မြန်မာ့ဂဇက် အယ်ဒီတာ့သင်ပုန်း – ဒီဇင်ဘာ ၂၀၂၅
အမေရိကားရောက် မြန်မာတို့အတွက် ၂၀၂၅ တနှစ်လုံးစာကို ခြုံငုံသုံးသပ်ရသော် သမ္မတထရမ့် ကျမ်းကျိန်ပြီးသည့်ရက် (ဇန်နဝါရီ ၂၀) မှစ၍ အပြောင်းအလဲများ တဆင့်တချက်စီ တောက်လျှောက်တိုး၍ ဖြစ်ခဲ့သည်ဆိုရမည်။ အမေရိကားတွင် ပုံနှိပ်ထုတ်ဝေသော နှစ် ၂၀ တန်း မြန်မာမီဒီယာဖြစ်သည့်အားလျော်စွာ ဤသူသည် ရွှေ့ပြောင်းအခြေချသူများ၊ ပြောင်းခိုသူများ၊ ခိုလှုံသူများ ဘက်မှသာ ရပ်တည်ရေးသားပါမည်။
မူလဘူတ ပေါ်လစီ
သမ္မတထရမ့်၏ မူလအခြေခံလဝကပေါ်လစီသည် နိုင်ငံရပ်ခြားမှ (အထူးသဖြင့် ဆင်းရဲပြဿနာများသော နိုင်ငံများမှ) ရွှေ့ပြောင်းအခြေချလာသူများကို လက်ခံထားပေးရန် (သို့) နိုင်ငံသားပေးရန် ရည်ရွယ်ရင်းမရှိပါ။ ရွှေဇွန်းကိုက်၍ မွေးလာသော သမ္မတကြီးသည် မိမိ၏သူဋ္ဌေးအိမ်တက်လာနေသူအိမ်အကူမှ အိမ်ရှင်ကို ပြန်လည်ညွှန်ကြားနေသည်ဟုသာ ထင်မြင်နေပေရာ “ဧည့်သည် နှင့် အိမ်ရှင်” ဟူသော မြန်မာပြည်မှ မဘသဆရာတော်ကြီး၏ အဆိုအမိန့်ကို တန်း၍ သတိရစရာပင်။
ပေးထားသည့်ဘက်ဂျက်သုံးစွဲမှုများအရ အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးမှုများသည် အခွန်ထမ်းအမေရိကန်များအပေါ် ဝန်ထုတ်ဝန်ပိုးဖြစ်စေပြီး တဦးလျှင် ပျမ်းမျှကုန်ကျစရိတ်မှာ ၁၇,၁၂၁ ဒေါ်လာ ရှိသည် (မေ၊ ၂၀၂၅) ဟု DHS မှ တွက်ချက်ပြထား၏။ သို့သော် Penn Wharton ၏ လေ့လာချက် (အောက်တိုဘာ၊ ၂၀၂၅) အရ ထိန်းသိမ်းစရိတ်ပေါ်မူတည်၍ တဦးလျှင် ဒေါ်လာ ၃၀,၅၉၁ မှ ဒေါ်လာ ၁၀၉,၈၈၀ အထိ ရှိနိုင်ပြီး ပျမ်းမျှအားဖြင့် ဒေါ်လာ ၇၀,၂၃၆ ခန့် ကျသင့်နိုင်သည်။ ထိုမျှ ကြီးမားစွာရင်းနှီး၍ လုပ်နေသည်ကို တွက်ဆလျှင် သမ္မတမှ လဝကကိစ္စတွင် မည်မျှ စိတ်စူးနစ်ထားသည်ကို ခန့်မှန်းနိုင်သည်။
ပထမသက်တမ်း
သမ္မတထရမ့်၏ ပထမသက်တမ်း (၂၀၁၇-၂၀၂၁) အတွင်း မြန်မာ့အရေးအပေါ် တုံ့ပြန်မှုမှာ အေးစက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် (အစိုးရ) နှင့် (ရှေ့သမ္မတအိုဘားမားကဲ့သို့) တိုက်ရိုက်ရင်းနှီးသောဆက်ဆံရေးမရှိပေ။ ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံကို ခရီးသွားလာမှု ကန့်သတ်သည့် Travel Ban စာရင်း၌ ပထမဆုံးအကြိမ် ထည့်သွင်းခဲ့ပြီးနောက် သူလည်း J6 အရေးအခင်းဖြစ်လျက်နှင့် သမ္မတရာထူးမှ ဆင်းပေးခဲ့ကာ မကြာမီပင် မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဖြစ်ပွားခြင်းဖြစ်သည်။
ဒုတိယ ၄ နှစ်သက်တမ်း ပထမနှစ်ဇယား
၂၀၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှုထက် “Vet and Protect” (စိစစ်ကာကွယ်ရေး) ကို အစွန်းရောက်စွာ ကျင့်သုံးလာခဲ့ရာ မြန်မာများမှာ နိုင်ငံရေးကစားကွက်ကြားတွင် စတေးခံနေကြရပြီဖြစ်သည်။
- ဇန်နဝါရီ ၂၀: သမ္မတထရမ့်က အမိန့်အမှတ် E.O. 14161 ကို ထုတ်ပြန်ကာ မြန်မာအပါအဝင် အန္တရာယ်ရှိနိုင်ငံသားများကို စတင်စိစစ်ခဲ့သည်။
- ဖေဖော်ဝါရီ: မြန်မာနိုင်ငံဆိုင်ရာ အရေးပေါ်အခြေအနေကို သက်တမ်းတိုးခဲ့သော်လည်း ဒီမိုကရေစီအရေးကူညီငွေ ဒေါ်လာ ၄၀ သန်းကို ဆိုင်းငံ့လိုက်သည်။ DOGE မှ မြန်မာကျောင်းသားများအား စကောလရှစ် ကူညီငွေ ဒေါ်လာ ၄၅ သန်းကိုလည်း အဦးဆုံးဖြတ်တောက်ပစ်လိုက်သည်။
- မတ်လ: မြန်မာပြည်အလယ်ပိုင်း အင်အားပြင်းမန္တလေးငလျင်အတွက် USAID အကူအညီများကို ဖြတ်တောက်လိုက်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်တန့်ခဲ့ရသည်။
- ဇွန် ၄: မြန်မာနိုင်ငံအား Travel Ban စာရင်းထဲသို့ ထည့်သွင်းကာ ဗီဇာအသစ်အားလုံးကို ရပ်ဆိုင်းလိုက်သည်။
- ဇူလိုင်: လဝကဆိုင်ရာ ဝန်ဆောင်ခများကို တိုးမြှင့်လိုက်သဖြင့် ငွေကြေးဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမားလာခဲ့သည်။
- ဩဂုတ် ၁: မြန်မာ့သွင်းကုန်များအပေါ် ၄၀% အထူးကုန်သွယ်ခွန် ချမှတ်ခဲ့သည်။
- အောက်တိုဘာ: တရားရုံးချုပ် ဆုံးဖြတ်ချက်ဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကာအကွယ်များ ဖျက်သိမ်းရန် လမ်းပွင့်သွားခဲ့သည်။ ထရမ့်သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ထံ တိုက်ရိုက်စာပို့ဆက်သွယ်ကာ ထိတွေ့ဆက်ဆံမှုများ စတင်ခဲ့သည်။
- နိုဝင်ဘာ ၁၂: Scam Center Strike Force အထူးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည်။
- နိုဝင်ဘာ ၂၅: ဝန်ကြီး Kristi Noem က မြန်မာပြည်သည် ဘေးကင်းပြီဟုဆိုကာ မြန်မာ ၄,၀၀၀ ခန့်၏ TPS အကာအကွယ် ကို တရားဝင် ဖျက်သိမ်းခဲ့သည်။
- ဒီဇင်ဘာ ၂: USCIS က ဂရင်းကတ်နှင့် နိုင်ငံသားလျှောက်ထားမှုများ အားလုံးကို ဆိုင်းငံ့ (Freeze) လိုက်သည်။
- ဒီဇင်ဘာ ၁၆: ဆိုရှယ်မီဒီယာ ၅ နှစ်စာ၊ အီးမေးလ် ၁၀ နှစ်စာ စစ်ဆေးမှုများ ပါဝင်သည့် တိုးချဲ့ Travel Ban ဖြင့် မိသားစုဝင်ခေါ်ယူခွင့်ကို တင်းကျပ်ခဲ့သည်။
နိုင်ငံသားဖြစ်ပြီးသူများလည်း သတိထားရန်
ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ထွက်ပေါ်လာသော အစိုးရအတွင်းပိုင်း ညွှန်ကြားချက်များအရ ၂၀၂၆ ဘဏ္ဍာရေးနှစ်မှစ၍ အမေရိကန် နိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခြင်း (Denaturalization) စီမံချက်ကို တနှစ်လျှင် လူ ၂,၄၀၀ ခန့်အထိ ပစ်မှတ်ထား ဆောင်ရွက်ရန် အိမ်ဖြူတော်က ညွှန်ကြားထားသည်။ အထူးသဖြင့် နိုင်ငံသားလျှောက်စဉ်က အချက်အလက်မှားပေးသူများကို AI နည်းပညာသုံး၍ နောက်ကြောင်းပြန် စစ်ဆေးမည်ဖြစ်ရာ “နိုင်ငံသားရပြီးသားပဲ” ဟု စိတ်အေးနေ၍ မရတော့ပေ။ ထို့ပြင် ဆိုင်းငံ့ထားသည့် လဝကအမှုပေါင်း ၃၅၀,၀၀၀ ကျော်ကိုလည်း ပြန်လည်စစ်ဆေးရန် ညွှန်ကြားထားရာ၊ ဆယ်စုနှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်သော အမှုဟောင်းများထဲတွင် မြန်မာနိုင်ငံသား အများအပြား ပါဝင်နေနိုင်သဖြင့် သိန်းနှင့်ချီသောသူများ ပြည်နှင်ဒဏ်ပေးခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။
စပွန်စာနှင့် လူမှုဖူလုံရေးခံစားခွင့်များ
ဒီဇင်ဘာ ၁၇ ရက်နေ့တွင် HHS ဒုဝန်ကြီးမှ စပွန်စာပေး၍ မိသားစုခေါ်ထားသူများအတွက် Form I-864 အရ အစိုးရခံစားခွင့် (Medicaid, SNAP) သုံးစွဲထားသမျှကို စပွန်စာပေးသူထံမှ အစိုးရက ပြန်လည်တောင်းခံစာများ ပေးပို့နေကြောင်း ဖော်ပြခဲ့သည်။
Diversity Visa (DV) လမ်းကြောင်း ပိတ်သိမ်းခြင်း
ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဘရောင်းယူနီဗာစတီဖြစ်စဉ်ကို အကြောင်းပြကာ “Diversity Visa (DV)” ပရိုဂရမ်ကို ချက်ချင်းရပ်ဆိုင်းလိုက်သည်။ ၁၉၉၀ ပြည့်နှစ်မှစ၍ မြန်မာများအပါအဝင် လူသန်းချီ အခြေချနိုင်ခဲ့သော ဤလမ်းကြောင်းမှာ ယခုအခါ ပိတ်သွားပြီဖြစ်သည်။ ပို၍စိုးရိမ်ရသည်မှာ DV ဖြင့် ရောက်ရှိနေပြီးသူများကိုပါ နောက်ကြောင်းပြန်စစ်ဆေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။
နောက်ဆုံးတွင် ဒီဇင်ဘာ ၂၆ ရက်၌ အဝင်/အထွက်တိုင်းကို ဇီဝအချက်အလက် (Fingerprints) ဖြင့် စစ်ဆေးသည့် Biometric System ကို စတင်အသက်သွင်းလိုက်ခြင်းဖြင့် ၂၀၂၅ ခုနှစ်၏ ဆူနာမီလှိုင်းသည် အထွက်အထိပ်သို့ ရောက်ရှိခဲ့ကာ ၂၀၂၆ ဇန်နဝါရီ ၂၆ တွင် မြန်မာ ၄,၀၀၀ ခန့်မှာ တရားဝင်နေထိုင်ခွင့် အဆုံးသတ်တော့မည့် ဘေးနှင့် ရင်ဆိုင်နေရပါသည်။
“နင်ကအကောင်ကြီးတယ်… နှစ်ခါလျှောက်” ဤမူဝါဒများကို မြန်မာရိုးရာပုံပြင်ဖြင့် ဇာတ်ပေါင်းရသော် ကပ္ပိယက ဂဏန်းများကို ရေနွေးအိုးပေါ်က တုတ်တန်းကို ဖြတ်ကူးခိုင်းသကဲ့သို့ပင်။ ဟိုဘက်နှုတ်ခမ်းသို့ လွတ်မြောက်လုနီးပါးဖြစ်နေသော ဂဏန်းကြီးကို “နင်က အကောင်ကြီးတယ်၊ နှစ်ခါလျှောက်” ဆိုကာ ရေနွေးအိုးထဲ မပြုတ်ကျမချင်း အရောက်ပို့သကဲ့သို့၊ TPS နှင့် Immigration အခွင့်အရေးများကို အကြိမ်ကြိမ်စစ်ဆေးကာ နောက်ဆုံး ဟင်းအိုးထဲရောက်အောင် လုပ်နေခြင်းမျိုး ပေါ်လစီသာဖြစ်ပါ၏။
လက်နက်စွမ်းပြလျက် စကြဝတေးမင်းစက်
အမေရိကားသည် ကမ္ဘာ့ဦးဆောင်နိုင်ငံရယ်ပါ၊ အမေရိကားသမ္မတဟူသည် စကြဝတေးမင်းသဖွယ်သာ၊ ထိုသူ ထရမ့်၏ပေါ်လစီတိုင်းသည် ကမ္ဘာ့နိုင်ငံအားလုံးသို့ ပြင်းထန်စွာရိုက်ခတ်ပါ၏။ ယခုပင် ဥရောပနိုင်ငံများနှင့် ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုရီးယားတို့၏ လဝကပေါ်လစီများ အပြောင်းအလဲဖြစ်လာကုန်ကြလေပြီ။ ဒီဇင်ဘာ ၂၄ ထုတ်ပြန်သော ဟွန်ဒူးရပ်စ် (Honduras) နိုင်ငံ၏ သမ္မတရွေးကောက်ပွဲရလဒ်ပင် သမ္မတထရမ့် အလိုကျထွက်လာခဲ့ပြီ မဟုတ်ပါလော။
ဒို့ခေတ်ရောက်မှ အခြာဆုံး
တချိန်က ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်အင်ပါယာနှင့် အိမ်နီးချင်းများအလယ် ခေါင်းမော့ ရင်ကော့ကာ နှစ်ရာချီ လျမ်းလျမ်းတောက်ခဲ့သော ပုဂံ၊ တောင်ငူ၊ ကုန်းဘောင် မဟာမြန်မာသည် ဘယ်သို့ဖြစ်သနည်း။ မြန်မာနိုင်ငံသားမှန်လျှင် ပြည်တွင်းစစ် တခြိမ်းခြိမ်းချလျက် အစွန်းရောက်ကြကာ ဒုက္ခသည်များအဖြစ် နိုင်ငံတကာက ပြေးမြင်ကြသည့် ဘဝရောက်လျက်သား ဖြစ်၏။ ချိုင်းနား က ဧရာဝတီမြစ်သည် သူတို့ပိုင်နက်က စသည်ဆိုလာကာ၊ ထိုင်းက ရှမ်းပြည်နယ်အရှေ့ပိုင်းကို သူတို့ပိုင်မြေဟောင်းပါဟူ၍ မြေပုံထုတ်ပြနေ၏။
မြန်မာတို့ကား ကမ္ဘာ့နိုင်ငံများအောက်ရောက်လျက်မှ “ကြောက်ပြီလားကွ” ကြွေးကြော်ကာ သွေးကြွေးမှာ ဆွေးနွေးရန်မရှိကြလျှင် ဤနှုန်းနှင့် နိုင်ငံလည်းဆုံး လူမျိုးလည်း သုဉ်းပေလိမ့်။ သင်တို့ငါတို့အားလုံး အဆုံးတနေ့တွင် “ဗြဟ္မစိုရ်နိုင်ငံတော်”သို့ အိမ်ပြန်ခေါင်းချလိုသူများချည်း မဟုတ်လော။
၂၀၂၆ သည် စိန်ခေါ်မှုများဖြင့် စောင့်လျက်နေ၏။ စိန်ခေါ်လျှင် ဘွာမခတ်တမ်း ဆက်ချကြမည်လော?


