မြန်မာပြည် သတင်းဒိုင်ယာရီ Oct 2025
Oct 29 ။ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့် ဆက်ပိတ်ခဲ့ပြီး မြန်မာပြည်ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ကိုယ်စားလှယ်စေလွှတ်၊ မလွှတ်ဘူးဆိုတာ မဆုံးဖြတ်ဘဲ မှတ်သားထားကြောင်း အာဆီယံထိပ်သီးအစည်းအဝေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မြန်မာပြည်အရေးအတွက် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံ အစည်းအဝေးတွေကို စစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့
ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြည်တွင်းစက်သုံးဆီဈေးတွေ သီတင်း ၄ ပတ်ဆက်တိုက် ပြန်ကျဆင်းလာပြီး ဓာတ်ဆီ 92 Ron တလီတာကို ကျပ် ၂၇၀၀ အောက်ကို ရောက်ရှိလာပါတယ်။
စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာသန်း ၃၀ ရောင်းချပေးမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က ကြေညာထားပြီး၊ ယခုလအတွင်း စုစုပေါင်း ဒေါ်လာသန်း ၁၁၂ လောက် ရောင်းချပေးပြီးဖြစ်ပါတယ်။
Oct 28 ။ မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲအကြောင်း ဝါဒဖြန့်ရိုက်ကူးထားတဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ နေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်၊ မေမြင့်မိုရ်နဲ့ ခြူးလေးတို့ အပါအဝင် အောင်ခိုင်၊ ငှက်ပျောကြော် စတဲ့ ဇာတ်ပို့ ဇာတ်ရံတွေအားလုံး ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရပါတယ်။
ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အသက် ၁၈ နှစ်မပြည့်ခင် အမျိုးသမီးတွေ အိမ်ထောင်ပြုတာနဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ကလေးမွေးတာ အများဆုံးဖြစ်ကြောင်း စစ်ကောင်စီက ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ မြန်မာပြည်အတိုင်းအတာအရ အသက် ၁၈ နှစ်မပြည့်ခင် အိမ်ထောင်ပြုသူအမျိုးသမီး ၈ ဒသမ ၇ % ရှိပြီး
ရခိုင်ပြည်နယ်မှာ ၁၉ ဒသမ ၉ % နဲ့ ရှမ်းပြည်နယ်မှာတော့ ၁၃ ဒသမ ၅ % ရှိတယ်လို့ ဖော်ပြထားပါတယ်။
Oct 27 ။ မြန်မာပြည်တွင်းရွှေဈေးက ကမ္ဘာ့ဈေးအပြောင်းအလဲနဲ့အတူ သုံးပတ်ဆက်တိုက်အတွင်း အနိမ့်ဆုံး ဈေးနှုန်းအထိ ပြန်ရောက်လာပါတယ်။ ရွှေတကျပ်သားဈေးနှုန်း ကျပ် ၈၈ သိန်း ၇ သောင်းဝန်းကျင်အထိ ရှိခဲ့ပေမဲ့ ဒီနေ့မှာတော့ ကျပ် ၈၂ သိန်း ၃ သောင်းဝန်းကျင်အထိ ပြန်ကျဆင်းခဲ့ပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်(AA)တို့ လက်နက်ကြီး အပြန်အလှန် ပစ်ခတ်တာတွေ ပိုမိုပြင်းထန်လာနေကြောင်း ဒေသခံတွေက ပြောပါတယ်။
Oct 26 ။ မြန်မာပြည်အတွက်ချမှတ်ထားတဲ့ အာဆီဘုံသဘောတူညီချက်တွေ အခုထိ အာဏာသိမ်းစစ်တပ်က အကောင်အထည်မဖော်နိုင်တာကြောင့် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကိုပါ မြန်မာစစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့ မလေးရှားမှာကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးက ဆုံးဖြတ်ပါတယ်။
ကချင်ပြည်နယ်ထဲက ကချင်လွတ်လပ်ရေးတပ်(KIA)ထိန်းချုပ်ထားတဲ့ ချိုင်းနား - မြန်မာ နယ်စပ်ကုန်သွယ်ဂိတ်တချို့ကို ချိုင်းနားဘက်က ပြန်ဖွင့်ပေးလိုက်ပြီလို့ KIA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Oct 25 ။ ကချင်ပြည်နယ်ထဲက ကချင်လွတ်လပ်ရေးတပ်(KIA)ထိန်းချုပ်ထားတဲ့ ချိုင်းနား – မြန်မာ နယ်စပ်ကုန်သွယ်ဂိတ်တချို့ကို ချိုင်းနား ဘက်က ဘီဘီစီကို ဒီနေ့ ညနေပိုင်းမှာ ပြောပါတယ်။
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ထဲက စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၆)အနီးမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေကြောင်း BBC သတင်းဌာနက ပြောပါတယ်။
Oct 24 ။ မြန်မာစစ်တပ်က မသန်စွမ်းများကို နေအိမ်တွေထဲ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ မနေ့က ပြုလုပ်တဲ့ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။
မြန်မာစစ်တပ်က အမျိုးသမီးများနဲ့ မိန်းကလေးငယ်များအပါအဝင် မသန်စွမ်းသူ ၁၁၇ ဦး ကို သတ်ဖြတ်ခဲ့ပြီး သေဆုံးခဲ့တဲ့ မသန်စွမ်းသူများအနက် ၂၆ % ခန့်မှာ စစ်အုပ်စုက ကျေးရွာတွေထဲ ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်တွေထဲ အရှင်လတ်လတ် မီးလောင်မြိုက် သေဆုံးရခဲ့ကြောင်း ပြောခဲ့တာပါ။
မြန်မာစစ်တပ်က စစ်သတင်းထောက်လှမ်းရရှိဖို့အတွက် ဒီနှစ်ကုန်ပိုင်းမှာ စသုံးလာတဲ့ သူလျှိုပူဖောင်း(Spy Balloon) တွေဟာ အမြင့်ပေ ၁၅၀၀၀ အထက်မှာ ပျံဝဲနေလေ့ရှိတာကြောင့် ပစ်ချဖို့ ခက်ခဲနိုင်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေး ဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်လာပါတယ်။
Oct 23 ။ မြန်မာပြည်တွင်းမှာ ရေနံချက်စက်ရုံအသစ်တွေ တိုးချဲ့ဆောက်လုပ်ဖို့ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့ အဆက်မပြတ်ရရေး၊ ပိုက်လိုင်းလုံခြုံရေးနဲ့ ပိုက်လိုင်းတလျှောက် နယ်မြေတွေ အေးချမ်းအောင် ဆောင်ရွက်နေကြောင်း စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က ချိုင်းနားခရီးစဉ်(စွမ်းအင်အသွင်ကူးပြောင်းရေး အပြည်ပြည်ဆိုင်ရာဖိုရမ်)မှာ
ပြောခဲ့ပါတယ်။
အညာဒေသ၊ စစ်ကိုင်းတိုင်းထဲမှာ စစ်ဘေးရှောင်ဦးရေတွေ ပိုများလာသလို လယ်ယာစိုက်ပျိုးချိန် ဖြစ်တဲ့အတွက် မြွေကိုက်ခံရသူ လူနာတွေ ပိုများလာပြီး လူနာတွေအတွက် အရည်အသွေးပြည့် မြွေဆိပ်ဖြေဆေးတွေလည်း ပိုလိုအပ်နေကြောင်း ဒေသတွင်း ကူညီပေးနေသူတွေက ပြောပါတယ်။
Oct 22 ။ မြန်မာပြည်အလယ်ပိုင်း ဒေသတချို့မှာ စစ်တပ်ဟာ ကင်းထောက်လှမ်းတဲ့ Spy Balloon မိုးပျံပူဖောင်းတွေ စတင်သုံးစွဲလာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က သြဂုတ်နဲ့ စက်တင်ဘာ ၂ လအတွင်း လေကြောင်းကနေ ၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ အယောက်(၆၀)ထက်မနည်း သေဆုံးခဲ့ကြောင်း DVB သတင်းက စုဆောင်းတင်ပြထားပါတယ်။
Oct 21 ။ အဆင့်မြင့်စစ်သင်္ဘောတွေ၊ ကင်းလှည့်ရေယာဉ်တွေကို နှစ်စဉ်နီးပါး တပ်တော်ဝင် အင်အားဖြည့်တင်းနေတဲ့ မြန်မာစစ်တပ်ဟာ အာရက္ခတပ်တော်(အေအေ)နဲ့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်စစ်မျက်နှာပြင်မှာ ရေတပ်အင်အား ပိုတိုးပြီး ဖြန့်ကြက်နေပါတယ်။
ဒီဇင်ဘာ ရွေးကောက်ပွဲ ပထမ အပိုင်းမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားတဲ့ ရှမ်းမြောက်အပါအဝင် ပဋိပက္ခဖြစ်ပွားရာဒေသ ၁၀ ခုထက် မနည်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေပဲ ဝင်ပြိုင်ဖို့ ရှိနေပြီး ပြိုင်ဘက်မရှိကြောင်း သိရပါတယ်။
Oct 20 ။ မြဝတီမြို့နယ်ထဲက ကေကေပါ့ခ်(KK Park)ထဲကို စစ်တပ်က ဝင်ရောက်စီးနင်းမှုမှာ စတားလင့်ခ် စက်ပစ္စည်းတွေနဲ့အတူ အလုပ်သမား ၂,၁၉၈ ဦး တွေ့ရှိခဲ့ကြောင်း စစ်ကော်မရှင်က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ အာရက္ခတပ်တော်(အေအေ)က ရိုဟင်ဂျာတွေကို ကျူးလွန်တယ်ဆိုတဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ စွပ်စွဲချက်တွေအတွက် လာရောက်ကြည့်ရှု စစ်ဆေးနိုင်တယ်လို့ အေအေခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖိတ်ခေါ်ထားကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွန်အမ်ဒရူးက ပြောပါတယ်။
Oct 19 ။ မန္တလေးမြို့က ဈေးတွေမှာ ပလတ်တစ်လျှော့ချရေး(အပတ်စဉ် တနင်္လာနေ့တိုင်း ပလတ်စတစ်အိတ်တွေ မသုံးစွဲရေး)အတွက် ဒဏ်ရိုက်ကြပ်မတ်ဖို့ ညွှန်ကြားထားပေမဲ့ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ခြင်းမရှိလို့ ထိရောက်မှု မရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-ဒလ တံတားကြီး ပြီးစီးသွားရင် ဒလမြို့ကို မီနီဘတ်စ်ယာဉ်နဲ့သာ ပြေးဆွဲပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ YRTC က ပြောပါတယ်။ တံတားပုံစံက မတ်စောက်လွန်းတာကြောင့် YBS ယာဉ်ကြီးတွေ ပြေးဆွဲဖို့ အဆင်မပြေနိုင်တာဖြစ်ပြီး၊ ကိုရီးယား - မြန်မာ ချစ်ကြည်ရေး(ဒလ)တံတားကို ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးရေးရန်ပုံငွေ
(EDCFI Loan) ချေးငွေ US ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ ၃၀ ဒသမ ၃၄၁ သန်း၊ စုစုပေါင်းကုန်ကျငွေ ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျခံ တည်ဆောက်ခဲ့တာပါ။
Oct 18 ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်ပြီးနောက် ဒီနေ့ကစပြီး လားရှိုး – သီပေါ – မန္တလေးလမ်းမကြီးကနေ ပြန်လည်သွားလာခွင့် ရပြီလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်တဲ့ ရန်ကုန်မြို့က ပွဲဈေးတွေမှာ လောင်းကစားဝိုင်းတွေကို ပေါ်တင်ထည့်သွင်းပြုလုပ်လာကြောင်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ရေကျော်ပွဲဈေးနဲ့ ရွှေတိဂုံဘုရားပွဲဈေး၊ ကျွန်းတောပွဲဈေးနဲ့ မယ်လမုဘုရားပွဲဈေးတွေမှာ လူအုပ်စုလိုက်နဲ့ လောင်းကစားဝိုင်းတွေ ပြုလုပ်ခဲ့ကြပြီး ပွဲဈေးလာသူတွေကို လိမ်လည်လှည့်ဖြားမှုတွေ ရှိခဲ့တာပါ။
Oct 17 ။ ရန်ကုန်တိုင်း၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံ၊ လှိုင်သာယာ စတဲ့ မြို့နယ်တွေမှာ ဒီနေ့ည ၁၁နာရီက ငလျင်လှုပ်ခတ်လို့ အထပ်မြင့်တိုက်မှာ နေသူတွေ စိုးရိမ်ထိတ်လန့် မြေပြင်ကိုဆင်းပြေးခဲ့ကြရပါတယ်။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရဲ့ မြောက်-အနောက်မြောက်ဘက် တမိုင်လောက်အကွာ အနက် ၁၅ မီတာကို ဗဟိုပြုတဲ့ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၆ အဆင့်ရှိ ငလျင်ဖြစ်ကြောင်း သိရပါတယ်။
ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းက အမျိုးသားဇာတ်ရုံမှာ လုပ်တဲ့ ဟိန္ဒူတို့ရဲ့ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲရလဒ်အရ ပေါ်လာမယ့် အစိုးရကို ဒီမိုကရေစီ စံနှုန်းတွေနဲ့အညီ နိုင်ငံတော်တာဝန်လွှဲမှာဖြစ်လို့ ရွေးကောက်ပွဲအောင်မြင်အောင် အဖွဲ့အစည်းအသီးသီးက နိုင်ငံ့အကျိုးမျှော်ပြီး ဆောင်ရွက်ဖို့ ပြောခဲ့ပါတယ်။
Oct 16 ။ “တိုင်းရင်းသားတွေ၊ သက်ဆိုင်ရာပုဂ္ဂိုလ်တွေအနေနဲ့ မဖြစ်နိုင်တာတွေ လျှောက်ပြောပြီး လုပ်နေလို့ မရဘူး”လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ နေပြည်တော်မှာ လုပ်တဲ့ စစ်ကော်မရှင်ရဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ဆယ်နှစ်ပြည့် အခမ်းအနားမှာ "လက်နက်ကိုင် တောင်းဆိုမှုတွေကို လက်မခံဘဲ လွှတ်တော်က တဆင့် နိုင်ငံရေးနည်းလမ်းနဲ့သာ တောင်းဆိုကြပါ"လို့ စစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
Oct 15 ။ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်က စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေး ဗျူဟာကုန်းဖြစ်တဲ့ နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်(AA) ထိန်းချုပ်နိုင်ခဲ့ပြီလို့ AA ဘက်က ပြောပါတယ်။
မန္တလေး-မိုးကုတ် လမ်းပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် လမ်းပိုင်း ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပြီးနောက် မိုးကုတ်မြို့မှာ ဓာတ်ဆီ တဂါလန်ကို ၃၆,၀၀၀ ကျပ်ထိ မြင့်တက်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
Oct 14 ။ စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ခုစလုံးမှာ လူငယ်ပါဝင်မှုတိုးလာတယ်လို့ ပါတီတွေက ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်တာမျိုး မလုပ်ဖို့၊ မကူညီကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးစာတွေထုတ်ပြီး တားမြစ်ခဲ့ကြပါတယ်။
Oct 13 ။ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDY (PDF) စိုးမိုးနယ်မြေဖြစ်တဲ့ စဉ့်ကူးမြို့နယ်အတွင်းမှာ Starlink အင်တာနက် အသုံးပြုမှုနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ အချင်းများခဲ့တဲ့အပေါ် နှစ်ဖက်စလုံးကို အရေးယူထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ စဉ့်ကူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့က
BBC ကို ပြောပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် အောက်တိုဘာ ၂၈ ရက်က စပြီး ရက်ပေါင်း ၆၀ ကြာမြင့်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
ပဋိပက္ခတွေကြောင့် မြေပြင် စည်းရုံးရေးဆင်းဖို့ ခက်ခဲနေကြောင်း ပါတီတွေက ပြောပြီး ကြံ့ခိုင်ရေးပါတီဝင် စစ်ဗိုလ်ချုပ်ဟောင်း တချို့ကတော့ တစ်တော့ပ်(TikTok)နဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်တွေကို သုံးပြီး စည်းရုံးမှုတွေ လုပ်လာနေပါတယ်။
Oct 12 ။ မြန်မာပြည်က လူငယ် ၁၀ ဦးထဲမှာ ၄ ဦး(၄၀ % ကျော်)ဟာ ညဘက် တယောက်တည်း လမ်းလျှောက်ချိန်တွေမှာတောင် မလုံခြုံတဲ့ ခံစားချက်တွေ ရှိနေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်(UNDP)က အစီရင်ခံစာဖော်ပြပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးရွာအုပ်စု၊ ပျဉ်းမပင်ဆိပ်ရွာကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကျောင်းသား ၅ ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းရုံး(KNU)တပ်မဟာ (၁)က သတင်းထုတ်ခဲ့ပါတယ်။
Oct 11 ။ မြန်မာပြည်မှာ အွန်လိုင်းလောင်းကစားလို့ လူသိများတဲ့ ငါးပစ်ဂိမ်း၊ ကျွဲဖမ်းဂိမ်း စတဲ့ စလော့ဂိမ်းတွေကြောင့် ငွေကြေး အခက်အခဲတွေဖြစ်ပြီး ဒုက္ခရောက်ကြတဲ့သူတွေ တစတစ ပိုများလာသလို သေကြောင်းကြံစည်တာတွေထိ ရှိလာနေကြောင်း သိရပါတယ်။
မြန်မာစစ်တပ်ဟာ နည်းပညာမြင့်တဲ့ ချိုင်းနားထုတ် ဒရုန်းကာကွယ်ရေးစနစ်အသစ်ကို မြေပြင်စစ်ဆင်ရေးတွေမှာ တွင်ကျယ်စွာ သုံးနေပြီလို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI နဲ့ တော်လှန်ရေးအဖွဲ့တချို့က ပြောပါတယ်။
Oct 10 ။ သန်းနဲ့ချီတဲ့ မြန်မာလူငယ်တွေဟာ ပြည်တွင်းက မရေရာမှုနဲ့ မလုံခြုံမှုတွေကြောင့် ”ချောက်ကမ်းပါးထက်က မျိုးဆက်” တခု ဖြစ်နေပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။
ရန်ကုန်မြို့ထဲက သစ်ပင်ကြီးငယ်မှန်သမျှကို ခုတ်ပြီး ရေမြောင်းတွေ ပြန်တူးနေပေမဲ့ မိုးခဏရွာတာနဲ့ လမ်းမကြီးတွေပေါ်မှာ ရေကြီးပြီး လူနေအိမ်တွေထဲ ရေဝင်တဲ့ထိ ဖြစ်နေတာကြောင့် စစ်ကောင်စီလက်အောက်ခံ စည်ပင်ဌာနရဲ့ မြောင်းတူးစနစ်ကို အများပြည်သူ ဝေဖန်မှုတွေရှိခဲ့ပါတယ်။
Oct 09 ။ မြန်မာပြည်က လူငယ်ဦးရေ ၂ သန်းခွဲနီးပါးဟာ ပုဂ္ဂိုလ်ဆိုင်ရာ ဘေးကင်းလုံခြုံမှုအတွက် အမြဲတမ်းနီးပါး စိုးရိမ်ပူပန်နေထိုင်နေကြရသလို ၆ သန်းကျော်ကတော့ ညအချိန်မှာ တယောက်တည်း လမ်းလျှောက်ဖို့တောင် လုံးဝလုံခြုံမှုမရှိဘူးလို့ ခံစားနေကြရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်(UNDP)က သတင်းထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင် စာရင်းတွေ ကပ်တဲ့ရက်ကို အောက်တိုဘာ ၁၄ ရက်ကနေ ၂၀ ရက်အထိ တပတ် ထပ်တိုးမြှင့်လိုက်ပြီး ပြည်တွင်း ပြည်ပက ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူတွေ ပုံစံ(၁၅) တင်သွင်းရမယ့်ရက်ကိုလည်း ၅ ရက် ထပ်တိုးပေးခဲ့ပါတယ်။ ပထမအကြိမ်ထုတ်ပြန်တဲ့ မဲစာရင်းတွေလည်း အမှားအယွင်းများနေပြီး ပြည်သူတွေကလည်း မဲစာရင်းထဲ ကိုယ့်နာမည် ပါမပါ ဆိုတာ စစ်ဆေးဖို့ စိတ်မဝင်စားကြဘူးလို့ သိရပါတယ်။
Oct 08 ။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ အပါအဝင် ပြည်သူတွေရဲ့ ဒေတာအချက်အလက်တချို့ကို စစ်တပ်ထံ ပေးခဲ့တာကြောင့် ဖမ်းဆီးခံရမှုတွေနဲ့ သေဆုံးမှုတွေ ရှိခဲ့တာကြောင့် တယ်လီနောကုမ္ပဏီကို မြန်မာအရပ်ဘက်အဖွဲ့တွေက တရားစွဲဖို့ စီစဉ်နေကြပြီး နော်ဝေနိုင်ငံမှာရှိတဲ့ တယ်လီနောရုံးချုပ်ကိုလည်း အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်။
ရခိုင်ပြည်မှာ အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေး အကျပ်အတည်းကြောင့် ပြည်မဘက်ကို အလုပ်လုပ်ကိုင်ဖို့ သွားရောက်တဲ့သူတွေကို လမ်းမှာ စစ်တပ်က ဖမ်းဆီးတာ၊ စစ်မှုထမ်းဖို့ ဖမ်းခေါ်ခံရတာတွေ ရှိလာနေကြောင်း DVB သတင်းက ဖေါ်ပြပါတယ်။
Oct 07 ။ မြန်မာပြည်မှာရှိတဲ့ လူငယ်တွေရဲ့ ၄ ပုံ ၁ ပုံက အလုပ်လက်မဲ့ဖြစ်နေပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အလုပ်အကိုင်ဈေးကွက်မှာ ဖယ်ကြဉ်ခံထားရကာ အမျိုးသမီး ၃ ပုံ ၁ ပုံက အလုပ်လက်မဲ့ဖြစ်နေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြထားပါတယ်။
အာဏာသိမ်းမှု ၅ နှစ်နီးပါး ရှိလာချိန် ပဋိပက္ခ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကုန်စျေးနှုန်းကြီးမြင့်တာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာနဲ့ ဖြတ်သန်းသွားလာခွင့် ငွေကြေး ကောက်ခံတဲ့ ဂိတ်တွေ များလာတာကြောင့် အခြေခံစားကုန်တွေကို ပြင်ပ ပေါက်စျေး ၂ဆ ကနေ ၃ ဆ အထိ ပေးဝယ်ယူနေကြရပြီး ကရင်နီဒေသ၊ စစ်ကိုင်း၊ ရခိုင်နဲ့ ကချင် ဒေသတွေမှာ
နေထိုင်စားသောက် ရပ်တည်ဖို့ ခက်ခဲတဲ့ အခြေအနေတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
Oct 06 ။ မြန်မာပြည် နာမည်ရရွှေဆိုင်လုပ်ငန်းတချို့ရဲ့ နာမည်တွေကို သုံးပြီး ရွှေအရောင်းအဝယ်ပြုလုပ်ဖို့ စျေးဆွဲတင်တဲ့နည်းနဲ့ သိန်းထောင်ချီရှိတဲ့ ငွေကြေးလိမ်လည်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေခဲ့ပါတယ်။ ကျားဖြန့်လို ငွေကြေးလိမ်လည်မှု နည်းလမ်းသစ်တွေသုံးပြီး ရွှေအပြင် တခြားလူသုံးကုန်ပစ္စည်းတွေကိုပါ ဒီနည်းလမ်းတွေသုံး လိမ်လည်နေလို့ ငွေကြေးဆုံးရှုံးရသူတွေ ရှိနေပါတယ်။
ငလျင်ဒဏ် ပြင်းထန်စွာ ခံခဲ့ရတဲ့ မန္တလေးမှာ ကွန်ဒိုအပါအဝင် အထပ်မြင့်တိုက်ခန်းတွေ ရောင်းသူ များလာပြီး ဝယ်လိုအား ကျဆင်းလာကြောင်း အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။ လက်ရှိမှာလည်း ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦတွေကို ရှင်းလင်းနေဆဲ အဆင့်သာ ရှိနေပြီး ပြန်လည်ထူထောင်ရေးလုပ်နိုင်တဲ့ အနေအထား မရှိသေးဘူးလို့
ဒေသခံတွေက ပြောပါတယ်။
Oct 05 ။ မြန်မာစစ်တပ်က ကရင်နီ(ကယား)ပြည်နယ်က လူထုရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် ဝင်ငွေရပ်တန့်၊ စားဝတ်နေရေး စိန်ခေါ်ချက်တွေများလာပြီး ရှေ့ဆက် အငတ်ဘေး ကြုံတွေ့လာနိုင်ကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ KnHRG က ပြောပါတယ်။
စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်လိုက်တဲ့ မဲစာရင်းတွေမှာ အမှားအယွင်းတွေများနေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP)ရဲ့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ(ဘူးလက်)က ပြောပါတယ်။ ၂၀၂၀ တုန်းက မဲစာရင်းအဟောင်းတွေ ပြန်ကပ်ထားတာလို့ ယူဆရပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ
အသစ်ပြန်ကောက်ထားတဲ့ စာရင်းတွေမဟုတ်ဘဲ အရေအတွက် ၅၀၀ မှာ ၃၀၀ လောက်ကွာနေတယ်လို့ ပြောခဲ့တာပါ။
Oct 04 ။ စစ်ခေါင်းဆောင် လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တဲ့ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေ”နဲ့ အရေးယူထားတဲ့ အမှု ၂၄ မှုမှာ ဖမ်းဆီးခံထားရသူ(၆၄)ဦး ရှိခဲ့ပါပြီ။
မြန်မာတပြည်လုံးအနေအထားနဲ့ဆိုရင် လူငယ် ၂၅ % (သို့မဟုတ်) လူငယ် ၄ သန်းဟာ အလုပ်အကိုင်မရှိကြပဲ ဒီထဲမှာ လူငယ်အမျိုးသားအလုပ်လက်မဲ့နှုန်း ၁၅ ဒသမ ၇ % ရှိပြီး လူငယ်အမျိုးသမီး အလုပ်လက်မဲ့နှုန်းက ၃၃ ဒသမ ၇ % အထိရှိနေကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဥ် UNDP က သတင်းထုတ်ထားပါတယ်။
Oct 03 ။ အာဏာသိမ်းမှုနောက်ပိုင်း ဆက်တိုက်တက်နေတဲ့ USD အပါအဝင် နိုင်ငံခြားငွေတန်ဖိုးဟာ အခု ရက်ပိုင်းအတွင်း ပြန်ကျနေပြီး မြန်မာကျပ်ငွေ တန်ဖိုးမာလာပါတယ်။ ဒါပေမဲ့ ပြည်တွင်း ကုန်ဈေးနူန်းတွေ မကျသလို ပြည်ပသွင်းကုန်တွေလည်း ပုံမှန်ဝင်တာမရှိလို့ ကုန်ပစ္စည်း ပြတ်လပ်ပြီး စျေးတွေ တက်နေခဲ့ပါတယ်။
စစ်တပ်က ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် ချိုင်းနားပြည်အနေနဲ့ အကူအညီပေးဖို့ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က တောင်းဆိုထားပါတယ်။
Oct 02 ။ မြန်မာ့ပန်းချီလောကမှာ ဆီဆေးနဲ့ ရေဆေးလက်ရာပန်းချီတွေနဲ့ ထင်ရှားကျော်ကြားတဲ့ ပန်းချီဆရာကြီး ဦးလွန်းကြွယ်(အသက် ၉၆)ဟာ ဒီနေ့မနက် ကွယ်လွန်ခဲ့ပါတယ်။ သူ့ရဲ့ ပန်းချီလက်ရာတွေကို အမျိုးသားပြတိုက်အပြင် မလေးရှား၊ စင်ကာပူစတဲ့ နိုင်ငံတွေမှာရှိတဲ့ အထင်ကရ ပန်းချီအနုပညာပြတိုက်တွေက စုဆောင်းထိန်းသိမ်းထားသလို ပြည်တွင်း၊
ပြည်ပမှာ ပန်းချီပြပွဲပေါင်းများစွာ ပြသခဲ့သူဖြစ်ပါတယ်။
မြန်မာပြည်မှာ ၁၀ နှစ်တာအတွင်း အစားအသောက်ဈေးနှုန်းတွေ စံချိန်တင် တရှိန်ထိုးမြင့်တက်ခဲ့ပြီး ပြည်တွင်းဈေးကွက်ကို ဗဟိုချုပ်ကိုင်မှုများခဲ့တဲ့ရလဒ်က လူသုံးများတဲ့ ကြက်သား၊ ပုဇွန်ခြောက်နဲ့ ဟင်းချက်ရာမှာသုံးတဲ့ ငံပြာရည်လို ပါဝင်ပစ္စည်းတွေရဲ့ စားသောက်ကုန်ပစ္စည်း ဈေးနှုန်းတွေက အစ ထိုးတက်ခဲ့ပါတယ်။
Oct 01 ။ စစ်ကော်မရှင်က လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ စစ်တပ်ထဲ တာဝန်ထမ်းဆောင်နေသူတွေကို ထောက်ပံ့ကြေး တလ ကျပ်(၃၀,၀၀၀) ထပ်တိုးမြှင့်ပေးကြောင်း မနေ့က ကြေညာခဲ့ပါတယ်။ အစိုးရဌာနတွေက နေ့စားဝန်ထမ်းတွေရဲ့ နေ့စားခကိုလည်း ထောက်ပံ့ကြေးဆိုပြီး ကျပ်(၁၀၀၀) တိုးပေးလိုက်ပါတယ်။
၂၀၂၃ နိုဝင်ဘာလမှာ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်စစ်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်တပ်ရဲ့ပိတ်ဆို့မှုတွေကြောင့် အလုပ်အကိုင်တွေ ခက်ခဲပြီး ကုန်ဈေးနှုန်း အဆမတန် တက်လာတဲ့ ပြဿနာတွေ ရခိုင်ပြည်နယ်တွင်း ဖြစ်နေခဲ့ပါတယ်။ စစ်တပ်က ကုန်းလမ်း၊ ရေလမ်း အဘက်ဘက်ကနေ တားဆီးပိတ်ဆို့ထားတာကြောင့် စားဝတ်နေရေး အကျပ်အတည်း
ဆိုက်နေကြတဲ့ ရခိုင်ပြည်သူတွေထဲ ရေလုပ်သားတွေလည်း ပါဝင်ပါတယ်။
Sept 30 ။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ ခွာနာလျှာနာရောဂါတွေ ဖြစ်ပွားနေပြီး ခိုင်းနွားသေဆုံးမှုတွေ မြင့်တက်နေသလို ထိန်းချုပ်ကုသမှုတွေ မလုပ်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်မြို့က ဘုရင့်နောင်နဲ့ ဝါးတန်း ဆန်ကုန်စည်ဒိုင်တွေမှာ ဆန်အဝယ်အေးနေပြီး ဆန်ဈေးတွေလည်း မနှစ်ကထက်ကျနေတဲ့အပြင် ဖွဲနဲ့ ဆန်ကွဲဈေးက ဆန်ဈေးထက် မြင့်တက်နေကြောင်း ဆန်ကုန်သည်တွေထံက သိရပါတယ်။ မြန်မာ့ဆန်ကွဲကို ချိုင်းနားပြည်က အများဆုံးဝယ်ယူနေပြီး အင်ဒိုနီးရှား၊ ဘယ်လ်ဂျီယမ်၊ ပိုလန်၊ နယ်သာလန် စတဲ့ ဥရောပနိုင်ငံတွေလည်း ဝယ်ယူနေတာပါ။
Sept 29 ။ မြန်မာပြည်တွင်းက စက်ရုံ၊ အလုပ်ရုံအများစုဟာ အလုပ်သမားတွေကိုပေးတဲ့ အခြေခံလုပ်အားခ နည်းပါးတာ၊ အချိန်ပိုလုပ်မှ လုံလောက်စေမယ့် လုပ်အားခ ပေးတာမျိုးကြောင့် အခြေခံအလုပ်သမားတွေ လစဉ် လုပ်ခလစာနဲ့ မလောက်မငှ ရပ်တည်နေရကြောင်း သိရပါတယ်။
မြန်မာပြည် ပြန်တည်ဆောက်ရေးနဲ့ တိုင်းပြည်ရဲ့ အရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ(USDP)မှာ ရှိကြောင်း ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောပါတယ်။
Sept 28 ။ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးနဲ့ ခိုင်မာတဲ့ နိုင်ငံရေးပဋိညာဉ်တွေ ရရှိလာရေးအတွက် NLD ရဲ့ ပါဝင်ဆောင်ရွက်မှုက ပြည်ထောင်စုအတွက် အထူးအရေးကြီးတဲ့အပြင် ၊ NLD ခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ဟာ မြန်မာပြည်ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင် ဖြစ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှု ပြီးကတည်းက မြန်မာပြည်ရဲ့ ခရီးသွားလုပ်ငန်း ကျဆင်းနေကာ၊ လက်ရှိ ခရီးသွားရာသီ စတဲ့ ကာလဖြစ်ပေမဲ့ ပြည်တွင်းခရီးသွားဧည့်သည်တွေကိုပဲ အဓိက ဝန်ဆောင်မှုပေးနေကြရပြီး နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုနှုန်း နည်းပါးနေကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
Sept 27 ။ “အာဏာရှင်အဆက်ဆက်တို့ရဲ့ မလိုမုန်းတီးစိတ်ထားနဲ့ ဘယ်လိုပဲ တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနေပါစေ ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ပြေလည်မှု မရနိုင်ဘူးလို့လည်းဆိုပါတယ်။
လိုင်စင်မဲ့ကုန်စည်များ ဖမ်းဆီးရေးအကြောင်းပြချက်နဲ့ မြဝတီနယ်စပ်တံတားကို ပိတ်ပင်ထားပြီး သွင်းကုန်တွေကို ကန့်သတ်နေတဲ့ စစ်ကော်မရှင်က ရန်ကုန်အဝင် ထိုင်းကုန်စည်တင်ယာဉ်တွေကို လနှင့်ချီကြာ ပိတ်ဆို့ထားခဲ့ပါတယ်။
Sept 26 ။ တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် မြန်မာပြည်တဝန်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသူ (၃ ဒသမ ၆ သန်း နီးပါး) ရှိနေပြီး မြန်မာပြည်ဟာ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေ လိုအပ်ချက်ပြည့်မီမှု အနည်းဆုံး ကမ္ဘာ့နိုင်ငံတွေထဲက တနိုင်ငံဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က သတင်းက တင်ပြပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ အာဏာယူခဲ့တဲ့ စစ်ခေါင်းဆောင်က လာမယ့် ရွေးကောက်ပွဲ ကျင်းပပြီးစီးသွားရင် နိုင်ငံတော်တာဝန်တွေကို လွှဲပြောင်းပေးအပ်သွားမယ်လို့ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံစဉ်မှာ ကတိပြု ပြောကြားခဲ့ပါတယ်။
သင့်အေးရိပ် စုဆောင်း တင်ပြသည်။

