မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – စက်တင်ဘာ ၂၀၂၅
“လူဖြူ၊ အနောက်တိုင်း ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် ပရိုတက်စတင့်”
လူတစ်သိန်းနီးပါး တက်ရောက်ခဲ့သော ချာလီ ကာ့ခ်၏ အောက်မေ့ဖွယ် အခမ်းအနား (State Farm Stadium, AZ) သည် ရိုးရှင်းသော ဝမ်းနည်းပူဆွေးသတိရခြင်းပွဲမျှ မဟုတ်ခဲ့ဘဲ သမ္မတထရမ့်ဦးဆောင်သည့် အမေရိကန်နိုင်ငံရေး လမ်းကြောင်းသစ်ကို ထင်ရှားစွာ ပြသလိုက်သော နိုင်ငံရေး ကြေညာချက်တစ်ခု ဖြစ်လာခဲ့သည်။ အနက်ရောင်/ဝမ်းနည်းခြင်းကို ဝတ်စားဆင်ယင်မှု နည်းပါးသည့် ဤပွဲတွင် ထူးခြားချက် သုံးခုကို တွေ့ရ၏။
၁။ အံ့ဩဖွယ်ရာ “ခွင့်လွှတ်ခြင်း”
ပထမဆုံးနှင့် အထင်ရှားဆုံးမှာ ခွင့်လွှတ်ခြင်းပင်ဖြစ်သည်။ ကွယ်လွန်သူ ချာလီ၏ ဇနီး အဲရီကာ ကာ့ခ်သည် လူသတ်သမားကို ခွင့်လွှတ်ကြောင်း လူသိရှင်ကြား ကြေညာသည်။ သေဒဏ်ကို အလိုရှိနေကြသော မာဂါ (MAGA) အများစု၏ ဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော ဤလုပ်ရပ်သည် ယူတားပြည်နယ်ထောင်တွင် ရှိနေ၍ တရားရေးရင်ဆိုင်နေဆဲ အသက် ၂၂ နှစ်အရွယ် သေနတ်သမားအပေါ်၌ အလွန် အံ့ဩစရာကောင်းပြီး အဲရီကာ ကာ့ခ်၏ မြင့်မြတ် စိတ်ထားကို ပြသလိုက်ခြင်းဖြစ်သည်။
၂။ သမ္မတထရမ့်၏ ချက်ချင်း လမ်းကြောင်းပြောင်းခြင်း
သို့သော် အဲရီကာ ကာ့ခ်၏ စကားအပြီးတွင် ဝင်ရောက်စကားပြောကြားခဲ့သော သမ္မတဒေါ်နယ်လ် ထရမ့်ကမူ ပွဲတက်သူတို့ တိမ်းသွားသော လမ်းကြောင်းကို ချက်ချင်း ပြန်လည်ပြင်ဆင်ပစ်ခဲ့သည်။ ၎င်း၏ စကားမှာ ကရုဏာနှင့် လုံးဝ ကင်းကွာသွားပြီး ပွဲတက်သူ မာဂါအဖွဲ့ကို နိုင်ငံရေးအမျက်ဒေါသလမ်းကြောင်းသို့ ပြန်ပို့ခဲ့သည်ဟု ဆိုနိုင်သည်။
ရယ်မောကာ ပြောကြားခဲ့သော ၎င်း၏စကားမှာ “ငါ့ ပြိုင်ဘက်တွေကို မုန်းတယ်၊ သူတို့အတွက် အကောင်းဆုံးဖြစ်ဖို့လည်း မလိုချင်ဘူး” ဟူ၍ဖြစ်သည်။ ထို့နောက် “အဲရီကာရော၊ တခြားလူတွေရောက ဒါဟာ မမှန်ပါဘူးလို့ ငါ့ကို ပြောနိုင်ပါတယ်၊ ဒါပေမဲ့ ငါကတော့ ပြိုင်ဘက်ကို သည်းမခံနိုင်ဘူး” ဟု ဖြည့်စွက်ခဲ့သေးသည်။
၎င်း၏ ထရုသ်ဆိုရှယ်လ် (Truth Social) မှတစ်ဆင့် တရားရေးချုပ်နှင့် တရားရေးဝန်ကြီးဌာနတို့က နိုင်ငံရေးရန်သူများကို အရေးယူရန် လုပ်ဆောင်နေမှုတို့အား သူကိုယ်တိုင် အားမရဖြစ်ပုံကို ထုတ်ပြောဝေဖန်ပြီးသည့်နောက်ပိုင်း လူသိန်းချီရှေ့ ဤ၌ ယခုပြောဆိုချက်သည် နိုင်ငံရေးတိုက်ပွဲကို ပိုမိုပြင်းထန်စေသည်။
ချာလီ ကာ့ခ်၏ အောက်မေ့ဖွယ်ပွဲသို့ လက်ရှိသမ္မတအုပ်ချုပ်ရေး၏ ထိပ်တန်းခေါင်းဆောင်များ တက်ရောက်စကားပြောကြကာ နိုင်ငံရေးအမြတ်ထုတ်သည့် ပုံစံအပြင် အတိုက်အခံတို့ကို စစ်ကြေညာခြင်းသဘော ဖြစ်နေလေသည်။
ထရမ့်၏ ဒုတိယ အိမ်ဖြူတော်အကြီးအကဲဖြစ်သူ စတီဖင် မေလာက နာဇီစိတ်ဓာတ်စစ်ဆင်ရေးမှူး ဂျိုးဇက် ဂိုဘဲလ် (၁၉၃၂) စာသားယူသုံးကာ ၎င်း၏စကားကို ပိုမို အရှိန်မြှင့်တင်ခဲ့သည်-
“ငါတို့ဟာ မုန်တိုင်း။” “ငါတို့ရဲ့ ရန်သူတွေဟာ ငါတို့ရဲ့ ခွန်အား၊ ဆုံးဖြတ်ချက်၊ စိတ်ထက်သန်မှုတို့ကို နားလည်နိုင်မှာ မဟုတ်ဘူး။”
ဟု မေလာက ပြောခဲ့သည်။ ၎င်းတို့၏ “ရန်သူ” ဆိုသည်မှာ မည်သူနည်း။ အမေရိကန်သမ္မတနှင့် အုပ်ချုပ်ရေးသည် အစိုးရဖြစ်စဉ်၌ တစ်ပြည်ထောင်သားလုံး အမေရိကန်တိုင်းကို နီသည် ပြာသည်မရှိ ကျောသားရင်သားမခွဲခြား အုပ်ချုပ်ရမည်မဟုတ်လော။
၃။ အီလွန် မတ်စ်၏ ပြန်ပေါင်းထုတ်မှု
သမ္မတ ထရမ့် အုပ်ချုပ်ရေး၏ ထိပ်တန်း ခေါင်းဆောင်များအားလုံးနီးပါး တက်ရောက်ခဲ့သော ဤပွဲတွင် ထူးခြားချက်မှာ အီလွန် မတ်စ် ပြန်လည် ပူးပေါင်းလာခြင်းပင်ဖြစ်သည်။ သမ္မတ ထရမ့်နှင့် ကပ်လျက် ထိုင်ကာ စကားပြောနေခြင်းသည် ၎င်းတို့နှစ်ဦး ပြန်လည် သင့်မြတ်သွားပြီဟု ဆိုနိုင်မည်။
“အမေရိကားပါတီ”ဟု ခွဲထောင်မည် ဆုံးဖြတ်ထားပုံရသော ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီး၏ နိုင်ငံရေးအပေါ် ငွေပုံအောမှုသည် တိုင်းပြည်၏အနာဂတ်ကို ကောင်းစွာပြောင်းလဲသွားနိုင်ပါသည်။
ယခုအခမ်းအနားသည် အမေရိကန် နိုင်ငံရေး အင်အားစုကြီးတစ်ခုက ၎င်းတို့၏ ရည်မှန်းချက်ကို ပြောင်ပြောင်တင်းတင်း ကြေညာလိုက်ခြင်းပင်ဖြစ်သည်။ မြန်မာနိုင်ငံရှိ “မဘသ” ကဲ့သို့သော အယူအဆမျိုးဖြစ်သော်ငြား အဓိပ္ပာယ်ဖွင့်ဆိုမှုတိကျပြတ်သားသည့် “လူဖြူ၊ အနောက်တိုင်း ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် ပရိုတက်စတင့်” ခေါင်းစဉ်သည် အင်အားစုကြီးအဖြစ် ထင်ရှားစွာ နေရာယူ/နေရာရလာပြီဖြစ်ကြောင်း ဤပွဲက ပြသလိုက်ပါသည်။
“မဘသ” အမျိုးဘာသာသာသနာ
လက်ဝဲအာဏာရှင်စနစ်ကို နိုင်ငံလုံးအုံကြွ စတင်တော်လှန်ရာတွင် မြန်မာသည် ကမ္ဘာတန်း၌ နောက်မကျခဲ့ပေ။ ဆိုဗီယက်ယူနီယံပြိုကွဲခြင်း (၁၉၉၁) နှင့် ချိုင်းနား၏ ရင်ပြင်အရေးအခင်း (၁၉၈၉) တို့ဖြင့် ယှဉ်ထိုးကြည့်လျှင် မြန်မာတို့၏ အဦးကို သိနိုင်သည်။ မြန်မာတို့သည် အစွန်းရောက်မျိုးချစ်စိတ် မဘသ လှုပ်ရှားမှုသည်လည်း နိုင်ငံတကာတွင် စော၏။ ၉၆၉ (၁၉၉၀) မှသည် မဘသ (၂၀၁၄) ဖြစ်လာကာ ၂၀၁၂ ရခိုင်ပြည်နယ် ပဋိပက္ခ (၂၀၁၂) နောက်ပိုင်း အင်အားကောင်းစွာဖြင့် အုံကြွဖြစ်တည်လာသော လှုပ်ရှားမှုဖြစ်သည်။
မြန်မာတို့၏ လူမျိုး/နိုင်ငံသား အပေါ် တိကျမှုမရှိ အလွယ်ပြောဆိုအမည်ကောက်ပေးတတ်မှုတို့သည် “When in Rome, do as the Romans do” ကို “ရောမရောက်လျှင် ရောမလိုကျင့်ရမည်” ဟူ၍ ကျောင်းသုံးများတွင်ပါ သင်ကြားပါလာခြင်းမှ စသည်လောမဆိုနိုင်၊ ရောမဟူသော နိုင်ငံတော်/မြို့တော်ကို ရောမတွင်နေထိုင်သူ နိုင်ငံသား/လူမျိုး ရောမန်နှင့် ရောထွေးခေါ်ကာ ဒေသနှင့် လူမျိုးကို အမည်တူခေါ်ရင်း ကိုယ်ကိုယ်နှိုက် ရှုပ်ထွေးနေခြင်းပါ။
သို့နှင့် အမျိုးဘာသာသာသနာ (မဘသ) ဟူသော ရောထွေးရှမ်းချထားသည့် စာသားဆောင်ပုဒ်ကို ဖော်ဆောင်လာသည်။
တိုင်းရင်းသား ၁၃၅ မျိုးရှိပါသည်ဟူ၍ တရားဝင်ပြဋ္ဌာန်းကြေညာထားလျှက်မှ “အမျိုး“ဟူသည် မည်သည့်လူမျိုးလောမသိ။ ဗမာလော မြန်မာ (တိုင်းရင်းသားအားလုံးပါ) လော မရှင်းပေ။ ဤသည်ကို နောက်ဆက်တွဲ “ဘာသာ” ဟူသည့် မြန်မာဘာသာစကားမှသည် ဗမာစကားကို ဆိုလိုဟန်ရှိသည်။ သာသနာမှာမူ ပြတ်သားစွာပေါ်သည်။ မူလ အစ္စလမ်သာသနာကို ရိုဟင်ဂျာအကြောင်းပြု ထုတ်ခဲ့သည့် ဆောင်ပုဒ်ဖြစ်၍ ထေရဝါဒဗုဒ္ဓဘာသာတည်း။
ဤသို့ဆိုလျှင် အခြား လူမျိုးစုမတူ၊ ပြောရေးဘာသာစကားမတူ၊ ကိုးကွယ်ရာသာသနာမတူ တိုင်းရင်းသားများဖြစ်သော ကချင်၊ ချင်း၊ ကရင် စသော လူမျိုးစုတို့အပေါ် မည်သို့ သဘောထားပါသနည်းဟု ဤသူကိုယ်တိုင် လော့စ်အိမ်ဂျလိစ်ရှိ မဘသဆရာတော်ဟု လူသိများသော ပါရမီကျောင်းဆရာတော်အား မေးခွန်းထုတ်ဖူးပါသည်။ အဖြေမရှိ။
ခြုံငုံဆိုရလျှင် မဘသဟူသည် မြန်မာနိုင်ငံတွင်းနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖြိုခွဲစေသော ကျဉ်းမြောင်းသည့် လူမျိုးရေးအစွန်းရောက် ဆောင်ပုဒ်တစ်ခုသာရယ်ပါ။ တစ်နည်းအားဖြင့် ပြည်ထောင်စုဖြိုခွဲရေးဦးတည်ချက်သို့ ရှေ့ရှုနေသည်သာ။
ဗမာ၊ မြန်မာဘာသာနှင့် ထေရဝါဒဟူ၍ ဆိုလိုရင်း ပြတ်သားရဲပါသလော။ အင်အားကားမရှိ။
အဆိုပါ မဘသ၏ ကျဉ်းမြောင်းသော အစွန်းရောက်ရပ်တည်မှုကို ယခုခေတ်ဆေးသိပ္ပံနည်းဖြင့် လွယ်ကူစွာဖြိုခွင်းနိုင်သည်။ ဆိုင်ရာ ဒေသပြည်နယ်မြို့ရွာများ၏ ဒေသခံ ၁၀ ဦးစီ၏ မျိုးရိုးဗီဇကို စစ်ထုတ် ၉၀% အထက် တူရာများစု၍ အုပ်စုဖွဲ့ပေးလိုက်ခြင်းသာ။ သို့ဆိုလျှင် လူမျိုးနှင့် ဘာသာစကားတူ (dialect group) ဟူသည် ပျောက်၍ သာသနာသည်သာ ထင်ရှားကျန်လိမ့်မည်။ ဤသို့လျှင် ကျဉ်းမြောင်းသော အမျိုးသားရေးအမည်ခံဝါဒသည် ထေရဝါဒကိုသာ လွှမ်းမိုးလိုရင်းဟု သိသာထင်ရှား၏။
“သိသာစွာ မြင်နိုင်ပါသည်”
အခြားနိုင်ငံများနှင့်ယှဉ်ထိုးလျှင် မြန်မာနိုင်ငံသားတို့သည် အခြားနိုင်ငံ ဘာသာတို့အပေါ် သစ္စာထား ကြသည်ကို တွေ့ရသည်။ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ၏ ခွဲခြားမှုကြောင့်ဟု တိုက်ရိုက်ဆိုရမည်။
ဥပမာပြရလျှင် မြန်မာပြည်ပေါက်စစ်စစ်ဖြစ်သော မြန်မာ-တရုတ်တို့သည် အိမ်နီးချင်း ချိုင်းနားနိုင်ငံအပေါ် ချစ်ကြည်စာနာမေတ္တာထားကြပြီး အချို့မှာ သစ္စာလည်း ပိုကြကာ၊ မြန်မာ-မွတ်စလင်တို့မှာမူ ယခုဖြစ်ပွားနေသော ပါလက်စတိုင်းအရေးတွင် ပါလက်စတေးနီးယန်းတို့ဖက်မှ လိုက်လံစာနာတွေးခေါ်ကြသည်ကို ထင်ရှားစွာမြင်ကြရမည်။ မူလမွတ်စလင် အာရပ်များထက်ပင် ပိုမိုသိသာနေသည်ကို ဆိုရှယ်မီဒီယာအရေး/အတွေးများမှ သိသာစွာမြင်နိုင်ပါသည်။
ဟိန္ဒူ/ချစ်တီးနွယ်များသည်လည်း ပုဆိုးမြဲစွာဝတ်လျှက်မှ အမဲသားမစားမူ၍ မြန်မာ့ ဓလေ့ယဉ်ကျေးမှုကို ကြီးစွာလွှမ်းမိုး ထားနိုင်သည်။
တကယ့်ဖြစ်ရပ်မှန်တွင် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကြီးများအများစုသည် တရုတ်များဖြစ်ကြပြီး နယ်စပ်ဒေသတိုင်းရင်းသားနယ်များအား စိတ်ကြိုက်ဝင်ချည်/ထွက်ချည် လက်နက်ပေး/သယံဇာတယူဖြင့် အလိုရှိရာ စေနိုင်သူများမှာ ချိုင်းနားနိုင်ငံမှ အာဏာပိုင်များသာ။
ဂါဇာနှင့်မလျော့မူ၍ မြန်မာပြည်တွင်း၌ ပြည်တွင်းစစ်ကြီးဖြစ်နေပြီး မြန်မာနိုင်ငံသားများမှာ လူမျိုးတူချင်း ပညာရေးကျောင်းများ၊ ဘာသာရေးအဆောက်အအုံများသာမက အရပ်သားများပင် အစုလိုက်အပြုံလိုက် ဗုံးကြဲခံရခြင်း၊ စနစ်တကျ ချေမှုန်းသတ်ဖြတ်ခြင်းများ ဖြစ်ပွားနေလျှက်သားဖြစ်၏။
ပါလက်စတေးနီးယန်းတို့နှင့် ယှဉ်ထိုးလျှင် ပို၍စောပြီး (၅ နှစ်နီးပါး) သက်တမ်းရှိ၍ လူရေရွှေ့ပြောင်းရခြင်းမှာလည်း သန်းချီသော အရေအတွက်နှင့် ပို၍ များပါလေသည်။
သို့နှင့် အခြားနိုင်ငံများသို့ ပိုသာကဲ မျှော်တော်ယောင်နေခြင်းသည် အဘယ်ကြောင့်နည်း။
ဤသူ၏အတွေ့အကြုံ မြန်မာ့အရေးလေ့လာမှုများအရ ထိုသို့ဖြစ်သည်မှာ ဆိုင်ရာဘာသာဝင် လူမျိုးနွယ်တို့အပေါ် အပြစ်ဆိုရမည်ထက် ခွဲခြားမှုအားလုံး၏ မူလဘူတမှာ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေဟု ဆိုရမည်ဖြစ်သည်။ ထိုအထဲတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူဟူ၍ နိုင်ငံသားကိုပင် ၃ မျိုးခွဲထားကာ မြန်မာပြည်တွင်း မျိုးဆက် ၂ ခုမွေးသူများပင် မိခင်နိုင်ငံမဲ့ ကိန်းဆိုက်နေသည်များပါ။
နိုင်ငံတစ်ခုအနေနှင့် မွေးဖွားကြီးပြင်းရာနိုင်ငံသားကို အသိအမှတ်ပြုကတ်ပြားလေးတစ်ခုပင် မထုတ်ပေးနိုင်သော အစိုးရနှင့် ထိုနိုင်ငံတော်အား အဘယ်သူသည် သစ္စာထားရအံ့နည်း။ ဒီမြေ၊ ဒီရေ၊ ဒီလေ ရှူသူချင်းအတူတူ အဘယ့်ကြောင့် ခွဲခြားနိုင်သော အခွင့်အာဏာရှိနေရသနည်း။
အသားဖြူ/အသားမဲသူများကို နှိမ်ချဆက်ဆံခြင်းများ၊ လူမျိုးစု/ဘာသာမတူသူများကို ခွဲခြားခြင်းများဟူသည် မြန်မာနိုင်ငံ ကလေးကျောင်းများတွင်ပင် သာမန်အဖြစ် ရိုးနေသည့်အရာများဖြစ်ကြ၏။
“လူဖြူ၊ ဥရောပဓလေ့ထုံးတမ်းနှင့် ခရစ်ယာန်”
အမေရိကားတွင် အမျိုးသားရေးအစွန်းရောက်သမ္မတ တက်လာသည်နှင့်အတူ ၈ လကျော်တွင်ပင် ကမ္ဘာတွင်လည်း ကြီးစွာသော ရိုက်ခတ်မှုများ တွေ့ကြရပြီ။
နှစ် ၈၀ အမေရိကန်သမ္မတအဆက်ဆက် တည်ဆောက်ထားသော စံများ၊ စဉ်းမျဉ်းဥပဒေသများနှင့် ကမ္ဘာ့ဝါစဉ်/အာဏာစဉ်တို့ ပြိုလဲကျနေချိန်ဖြစ်သည်။ အမေရိကားသည် ဥခွံတွင်းသို့ ပြန်ဝင်နေရာ အမေရိက ပဓာန ကြွေးကြော်သံကို စခဲ့သော ဒုတိယကမ္ဘာစစ်ထဲ အမေရိကားမဝင်ခင်လေးခေတ် The America First Committee (AFC) (၁၉၄၀-၄၁) သတိရစရာဖြစ်ပါသည်။
ပြည်တွင်းစစ်တမ်းများအားလုံး၏ ၅၀% အထက်သည် သမ္မတထရမ့်လက်ထက်တွင် ဒီမိုကရေစီစံနှုန်းများ ကျဆင်းသွားမည်ဟု ပြသနေသည်။ အမေရိကားသည် နိုင်ငံတကာနှင့် ညှိနှိုင်းဆောင်ရွက်မှုများမှ ပိုမို ဖယ်ခွာလာသည်ကို သမ္မတထရမ့်၏ ကုလသမဂ္ဂမိန့်ခွန်းရှည် (စက်တင်ဘာ ၂၃) က ထင်ဟပ်၏။ အမေရိကားသည် သူ၏ ဓနနှင့် စစ်အင်အားကို တိုက်ရိုက် အသုံးပြု၍ ပြည်တွင်း/ပြည်ပ ပြဿနာများကို ဖြေရှင်းမည့် လမ်းကြောင်းဆီ ကူးပြောင်းလာနေချေပါပြီ။
ကမ္ဘာတွင် လက်ယာယိမ်းပါတီ/အစိုးရ၊ အစွန်းရောက်ပါတီ/အစိုးရတို့ ခေါင်းထောင်တက်လာသည့်အပြင် ဖားရိုက် (Far-Right) များလည်း အုံကြွလာကြသည်။
Unite the Kingdom ခေါင်းစဉ်ဖြင့် ဖားရိုက် ခေါင်းဆောင် Tommy Robinson မှ ဦးဆောင်ကျင်းပသော လူထုဆန္ဒပြပွဲတွင် လန်ဒန်/ယူကေ၌ လူသိန်းချီတက်ရောက်ခဲ့ကြသည်။
ဥရောပနိုင်ငံများတွင် ပြောင်းခိုလှုံလာသူများအား အလိုမရှိ/နှင်ထုတ်ပေါ်လစီကို ထောက်ခံသည့် လှုပ်ရှားမှုကြီးများ တောက်လျှောက်ဖြစ်နေရာ အဓိကမှာ အစ္စလမ်မစ်နိုင်ငံများမှ ဒုက္ခသည် (Refugee) များနှင့် ဒေသခံတို့၏ သဟဇာတမဖြစ်မှုကြောင့် ဖြစ်သည်။
“တော်လှန်ခြင်း၊ လွတ်မြောက်ခြင်းနှင့် လူငယ့်အား”
စက်တင်ဘာလအတွင်း နီပေါ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ပီရူး၊ အရှေ့တီမော၊ ပြင်သစ်၊ ယူကေ၊ ဘရာဇီး၊ ဂျပန်၊ အာဂျင်တီးနားနိုင်ငံတို့တွင် ဆန္ဒပြပွဲများဖြစ်ပွားခဲ့ကာ ဦးဆောင်သူတို့မှာ Gen Z မျိုးဆက်များ အများစုဖြစ်ကြသည်။
အချို့နိုင်ငံ၏ ဆန္ဒပြပွဲများတွင် ဆန္ဒပြသူများသည် “ကောက်ရိုးဦးထုပ် အရိုးခေါင်းအလံ” လွှင့်ထူကြ၏။ ၁၉၉၇ က စခဲ့သည့် ဂျပန်ရုပ်ပြ Manga နှင့် Anime ရုပ်ရှင်ဖြစ်သော One Piece (တစ်စု/တစ်စိတ်ဝမ်းတည်း) ထဲတွင် သုံးသည့် အလံဖြစ်ပါသည်။
“တော်လှန်ခြင်း၊ လွတ်မြောက်ခြင်းနှင့် လူငယ့်အား” ကိုပြသော သဘောဟု ဆိုနိုင်သည်။ မြန်မာ့နွေဦးတော်လှန်ရေး (၂၀၂၁) သင်္ကေတ The Hunger Games ရုပ်ရှင်ထဲမှ Katniss Everdeen ၏ လက်သုံးချောင်း “လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ သွေးစည်းချစ်ကြည်ခြင်း” မှ တစ်ဆင့်ခုန်သွားသည့် သဘောပါ။
“E Pluribus Unum” = One Piece
လက်ရှိကမ္ဘာ့ပြဿနာကြီးများ/ စစ်ပွဲများအားလုံး၏ အဓိကလက်သည်မှာ ဘာသာရေးဖြစ်သည်ကို ထင်ရှားစွာမြင်ရသည်။
နှစ်ထောင်ချီသက်တမ်းရှိသော ဘာသာရေးသည် လူသားတို့၏ စိတ်နှလုံးကို ကောင်းစွာလွှမ်းမိုးချုပ်ကိုင်နိုင်ဆဲဖြစ်၏။ ဦးနှောက်နှင့် မျက်လုံးများကိုလည်း ပိတ်စို့ကန်းသွားစေနိုင်သည်။ ပွင့်လင်းတောက်ပ၍ လွတ်လပ်သူလည်း ဖြစ်သွားနိုင်သည်။
ဤသူ၏အမြင်အရမူ လက်ရှိ ဆေးသိပ္ပံနည်းပညာ စွမ်းအားတိုးတက်နှုန်းဖြင့် ကမ္ဘာ့ဘာသာကြီးများအားလုံးသည် လူသားနှင့်အတူ နောင်ရာစုနှစ်ဆီထိပင် ခရီးမရောက်နိုင်ပါ။ ငြိမ်းခါနီးမီးတောက် ထတောက်သည့်ခေတ်ဟုသာ ဆိုချင်သည်။


လောင်ကျွမ်းမပါသွားစေရန် အစွန်းများရှောင်နေသင့်ပါကြောင်း။


