ကယ်လီဖိုးနီးယား OES ၏ သေနတ်ဖြင့် အကြမ်းဖက်ခြင်းကို ကာကွယ်ဖို့ “Reduce The Risk”

kaiSeptember 30, 20258min8190

By SweSwe Aye

ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရုံး အရေးပေါ်ဝန်ဆောင်မှုများ (OES) သည် ၂၀၂၅ ခုနှစ် နွေရာသီတွင် သေနတ်ဖြင့် အကြမ်းဖက်ခြင်းကို ကာကွယ်ရန်အတွက် “အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချပါ” (Reduce The Risk) ဝက်ဘ်ဆိုက်ကို စတင်တည်ထောင်သည်။

ဝက်ဘ်ဆိုက်လင့်ခ်: https://www.reducetherisk.ca.gov/

ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးရုံး OES ၏ Reduce The Risk နှင့် ပတ်သက်သော ဆွေးနွေးပွဲကို စက်တင်ဘာ ၂၄၊ ၂၀၂၅ က ပြုလုပ်ခဲ့ရာ မြန်မာ့ဂဇက် တက်ရောက်ပြီး စာဖတ်သူများအတွက် ဖော်ပြလိုက်ပါသည်။


လက်ရှိ အခြေအနေနှင့် ထိခိုက်မှု အချက်အလက်များ

၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း ကယ်လီဖိုးနီးယားတွင် သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း ပါဝင်သော အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်သည့် ဖုန်းခေါ်ဆိုမှု အရေအတွက် ၈၀% တိုးလာခဲ့သည်။ ပြည်နယ်တွင်း၌ နှစ်စဉ်နှစ်တိုင်း လူပေါင်း ၃,၂၀၀ ခန့် သေဆုံးပြီး ၇,၀၀၀ ကျော် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ပြည်နယ်အနှံ့ ဒဏ်ရာရရှိနေသည်။ ငါးနာရီလျှင် လူတစ်ဦးနှုန်းက သေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြသည်။

သေနတ်ဘေးကင်းရေး ဥပဒေများကြောင့် အခြားပြည်နယ် အများစုထက် ကယ်လီဖိုးနီးယားတွင် သေနတ်ကြောင့် သေဆုံးမှု နည်းပါးသော်လည်း သေနတ်အကြမ်းဖက်မှုသည် လူအများအပြားကို ထိခိုက်နေဆဲဖြစ်သည်။

စီးပွားရေးဆိုင်ရာ သက်ရောက်မှု

သေနတ်ပစ်မှုများကြောင့် နှစ်စဉ် ဒေါ်လာ ၄၁.၉ ဘီလီယံခန့် ကုန်ကျပြီး အများပြည်သူဆောင်ထားသော အခွန်များထဲမှ ဒေါ်လာ ၁.၁ ဘီလီယံခန့် ပါဝင်ကျခံရသည်။ ပြည်နယ်တွင် နေထိုင်သော လူတစ်ဦးစီသည် သေနတ်အကြမ်းဖက်မှုကြောင့် ဒေါ်လာ ၁,၀၆၀ ခန့် ကုန်ကျသည်။


သေနတ်ကိုင်ဆောင်ထားသူများအတွက် အန္တရာယ်နှုန်းများ

သေနတ်ကိုင်ဆောင်ထားသူများသည် အသတ်ခံရနိုင်ခြေ နှစ်ဆ ပိုများသည်။

  • အမျိုးသမီးတစ်ဦးသည် သေနတ်ကိုင်ထားရင် ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ခြေသည် ၃၅ ဆ ပိုများသည်။
  • ပထမအကြိမ် သေနတ်ကိုင်ဆောင်သူ အမျိုးသားများသည် ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ခြေ ၈ ဆခန့် ပိုများသည်။

အစုလိုက်အပြုံလိုက် ပစ်ခတ်မှု အများစုသည် ကိစ္စတော်တော်များများမှာ ကနဦး သတိပေးခြင်းများ ရှိတတ်သည်။ အမေရိကန်တစ်နိုင်ငံလုံးတွင် နေ့စဉ်နှင့်အမျှ လူပေါင်း ၁၃၂ ဦးခန့် သေနတ်ဖြင့် ပစ်သတ်ခံနေရပြီး ၁၁ မိနစ်တိုင်းတွင် လူတစ်ယောက်သည် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးနေပါသည်။

သေနတ် လုံခြုံစွာ သိမ်းဆည်းခြင်း

လူငယ်များ သေနတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်း၏ ၇၀% သည် အိမ်တွင် သေနတ်များကို လုံခြုံစွာ မသိမ်းဆည်းခြင်းကြောင့်ဖြစ်သည်။

  • သေနတ်များကို ကျည်ဆံမထည့်ထားဘဲ သော့ခတ်ထားသော သေတ္တာများ သို့မဟုတ် လက်ကိုင်ဗူးများတွင် လုံခြုံစွာ သိမ်းဆည်းကြရန် အရေးကြီးလှသည်။

Gun Violence Restraining Orders (GVROs) များ

ကယ်လီဖိုးနီးယားတွင် မိမိကိုယ်ကို (သို့မဟုတ်) တခြားသူကို သေနတ်ဖြင့် အကြမ်းဖက်ခြင်းမှ ကာကွယ်ရန်အတွက် ကာကွယ်ရေး အမိန့် (protection orders) ၉ ခုကို ထုတ်ထားသည်။ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း GVROs၄၀% ကို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရန် ခြိမ်းခြောက်သောအခြေအနေများ၌ သုံးခဲ့ပြီး၊ ထိုအမိန့်များကြောင့် လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်မှု ၅၈ ခုကို တားဆီးနိုင်ခဲ့သည်။

GVRO ဆိုသည်မှာ သေနတ်ကိုင်သူထံမှ သေနတ်ကို အချိန်ကာလတစ်ခုအထိ ခေတ္တ ဖယ်ရှားခြင်းဖြစ်သည်။

  • GVRO ၉ ခုတွင် သေနတ်ကိုင်သူထံမှ သေနတ်ကို ၂၁ ရက်ခန့် ဖယ်ရှားမိန့် ချပြီး အနည်းဆုံး ၁ နှစ်မှ အများဆုံး ၅ နှစ်ထိ သက်တမ်းတိုးနိုင်သည်။
  • ထိုအမိန့်များမှာ အရပ်ဘက်ဆိုင်ရာ အမိန့် (civil orders) များဖြစ်ပြီး သေနတ်ကိုင်ဆောင်သူကို အပြစ်ပေးခြင်း မဟုတ်ဘဲ အန္တရာယ်ကျရောက်နိုင်ခြေရှိသူများကို ကာကွယ်ရန်ဖြစ်သည်။

GVROs ၉ မျိုး

  • Gun Violence Restraining Orders: ကိုယ့်ကိုယ်ကိုယ် ပစ်ခြင်း သို့မဟုတ် တခြားသူကို ထိခိုက်စေခြင်းမှ ကာကွယ်ရန်။
  • Domestic Violence Restraining Order: အိမ်ထောင်ဖက်၊ အခန်းဖော် သို့မဟုတ် မိသားစုဝင်ကဲ့သို့ ရင်းနှီးသူတစ်ဦးကြောင့် ထိခိုက်ခြင်း/ခြောက်လှန့်ခြင်း ခံရသူများအတွက်။
  • Postsecondary School Violence Restraining Order: ကောလိပ် သို့မဟုတ် အတတ်သင်ကျောင်း တက်နေသော ကျောင်းသားများကို ကာကွယ်ရန်။
  • Elder/Dependent Adult Abuse Restraining Order: ၆၅ နှစ်အထက် လူကြီးများ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ/ဉာဏ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများကို ကာကွယ်ရန်။
  • Juvenile Restraining Order: အသက် ၁၈ နှစ်အောက် ကလေးများကို ကာကွယ်ရန်။
  • Civil Harassment Restraining Order: အိမ်နီးချင်း၊ လုပ်ဖော်ကိုင်ဖက်ကဲ့သို့ ရင်းနှီးသော ဆက်ဆံရေးမရှိသူထံမှ နှောင့်ယှက်ခြင်း၊ လိုက်ရှာခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း အန္တရာယ်ရှိသူများအတွက်။
  • Workplace Violence Restraining Order: လုပ်ငန်းခွင်တွင် ခြိမ်းခြောက်မှုများ ကြုံတွေ့နေရသော ဝန်ထမ်း သို့မဟုတ် အများပြည်သူ အရာရှိများကို ကာကွယ်ရန်။
  • Emergency Protective Orders: လတ်တလော အန္တရာယ်ရှိပြီး မြန်ဆန်စွာ ကာကွယ်ပေးရန် လိုအပ်သူများအတွက်။
  • Criminal Protective Order: ကိုယ်တိုင် သို့မဟုတ် အခြားသူများကို အန္တရာယ်ရှိစေနိုင်ခြေရှိသူများအတွက်။

GVROs လျှောက်ထား ရယူခြင်း

သေနတ်ဖြင့် ခြိမ်းခြောက်ခံရ/ ထိခိုက်ခံရသူများသည် မိမိတို့ ဒေသတွင်း တရားရုံးများသို့ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ GVRO ရရှိနိုင်သည်။

  • GVRO အတွက် မိမိနေထိုင်ရာ ဒေသတွင်း “ကိုယ်တိုင် အကူအညီ” (self-help) တရားရုံးလင့်ခ်ကို www.SelfHelp.courts.ca.gov တွင် ရှာဖွေနိုင်သည်။
  • GVRO လျှောက်လွှာ (forms) တင်ရန် လိုအပ်သော အထောက်အထား စာရွက်စာတမ်းများကို မြို့နယ် သာလွန်တရားရုံး (county superior court) တိုင်းတွင် ရရှိနိုင်သည်။

ကယ်လီဖိုးနီးယား၏ သေနတ်ဆိုင်ရာ ဥပဒေအချို့

  • အများစုသော အခြေအနေများမှာ အသက် ၂၁ နှစ် ပြည့်မှ သေနတ်ဝယ်ခွင့်ရှိသည်။
  • လိုင်စင်ရှိ သေနတ်ရောင်းသောဆိုင်များ၊ မှတ်ပုံတင်ထားသော သေနတ်ဆိုင်များမှာသာ ဝယ်ခွင့်ရှိသည်။
  • သေနတ်ဝယ်ပြီး ၁၀ ရက်ကြာမှ အိမ်ကို ယူသွားခွင့်ရှိသည်။
  • မိမိသေနတ်ပျောက်ပါက ရဲသို့ ၅ ရက်အတွင်း အကြောင်းကြားရသည်။
  • သေနတ်နှင့် ကျည်ဆံအခွန်မှာ တန်ဖိုး၏ ၁၁% ဖြစ်ပြီး ထိုအခွန်ကို သေနတ်ဖြင့် အကြမ်းဖက်ခြင်းကို ရပ်တန့်ရေး ပရိုဂရမ်တွင် သုံးသည်။
  • ၂၀၂၈ ခုနှစ်မှ စတင်၍ ရဲတပ်ဖွဲ့၏ ရာဇဝတ်မှုများကို ဖြေရှင်းရန် ရဲတပ်ဖွဲ့ဝင်များအား ကျည်ဆံအိတ်များတွင် အထူးအမှတ်အသားတစ်ခု ချန်ထားရမည်ဖြစ်သည်။

ကနဦး လက္ခဏာများ

တစ်စုံတစ်ဦးသည် ဒုက္ခကြုံပြီဆိုပါက ကနဦး လက္ခဏာများကို မိသားစုဝင် သို့မဟုတ် ရင်းနှီးသော မိတ်ဆွေများမှာ တွေ့ရနိုင်သည်။ စိတ်ပူစရာ အခြေအနေဟု ယူဆပါက သင့်လျော်သော အရင်းအမြစ်များထံ ဆက်သွယ်ပြီး ကူညီနိုင်သည်။

ပြောဆိုသော လက္ခဏာများ

  • ကိုယ့်ကိုယ်ကိုယ် သတ်သေချင်သောစကား
  • မျှော်လင့်ချက်မဲ့နေသည်ဆိုသောစကား
  • ချောင်ပိတ်မိနေသည်ဆိုသောစကား
  • အသက်ရှင်ဖို့ အကြောင်းမရှိတော့ဟူသောစကားများ

အပြုအမူ လက္ခဏာများ

  • အရက် (သို့မဟုတ်) မူးယစ်ဆေး အသုံးများခြင်း
  • မိသားစု၊ သူငယ်ချင်းများနှင့် အဆက်အသွယ် ဖြတ်ခြင်း
  • အသက်ရှင်ခြင်းကို ရပ်တန့်နိုင်မည့် နည်းလမ်းများကို ရှာဖွေခြင်း (ဥပမာ အွန်လိုင်း)

အရေးပေါ် ဆက်သွယ်ရန်

ခက်ခဲကျပ်တည်းသော အချိန်များကို ဖြတ်သန်းပြီး စကားပြောရန် တစ်စုံတစ်ဦး လိုအပ်နေသည်ဆိုပါက သင်တစ်ယောက်တည်း မဟုတ်ပါ။ အောက်ဖော်ပြပါ ဖုန်းနံပါတ်များကို ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် စာတိုပေးပို့ခြင်းဖြင့် အကူအညီရယူပါ။

  • သေကြောင်းကြံခြင်းနှင့် အရေးပေါ်အခြေအနေအတွက် Suicide & Crisis Lifeline: ၉၈၈
  • Disaster Distress Helpline: 1-800-985-5590
  • အိမ်တွင်း အကြမ်းဖက်မှုခံရပါက Hotline: 1-800-799-SAFE (7233)
  • National Helpline: 1-800-662-HELP (4357)