြန်လျှောက်ရမယ်လို့ အမိန့်ထုတ်ပြန်ပါတယ်။


မြန်မာ့ရေဘေးအတွက် US အစိုးရက ကန်ဒေါ်လာ ၃ သန်း ထပ်မံကူညီပေးမှာဖြစ်ပြီး မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီပေးခဲ့တာ ပြီးခဲ့တဲ့ ၁နှစ်အတွင်း ဒေါ်လာ ၁၄၁ သန်းရှိသွားပြီလို့ မြန်မာပြည်ဆိုင်ရာ US သံရုံး က သတင်းထုတ်ပြန်ပါတယ်။

Oct 24 ။ မြန်မာပြည်ကနေ တရားမဝင်တင်သွင်းလာတဲ့ အရည်အသွေးမမှီတဲ့ အသားထုတ်ကုန်တွေ မစားကြဖို့ US အစိုးရ အစားအသောက်ဘေးကင်းလုံခြုံရေးနဲ့ စစ်ဆေးရေးဌာန(FSIS)က သတိပေးချက် ထုတ်ပြန်တဲ့အထဲမှာ Best တံဆိပ် အမဲသားဟင်း၊ ကြက်သား ဒန်ပေါက်နဲ့ ဘဲသွေးဟင်း၊ ထိမိဂွိ တံဆိပ် မုန့်ဟင်းခါး၊ အိမ်ချက်တံဆိပ် မုန့်ဟင်းခါးနဲ့ အုန်းနို့ အနှစ်ထုတ်၊ မင်းသားကြီးတံဆိပ် ငါးခြောက်ထုတ်တွေ ပါဝင်ပါတယ်။


ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားပြီး၊ အဲဒီမှာ အာဆာ၊ RSO အပြင် ARA စတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အပြင် အာဆာ အဖွဲ့ရဲ့ လက်နက်ခဲယမ်းတွေနဲ့ တပ်စခန်း တချို့လည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း AA က ပြောခဲ့ပါတယ်။

Oct 23 ။ စစ်ကောင်စီရဲ့ တပ်မ ၃၃ “ကျားဘီလူးစစ်ကြောင်း”က စစ်ကိုင်း၊ ဘုတလင်မှာ ရွာစဥ်လှည့်စစ်ကြောင်းထိုးချိန်မှာ နေအိမ်မီးရှို့ခံရတာ၊ အရပ်သား ဆယ်ချီ ဖမ်းဆီးခံရပြီး ရုပ်ပျက်ဆင်းပျက်အခြေအနေတွေရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။


မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ရဲ့ စစ်တမ်းအရ အာဏာသိမ်းမှုအလွန် ၃ နှစ်ကျော်အတွင်း အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့(လူ ၁၀ ဦးနဲ့အထက်) အစုအပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ် ၆၅ ခုထက်မနည်း ရှိခဲ့ရာ အရပ်သား ၁,၃၀၇ ဦးထက်မနည်း သေဆုံးခဲ့ကြရပြီး အဲဒီအထဲက ၉၂ % ကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအပါအဝင် စစ်ကောင်စီ သစ္စာခံတပ်တွေက ကျုးလွန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Oct 22 ။ ချိုင်းနား-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ တခုတည်းသာကျန်တော့တဲ့ ဆစ်ဆောင်ပန်းနား နယ်စပ် ကုန်သွယ်ရေး ဂိတ်လည်း ချိုင်းနားကုန်ပစ္စည်းတွေ တင်သွင်းခွင့် ဒီနေ့ကစပြီး ချိုင်းနားဘက်က ယာယီပိတ်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေးဟာ လုံးဝရပ်ဆိုင်းတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။


စစ်ကောင်စီတပ်ဟာ စုဆောင်းထားတဲ့ လူငယ်တပ်သားသစ်တွေကို မူးယစ်ဆေးဝါးသုံးခိုင်းပြီး ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်နေကြောင်း ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ CDM စစ်သားတွေက ပြောပါတယ်။

Oct 21 ။ မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ဘက်ပိုင်းဒေသတဝိုက်က စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်သွားမယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။


စစ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည်တွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏ တဖြည်းဖြည်း လျော့ကျနေပြီး လက်ရှိ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လဖြစ်တဲ့ ဧပြီကနေ စက်တင်ဘာထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ US ဒေါ်လာ ၂၂၃ သန်းကျော်သာ ဝင်ရောက်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ကိန်းဂဏန်းတွေထံက သိရပါတယ်။

Oct 20 ။ ရန်ကုန်မြို့ပတ်ရထားစီးနင်းခကို ၂၀၀ ကျပ်ကနေ ၄၀၀ ကျပ်အထိ တိုးမြှင့်လိုက်ပြီး မြို့တပတ်စီးနင်းခ ၃၀၀ ကျပ်အစား ၈၀၀ ကျပ်အထိ တိုးမြှင့်လိုက်ပါတယ်။ မြန်မာ့မီးရထားအနေနဲ့ ခေတ်အဆက်ဆက် ပုဂ္ဂလိက ဘတ်စ်ကားခတွေထက် ဈေးနှုန်းလျှော့ခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ဘတ်စ်ကားတွေနဲ့အပြိုင် တိုးမြှင့်သွားတာ ဖြစ်ပါတယ်။


စစ်တွေမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲ စဖြစ်ပြီးနောက်ပိုင်း စကစဘက်က ကုန်းလမ်းရော ရေလမ်းပါ ပိတ်ဆို့ခဲ့တာကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားပြီး စားသောက်ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်ခဲ့ပါတယ်။

Oct 19 ။ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ဒေသတွေက ပြည်သူတွေဟာ ရန်ကုန်မြို့ကို အလုံးအရင်းနဲ့ လာရောက်နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပါလာမှာကို စိုးရိမ်တဲ့အတွက် စစ်ဆေးမှုတင်းကျပ်နေပြီး ရန်ကုန်မြို့အဝင် စစ်ကောင်စီတပ်တွေက ဖြတ်သန်းသမျှကားတွေ၊ ခရီးသည်တွေကို တင်းကျပ်စွာ စစ်ဆေးခဲ့ပါတယ်။


ရန်ကုန်က မြို့နယ် ၁၀ ခုထက်မနည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပြီး အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုတွေ ခံစားနေရကြောင်း ရန်ကုန်အခြေခံလူတန်းစားတွေက ပြောပါတယ်။

Oct 18 ။ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ချိုင်းနားကို သွားမယ့်သတင်း ထွက်အပြီးမှာပဲ မန္တလေးမြို့က ချိုင်းနားကောင်စစ်ဝန်ချုပ်ရုံးမှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ရာ၊ NUG ဘက်ကတော့ သဘောထား မတူညီမှုတွေကို သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်မှာဖြစ်ပြီး ချိုင်းနားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပုံရိပ်ထိခိုက်မှု လုပ်ဆောင်ချက်တွေကို ကန့်ကွက်ကြောင်း ကြေညာပါတယ်။


မန္တလေး အိုးဘိုအကျဥ်းထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရတဲ့ရှေ့နေ “ဒေါ်ရွက်နုအောင်”ကို အီတလီနိုင်ငံအခြေစိုက် IDHAE လူ့အခွင့်ရေးအဖွဲ့က ၂၀၂၄ ခုနှစ် အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ပေးအပ်ပွဲကို အီတလီ၊ ရောမမြို့မှာ ကျင်းပခဲ့ပါတယ်။ ဒေါ်ရွက်နုအောင်က မကြာသေးခင်က ကွယ်လွန်သွားတဲ့(NLD) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေဖြစ်ပြီး ၂၀၂၂၊ ဧပြီ ၂၇ ရက်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Oct 17 ။ ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်အနီး ဆုံးရှုံးထားတဲ့စခန်းတွေကို စစ်ကောင်စီတပ်က သာလွန်အင်အားအသုံးပြု ထိုးစစ်ဆင်ကာ ပြန်သိမ်းယူနေခဲ့ပါတယ်။ နိုင်ငံတဝန်း မြို့ပေါင်း ၈၅ မြို့အထိ တော်လှန်ရေးအင်အားစုတွေက သိမ်းယူထားပြီး ချင်းပြည်နယ်ထဲမှာ ၁၃ မြို့ သိမ်းယူထားတာပါ။


ရန်ကုန်မှာ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီတပ်က ပေါ်တာဆွဲနေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ရပ်ကွက်တွေမှာလည်း တအိမ်တယောက်နှုန်း ကင်းစောင့်ဖို့ ခေါ်ယူနေကြောင်း မြို့ခံတွေက ပြောပါတယ်။

Oct 16 ။ စက်တင်ဘာလကုန်က စပြီး လျှပ်စစ်မီတာခ ၂ဆ တိုးမြှင့်ကောက်ခံတာကြောင့် ပြည်သူတွေက လျှပ်စစ်မီး ချွေတာသုံးနေရပြီး မီတာခပေးဆောင်ဖို့ အခက်အခဲတွေဖြစ်နေခဲ့ပါတယ်။


မြန်မာနဲ့ ချိုင်းနားဟာ အင်တာနက်လွတ်လပ်ခွင့် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံတွေအဖြစ် အတူပါဝင်နေကြောင်း US အခြေစိုက် သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ Freedom House အဖွဲ့က နိုင်ငံပေါင်း ၇၂ နိုင်ငံကို စစ်တမ်းကောက်ယူ ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။

Oct 15 ။ မြန်မာပြည်မှာ သန်းခေါင်စာရင်းကောက်တဲ့ အောက်တိုဘာ (၁) ရက်ကနေ (၁၅) ရက်အတွင်း နိုင်ငံတဝန်း နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုတွေသာမက စာရင်းကောက်သူတွေ တိုက်ခိုက်ခံရတာ၊ စာရင်းကောက်ဖို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ စစ်ရှောင်အရေအတွက် တိုးလာတာတွေ စုံစမ်းသိရှိရကြောင်း ဘီဘီစီက သတင်းထုတ်ပါတယ်။


ပုဂံမြို့သစ်မှာ သန်းခေါင်စာရင်းကောက်သူ ၁ဦး ပစ်သတ်ခံခဲ့ရပြီးတဲ့နောက် စစ်သားတွေ ကင်းလှည့်နေပြီး အခြေအနေတွေ မတည်မငြိမ် ဖြစ်နေတာကြောင့် ခရီးသွားဧည့်သည်တွေ မလာဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက သတိပေးခဲ့ပါတယ်။

Oct 14 ။ ရှမ်းပြည်နယ်တောင်ပိုင်းမြို့တော် တောင်ကြီးမှာ ကားဘက်ထရီ ခိုးခံရမှုတွေ များလာလို့ ကားသမားတွေ အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။


ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အလုပ်အကိုင်ရှားပါးလို့ ဒေသခံများဟာ တိုက်ပွဲဖြစ်ပွားပြီးနောက် ကျန်ခဲ့တဲ့လက်နက် အကြွင်းအကျန်တွေကို တူးပြီး မိသားစု စားဝတ်နေရေး ဖြေရှင်းနေကြရပါတယ်။

Oct 13 ။ မြန်မာပြည်က စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ကြောက်မက်ဖွယ်ရာအဆင့်ကို ရောက်နေပြီလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။


တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယို က မြန်မာပြည်အတွက် လူသားချင်းစာနာတဲ့ အကူအညီ ဒေါ်လာ ၂၃ သန်းဖိုး ထောက်ပံ့မယ်လို့ လာအို၊ ဗီယန်ကျန်းမြို့မှာ ကျင်းပတဲ့ အရှေ့အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေးမှာ ကတိပြု ပြောကြားခဲ့ပါတယ်။

Oct 12 ။ ပြီးခဲ့တဲ့ စက်တင်ဘာအတွင်း မြန်မာပြည်ဟာ ဆန်နဲ့ဆန်ကွဲ တန်ချိန် စုစုပေါင်း ၂ ဒသမ ၁၉၅ သိန်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယောချောင်းတံထားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် တံတားအနီးက ဖြတ်သွားတဲ့ ပင်မဖိုင်ဘာကြိုးတွေ ပြတ်တောက်ခဲ့ပြီး ရခိုင်က မြို့နယ် ၉ ခုထက်မနည်း ဖုန်းလိုင်းတွေ ပြတ်တောက်ခဲ့ပါတယ်။

Oct 11 ။ မန္တလေးမြို့ကို သိမ်းပိုက်ပြီးတဲ့ အခါမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဆိုပြီး မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီ CRMH က ဦးဆောင်ပြီး ကြားကာလ စီမံအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းခဲ့ပါတယ်။


စစ်ကောင်စီ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတ၊ စစ်မှန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း US နိုင်ငံခြားရေးဌာန အဆင့်မြင့်သံတမန် တယောက်ဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ရာဇဝတ်မှု တရားမျှတရေးရုံး(GCJ) အထူးသံအမတ်ကြီး ဗန်ရှော့ခ်က ပြောကြားခဲ့ပါတယ်။

Oct 10 ။ ကိုးကန့်တပ် MNDAA က သူ့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အနေနဲ့ ခွင့်ပြုချက်မရှိဘဲ US အပါအဝင် အနောက်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ အဆက်အသွယ်မလုပ်ဖို့ ထုတ်ပြန်တားမြစ်ခဲ့ပါတယ်။


ကျိုက်ထီးရိုး ဘုရားပွဲကာလကို အောက်တိုဘာ ၁၇ ၊ သီတင်းကျွတ်လပြည့်ကနေ ကဆုန်လပြည့်နေ့အထိ ၇ လကြာ ကျင်းပမှာဖြစ်လို့ ဗုဒ္ဓပူဇနိယပွဲတော်နဲ့ တောင်ဖွင့်ပွဲအတွက် ဆိုင်တွေဖွင့်လှစ်ဖို့ ပြင်ဆင်နေပါပြီ။

Oct 09 ။ ဧရာဝတီတိုင်းရဲ့ မြန်မာ့လက်မှုထုတ်ကုန် ပုသိမ်ထီးတွေကို ဝယ်ယူသူ မရှိသလောက် ဖြစ်လာတာကြောင့် ဈေးကွက်ပျက်လုနီးပါး ဖြစ်နေပြီး ပုသိမ်ထီးလုပ်ငန်းရှင်နဲ့ လုပ်သားတွေ အခက်အခဲ ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။


မြန်မာစစ်တပ်ရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်နိုင်စွမ်းကို ထိရောက်စွာ တားနိုင်အောင် US အနေနဲ့ လေယာဥ်ဆီရောင်းချပေးနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချမှတ်ဆောင်ရွက်ဖို့နဲ့ မိတ်ဖက်နိုင်ငံတွေကလည်း လေယာဉ်ဆီ ပိတ်ဆို့ဖို့ Justice For Myanmar အဖွဲ့က တိုက်တွန်းထားပါတယ်။

Oct 08 ။ မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးကတည်းက အကျဥ်းထောင်တွေထဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသားပေါင်း ၁၀၀ ကျော်ရှိတဲ့အထဲ လုံလောက်တဲ့ ဆေးကုသမှု မရခဲ့တာကြောင့် သေဆုံးရသူတွေ ရှိခဲ့ကြောင်း နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ပြီး အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။


NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ ဇော်မြင့်မောင်ဟာ လုံလောက်တဲ့ ဆေးကုသခွင့် မရဘဲ အကျဥ်းစံဘဝကို ဖြတ်သန်းခဲ့ရကြောင်း မြန်မာပြည်ဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က သတင်းထုတ်ပြန်ပါတယ်။

Oct 07 ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဋ္ဌ၊ (NLD)လက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ်)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ ဒေါက်တာ ဇော်မြင့်မောင်(အသက် ၇၃ နှစ်) ကွယ်လွန်ခဲ့ပါတယ်။


ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ကုန်လမ်း၊ ရေလမ်းပိတ်ဆို့ပြီး ဆေးဝါးတင်သွင်းခွင့် ပိတ်ပင်ထားတာကြောင့် ဆေးဝါးပြတ်တောက်နေပြီး အချိန်မီဆေးကုသခွင့် မရရှိ၊ မသေသင့်ဘဲ သေဆုံးတာတွေ ဖြစ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

Oct 06 ။ ရန်ကုန်မှာ တိုက်ခန်းငှားခတွေ ၂ဆလောက် ဈေးတက်နေပြီး နယ်မြို့တွေဘက်က စစ်ရှောင်လာသူတွေ တိုက်ခန်းငှားရတာ ခက်ခဲနေကြောင်း ကာကယံရှင်တွေက ပြောပါတယ်။


ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA)တို့ရဲ့ တိုက်ပွဲတွေကြောင့် မြို့နယ်အသီးသီးက နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တွေဟာ စစ်ရှောင်ကာလ ကြာရှည်လာတာနဲ့အမျှ အငတ်ဘေးနဲ့ ကြုံတွေ့နေကြရကြောင်း စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

Oct 05 ။ ၂၀၂၄ ၊ စက်တင်ဘာ ၁လတည်းမှာတင် စစ်ကောင်စီတပ်က ရန်ကုန်၊ ဧရာဝတီ၊ မွန်နဲ့ တနင်္သာရီတို့က လွဲပြီးကျန်တဲ့ ပြည်နယ်၊ တိုင်း ၁၀ ခုမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၅၀ ထိလုပ်ခဲ့ပြီး ရှမ်း၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီ(ကယား)၊ ကရင်ပြည်နယ်တွေနဲ့ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးတိုင်းတို့မှာ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း ကလေးငယ်နဲ့ အမျိုးသမီးအပါအဝင် အရပ်သား ၂၁၇ ဦးသေဆုံးခဲ့ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့(BMC)က
သတင်းထုတ်ပြန်ပါတယ်။


စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြောင့် ဒီမိုကရေစီရေး လှုပ်ရှားသူ၊ အရပ်သားပြည်သူ စုစုပေါင်း ၅,၇၅၈ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Oct 04 ။ ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့သလို ဆက်သွယ်ရေးဖုန်းလိုင်းတွေလည်း ဖြတ်တောက်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။


မြန်မာပြည်မှာ ကလေး ၆ သန်းကျော်ဟာ နေရပ်စွန့်ခွာရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပုံမှန်ပညာရေး ပြတ်တောက်မှုတွေအောက် ရုန်းကန်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

Oct 03 ။ မြန်မာပြည်အပါအဝင် ကမ္ဘာတဝန်း လက်နက်ကိုင်ပဋိပက္ခတွေမှာ ကလေးငယ်တွေ လူကုန်ကူးခံရတဲ့ အခြေအနေဟာ အလွန်ဆိုးရွားနေကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။


အလည်အပတ်သွားသူတွေအတွက် ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်(Passport for Visit, PV)နဲ့ ပြည်ပနိုင်ငံတွေကို အလုပ်သွားလုပ်ကိုင်တာ ခွင့်မပြုဘူးလို့ စစ်ကောင်စီက သတင်းစာကနေ ထပ်မံကြေညာခဲ့ပါတယ်။

Oct 02 ။ နိုင်ငံ‌ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်စွန့်၊ ပါတီနိုင်ငံရေးလမ်းကြောင်း၊ ‌ရွေးကောက်ပွဲလမ်းကြောင်းတွေကနေ ပူးပေါင်းပါဝင်ဖို့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်အပေါ် နိုင်ငံ‌‌ရေးပါတီ ၂၆ ပါတီက ထောက်ခံကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။


ရန်ကုန်မြို့မှာ အိမ်ငှားခဈေး အဆမတန် ကြီးမားလာတာ‌ကြောင့် အိမ်ငှားခ မတတ်နိုင်သူတွေ မြို့ပတ်ရထားလမ်းတလျှောက် ကျူးကျော်တဲထိုး နေထိုင်မှု ပိုများနေပါတယ်။

Oct 01 ။ ရန်ကုန်မြို့မှာ ဒီမနက်ကစ စစ်ကောင်စီရဲ့ စစ်တပ်အင်အားအများအပြား လုံခြုံရေးယူပြီး လူဦးရေ သန်းခေါင်စာရင်း လိုက်လံကောက်ယူနေခဲ့ရာ၊ ရွေးကောက်ပွဲအတွက် စစ်ကောင်စီ ကောက်ယူတဲ့ သန်းခေါင်စာရင်း အချက်အလက်တွေအရ အာဏာတည်မြဲရေး ယန္တရားတွေနဲ့ ပြည်သူတွေအပေါ် ဖိနှိပ်ဖို့ အသုံးပြုမှာ စိုးရိမ်ကြောင်း ဒေသခံတွေက ပြောပါတယ်။


စစ်ကောင်စီက သဘာဝဘေးအန္တရာယ် ထိခိုက်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေး ဦးစားမပေးဘဲ သန်းခေါင်စာရင်းကောက်ဖို့သာ အဓိက လုပ်ဆောင်နေတယ်လို့ ပြည်သူတွေရဲ့ ဝေဖန်မှု ခံရပါတယ်။

Sept 30 ။ မြန်မာ့ ရေဘေးသင့် ပြည်သူတွေအတွက် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့လက်ရာ”နွေဦးအောင်ပွဲ”အမည် ပန်းချီကားကို ဂျပန်ပြည်မှာ လေလံတင်ရောင်းချခဲ့ရာ ယန်း ၁,၈၆၀,၀၀၀ ရရှိခဲ့ပါတယ်။


စစ်ကောင်စီဘက်က နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ထားချိန် ကိုးကန့်တပ် MNDAA ဘက်ကလည်း အပစ်ရပ်ပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမယ် ပြန်ပြောထားပေမဲ့လည်း ကိုးကန့်သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ဟာနေ့စဉ်လို ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။

Sept 29 ။ ဧရာဝတီတိုင်းက အုန်းအနုသီးတွေ ပြည်ပဈေးကွက်ကို အကန့်အသတ်နဲ့သာ တင်ပို့နေရတာကြောင့် စိုက်ပျိုးသူတွေ၊ ကုန်သည်လုပ်ငန်းရှင်တွေ အခက်အခဲ ဖြစ်ပေါ်နေပါတယ်။

မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေကို စစ်ကောင်စီ ဖိအားပေးတိုက်ခိုက်နေပေမဲ့ PDF တွေက မန္တလေးကို အကျတိုက်မယ်လို့ မတ္တရာ PDF တာဝန်ရှိသူတွေဘက်က ပြောပါတယ်။

Sept 28 ။ ချိုင်းနားပြည်ကနေ မှာယူထားတဲ့ Guizhou JL-9 လေယာဉ်တွေလို့ လူသိများတဲ့ ဘက်စုံသုံး အပေါ့စား တိုက်ခိုက်ရေး လေယာဉ်(FTC 2000 G) ၆ စီး ထပ်ရောက်လာပြီး လာမယ့် လေတပ်နှစ်ပတ်လည်နေ့မှာ တပ်တော်ဝင်ဖို့ ရှိပါတယ်။


ပြီးခဲ့တဲ့ငါးလအတွင်း ခရီးသွား ၅သိန်းကျော် ဝင်ရောက်ခဲ့လို့ မနှစ်ကထက် ခရီးသည်ဝင်ရောက်မှု ပိုတိုးလာဖို့ မျှော်လင့်နိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်မှာ စက်တင်ဘာ ၂၇ ရက်က လုပ်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနား မှာ ပြောပါတယ်။

Sept 27 ။ ရာဂီမုန်တိုင်းကြောင့် မြန်မာပြည်တဝန်း လူ ၁ သန်းနီးပါး ရေဘေးသင့်ခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)က သတင်းထုတ်ပြန်ပါတယ်။ ရေဘေးသင့်ခဲ့တဲ့ မြန်မာပြည်မှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ထဲက ရေဘေးသင့်တဲ့ မြို့နယ် ၇၀ ကျော်ရှိခဲ့တယ်လို့ UNOCHA က ပြောပါတယ်။


ရေကြီးရေလျှံမှု၊ မြေပြိုမှုတွေကြောင့် လူပေါင်း ၃၆၀ ကျော် သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော်ပျောက်ဆုံး နေစဲ ဖြစ်ခဲ့တာပါ။
ကိုးကန့်တပ် – MNDAA သိမ်းပိုက်ထားတဲ့ ရှမ်းမြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက ထပ်မံ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၂ယောက် သေဆုံးခဲ့ပါတယ်။

Sept 26 ။ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲဝင်ကြဖို့ စစ်ကောင်စီက တိုက်တွန်းသတင်းထုတ်ပြန်ပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ကြဖို့ကိုလည်း စကစ ထုတ်ပြန်ချက်မှာ ကမ်းလှမ်းခဲ့ပါတယ်။


စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ်နဲ့ ကျေးရွာတွေက အရပ်သားပစ်မှတ်တွေကို ၁ လ ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၉ ကြိမ် ပြုလုပ်ခဲ့လို့ အရပ်သား သေဆုံးတာတွေလည်း ရှိနေတာကြောင့် ဒေသခံပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး ဘေးကင်းရာကို ထပ်မံတိမ်းရှောင်နေကြရပါတယ်။