အရင်းအမြစ်များကို သုံးပြီး လူထုအဖွဲ့အစည်းများ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ California Connects ရဲ့ Los Angeles တွေ့ဆုံပွဲ
by SweSwe Aye
California ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး၏ ၂၀၂၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော Governor’s Office of Service and Community Engagement (GO-Serve) က ဖွဲ့စည်းထားသည့် The Office of Community Partnerships and Strategic Communications (OCPSC) သည် California Connects ကို ပြည်နယ်တစ်ခုလုံးရှိ မြို့ ၈ မြို့သို့ လှည့်လည်ကာ ကွန်မြူနတီအဖွဲ့အစည်းများ၊ အစိုးရအေဂျင်စီများ၊ ဖောင်ဒေးရှင်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ပြည်နယ်က ပေးသော အရင်းအမြစ်များကို ရယူနိုင်ရန် ရှင်းပြခဲ့သည်။ OCPSC သည် Los Angeles တွင် ကွန်မြူနတီအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အောက်တိုဘာ ၁၅ က Los Angeles တွင် တွေ့ဆုံခဲ့ရာ အဖွဲ့အစည်းပေါင်း ၁၈၅ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အဖွင့်အမှာစကားကို Aubrie Fong, Executive director, Office of Community Partnerships and Strategic Communications (OCPSC) က ပြောကြားခဲ့သည်။ Josh Fryday, Go-Serve Director and California Chief Service Officer က California Connects အကြောင်း ရှင်းပြကာ ဒေသတွင်း ကွန်ရက်အဖွဲ့အစည်းများ ချိတ်ဆက်ကာ အင်အား ခိုင်မာစွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ “California ဟာ ကမ္ဘာမှာ စီးပွားရေး အတိုးတက်ဆုံးဒေသ တစ်ခုဖြစ်တယ်။ လူသန်း ၄၀ ဟာ California ကို အိမ်လို့ခေါ်ကြတယ်။ ကျွန်တော်တို့တွေဟာ တစ်နေရာစီ ကွဲမနေဘဲ ကျွမ်းကျင်သူတွေ၊ အဖွဲ့အစည်းတွေ ချိတ်ဆက်ပြီး တစ်မိုးတည်းအောက်မှာ ပိုကောင်းမွန်တဲ့ မတူကွဲပြားတဲ့အရာကို ပူးပေါင်းဆောင်ရွက်ကြမယ်” ဟု Josh Fryday က ပြောကြားခဲ့သည်။ California Connects တွင် လူငယ်စေတနာ့ဝန်ထမ်းများအား လစာပေးခေါ်သော အဖွဲ့အစည်းများ၊ climate changes နှင့် ပတ်သက်သော အဖွဲ့များ၊ စိတ်ကျန်းမာရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းများ အပါအဝင် အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပါဝင်ကြသည်။ “DC မှာ government shut down ဖြစ်နေချိန်မှာ ကျွန်တော်တို့ California မှာ ပါဝါစွမ်းအင်တွေ မြင့်တက်နေပါတယ်။ ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ဖေးမကြမယ်။ တစ်ယောက်နဲ့တစ်ယောက် ကာကွယ်ပေးကြမယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်နေကြမယ်” ဟု Fryday က ပြောကြားခဲ့သည်။
California Connects တွင် California Volunteers သည် အရေးကြီးသော ကဏ္ဍမှ ပါဝင်ပြီး AmeriCorps California, College Corps, California Climate Action Corps, Youth Service Corps တို့တွင် လစာရသော အချိန်ပိုင်း၊ အချိန်ပြည့်အလုပ်များကို စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ထမ်းဆောင်နိုင်သည်။ https://www.californiavolunteers.ca.gov/
၂၀၂၅ ဇန်နဝါရီ Los Angeles မီးဘေးသင့်သော ဒေသများတွင်လည်း ထိုစေတနာ့ဝန်ထမ်းများက ပါဝင်ကူညီခဲ့ပြီး ပညာရေး၊ climate changes, သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ခြင်း စသော အလုပ်များကို ထမ်းဆောင်ရသည်။ California Men’s Service Challenge တွင် လူငယ်ယောက်ျားလေး တစ်သောင်းခန့်ကို အလုပ်ခေါ်ယူနေပြီး ကွန်မြူနတီအသီးသီးတွင် mentor, coach အဖြစ် ဆောင်ရွက်ကာ ကွန်မြူနတီ၏ လိုအပ်ချက်များကို ဦးဆောင်လုပ်ကိုင်ရမည် ဖြစ်သည်။ https://www.californiavolunteers.ca.gov/mens-service-challenge/
Maxwell Johson, California Housing Agency က သဘာဝဘေးအန္တရာယ် ကျရောက်သဖြင့် နေအိမ်အပျက်အစီးရှိသူများကို ပြည်နယ်က ကူညီပေးသော CalAssist Mortgage Fund အကြောင်းကို အင်တာနက်မှ တင်ပြခဲ့သည်။ ပြည်နယ်တွင် ထိုကိစ္စအတွက် ဘတ်ဂျက် $105 သန်းရှိရာ National Mortgage Settlement မှ တစ်ကြိမ်တစ်ခါသာပေးသော ရန်ပုံငွေဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကျရောက်သဖြင့် နေအိမ်အပျက်အစီးရှိသူများကို mortgage ၃ ခါစာ၊ သို့မဟုတ် ပေးရမည့် အာမခံကြေးများနှင့် အိမ်ခွန်များ ကို အများဆုံး $20,000 ပံ့ပိုးပေးပြီး အခမဲ့ လျှောက်ထားနိုင်သည်။ လျှောက်ထားရန် အကျုံးဝင်သူများမှာ အိမ်ရှင်များသည် သဘာဝဘေးအန္တရာယ် မကျရောက်ခင်ထဲက ထိုအိမ်တွင် ပင်မနေထိုင်သူ ဖြစ်ရမည်ဖြစ်ပြီး အိမ်ကြွေး (Mortgage or reverse mortgage) တင်ရှိနေရမည်ဖြစ်ပြီး အကျုံးဝင်သော အိမ်များမှာ single family home, ကွန်ဒို၊ အိမ်ခန်းတွဲ ၄ ခန်းတွဲ အများဆုံး ပါဝင်သော အဆောက်အအုံ၊ manufactured home permanently affixed to real property တို့ ဖြစ်သည်။ အကျုံးဝင်သော သဘာဝဘေးအန္တရာယ်များမှာ သမ္မတ (သို့မဟုတ်) ပြည်နယ်အုပ်ချုပ်ရေးမှူးက တရားဝင် ကြေညာထားပြီး မီးဘေးသင့်၊ ရေကြီး သဘာဝဘေးများ ဖြစ်ရမည်။ အကျုံးဝင်သော ကာလမှာ ဇန်နဝါရီ ၂၀၂၃ မှ ဇန်နဝါရီ ၂၀၂၅ ထိ ဖြစ်သည်။ foreclosure ဖြစ်ထားသော အိမ်များ အကျုံးမဝင်ချေ။ www.CalAssistMortgageFund.org
California 57th Assembly District ၏ ရွေးကောက်ခံ Assemblymember Sade Elhawary က ၂၀၂၅ နှစ်ဦးတွင် စတင်ခဲ့သည့် Altadena fire တွင် သူ၏အစ်မအိမ် မီးသင့်ခဲ့သည့် အကြောင်းကို ပြောပြခဲ့ပြီး “Los Angeles မှာ ဒီနှစ်မှာ ကံမကောင်းတာတွေ ဖြစ်နေတယ်။ မီးလောင်တယ်။ အစိုးရသစ်ဟာ အလုပ်လုပ်တဲ့ လူတန်းစားတွေနဲ့ ရွှေ့ပြောင်း အခြေချသူတွေကို နေထိုင်ခွင့်ကိစ္စအတွက် ဖမ်းဆီးကြတယ်။ ပညာရေးပရိုဂရမ်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအပေါ် ထိခိုက်တာတွေ ရှိတယ်။ ကျွန်မတို့ ကွန်မြူနတီဟာ လူမည်း၊ လူညို၊ ရွှေ့ပြောင်း အခြေချသူတွေ ပါဝင်ကြပြီး ခုလို အခက်အခဲတွေ ကာလမှာ လုပ်ကြံသတင်းမှားတွေကို မယုံဖို့၊ အချင်းချင်း အမုန်းမပွားကြဘဲနဲ့ အကြမ်းဖက်တာတွေကို ခွင့်မပြုဘဲ အတူတကွ ရှိနေကြဖို့၊ အတူတကွ အလုပ်လုပ်ကြဖို့ကို ပြောချင်ပါတယ်။” ဟု ဆိုသည်။ “ခု အစည်းအဝေးခမ်းမထဲမှာ နေ့စဉ်နေ့တိုင်း ပြည်သူ့အလုပ်လုပ်နေသူတွေ၊ ခေါင်းဆောင်တွေ၊ healers တွေ၊ advocates တွေ ရှိနေကြပါတယ်။ သူတို့ရဲ့ စွမ်းအားတွေနဲ့ အခြေခံလူထုကြားထဲကနေ စပြီး Washington DC ထိ လူတွေအတွက် အလုပ်လုပ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။
Department of Developmental Services www.dds.ca.gov မှ Division Manager ဖြစ်သူ Shanoloa Harvey က ၂၀၁၆ က စပြီး ဌာနက ချပေးသော တန်းတူညီမျှရှိရေး ပံ့ပိုးငွေဖြင့် လူ ၃ သိန်းခန့်အတွက် ပြုလုပ်ပေးခဲ့သော ဝန်ဆောင်မှုများ အကြောင်း၊ regional centers များနှင့် လူထုအခြေပြု အဖွဲ့အစည်းများ၏ ပညာရေးနှင့် လေ့ကျင့်သင်ကြားပေးခြင်း၊ လူထုအဆက်အသွယ်ပြုခြင်း၊ မိသားစုများအတွက် ပံ့ပိုးပေးသည့် ဝန်ဆောင်မှု ကွန်ရက်ဆက်သွယ်ခြင်း၊ caregivers network and supports တို့ကို ပြည်နယ်အနှံ့ သတင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းမှ အစပြုကာ ဆန်းသစ် တီထွင်သော မူဝါဒများ ရရှိနိုင်သည်ထိ ဆောင်ရွက်ပေးနေသည့် အကြောင်းကို ဆွေးနွေးခဲ့ပြီး နိုဝင်ဘာ ၁၇ နောက်ဆုံးထားတာ ပံ့ပိုးငွေ လိုအပ်ချက်များကို လျှောက်ထားနိုင်ပြီး ၂၀၂၆၊ ဇန်နဝါရီတွင် အရွေးချယ်ခံရသော အဖွဲ့အစည်းများကို ထုတ်ပြန်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ www.dds.ca.gov
California 28th Senate District ကိုယ်စားပြု Senator Lola Smallwood-Cuevas က “Government shut down ဖြစ်နေချိန်နဲ့ လူမျိုးရေးခွဲခြားမှုများနှင့် ကြုံတွေ့နေရချိန်တွေမှာ California ဟာ အကောင်းဆုံး အလုပ်လုပ်နေလျက်ရှိပြီး အခြားပြည်နယ်တွေထက် အများကြီး သာနေပါတယ်။ ကမ္ဘာမှာ စီးပွား အတိုးတက်ဆုံးဒေသ တစ်ခုလည်း ဖြစ်တယ်။ အဖွဲ့အစည်းတွေ မိတ်ဖက်ပြုပြီး ပူးပေါင်းဆောင်ရွက်ကြပါ။ အစိုးရကပေးတဲ့ အရင်းအမြစ်တွေကို ရယူကြပါ။ ပြည်နယ်မှာ နေထိုင်သူများအတွက် အကောင်းဆုံးဖြစ်အောင်နဲ့ နောက်မျိုးဆက်တွေ အကျိုးအတွက်ပါ မျှော်မှန်း ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့သည်။
အမေးအဖြေ ကဏ္ဍ
California 28th Senate District ကိုယ်စားပြု Senator Lola Smallwood-Cuevas, OCPSC နဲ့ ၃ နှစ်ကြာ လက်ရှိ မိတ်ဖက် အလုပ်လုပ်နေတဲ့ United Cambodian Community က Sereyrotha Dip တို့နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
Senator Lola Smallwood-Cuevas နှင့် အမေးအဖြေ။
၁။ အခုအချိန်မှာ အရေးတကြီး လိုအပ်တဲ့ ICE အဖမ်းအဆီးခံရရင် California ပြည်နယ်အစိုးရက Californians တွေကို ဘယ်လို ကာကွယ်ပေးမလဲ။
ရှင်တို့က ကျွန်မတို့ရဲ့ ကွန်မြူနတီ မိသားစုဝင်တွေ ဖြစ်တယ်။ ရှင်တို့ဟာ California ရဲ့ အစိတ်အပိုင်းတွေပါပဲ။ ရှင်တို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်ပေးဖို့ ပြည်နယ်က သူတတ်နိုင်သမျှ အကောင်းဆုံး ဆောင်ရွက်နေပါတယ်။ လူတွေကို စီးနင်းဖမ်းတဲ့အခါမှာ ICE တွေ mask မတပ်ဖို့အတွက် ပြည်နယ်ကနေ ဥပဒေပြုနေတယ်။ မြေပြင်မှာ အဖမ်းဆီးခံနေရသူတွေအတွက် သန်း ၅၀၀ အကုန်ခံပြီး legal services တွေ ပေးနေပါတယ်။ သင်ဟာ ICE အဖမ်းခံရတယ်ဆိုတာနဲ့၊ သင့်ကို ခြိမ်းခြောက်ခံရတယ်လို့ ယူဆတယ်ဆိုရင် ဒေသတွင်း legal aid foundation တွေကို ဆက်သွယ်ပြီး အဖမ်းခံနေရတယ်ဆိုတာကို မှတ်တမ်းဝင်အောင် လုပ်ပါ။ တစ်ချိန်တည်းမှာပဲ လိုအပ်တဲ့ ဥပဒေ အကူအညီတွေကို ရယူပါ။
၂။ California ရဲ့ အရင်းအမြစ်တွေကို လူတွေ ဘယ်လို အသုံးပြုရမလဲ။ ဥပမာနဲ့ လမ်းညွှန်ချက်တွေ ပြောပြပေးပါ။
ကျွန်မတို့ ဒီနေ့ အစည်းအဝေးခန်းထဲမှာ လူထုအခြေပြု အဖွဲ့အစည်းတွေ အများကြီး ရှိနေတာကို ဂုဏ်ယူတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ ကွန်မြူနတီထဲမှာ လူထုအခြေပြု အဖွဲ့အစည်းက လူသိန်းပေါင်းများစွာဟာ အစားအသောက် ဝေငှဖို့၊ utility relief ဆောင်ရွက်ပေးဖို့၊ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးဖို့ နေ့တိုင်း အလုပ်လုပ်နေကြတယ်။ သင်တို့အတွက် ဝန်ဆောင်မှု ကွန်ရက်က ဒီမှာပါ။ သင်လိုအပ်နေတဲ့ ဝန်ဆောင်မှု ရဖို့ အိမ်ကနေ ထွက်ပြီး ဒီအရင်းအမြစ်တွေနဲ့ ဆက်သွယ်ပါ။ ဥပမာ- ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အာမခံတွေအတွက်၊ ကလေး ကျောင်းအပ်ဖို့အတွက် ဒီအရင်းအမြစ်တွေကို ဆက်သွယ်ပါ။ ကလေးကို ကျောင်းပို့ရင် ICE အဖမ်းအဆီး စိုးရိမ်တယ်ဆိုရင် ကျောင်းကို ဆက်သွယ်ပါ။ ကျောင်းက လိုအပ်တဲ့ ဝန်ဆောင်မှု ကွန်ရက်တွေနဲ့ သင့်ကို ချိတ်ဆက်ပေးပါလိမ့်မယ်။
၃။ လက်ရှိ ကြုံတွေ့နေရတဲ့ California ရဲ့ စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင် ကျော်ဖြတ်မလဲဆိုတာကို ရွေးကောက်ခံ လွှတ်တော်အမတ်တစ်ဦး အနေနဲ့ ပြောပြပေးပါ။
သမ္မတ Trump က ကျွန်မတို့ Californians တွေအဖြစ်ကနေ အရှုံးမပေးပါနဲ့။ ကျွန်မတို့ ပြည်နယ်က ပေးနေတဲ့ သင်နဲ့ သင့်မိသားစုအတွက် အရင်းအမြစ်တွေကို အရှုံးမပေးပါနဲ့။ ကျွန်မတို့ ရင်ဆိုင် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ California Special Election နိုဝင်ဘာ ၄ မှာ ကျင်းပပါမယ်။ လက်ရှိ အခြေအနေမှာ ပြည်နယ် အုပ်ချုပ်ရေးကို အဆင့် တစ်ခု လျော့ချ သတ်မှတ်ထားတဲ့ သမ္မတဆီကနေ လွတ်ဖို့၊ လူမျိုးရေး ဖိနှိပ်မှုတွေကြားက အကျပ်အတည်းတွေကနေ လွတ်မြောက်ဖို့ Proposition 50 ကို ထောက်ခံတဲ့ မဲကို ပေးကြပါ။ သင်တို့ အားလုံးဟာ California ရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပါဝင်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သင်တို့ဟာ ကျွန်မတို့အတွက် အလွန် အဓိပ္ပာယ် ပြည့်ဝသူတွေ ဖြစ်ပြီး ရတနာတွေပါပဲ။ နောက်ပြီး သင်တို့ဟာ California အနာဂတ်တွေပါပဲ။
၄။ California Special Election 2025 နဲ့ ဒီနေ့ California Connects က ပေးတဲ့ အရင်းအမြစ်တွေ ဘယ်လို ဆက်စပ်နေသလဲ။
California ရဲ့ နိုဝင်ဘာ ၄ မှာ ကျင်းပမယ့် Special Election မှာ Proposition 50 ကို ထောက်ခံဖို့ အလွန် အရေးကြီးပါတယ်။ Texas ပြည်နယ်မှာ မဲဆန္ဒနယ်မြေပုံတွေကို ပြန်ဆွဲတဲ့အတွက် လူညို၊ လူမည်း၊ immigrants တွေရဲ့ မဲတွေ ပြန့်ကျဲကုန်ပြီး ၂၀၂၆ ရွေးကောက်ပွဲမှာ အခု သမ္မတနဲ့ Congress, Senate, Supreme Court တွေမှာ ခုလို ဆက်ပြီး ချယ်လှယ်နေမှာပါ။ Immigrant communities ကို စွမ်းရည်ပြည့်ဝပြီး စိတ်အားထက်သန်တယ်လို့ ယုံကြည်တဲ့ California က ဒါကို လုံးဝ လက်ခံလို့ မရပါဘူး။ California ဟာ ကမ္ဘာပေါ်မှာ စီးပွားရေး အတိုးတက်ဆုံး ဖြစ်နေတာဟာ နေထိုင်နေသူ အားလုံး ပါဝင်နေတာကြောင့်၊ ကျွန်မတို့ရဲ့ commitment ကတိကဝတ်လို လုပ်ဆောင်နေတဲ့ Civil Rights ကို ထိန်းသိမ်းတာကြောင့်၊ racial profiling ကို ဆန့်ကျင်တာကြောင့်၊ လူ တစ်ယောက်ရဲ့ အနည်းဆုံး အလုပ်လုပ်ခကို အများဆုံး သတ်မှတ်ထားတာကြောင့်၊ climate changes ကို အာရုံထားတာကြောင့် ဖြစ်ပါတယ်။ အကယ်၍ သမ္မတ Trump ဟာ ၂၀၂၆ မှာ မဲပြန်နိုင်ခဲ့ရင် ကျွန်မတို့ ကွန်မြူနတီဟာ အဆုံးအရှုံး အကြီးအကျယ်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၄ ရွေးကောက်ပွဲမှာ Proposition 50 ကို ထောက်ခံရင် မဲဆန္ဒနယ်နမိတ်တွေကို ပြန်ရေးဆွဲနိုင်ပြီး လွှတ်တော်မှာ ကျွန်မတို့ဟာ နေရာတွေ ပိုပြီး ပြန်ရမယ်။ California ကို ယုံကြည်တဲ့သူတွေ နေရာရရင် immigrants တွေ အကျိုးကို ဆောင်ရွက်ပေးမယ့်သူတွေ၊ housing ကိစ္စတွေ၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမယ့်သူတွေ၊ ခုလို ကွန်မြူနတီတွေအတွက် အရင်းအမြစ်တွေ့ ပံ့ပိုးပေးမယ့်သူတွေက ပိုပြီး အလုပ်လုပ်နိုင်လိမ့်မယ်။ စာတိုက်က မဲရတာနဲ့ အမြန်ဆုံး မဲပေးပြီး ဒေသတွင်း စာတိုက်၊ မဲပုံး၊ မဲရုံ ကြိုက်တဲ့နေရာမှာ နိုဝင်ဘာ ၄ မတိုင်ခင် စောစော မဲပေးကြပါ။ အခု အုပ်ချုပ်ရေးက California က ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ ပညာရေး အထောက်အပံ့တွေကို ထိခိုက်အောင် လုပ်နေပါတယ်။ California မှာ နောက်နှစ်တွေမှာ ဒီလို ဆက်မလုပ်နိုင်ဖို့ Special Election မှာ Proposition 50 ကို ထောက်ခံမဲပေးသင့်ပါတယ်။
၅။ လက်ရှိ အခြေအနေမှာ စိတ်ညစ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ Californians တွေအတွက် Senator ရဲ့ chicken soup အားပေးစကားကို Myanmar Gazette ကနေ ပြောပေးပါ။
ဖိနှိပ်မှုတွေကြောင့် လက်လျှော့ အရှုံးမပေးပါနဲ့။ လက်မြှောက်ပြီး အနိုင်ယူ မခံပါနဲ့။ အရင်းအမြစ်တွေကို ဆက်သွယ်ကြပါ။ ဥပမာ- Coalition for Humane Immigrant Rights of Los Angeles (CHIRLA) https://www.chirla.org/ Black Alliance for Just Immigration (BAJI) https://baji.org/ တို့လို legal services တွေကို ဆက်သွယ်ကြပါ။ ကိုယ် နေထိုင်တဲ့ ဇုန်က ရွေးကောက်ခံ အမတ်ကို ဆက်သွယ်ပြီး သင့်မှာ ဘယ်လို ဝန်ဆောင်မှုတွေ လိုအပ်တယ်ဆိုတာနဲ့ ဘယ်လို ရယူရမလဲဆိုတာကို နားလည်အောင် မေးပါ။ ကျွန်မတို့က ဒီမှာ သင်တို့ကို ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးနေတယ်ဆိုတာကိုလည်း သိနားလည်ကြပါလို့ အားပေးစကား ပြောချင်ပါတယ်။
United Cambodian Community မှ Sereyrotha Dip နှင့် အမေးအဖြေ။
၁။ United Cambodian Community ဟာ OCPSC နှင့်၊ အခြား အဖွဲ့အစည်းများနှင့် မိတ်ဖက်ပြု ဆောင်ရွက်သော အောင်မြင်မှု အကြောင်း ပြောပြပေးပါ။
Sereyrotha Dip (UCC): ၂၀၂၂ က စပြီး OCPSC နဲ့ ကျွန်မတို့ အဖွဲ့နဲ့ မဟာမိတ်ပြုပြီး Long Beach မြို့မှာ လူငယ်များ စွမ်းရည်မြှင့်တင်ရေး၊ ကျန်းမာရေး တန်းတူညီမျှ ရှိရေး၊ ရပ်ရွာ ပေါင်းစည်းရေး၊ စီးပွား ဖွံ့ဖြိုးရေး ကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်။ သက်တမ်း ၄၈ နှစ်ရှိတဲ့ ကျွန်မတို့ United Cambodian Community အဖွဲ့ဟာ အခုလို မိတ်ဖက် အဖွဲ့ပြုပြီး တခြား အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်တဲ့အခါမှာ အများကြီး အကျိုးရှိလာတာကို မြင်ရတယ်။ အစည်းအဝေးတွေမှာဆိုရင် မတူကွဲပြားတဲ့ မျက်နှာတွေကို မြင်ရတယ်။ အခြား အာရှသားတွေနဲ့ တွေ့ရတယ်။ ကျွန်မတို့ ပူးပေါင်းဆောင်ရွက်ကြတဲ့အခါ ကွန်မြူနတီတွေအတွက် အလုပ်တွေကို ပိုလုပ်နိုင်ပြီးတော့မှ ရှိနေတဲ့ ကွန်ရက်တွေ၊ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ထပ်ပြီး ချဲ့ထွင် လာနိုင်ပါတယ်။



