မြန်မာ့ဂဇက်အယ်ဒီတာ့ သင်ပုန်း – အောက်တိုဘာ ၂၀၂၅

kaiOctober 31, 20251min26330

မြေရှားသတ္တုတွဲများသည် ကမ္ဘာ့အဓိကအာဏာ/ပါဝါ ဗဟိုချက်ဖြစ်လာခဲ့ပေပြီ။ ဤခေတ်သစ်တွင် ရုပ်ကျွင်းလောင်စာ ရေနံသည် ကမ္ဘာ့စွမ်းအင်ကဏ္ဍတွင် အရေးကြီးဆဲဖြစ်သော်လည်း AI သုံး GPU, ချစ်ပ်များ၊ လက်နက်စနစ် (ဥပမာ- Neodymium နှင့် Dysprosium သုံးသော ဒုံးပျံလမ်းညွှန်စနစ်)၊ ဘက်ထရီများနှင့် ကွန်ပျူတာချစ်ပ်များတွင် မရှိမဖြစ်လိုအပ်သော မြေရှားသတ္တုတွဲများ (Rare Earth Minerals – REMs) သည် ကမ္ဘာ့အာဏာ/ပါဝါ၏ ခေါင်းကိုင်အဖြစ်သို့တက်ရောက်လာသည်။
ချိုင်းနားနိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှု၏ ၇၀% နီးပါး နှင့် သန့်စင်ထုတ်လုပ်မှု၏ ၉၀% ကျော် ကို ချုပ်ကိုင်ထားရာ၊ ၎င်းတို့ဖြင့် အမေရိကား၏ ကုန်သွယ်စီးပွားစစ်၌ တန်ပြန်ကစားနေခြင်းသည် လွန်စွာ ထိရောက်နေလေသည်။ အထူးသဖြင့် အောက်တိုဘာလကုန် သမ္မတဒေါ်နယ်လ် ထရမ့်၏ လက်ရှိ အရှေ့တောင်နှင့် အရှေ့အာရှခရီးစဉ်က ဤအခြေအနေကို ထင်ရှားစွာ ပြသလိုက်၏။


မြေရှားသတ္တုထောက်ပို့ ကွင်းဆက် လွန်ဆွဲပွဲ
သမ္မတထရမ့်၏ အာရှခရီးစဉ်သည် မြေရှားသတ္တု ထောက်ပံ့ရေးကွင်းဆက် (Supply Chain) ကို ချိုင်းနားနှင့် ကင်းအောင် အရေးတကြီး ကြိုးစားလုပ်ဆောင်နေခြင်း၏ အထင်ရှားဆုံး အမှတ်သင်္ကေတဖြစ်သည်။ ယခု အောက်တိုဘာလကုန်ပိုင်း ခရီးစဉ်တွင် သမ္မတထရမ့်သည် ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးစာချုပ်အကြောင်းပြု၍ အားဆီယံနိုင်ငံများနှင့် တွေ့ဆုံကာ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းမှသည် မလေးရှားအထိ Southeast Asia’s mineral belt တစ်ကြောနိုင်ငံများနှင့် မြေရှားသတ္တုထုတ်လုပ်သန့်စင်ရေးစာချုပ်များ ချုပ်ဆိုလိုက်သည်။
သမ္မတ၏ နည်းဗျူဟာမှာ အမေရိကား၏ ကြီးမားသော ဈေးကွက်နှင့် ဝယ်လိုအားကို လက်နက်သဖွယ်သုံး၍ အကျိုးစီးပွားရယူခြင်းပင်။ အမေရိကားသို့ ကုန်စည်တင်သွင်းရာတွင် ယခင်မူလ မရှိသလောက်ဖြစ်သော အထူးခွန်ကို ၄၀% ချမည်ဟု ခြိမ်းခြောက်စတင်ခဲ့ပြီး ထိုမှသည် အာဆီယံနိုင်ငံအားလုံးလိုလိုကို ၁၉% မှ ၂၀% ဝန်းကျင် အထိ ပြန်လျှော့ပေးခဲ့ရာ ထိုအထဲတွင် မပါသည်မှာ မြန်မာနှင့် လာအို သာ ရှိနေ၏။ ၎င်းတို့နှစ်နိုင်ငံသည် လက်ရှိတွင် ဆီးရီးယားပြီးလျှင် ကမ္ဘာ့ဒုတိယအမြင့်ဆုံး ၄၀% ကုန်သွယ်ခွန် ဖြင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
ဤသို့ အာဆီယံဝင်ချင်းတန်းတူမထား ဆက်ဆံခြင်း၏ အကျိုးဆက်ကို မြန်မာတို့ ခံစားရမည်ဖြစ်သည်။ ကမ္ဘာ့ တတိယမြေရှားသတ္တုအထွက်ဆုံး (၂၀၂၄ တွင် ခန့်မှန်းခြေ တန်ချိန် ၃၅,၀၀၀) ဟူသော မြန်မာနိုင်ငံသည် မည်သို့သော အကြောင်းကြောင့် သမ္မတထရမ့် မျက်စိမှောက် ကျန်ရစ်ခဲ့ပါသနည်း။ အထူးသဖြင့် သမ္မတထရမ့်နှင့်အတူ ပါလာသူ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို သည် မြန်မာ့အရေးကို ကောင်းစွာသိသူ Burma Act ၏ ပူးတွဲစပွန်ဆာ ပင် လုပ်ဖူးသည့် ဆီနိတ်တာဟောင်း ဖြစ်ပါလျက် မည်သို့နည်း။ ယခုစာချုပ် သဘောအရဆိုလျှင် မြန်မာနိုင်ငံမှာ အထည်ချုပ်အပါအဝင် ကုန်ကြမ်းပေးကုန်ချောယူလုပ်ငန်းများအားလုံး ထိုင်းနှင့် ကမ္ဘောဒီးယားသို့သာ ထွက်သွားကြတော့မည်ကို စိုးရိမ်ရသည်။
နောက်တိုးသတင်းထူးများအဖြစ် ချိုင်းနားသည် နှစ်ဆန်းကတည်းက ပိတ်ထားသော (KIA) ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်အတွင်းရှိ ချိုင်းနား-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးဂိတ်များအား အောက်တိုဘာ ၂၅ က ပြန်ဖွင့်ပေးခဲ့သည်။ ကချင်ပြည်နယ်သည် မြေရှားရိုင်းအကြီးအကျယ် ထုတ်လုပ်ရာဒေသဖြစ်၏။
ဂျပန်ပြည်ထောက် တောင်ကိုရီးယား/ဘူဆန် ခရီးစဉ်
ဤကုန်သွယ်စစ်ပွဲ ဆွေးနွေးညှိနှိုင်းမှုများ လိပ်ခဲတည်းလည်းဖြစ်နေချိန်တွင် ဂျပန်သည် ပါးနပ်စွာဖြင့် လက်ရှိသမ္မတထရမ့်နှင့် အကိုက်ညီဆုံးဖြစ်နိုင်သူ တာကအိချိ ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ကာ အချိန်ကိုက် စောင့်ကြိုဆိုခဲ့သည်။ တာကအိချိသည် ရှေးတချိန်က အမေရိကားရှိ လွှတ်တော်အမတ်များထံတွင် အလုပ်သင်လာဖူးသူ၊ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ တပည့်မဖြစ်၏။ ဂျပန်ပြည်သည် သမ္မတထရမ့်၏ ကိုရီးယား/ဘူဆန်ခရီးစဉ် ချိန်သားကိုက်တွင် LDP ပါတီဥက္ကဋ္ဌအဖြစ် ကောက်တင်ကာ ထိုမှ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစေပြီး ဂျပန်ပြည်အတွက် အဖြစ်နိုင်ဆုံးသော အကျိုးစီးပွားများ ရယူရန် တာဝန်ယူစေခဲ့ခြင်းသာဖြစ်သည်။
ခရီးစဉ်အတွင်း ဂျပန်နှင့် မူလက အဆိုပြုထားသည့် ၄၀% အစား ၁၅% အခွန်နှုန်း သို့ လျှော့ချအတည်ပြုခဲ့ပြီး ဂျပန်၏ ပင်လယ်ရေအောက်ရှိ မြေရှားသတ္ထုသိုက် ထုတ်လုပ်ရေး သဘောတူစာချုပ် ကိုပါ လက်မှတ်ရေးထိုးခဲ့သည်။ ဤသည်မှာ “အာဘေးနောမစ်”ကို ဆွဲကိုင်လုပ်မည်ဆိုသော ပထမအမျိုးသမီးဝန်ကြီးချုပ် တာကအိချိ၏ နိုင်ငံရေးပါးနပ်မှုဖြစ်သည်။
ထိုမှသည် ကိုရီးယား/ဘူဆန်မြို့ တွင် သမ္မတထရမ့်နှင့် ရှီ (Xi) တို့ မိနစ် ၁၀၀ တွေ့ဆုံအစည်းအဝေးလုပ်ခဲ့ပြီးနောက် တရားဝင်မည်သည့်ကြေငြာချက်မှ မထုတ်ဘဲ အသီးသီး ပြန်သွားခဲ့ကြ၏။ အိမ်အပြန်ခရီး လေယာဉ်ပေါ်တွင် သမ္မတထရမ့်၏ သတင်းထောက်များအမေးကို အဖြေတို့အရ အမေရိကားမှ အလျှော့ပေးလိုက်ရသည်ဟန် သိရပြီး တနှစ်ကြာ မြေရှားသတ္တု ထုတ်ကုန်များ ချိုင်းနားမှပြန်ဖွင့်ပေးမှုသည်လည်း မသေချာမရေရာ။ အမေရိကားသည် မြေရှားအမဲလိုက်ရပေဦးမည်။
“အမေရိကား၏ ရွှေခေတ်လော ဝါဝါအဖြစ်လော”
သမ္မတထရမ့်၏ လက်ယာစွန်းယိမ်း အမျိုးသားရေးဝါဒသည် ကမ္ဘာတဝှန်း အစိုးရအချို့သို့၌ ကူးစက်ပြန့်ပွားလျက်ရှိသည်။ သြစတြီးယား၊ နယ်သာလန်၊ ဂျာမဏီ၊ ပိုလန် တို့အပြင် ယခုရက်ပိုင်းတွင် အားဂျင်တီးနား တို့ပါ ပြောင်းကုန်သည်ဖြစ်၏။ ကမ္ဘာတွင် လစ်ဘရယ်နှင့် ဒီမိုကရေစီတန်ဖိုးများ ကျဆင်းကုန်သလောက် အမျိုးသားရေး၊ ရှေးရိုးစွဲအယူနှင့် ဘာသာရေးတို့ဖြင့် ယှဉ်ကာ သူတို့ခေါင်းထောင်ထလာကြပြီ။
အမေရိကား၏ နိုင်ငံရေး ခေါင်းဆောင်မှုသည် နိုင်ငံအပြင်ဘက် တခြားကမ္ဘာတွင် ထိရောက်အောင်မြင်နေဟန်ရှိသော်လည်း ၎င်း၏ ပြည်တွင်း စီးပွားရေး အခြေအနေမှာကား အားလျော့နေသည့် လက္ခဏာများ ပြသနေ၏။
အတိုးနှုန်းနှင့် ငွေကြေးဖောင်းပွမှု- ဗဟိုဘဏ်က “စီးပွားရေး အနာဂတ်နှင့်ပတ်သက်၍ မသေချာမရေရာမှုများ မြင့်မားနေဆဲ” ဟု အလေးအနက် ပြောကြားခဲ့သည်။ စတော့ဈေးကွက်မှာ ပူပေါင်းကဲ့သို့ အဆမတန် တိုးပွားလျက်ရှိရာ ပညာရှင်ကြီးများက ရှိသင့်သောတန်ဖိုးထက် အဆမတန် များလွန်း၍ “bubble of all bubbles” ဟုပင် သမုတ်သည်။ အခြေခံစားသောက်ကုန်ဈေးနှုန်း၊ အလုပ်လက်မဲ့နှုန်းနှင့် ငွေဖောင်းပွနှုန်းလည်း အတက်ဖက်သို့ ရှိ၏။
သမိုင်းဝင် အကြွေး- တိုင်းပြည်၏ အကြွေးသည်လည်း သမိုင်းတွင် အောက်တိုဘာ ၂၃ ရက်နေ့အထိ စစ်ဆေးချက်အရ $၃၈ ထရီလီယံ သို့ ရောက်ရှိခဲ့သည်။ ဤသည်မှာ ၇၁ ရက်အတွင်း $၁ ထရီလီယံ တိုးခြင်း ဖြစ်ရာ စံချိန်တင် အဟုန်မြင့်ဖြစ်သည်။
Redistricting စစ်ပွဲ- သမ္မတ တိုက်ရိုက်တိုက်တွန်းမှုဖြင့် ကြားကာလတွင် စတင်ခဲ့သည့် မဲဆန္ဒနယ် ပြန်ဆွဲခြင်း (Redistricting) ကို တက်ဆပ်ပြည်နယ်မှ စတင်လုပ်ခဲ့ပြီးနောက် မစ္စူရီ၊ မြောက်ကာရိုလိုင်းနားတို့ ပြန်ဆွဲကြပြီဖြစ်သည်။ ကယ်လီဖိုးနီးယား၊ အိုဟိုင်းယိုး၊ အင်ဒီယားနား၊ ဗာဂျီးနီးယား၊ လူဝီစီယားနား၊ ကင်န်ဆပ် စသည်ဖြင့် တန်းစီ၍ ပြင်ဆင်ဆွဲရန် စောင့်နေကြ/မဲခွဲကြ ဖြစ်နေကြ၏။
အစိုးရ ရပ်ဆိုင်းမှု- ပထမသက်တမ်း အစိုးရစံချိန်တင်ရပ်ဆိုင်းမှု (၂၀၁၈-၁၉) ၃၅ ရက်ကို ကျော်လွန်နိုင်မည့် ဒုတိယအကြိမ် အကြာဆုံး ရပ်ဆိုင်းခံရမှုသည် အောက်တိုဘာ ၁ မှ စတင်ကာ ယခု အထိ ပြီးစီးမည့် လက္ခဏာ မမြင်ရသေးချေ။
ပြည်စောင့်တပ်များပင် စေလွှတ်၍ ပြုလုပ်ခဲ့သော နိုင်ငံတစ်ဝှမ်း လူဖမ်းပွဲများ စာရင်းအရ တရားမဝင်ခိုးဝင်သူ ၁.၆ သန်းမှာ ကိုယ့်အထုတ်ကိုယ်ဆွဲကာ ပြန်သွား (self-deported) ကြပြီး လူ ၅၂၇,၀၀၀ အား နှင်ထုတ်ပြီးစီးခဲ့ပြီ ဟု အမိမြေဝန်ကြီးက ကြေညာထားသည်။ အမေရိကသမိုင်းတွင် မရှိစဖူးသော ဆန္ဒပြပွဲကြီးဖြစ်သည့် ပြည်နယ် ၅၀ အလုံးတွင် လူ ၇ သန်းကျော် ဖြင့် နေရာဒေသ ၂,၇၀၀ တွင် တစ်ရက်တည်း (အောက်တိုဘာ ၁၈) ပြုလုပ်ခဲ့ပါသည်ဟူသော “No Kings” protests သည်လည်း ယခုနှစ်ထဲ ဒုတိယအကြိမ် ထွက်ပြခြင်းဖြစ်၏။
အလုံးစုံတို့မှာ သမ္မတထရမ့်၏ သက်တမ်း ၁ နှစ်မပြည့်မီတွင် ပြုံအုံဖြစ်ပွားနေသည်များဖြစ်ရာ နောင်ဆယ်စုနှစ်များတွင် သမင်လည်ပြန်ကြည့်ပါက ဝရုန်းသုန်းကားနှစ်များဟု သမုတ်မည်လော၊ အမေရိကား၏ ရွှေခေတ် ဟု တွင်မည်လော မသိပါချေ။
သမ္မတကြီးထရမ့်၏ Art of Deal ဟူသည် ..
ကမ္ဘာ့ စူပါပါဝါနှင့် စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ အမေရိကားကို အကြီး အကျယ်ပျက်ဆီးယိုယွင်းနေသဖြင့် MAGA “အမေရိကားကို ကြီးကျယ်ခန်းနားအောင်ပြန်လုပ်ကြစို့” ဆောင်ပုဒ်ဖြင့် တက်လာခြင်းဖြစ်သည်။
ရုတ်တရက်-အမှန်ထင်စရာရှိငြား အမေရိကားသည်ပြီးခဲ့သော ရာစုနှစ်တလျှောက် ပထမနေရာမှ ဘယ်သောအခါမှ ကျဆင်းခဲ့သည်မဟုတ်။ အစဉ်အမြဲအကြီးကျယ်ဆုံးမဟုတ်ပါလော။
သမ္မတထရမ့်၏လုပ်ရပ်အရ ကမ္ဘာ့စီးပွားကုန်သွယ်မှုတို့၌ကမ္ဘာနိုင်ငံအားလုံးသို့ (ပင်ဂွင်းဒေသပါမကျန်) မရှိစဖူးသည့် အထူးကုန်သွယ်ခွန်များကို ပြင်းထန်စွာချကာ ဆိုင်ရာနိုင်ငံများ ပြာယာခတ် ပြဿနာတက်ကြမှ ခေါ်တွေ့ပြီး အသာစီးယူ စာချုပ်ချုပ်ခြင်း သြဇာပေးခြင်းဖြစ်၏။

ပုံမှန်အခြေအနေတွင် မရှိနေ/မဖြစ်နေသောဖြစ်စဉ်တခုကို ဖန်တီးလုပ်ယူကာ ပြဿနာတက်စေပြီး ထိုသည်ကိုအကြောင်းပြု ပါဝါ/သြဇာ တည်ဆောက်ခြင်းတည်း။
မြန်မာတို့၌မှု ဘီအီးဒီအောင်သိုက်ပြောသည်ဟူသော ဆိုရိုးစကားရှိ၏
“ရှင်းနေတာကိုရှုပ်အောင်လုပ်၊ ပြီးတော့မှပြန်ရှင်း၊ အဲဒါပိုရှင်းတယ်” ဟူ၏။