မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ဇွန် ၂၀၂၅
“All persons born or naturalized in the United States and subject to the jurisdiction thereof, are citizens of the United States,”
အမေရိကဖွဲ့စည်းပုံ အခြေခံကျမ်း (United States Constitution) အရ အမေရိကပိုင်နက်မြေတွင်မွေးဖွားသောမည်သူမဆို အမေရိကန်အလိုအလျှောက်ဖြစ်သွားစေခြင်း birthright citizenship အတွက် အာမခံထားချက်ဖြစ်သည်။ ပြည်တွင်းစစ်(1861-1865)အပြီးတွင် ကွန်ဂရက်မှ ဖွဲ့စည်းပုံအခြေခံကျမ်းတွင် ဖြည့်စွက်ပြင်ဆင်ချက် ၁၄ (14th Amendment) အဖြစ် နိုင်ငံသားအခွင့်အရေးများ၊ တူညီမျှမှုများ တို့ကိုပါ တစ်ပါတည်းထည့်သွင်းပြဋ္ဌာန်းခဲ့ခြင်းတည်း။ မူရင်းအကြောင်းချက်မှာ ထိုစဉ်က အာဖရိကန်လူမည်းများ ကျွန်ဖြစ်ခဲ့သူများပါ ပါဝင်စေလိုရင်းဟု ဆိုသည်။
“Jus soli နှင့် Jus sanguinis”
ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံသားဖြစ်မှုတို့ကိုဆုံးဖြတ်ရာ၌ (jus sanguinis, “right of blood” မျိုးရိုးဗီဇသွေး)နှင့် (jus soli, “right of the soil” မွေးရာပိုင်နက်နယ်မြေ) တို့ကို အခြေခံဆုံးဖြတ်လေ့ရှိကြပြီး အချို့နိုင်ငံတို့မှာ ကန့်သတ်ချက်များထား၍ နိုင်ငံသားဖြစ်မှုကို လက်ခံသည်။ အမေရိကသည် အဆိုပါနှစ်ခုလုံးဖြင့် ဆုံးဖြတ်ခြင်းဖြစ်ပါသည်။ jus soli ကိုဖွဲ့စည်းပုံအခြေခံကျမ်းအရ အာမခံထားပြီး jus sanguinis ကိုမူ Immigration and Nationality Act (INA) ကွန်ဂရက်ပြုဥပဒေဖြင့် အာမခံထားခြင်းပါ။ လေ့လာဆန်းစစ်မှု(၂၀၁၈) အရ ကမ္ဘာ့နိုင်ငံများတွင် jus soli အရကန့်သတ်ခြင်းမရှိဘဲ လက်ခံသောတိုင်းပြည် ၃၃ခုရှိပြီး အားလုံးလိုလိုမှာ တောင်/မြောက်အမေရိကနိုင်ငံများဖြစ်ကြ၏။ မူလနိုင်ငံတည်ထောင်သူ ဖခင်ကြီးများသည် မိမိတို့တိုင်းပြည်တွင်းသို့ ပြောင်းခိုသူ/လူသစ်များရောက်ရှိလာရန် လမ်းဖွင့်ကြိုဆိုရင်းကို ဦးတည်၍ ခွင့်ပေးခဲ့သည်ဟု ယူဆရပါသည်။ jus soli ၏သက်တမ်းမှာ နှစ်၄၀၀ ကျော်ရှိခဲ့ပြီး ၁၆၀၈ခု အင်္ဂလိပ်ဥပဒေတစ်ခုဖြစ်သည့် အင်္ဂလိပ်ပိုင်နက်/အုပ်ချုပ်နယ်မြေတွင် မွေးဖွားသည့် မည်သူမဆို မိဘမျိုးရိုးမည်သည့်အခြေအနေတွင်ရှိစေကာမူ အင်္ဂလိပ်ဘုရင်၏ ဇာတိပကတိပိုင်ဖြစ်၏ ဟူသည်မှ လာသည်။ တစ်နည်းအားဖြင့် သက်ဦးဆံပိုင်ခေတ် မြန်မာဘုရင်တို့၏ သူပိုင်နယ်တွင်မွေးလျှင် သူပိုင်ကျွန်ဖြစ်ခြင်းသဘောတည်း။
“Chinese နှင့် Native Indian မပါရ”
၁၈၈၂ တွင် ကွန်ဂရက်မှ ဥပဒေပြုခဲ့သော The Chinese Exclusion Act အရ ထိုစဉ်က အမေရိကပြည်တွင်းရောက်ရှိ အလုပ်လုပ်နေသော ချိုင်းနီးစ်အလုပ်သမားများသည် အမေရိကနိုင်ငံသားဖြစ်ခွင့်မရရှိဘဲ ဆုံးရှုံးခဲ့ကြရ၏။ သို့စေကာမူ အမေရိကမြေတွင်မွေးဖွားသော ချိုင်းနီးစ်အပါအဝင် မည်သည့်လူမျိုးနွယ်၊ အသားအရောင်မဆို နိုင်ငံသားအလိုအလျှောက်ဖြစ်မှုကို မထိခိုက်နိုင်ခဲ့ချေ။ ဥပဒေသည် ဖွဲ့စည်းပုံအခြေခံကျမ်းပြဋ္ဌာန်းချက်ကို လွှမ်းမိုးကျော်လွန်ခဲ့ခြင်းမရှိချေ။
၁၈၉၈ တွင် ချိုင်းနီးစ်အင်မီးဂရန့် မိဘနှစ်ပါးမှ အမေရိကမြေ/ဆန်ဖရန်စစ္စကိုတွင် မွေးဖွားထားသော Wong Kim Ark ဆိုသူအမျိုးသားတစ်ဦးသည် နိုင်ငံရပ်ခြားမှပြန်လာပြီး အမေရိကားသို့ပြည်ဝင်ရာတွင် ပြည်ဝင်ငြင်းပယ်ခံရသဖြင့် တရားစွဲအမှုဖြစ်ဖူးသည်။ ဤတွင် ထိုစဉ်က အမြင့်ဆုံးတရားရုံးချုပ်မှ မိဘမည်သည့်ဗီဇာ/နေခွင့်အခြေအနေတွင်ရှိသည်ဖြစ်စေ အမေရိကပိုင်နက်မြေတွင်မွေးဖွားပါက အမေရိကန်နိုင်ငံသားဖြစ်သည်ဟု (၆-၂)ဆုံးဖြတ်ချက်ချပေးခဲ့သည်။ နိုင်ငံခြားတိုင်းပြည်၏ သံတမန်များ၏ သားသမီးများမှလွဲ၍ ထိုမှသည် ယခုအထိ အတည်ဖြစ်နေခဲ့ခြင်းပါ။
အမေရိက၏ဖွဲ့စည်းပုံ သတ်မှတ်ချက်တွင် ဌာနေတိုင်းရင်းသား Native Indian များမပါဝင်ဟူ၍ ၁၈၈၄ ခု Elk v. Wilkins တရားအမှုဖြစ်ဖူးသည်။ တရားရုံးချုပ်ဆုံးဖြတ်ချက် (၇-၂) အရ ဌာနေတိုင်းရင်းသားများ၏ ပိုက်နက်မြေသည် အမေရိကတွင်မပါဝင်သည့် “alien nations, distinct political communities” ဟုဆိုကာ နိုင်ငံသားဖြစ်ခွင့်မရကြချေ။ ၁၉၂၄ ရောက်မှ The Indian Citizenship Act အရ အမေရိကန်အဖြစ် အလိုလျှောက်ရခဲ့ခြင်းပါ။
နှစ်ရာချီ တရားစွဲစမ်းသပ်မှုများ/တရားရုံးချုပ်ဆုံးဖြတ်ချက်များအရ ဖွဲ့စည်းပုံဖွင့်ဆိုချက်သည် ပြည့်စုံပြီးဖြစ်လေသည်။ သို့ငြား ယခုမူ နောက်တစ်ဖန် အသစ်ဖွင့်ဆိုချက်သို့ ရင်ဆိုင်နေရပြန်ပြီ။
“Executive Order 14156”
သမ္မတထရမ့်သည် ပထမသက်တမ်း(၂၀၁၉) ကတည်းက တိုးရစ်/အလည်ဗီဇာဖြင့် အမေရိကသို့ ရောက်လာကြပြီး ကလေးမွေးဖွား၍ အမေရိက၏ ကျန်းမာရေးစနစ်ကို သုံးစွဲခံစားပြီးနောက် မူလနိုင်ငံပြန်သွားကာ ထိုသားသမီးအကြောင်းပြု အမေရိကတွင်နေထိုင်ခွင့်ရသူများအကြောင်း “Anchor baby” ဟူ၍ ဆိုခဲ့ဖူးသည်။ ရှိပြီးဖွဲ့စည်းပုံ၏ ပြဋ္ဌာန်းချက်သည် တရားမဝင်လာသူများအား ဆွဲဆောင်စေသော အဓိကအချက်ဟုလည်းဆိုသည်။ သမ္မတတိုင်း ကျမ်းကျိန်၍ ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သော ဖွဲ့စည်းပုံပါ အချက် “subject to the jurisdiction thereof” ကို စိတ်ကြိုက်အဓိပ္ပါယ်ဖွင့်၍ အမေရိကသို့ တရားမဝင်ခိုးဝင်သူများ မပါဝင်ဟူ၍ အကြောင်းပြသည်။ သို့နှင့်နောက်တကြိမ်သမ္မတပြန်ဖြစ်သော Day ONE ဇန်နဝါရီ ၂၀၊ ၂၀၂၅ တွင် Executive Order 14156 ထုတ်ကာ birthright citizenship ကိုကန့်သတ်၍ အထူးမိန့်ထုတ် ဖျက်ပြင်ပစ်လိုက်ပါသည်။ အမိန့်ဆိုလိုရင်းမှာ အမေရိကပိုင်နက်မြေတွင်မွေးဖွားစေကာမူ အမေရိကန်နိုင်ငံသား(သို့) ဂရင်းကဒ်မိဘ အနည်းဆုံး တစ်ဦး၏သားသမီးဖြစ်မှသာ နိုင်ငံသားဖြစ်ခွင့်ရှိသည် ဟူ၏။ အမိန့်အရ ၂၀၂၅ ဖေဖော်ဝါရီ ၁၉ ရက်နောက်ပိုင်း မွေးဖွားသူကလေးများအားလုံးသို့ သက်ရောက်စေရမည်ဖြစ်သည်။ Center for Immigration Studies (CIS) စစ်တမ်းအရ အမေရိကတစ်ဝှမ်း တရားမဝင်/ခိုးဝင်လာသူများမှ မွေးဖွားမည့် ကလေး ပျမ်းမျှအားဖြင့် ၂၅၀,၀၀၀ ဦးရေ (နိုင်ငံလုံးမွေးဖွားသူများအားလုံး၏ ၇%)(၂၀၂၃) သို့ သက်ရောက်ပါမည်။ အထူးမိန့်တွင် အမေရိကသို့ တရားဝင်လာရောက်နေထိုင်သူများပါ ပါနေသဖြင့် အခြေခံဥပဒေအား အိမ်ဖြူတော်၏ဖွင့်ဆိုချက်နှင့် တရားရုံးချုပ်၏ဖွင့်ဆိုချက်တို့ ကြီးစွာကွာဟမှုဖြစ်နေလေ၏။ ထိုအမိန့်ကို တရားရုံးချုပ်မှ မိမိတို့အိမ်ဖြူတော်အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်း လိုက်ဖွင့်ဆိုမည်ဟု လုံးဝယုံကြည်ကြောင်း တိုင်းပြည်၏ တရားရေးချုပ် (Attorney General Pam Bondi) မှလည်းဆိုထားသည်။
“နှစ်ခြမ်းကွဲ ပြည်ထောင်စု”
အမိန့်ထုတ်ပြီးရက်ပိုင်းအတွင်း တရားစွဲမှုများဖြစ်ခဲ့ကာ တရားရုံးများမှ ဇန်နဝါရီ ၂၃ တွင် တားမြစ်ခဲ့ကာ ယခုအထိ ပြည်နယ်၂၂ ခုနှင့် အဖွဲ့အစည်းကြီး၂ခုမှ အမှုဆိုင်ခဲ့၍ တရားရုံးချုပ်၏ဆုံးဖြတ်ချက်ကို စောင့်နေခဲ့ကြခြင်းဖြစ်ပါသည်။ ထို birthright citizenship အမှုတို့ကို အဆုံးသတ်ဆုံးဖြတ်ခြင်းတိုက်ရိုက်မရှိသေးသော်လည်း ဇွန်လ ၂၇ ရက်နေ့က တရားရုံးချုပ်မှ ဖက်ဒရယ်တရားသူကြီး/အောက်ရုံး တစ်ခုမှ သမ္မတ၏ နိုင်ငံလွှမ်းခြုံအမိန့်တို့အား စွက်ဖက်တားမြစ်မိန့်ထုတ်နိုင်ခြင်းကို (၆-၃)ဖြင့်မဲပေး ကန့်သတ်လိုက်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ BC အား နိုင်ငံလွှမ်းခြုံတားမြစ်ထားမှုမှာ လွတ်ကင်းသွားကာ တရားစွဲဆိုထားသော ပြည်နယ်များ၌ မွေးဖွားသူတိုင်းသာ နိုင်ငံသားအဖြစ်ကို ရရှိမည်သို့ သဘောသက်နေလေ၏။ အမေရိကရောက်ရှိပြီး ပြောင်းခိုသူ Refugee များ၊ နိုင်ငံရေးခိုလှုံခွင့်လျှောက်ဆဲနှင့် ရပြီးသူများ၊ TPS နှင့်နေသူများ၊ တရားဝင် L, EB, H ဗီဇာနှင့်နေသူများ၊ ကျောင်းသား F-1 နှင့်နေသူများ၏ မမွေးဖွားရသေးသော သားသမီးများအားလုံးသို့ သက်ရောက်၍ အမေရိကန်နိုင်ငံသားအလိုအလျှောက်ဖြစ်မှု ဆုံးရှုံးမည်ဖြစ်ပါသည်။ ကျန် ၂၈ပြည်နယ်သား မိဘများအတွက် ရက် ၃၀ အချိန်ထပ်ပေးထားပေရာ ယခုမှစ၍ တိုတောင်းလှသော အချိန်အတွင်း ထိုထိုပြည်နယ်တို့၏ ကိုယ်ဝန်ဆောင် ဗီဇာနှင့်နေသူမိဘများအတွက် အလွန်ကြီးမားသော ဝန်ထုတ်ဝန်ပိုးကြီးရယ်ပါ။ တစ်နည်းအားဖြင့် လဝကဖက်ဒရယ်ဝန်ထမ်းများ ဆေးရုံရှိ မွေးခန်းထဲအရောက် ခေါ်သွင်းနေခြင်းသဘော သက်ရောက်နေလေ၏။
ထိုအချက်သည် ဆန်းပြားနေသည်ထင်နိုင်ပါသော်လည်း ကိုယ်ဝန်ဆောင်ခြင်း/ဖျက်ချခြင်းတွင်၄င်း၊ ဆေးခြောက်သုံးစွဲတရားဝင်ပြု/မပြု တွင်၄င်း ပြည်နယ်အသီးသီး၏ ဆန္ဒသဘောအတိုင်းဖြစ်နေပေရာ ဤသည်မှာလည်း ဖက်ဒရယ်စနစ်၏ အသီးအပွင့်ဟု ဆိုနိုင်သလို နှစ်ခြမ်းကွဲသွားသော ပြည်ထောင်စုအဖြစ်လည်း မြင်ကြည့်နိုင်ပါသည်။ ယခုဆုံးဖြတ်ချက်သည် ပြည်ထောင်စုအတွင်း မတည်မငြိမ်မှုများနှင့်အတူ တရားစွဲဆိုမှုအများအပြားပေါ်ပေါက်လာမည်ဟု မှန်းဆချက်များစွာလည်းရှိသည်။ လာမည့်အောက်တိုဘာလတွင် တရားရုံးချုပ်မှ ထို birthright citizenship ကိစ္စကို တိုက်ရိုက်ဆုံးဖြတ်လိမ့်မည်ဟုလည်း ဆိုကြသည်။
“ဖွဲ့စည်းပုံဖျက်/ပြင်ခြင်း လမ်း၃သွယ်”
ယခုအမိန့်သည် တိုင်းပြည်၏ဖွဲ့စည်းပုံကို တိုက်ရိုက်ထိခိုက်နေရာ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရန် နည်းလမ်း၃ခုရှိသည်မှ တစ်ခုကိုသုံးရပေမည်။ အကြမ်းအားဖြင့်ဆိုရလျှင် (၁)ကွန်ဂရက် (ဟောက်စ်+ဆီးနိတ်)၏ မဲ ၃ပုံ ၂ပုံဖြင့် ဆုံးဖြတ်ပြင်ဆင်ခြင်း။ (၂) ပြည်နယ်များ၏ ၄ပုံ၃ပုံ မဲပေးဆုံးဖြတ်ခြင်း။ (၃) အမြင့်ဆုံးတရားရုံးချုပ်မှ ဖွဲ့စည်းပုံပါ စာသား အဓိပ္ပါယ်ကောက်အား ဖွင့်ဆိုခြင်းတို့ဖြစ်၏။ ယခုသမ္မတထရမ့်သည် ရီပါ့ဗလစ်ကန်သမ္မတအများစုအမည်တင်သွင်း/ခန့်အပ်ထားသော တရားသူကြီးချုပ် ၆ပါး၏ အင်အားကို ကိုးစား၍ နံပါတ်၃ လမ်းအား ကြိုးစားခြင်းဖြစ်ပါသည်။
“မျိုးချစ်ခြင်း သစ္စာတရား”
အမေရိကန်လူမျိုးဟူသည် မရှိ၊ ရေးပြောနေကြသည်တွေ့ရမည်။ အမေရိကန်ဟူသည် လူမျိုးသာမက နိုင်ငံသားဟု သတ်မှတ်နိုင်ပါပြီ။ တိုင်းပြည်တည်ထောင်ခဲ့သည် ၁၇၇၆ မှတွက်လျှင် ယခု ဇူလိုင်လ ၄ရက်နေ့တွင် သက်တန်း ၂၄၉ ပြည့်ပြီဖြစ်၍ မျိုးဆက်၁၀ဆက်မျှတောက်လျှောက်ရှိနေနိုင်သော လူသားတို့အား လူမျိုးဟု အမည်သညာပေးသည်မှာ မျှတပါ၏။ အမေရိကတွင်မွေးဖွားလျှင် အမေရိကန်ဖြစ်ခြင်းဟူသော ဖွဲ့စည်းပုံမှပေးထားချက်သည် ပုဂ္ဂလိကတစ်ဦးချင်းစီ၏ အမေရိကန်ဖြစ်မှုကို အဆုံးစွန်ဂုဏ်ယူခြင်းသို့ ရောက်သလို မျိုးချစ်စိတ်ဖြင့် သစ္စာထားခြင်းကိုလည်း ဆောင်ကြဉ်းလာပါသည်။ နှိုင်းယှဉ်အားဖြင့် မြန်မာပြည်တွင်မွေးဖွားကြီးပြင်းသူများကို မြန်မာနိုင်ငံသားမပေးသော ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ၏ ဆုံးဖြတ်ချက်ကြောင့် မြန်မာပြည်ပေါက်အချို့ တရုတ်များ မြန်မာပြည်ထက် ချိုင်းနားပြည်သို့သစ္စာပိုထားကြသည်ကို မြင်ဖူးကြုံဖူးကြမည်။ ထို့အတူ တိုင်းရင်းသားများလည်း တိုင်းပြည်ထက် ပြည်နယ်/ဒေသအပေါ် စွန်းယိမ်းသစ္စာထားကြပါသည်။ ဤသည်မှာ ရိုးရှင်းသော လူသား၏ စိတ်ပညာဒဿနသာတည်း။
မိမိနှင့် မသက်ဆိုင်ဟု ယူဆရသည်များသည် တစ်ချိန်တွင် တစ်ပတ်လည်ကာ အိမ်တံခါးသို့ ဆိုက်မြိုက်ရောက်လာတတ်သည်ကို သတိပေးလိုပါသည်။ ဤသူ၏မျက်မြင်အတွေ့အကြုံအရ အင်မီးဂရန့်မှမွေးဖွားသော ဒုတိယမျိုးဆက်အမေရိကန်သမ္မတများသည် ပြောင်းခိုသူများအပေါ် ပိုမိုအရေးစိုက်နှိပ်ကွပ်လေ့ရှိကြ၏။ သမ္မတအိုဘားမားနှင့် သမ္မတထရမ့်တို့သည် ထင်သာမြင်သာသော သူများဖြစ်သလို ကယ်လီဖိုးနီးယား၏ ဂါဗနာ အာနိုးရှဝဒ်ဇနက်ဂါ လက်ထက်တွင်လည်း ဤသို့နှယ်ဖြစ်သည်မှာ ဤသူကိုယ်တွေ့ပါ။ အမေရိကန်ပထမမျိုးဆက်ဖြစ်ကြသော ကျွန်ုပ်တို့အတွက် သတိထားသင်ခန်းစာယူစရာတည်း။

