Click တစ်ချက်၏စွမ်းအား – ကျန်းမာပျော်ရွှင်သော သက်ကြီးတို့ဘဝအတွက် ဒစ်ဂျစ်တယ်နည်းပညာကို နားလည်တတ်ကျွမ်းခြင်း၏ အခန်းကဏ္ဍ by SweSwe Aye
၂၁ ရာစုတွင် ဒစ်ဂျစ်တယ်နည်းပညာကို နားလည်တတ်ကျွမ်းခြင်း (Digital Literacy) သည် ဇိမ်ခံစရာ ဂုဏ်ပကာသနတစ်ခု မဟုတ်တော့ဘဲ ကျန်းမာသော သက်ကြီးဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် မရှိမဖြစ်သည့် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း လူနည်းစုနှင့် ဝင်ငွေနည်းသော သက်ကြီးရွယ်အို အသိုက်အဝန်းများတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနိုင်မှုနှင့် ပတ်သက်၍ သိသာထင်ရှားသော ကွာဟချက်များ ရှိနေဆဲဖြစ်သည်။
ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းစေရန် ဒစ်ဂျစ်တယ်ကျန်းမာရေးစနစ်ကို အသုံးချခြင်း
GSA 2025 ဆွေးနွေးပွဲတွင် University of Central Florida မှ သုတေသီများဖြစ်ကြသည့် Dr. Ladda Thiamwong နှင့် Ph.D ဘွဲ့ကြိုကျောင်းသူ Chitra Banerjee တို့က ဒစ်ဂျစ်တယ်ကျန်းမာရေးစနစ်၏ သယ်ဆောင်ရလွယ်ကူမှုနှင့် အချိန်နှင့်တပြေးညီ အချက်အလက်ပေးပို့နိုင်မှုတို့သည် ကျန်းမာရေးဆေးကုသမှုခံယူရန် လက်လှမ်းမမီသော သက်ကြီးရွယ်အိုများအတွက် မည်သို့စွမ်းအားဖြစ်စေကြောင်းကို အဓိကထား ဆွေးနွေးခဲ့သည်။
“သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို သတိပေးချက်တွေနဲ့ တိုးတက်မှုအခြေအနေကို ခြေရာခံပေးနိုင်တဲ့ ဒစ်ဂျစ်တယ်ကျန်းမာရေး နည်းပညာတွေကို ပေါင်းစပ်အသုံးပြုခြင်းက ဝင်ငွေနည်းတဲ့ သက်ကြီးရွယ်အိုတွေကို ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်လာအောင် တွန်းအားပေးနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ မြှင့်တင်ပေးနိုင်ပါတယ်” ဟု Dr. Ladda Thiamwong က သုတေသနရလဒ်ကို ပြောကြားခဲ့သည်။
Dr. Ladda Thiamwong က ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်းမမီသော သက်ကြီးရွယ်အိုများအား ဒစ်ဂျစ်တယ်ကျန်းမာရေး နည်းပညာအသုံးပြု၍ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် တက်ကြွလှုံ့ဆော်ပေးခြင်းဆိုင်ရာ သုတေသနကို တင်ပြနေစဉ်။ Photo – SweSwe Aye)
ကျန်းမာရေးဆိုင်ရာ တန်းတူညီမျှမှုအတွက် ကွာဟချက်ကို ဖြည့်ဆည်းခြင်း
နည်းပညာ၏ အကျိုးကျေးဇူးများ ရှိနေသော်လည်း လူမှုရေးဆိုင်ရာ မညီမျှမှုများမှာ ဆက်လက်တည်ရှိနေသည်။ ဥရောပရှိ ကျန်းမာရေး၊ လူအိုဘဝနှင့် အငြိမ်းစားယူခြင်းဆိုင်ရာ စစ်တမ်း (SHARE) မှ အချက်အလက်များကို အသုံးပြု၍ Dr. Su-I Hou က ထင်ရှားသော ကွာဟချက်တစ်ခုကို ဖော်ထုတ်ခဲ့သည်။
ငွေကြေးပြည့်စုံသော သက်ကြီးရွယ်အိုများ၏ ၉၃ ရာခိုင်နှုန်း သည် ကျန်းမာရေးဆိုင်ရာ ဗဟုသုတကြွယ်ဝကြသော်လည်း ငွေကြေးအခက်အခဲရှိသူများတွင် ၆၅ ရာခိုင်နှုန်း သာ ရှိသည်။ ဤအချက်အလက်များအရ အင်တာနက်အသုံးပြုမှုနှင့် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတို့သည် ကျန်းမာရေးဗဟုသုတ ကြွယ်ဝခြင်းကို တိုက်ရိုက်အဆုံးအဖြတ်ပေးနေကြောင်း တွေ့ရှိရသည်။
လူသားဗဟိုပြု တီထွင်ဆန်းသစ်မှုနှင့် မှတ်ဉာဏ်ချို့ယွင်းမှုရောဂါ ကာကွယ်ခြင်း
ဒစ်ဂျစ်တယ်စာတတ်မြောက်မှုသည် မှတ်ဉာဏ်ချို့ယွင်းမှု အန္တရာယ်ကို လျှော့ချရာတွင်လည်း အားကောင်းသော လက်နက်တစ်ခု ဖြစ်လာသည်။ FINGER လေ့လာမှု မှ တွေ့ရှိချက်များအရ ဒစ်ဂျစ်တယ်ပစ္စည်းများမှတစ်ဆင့် မှတ်ဉာဏ်လေ့ကျင့်ခန်းလုပ်ခြင်း အပါအဝင် ဘက်စုံလူနေမှုဘဝပုံစံကို ပြုပြင်ပြောင်းလဲခြင်းသည် ဦးနှောက်ကျန်းမာရေးကို သိသိသာသာ အထောက်အကူပြုကြောင်း ဖော်ပြနေသည်။
Kubo Care ကို ပူးတွဲတည်ထောင်သူ Anurag Ramchandran က ဤတီထွင်ဆန်းသစ်မှုတွင် “လူသားဗဟိုပြု” ချဉ်းကပ်မှုကို အားပေးသည်။ “နည်းပညာဟာ သက်ကြီးရွယ်အိုတွေကို ကျော်တက်သွားတာမျိုး မဖြစ်သင့်ဘူး၊ သူတို့ကို ရှေ့သို့ ခေါ်ဆောင်သွားပေးနိုင်တာမျိုးပဲ ဖြစ်သင့်တယ်” ဟု ဆိုသည်။
အမေရိကား (US) ရှိ မြန်မာလူမှုနယ်ပယ်အတွင်း ဒစ်ဂျစ်တယ်စာတတ်မြောက်မှု လိုအပ်ချက်
အမေရိကား (US) ရောက် မြန်မာ့လူမှုအသိုက်အဝန်းတွင် ဒစ်ဂျစ်တယ်နည်းပညာကို နားလည်တတ်ကျွမ်းခြင်းသည် အသက်သွေးကြောတစ်ခု ဖြစ်လာသည်။

- ဘကြီးမြ (အသက် ၁၀၂ နှစ်၊ Oakland): YouTube နှင့် Messenger တို့ကို အသုံးပြု၍ ဘာသာရေးနှင့် လူမှုရေးဆက်သွယ်မှုများကို ထိန်းသိမ်းထားသည်။ “အွန်လိုင်းကနေ သူငယ်ချင်းတွေနဲ့ စကားပြောရတဲ့အခါ ကျွန်တော် အထီးမကျန်တော့ဘူး” ဟု ဆိုသည်။
- ဦးမျိုးမြင့်စိန် (အငြိမ်းစား ဗိသုကာပညာရှင်): “ပိုမိုလွယ်ကူမြန်ဆန်တဲ့ ဆက်သွယ်ရေးအတွက် ဒစ်ဂျစ်တယ်ပညာကို သင်ယူကြပါ” ဟု တိုက်တွန်းသည်။ ၎င်းသည် World Trade Center တည်ဆောက်ရာတွင် ပါဝင်ခဲ့သလို Walt Disney Concert Hall စီမံကိန်းတွင်လည်း အရေးပါသူတစ်ဦး ဖြစ်သည်။
- အရှင်သီရိ (မေတ္တာနန္ဒဝိဟာရကျောင်းတိုင်): “လူငယ်တွေ မိသားစုတွေက စိတ်ရှည်သည်းခံပြီး သင်ပေးရပါမယ်။ ၁ ကြိမ်သင်ပေးမရ ၂ ကြိမ်၊ ၂ ကြိမ်မရ ၃ ကြိမ်သင်ပေးရပါမယ်။ ဖြစ်နိုင်ရင် မြန်မာလိုရေးပြပြီး အားပေးရပါမယ်” ဟု မိန့်ကြားသည်။

ကွန်မြူနတီ၏ ပံ့ပိုးကူညီမှုများနှင့် အနာဂတ်မျှော်လင့်ချက်
One Myanmar Community (OMC) မှ ချိုမောင်က ဝင်ငွေနည်းသက်ကြီးရွယ်အိုများအတွက် အစိုးရမှ ထောက်ပံ့သော နည်းပညာပစ္စည်း (Free phones/tablets) များ ရရှိစေရန် ကူညီပေးနေသည်။
Peti Senior Center (New York) ၏ CEO ဦးအောင်နိုင်က “အခုဆို နာရီလိုမျိုး ဝတ်ဆင်နိုင်တဲ့ နည်းပညာပစ္စည်း (Wearables) တွေကနေ ကျန်းမာရေးကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်နေပြီ ဖြစ်လို့ ဒစ်ဂျစ်တယ်စာတတ်မြောက်မှုဟာ နေ့စဉ်လိုအပ်ချက်တစ်ခု ဖြစ်လာပါပြီ” ဟု ပြောကြားခဲ့သည်။ သို့သော်လည်း လိမ်လည်လှည့်ဖျားမှုများ (Scams) ကို သတိပြုနိုင်စေရေးကိုလည်း အလေးအနက်ထား သင်ကြားပေးလျက်ရှိသည်။
တီထွင်ဆန်းသစ်မှုနှင့် ဥပဒေကြောင်းအရ အကာအကွယ်ပေးမှု
သက်ကြီးကျန်းမာရေးပညာရှင်နှင့် ရှေ့နေတစ်ဦးဖြစ်သူ Dr. Mike Cantor က ဥပဒေမူဘောင်များသည် နည်းပညာတိုးတက်မှုနှုန်းကို အမီမလိုက်နိုင်ဖြစ်နေတတ်ကြောင်း သတိပေးသည်။ သို့သော် ElliQ ကဲ့သို့ ခေတ်မီအဖော်ပြုကိရိယာများကို အသုံးပြု၍ အွန်လိုင်းလိမ်လည်မှုများမှ ကာကွယ်ရန် အသုံးပြုသူများကို ပညာပေးနိုင်ကြောင်းလည်း သူက ထောက်ပြသည်။
“နည်းပညာတွေ တိုးတက်ပြောင်းလဲနေသလိုပဲ၊ ဥပဒေဆိုတာကတော့ ပုံမှန်အားဖြင့် နှေးနှေးကွေးကွေးပဲ လိုက်ပါပြောင်းလဲတတ်ပါတယ်။ နည်းပညာဆိုတာ ကောင်းတာ၊ ဆိုးတာထက် သင် ဘယ်လိုအသုံးချသလဲဆိုတာပေါ်မှာပဲ မူတည်ပါတယ်” ဟု Dr. Mike Cantor က ဆိုသည်။

This article was written with the support of a journalism fellowship from The Gerontological Society of America, The Journalists Network on Generations and The Silver Century Foundation.


