သေနတ်ဖြင့် အကြမ်းဖက်မှုများ အဆုံးသတ်နိုင်ရေးအတွက် ကျွမ်းကျင်သူများနှင့် အသက်ရှင်ကျန်ရစ်သူများ၏ ဆွေးနွေးချက် – by SweSwe Aye

kaiDecember 31, 20253min18690

အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများနှင့် သေနတ်ဖြင့် အကြမ်းဖက်မှုများသည် အမေရိကားတွင် နေထိုင်သူများအတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ထပ်တလဲလဲ ဖြစ်နေခဲ့သည်။ American Community Media မှ ဆွေး‌နွေးပွဲတွင် လေ့လာပြုစုထားသော အချက်အလက်များနှင့် ကိုယ်တွေ့ဖြစ်ရပ်များမှတစ်ဆင့် မျှော်လင့်ချက်အချို့ကို တွေ့ရှိခဲ့ရသည်။ အမေရိကားသည် အခြားနိုင်ငံများနှင့် ယှဉ်လျှင် သေနတ်ဖြင့် သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်နေဆဲ ဖြစ်သော်လည်း၊ မကြာသေးမီက တွေ့ရှိရသော အချက်အလက်များနှင့် သုတေသနပြုချက်အရ ထိုအခြေအနေမှာ ပြောင်းလဲစပြုနေပြီ ဖြစ်ကြောင်း သိရသည်။

အသက်ရှင်ကျန်ရစ်သူ၏ အသံ – “ကျွန်မတို့နဲ့တင် ဒီဖြစ်ရပ်တွေ ရပ်တန့်သွားသင့်တယ်”

ရှင်းလင်းပွဲတွင် Teachers Unify to End Gun Violence အဖွဲ့၏ ပူးတွဲတည်ထောင်သူနှင့် ဆရာမတစ်ဦးဖြစ်သူ Sarah Lerner က ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော သေနတ်ပစ်မှုကို ပြောပြသည်။ Sarah Lerner သည် ၂၀၁၈ ခုနှစ်က လူ ၁၇ ဦး သေဆုံးခဲ့သည့် Marjory Stoneman Douglas အထက်တန်းကျောင်း ပစ်ခတ်မှုဖြစ်စဉ်တွင် ကျောင်း၌ ရှိနေခဲ့သူဖြစ်သည်။

“ကျွန်မ ကျောင်းသားတွေနဲ့ အတန်းထဲမှာ ရှိနေတုန်း… မီးရှူးမီးပန်း ဖောက်သံလိုမျိုး အသံတွေ ကြားလိုက်ရတယ်” ဟု Lerner က ပြန်ပြောပြသည်။

သူမသည် ထိတ်လန့်စရာကောင်းသော ၃ နာရီကြာ Lockdown ချထားသော အခြေအနေနှင့် ထိုစဉ်က အသက် ၉ နှစ်နှင့် ၁၂ နှစ်အရွယ်သာ ရှိသေးသော သူမ၏ ကလေးများထံသို့ သူမ အသက်ရှင်နေသေးကြောင်း စာပို့ခဲ့ရသည့် စိတ်ဒဏ်ရာများကို ရှင်းပြခဲ့သည်။

သေနတ်ဆိုင်ရာ အငြင်းပွားမှုများတွင် ပညာရေးလောကမှ အသံများကို မေ့လျော့နေတတ်ကြကြောင်း Lerner က အလေးပေးပြောကြားခဲ့သည်။ “ကျွန်မတို့က နေ့တိုင်း အတန်းထဲမှာ ရှိနေပြီး ကလေးတွေရဲ့ ဇာတ်လမ်းတွေကို နားထောင်ပေးတယ်၊ မျက်ရည်တွေကို သုတ်ပေးတယ်၊ သူတို့ကို ပွေ့ဖက်အားပေးနေတဲ့သူတွေပါ” ဟု သူမက ဆိုသည်။ ထို့ပြင် ဆရာ၊ ဆရာမများကို သေနတ်ကိုင်ဆောင်ခွင့်ပြုမည့် မူဝါဒများကိုလည်း “အဓိပ္ပာယ်မဲ့” ပြီး “ယုတ္တိမဲ့” သော အကြံပြုချက်ဟု သူမက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

“ကျွန်မ ကောလိပ်တက်ခဲ့တာ အင်္ဂလိပ်စာ သင်ဖို့ပါ၊ ရဲအရာရှိ ဒါမှမဟုတ် လုံခြုံရေးဝန်ထမ်း လုပ်ဖို့ မဟုတ်ပါဘူး။ လူနည်းစု တိုင်းရင်းသား ကျောင်းသားတွေ အများကြီးရှိတဲ့ ကျောင်းတွေမှာ သေနတ်တွေ ပိုပြီး ထည့်သွင်းလိုက်တာဟာ သူတို့အတွက် ပိုပြီး စိတ်မသက်မသာ ဖြစ်စေသလို စိတ်ဒဏ်ရာကိုလည်း ပိုတိုးစေပါတယ်”

စိတ်ကျန်းမာရေးနှင့် ပတ်သက်သော အယူအဆအမှားကို ဖြေရှင်းခြင်း

ကိုလံဘီယာတက္ကသိုလ်မှ လက်တွေ့စိတ်ကျန်းမာရေးပညာ ပါမောက္ခ Dr. Ragy Girgis က ၁၉၀၀ ပြည့်နှစ်ကတည်းက ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက် လူသတ်မှုများကို စုစည်းထားသည့် အကြီးဆုံး database မှ တွေ့ရှိချက်များကို တင်ပြခဲ့သည်။ သူ၏ သုတေသနသည် “အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများသည် စိတ်ကျန်းမာရေး ပြဿနာကြောင့်သာ ဖြစ်သည်” ဟူသော နိုင်ငံရေးအရ ပြောဆိုလေ့ရှိသည့် အချက်ကို ငြင်းခုန်စရာအချက်တစ်ခုအဖြစ် ဆွေး‌နွေးခဲ့သည်။

အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများ၏ ၅ ရာခိုင်နှုန်းသာလျှင် ပြင်းထန်သော စိတ်ကျန်းမာရေးရောဂါ (စိတ်ဖောက်ပြန်ခြင်း သို့မဟုတ် စိတ်အမြင်မှားခြင်း) ကြောင့် ဖြစ်ပွားခြင်း ဖြစ်သည်။ ကျန် ၉၅ ရာခိုင်နှုန်းမှာ အခြားသော အကြောင်းရင်းများကြောင့် ဖြစ်သည်။

“အချုပ်အားဖြင့်ဆိုရရင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှု အများစုဟာ စိတ်ကျန်းမာရေးနဲ့ လုံးဝ မသက်ဆိုင်ပါဘူး” ဟု Dr. Girgis က ပြောကြားခဲ့သည်။ ပစ်ခတ်သူ ၅၀ ရာခိုင်နှုန်းခန့်တွင် စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါတစ်ခုခု ရှိနေနိုင်သော်လည်း၊ ၎င်းမှာ အမေရိကန် အထွေထွေလူဦးရေ၏ ၄၀-၄၅ ရာခိုင်နှုန်းတွင် စိတ်ကျန်းမာရေးရောဂါ ရှိနေသည့်နှုန်းနှင့် အတူတူပင် ဖြစ်သည်။

အစုလိုက်အပြုံလိုက် ပစ်ခတ်သူများတွင် တွေ့ရလေ့ရှိသော စိတ်ပိုင်းဆိုင်ရာ လက္ခဏာ ၃ ခုကိုလည်း သူက ဖော်ထုတ်ပြခဲ့သည် –

  1. သေနတ်ကို အလွန်အမင်း စွဲလမ်းခြင်း။
  2. Nihilism: ဘဝတွင် ဘာမှ အဓိပ္ပာယ်မရှိတော့ဟု ခံစားရကာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်လိုခြင်း။
  3. Narcissism: မိမိကိုယ်ကိုယ် ယုံကြည်မှု နည်းပါးခြင်းကို အခြားသူများအပေါ် အကြမ်းဖက်ခြင်းဖြင့် ဖော်ပြခြင်း။

“တစ်ယောက်ယောက်က သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အဖမ်းခံရမှာ ဒါမှမဟုတ် ထောင်ကျမှာကို ကြောက်တဲ့ တတိယမြောက် အတားအဆီးဟာ ပျောက်ဆုံးသွားပါပြီ။ ဒါကြောင့် ပစ်ခတ်မှု ကျူးလွန်ဖို့ ပိုလွယ်ကူသွားတာ ဖြစ်ပါတယ်”

သိသိသာသာ ကျဆင်းလာသော လမ်းကြောင်း

Dr. Daniel Webster (Bloomberg Professor of American Health, Johns Hopkins University) က အမေရိကားတွင် လူသတ်မှုနှုန်းသည် ၂၀၂၁-၂၀၂၂ အမြင့်ဆုံး ကာလထက် ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ဆွေးနွေးခဲ့သည်။

Detroit မြို့တွင် ၇၆ ရာခိုင်နှုန်း၊ Baltimore နှင့် Philadelphia မြို့တို့တွင် ၆၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားသည်ကို တွေ့ရသည်။ “ဒီနှစ်အတွက် အချက်အလက်တွေ အားလုံးကို စုစည်းလိုက်ရင် ၁၉၆၀ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံး လူသတ်မှုနှုန်းကို တွေ့ရနိုင်တယ်လို့ အချို့က ခန့်မှန်းနေကြပါတယ်” ဟု Dr. Webster က ဆိုသည်။

Dr. Webster က ဤသို့ ကျဆင်းရခြင်းမှာ Pandemic အလွန် အခြေအနေများ ပြန်လည်ကောင်းမွန်လာခြင်းနှင့် အကြမ်းဖက်မှု တားဆီးရေး အစီအစဉ်များတွင် ဖက်ဒရယ်အစိုးရမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၂၀၂၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော Ghost Gun Laws (မှတ်ပုံမတင်ထားသော သေနတ်များကို ထိန်းချုပ်ရေး ဥပဒေ) ၏ အောင်မြင်မှုကို ဆွေးနွေးခဲ့သည်။

“ယနေ့ ပစ်ခတ်မှုတစ်ခုကို တားဆီးနိုင်တဲ့ မူဝါဒ ဒါမှမဟုတ် အစီအစဉ်တိုင်းဟာ နောင်ဖြစ်လာမယ့် ပစ်ခတ်မှုတွေကိုပါ တားဆီးပေးတာ ဖြစ်ပါတယ်။ သေနတ်နဲ့ အကြမ်းဖက်မှုဆိုတာ ကူးစက်တတ်တဲ့ ရောဂါလိုပါပဲ၊ ကောင်းမွန်တဲ့ ကြားဝင်ဆောင်ရွက်မှုတွေကလည်း အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေကို ကူးစက်စေပါတယ်”

မူဝါဒများ

သေနတ်ဖြင့် အကြမ်းဖက်မှုသည် အမေရိကန်ဘဝတွင် ရှောင်လွှဲ၍မရသော အရာမဟုတ်ဘဲ တားဆီးနိုင်သော အရာဖြစ်ကြောင်း ကျွမ်းကျင်သူများက သဘောတူညီခဲ့ကြသည်။ Dr. Girgis က သေနတ်ဆိုင်ရာ ဥပဒေ အားနည်းသော ပြည်နယ်များတွင် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုနှင့် သေဆုံးမှုနှုန်း ပိုမိုမြင့်မားကြောင်း ထောက်ပြခဲ့သည်။

Dr. Webster က အိမ်တွင်းအကြမ်းဖက်မှုသည် သေနတ်ပစ်ခတ်မှု၏ ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း၊ အကြမ်းဖက်သူတွင် သေနတ်ရှိနေပါက သေဆုံးနိုင်ခြေ ၅ ဆ ပိုများကြောင်း ဆိုသည်။

အမေရိကား၏ သေနတ်ဖြင့် သေဆုံးမှုနှုန်းသည် အခြားနိုင်ငံများထက် ၂၅ ဆ ပိုမိုမြင့်မားနေဆဲ ဖြစ်သော်လည်း၊ မကြာသေးမီက ရရှိသော အချက်အလက်များအရ ထိရောက်သော ကြားဝင်ဆောင်ရွက်မှုများနှင့် မှန်ကန်သော မူဝါဒများဖြင့် ဤအခြေအနေကို ပြောင်းလဲနိုင်ကြောင်း သက်သေပြနေပါသည်။