မြန်မာပြည် သတင်းဒိုင်ယာရီ December 2025

Dec 23 . ဧရာဝတီမြစ်ဘေးက မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို စစ်တပ်က ပြန်ရခဲ့တာကြောင့် မြစ်အရှေ့ခြမ်း တကြောလုံးကို တော်လှန်ရေးအင်အားစုတွေ
လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။

အမျိုးသားညီညွတ်‌ရေးအစိုးရ(NUG) စိုးမိုးနယ်မြေတွေအတွင်းမှာ လောင်းကစားနဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာနဲ့ တိုင်တန်းမှုတွေများလာတာကြောင့် 

ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး အဲဒီကိစ္စတွေကို ဖမ်းဆီးဖို့ပျက်ကွက်သူတွေ အကာကွယ်ပေးသူတွေနဲ့ တံစိုးလက်ဆောင်ယူတဲ့သူတွေကိုပါ အရေးယူ
အပြစ်ပေးသွားမယ်လို့ ကြားကာလဒေသန္တရ ပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။

Dec 22 . မြန်မာစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေကို ခေါ်ယူနေချိန်မှာပဲ တဖက်မှာလည်း အမည်မသိရသေးတဲ့အုပ်စုဖွဲ့သူတွေက လူငယ်တွေကို လမ်းမှာ ပြန်ပေးဆွဲတာ၊
မိသားစုဆီက ငွေညှစ်တောင်းတာနဲ့ စစ်မှုထမ်းအဖွဲ့ဆီ ရောင်းစားတာတွေ ပြုလုပ်နေတာကြောင့် ရန်ကုန်နဲ့ မြို့ပြလူငယ်တွေ စိုးရိမ်ပူပန်နေကြရကြောင်း DVB သတင်းက
ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ မြန်မာကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့အမှုကို နယ်သာလန်နိုင်ငံ 

သယ်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ လာမဲ့ ၂၀၂၆၊ ဇန်နဝါရီလမှာ ကြားနာစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ တရားရုံးက ကြေညာထားပြီး
နှစ်ဖက်လျှောက်လဲချက် ကြားနာတာအပြင် လူသက်သေတွေပါ တံခါးပိတ်စစ်ဆေးဖို့ ရှိပါတယ်။

Dec 21 . ရှမ်းပြည်နယ်ထဲ ပအိုဝ်းပြည်သူ့စစ်(PNO/PNA)နယ်မြေတွေနဲ့ ဆက်စပ်နယ်မြေတွေဖြစ်တဲ့ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်နဲ့ လွိုင်လင်မြို့နယ်တွေက ဘိန်းခင်းဧကပေါင်း
ရာချီကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖျက်ဆီးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကရင်ပြည်နယ်၊ မြဝတီဒေသထဲက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဖျက်ဆီးရှင်းလင်းနေတာ (၁)လကျော်ချိန် အဲဒီထဲက လုပ်ငန်းတချို့ကတော့ လက်နက်ကိုင်တပ်တွေ 

ထိန်းချုပ်ထားရာ နေရာတချို့ကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ ပြင်ဆင်နေတာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

Dec 20 . မြန်မာ့အရေး တခုတည်းအတွက် အာရုံစိုက်လုပ်ဆောင်ရမယ့် “မြန်မာ့အရေး အာဆီယံ အမြဲတမ်းအထူးသံတမန်” ခန့်အပ်နိုင်ရေး မလေးရှား၊ ကွာလာလမ်ပူမှာ
ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာပြည်တွင်းကို ပြည်ပကနေ ဆီတင်သွင်းတဲ့ အမြတ်ကြီးစား ခရိုနီတွေရဲ့ စက်သုံးလောင်စာဆီ မသမာမှုကြောင့် နိုင်ငံတော်ရဲ့ နစ်နာဆုံးရှုံးမှုပမာဏ 

ငွေကျပ် ဘီလီယံ(၅၄၀)ကျော်ထိ ရှိခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်တွေက ပြောပါတယ်။

Dec 19 . Dec 19 . ဖမ်းဆီးခံထားရတဲ့ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းမရဘဲ အဆက်အသွယ် ပြတ်နေတာ ကြာပြီမို့ သူ မသိလိုက်ရခင် ကွယ်လွန်သွားတာမျိုး
ဖြစ်နိုင်ကြောင်း သားဖြစ်သူ ကင်မဲရစ်(ခေါ်)ကိုထိန်လင်းက ပြောပြီး၊ ဒါဟာ သတင်းမှားပါလို့ မြန်မာစစ်အစိုးရဘက်က တုံ့ပြန်ထားပါတယ်။ လူမြင်ကွင်းကနေ ၅ နှစ်နီးပါး ပျောက်ကွယ်နေပြီး
ပြင်ပကမ္ဘာနဲ့ပါ အဆက်အသွယ် ဖြတ်တောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းတယ် ဆိုတာကို စာနဲ့ထုတ်ပြန်ရုံသာမက သက်သေအထောက်အထားနဲ့ပါ
ထုတ်ပြောသင့်တယ်လို့ တုံ့ပြန်မှုတွေလည်း ရှိခဲ့ပါတယ်။

"အပစ်ရပ်စာချုပ်(NCA)မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ ပါဝင်လက်မှတ်ရေးထိုးပြီး လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ကြပေမဲ့ တချို့ကတော့ 

လမ်းမှားလျှောက်နေကြတယ်”လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (ဒီနေ့)ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား သဝဏ်လွှာမှာ
ပြောပါတယ်။

Dec 18 ။ လူငယ်တွေရဲ့ ရှောင်တိမ်းငြင်းပယ်မှုကို ခံနေရတဲ့ မြန်မာစစ်တပ်ရဲ့ စစ်မှုထမ်းခေါ်ယူမှု အစီအစဥ်ဟာ သူတို့ရနိုင်တဲ့ သင်တန်းသားအရေအတွက်
အရနည်းလာလေ သင်တန်းတွေ ပိုတိုးဖွင့်လာလေဖြစ်နေကြောင်း စစ်ဖက်ဆိုင်ရာသုတေသနအဖွဲ့(MDSI)က သုံးသပ်ပါတယ်။

ရွေးကောက်ပွဲကို နှောင့်ယှက်တယ်ဆိုပြီး လူပေါင်း စုစုပေါင်း ၂၂၉ ယောက်ကို အမှုဖွင့် ဖမ်းဆီးထားပြီး ဆက်ပြီး စုံစမ်းဖော်ထုတ်အရေးယူဖို့ရှိကြောင်း 

စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

Dec 17 ။ ပြည်တွင်း‌‌‌‌နိုင်ငံခြားငွေကြေးဈေးကွက်မှာ US ဒေါ်လာဈေးကတော့ ကျပ် ၄,၀၀၀ ပေါက်ဈေးရှိပြီး အနည်းငယ် ပြန်ကျဆင်းနေပြီး မြန်မာ့ရွှေပြင်ပပေါက်ဈေးကတော့
တကျပ်သား ကျပ်သိန်း ၉၀ ကျော်လာကြောင်း ရွှေဈေးကွက်က ပြောပါတယ်။

မြန်မာ၊ တနင်္သာရီကမ်းလွန်မှာ ကမ္ဘာ့အကြီးဆုံးဓာတ်ငွေ့သိုက်တွေထဲမှာ တခုအပါအဝင်ဖြစ်လာနိုင်တဲ့သဘာဝဓာတ်ငွေ့သိုက်ကြီးတခု တွေ့ထားကြောင်း 

သတင်းတွေ ထွက်ပေါ်ခဲ့ပြီး၊ ဒီလုပ်ကွက်ဟာ တနင်္သာရီတောင်ပိုင်း၊ မြိတ်ခရိုင်ထဲက အကြီးဆုံးကျွန်း ကတန်ကျွန်းကြီးရဲ့ အနောက်ဘက်မှာ တည်ရှိပြီး စတုရန်းကီလိုမီတာ
၁၃,၀၀၀ ကျော်ရှိတဲ့ M-15 လုပ်ကွက်ဖြစ်တယ်လို့ သတင်းတွေက ဖေါ်ပြပါတယ်။

Dec 16 ။ ကချင်ပြည်နယ်ဟာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ဖို့ သဘာဝတရားက ကြီးမားစွာ ဖန်တီးပေးထားတဲ့အတွက် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပြန်ပြီး
အကောင်အထည်ဖော်သွားမယ်လို့ စစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပြောပါတယ်။

နေပြည်တော်မှာ အကျဉ်းကျနေတဲ့ ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်းကြောင်း၊ သူ့သားဖြစ်သူပြောဆိုချက်ဟာ သတင်းအမှားသာဖြစ်ကြောင်း 

စစ်ကောင်စီက သက်သေမပြဘဲ သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေပြီး သူ့အမေ အသက်ရှင်နေမှုဟာ
မသေချာတော့ကြောင်း သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ် အဲရစ်က ရိုက်တာသတင်းဌာနဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

Dec 15 ။ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်ကနေ မလေးရှားနဲ့ ထိုင်းရေပိုင်နက်ကိုပို့မယ့် မူးယစ်ဆေး ကျပ်သန်း ၁၃၃,၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိပြီး ဦးဆောင်စီမံသူတွေကိုတော့
မမိသေးဘူးလို့ စစ်ကောင်စီရဲ့ မူးယစ်ဆေးထိန်းချုပ်ရေးဗဟိုအဖွဲ့က သတင်းထုတ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ကို ဗျူဟာမြောက် ခုခံတွန်းလှန်ဖို့အတွက် တော်လှန်ရေးအင်အားစုအဖွဲ့(၁၉)ဖွဲ့ ပါဝင်တဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု 

(Spring Revolution Alliance – SRA)ကို ဖွဲ့စည်းလိုက်ကြောင်း တပ်ပေါင်းစုအဖွဲ့ဝင်တွေက တော်လှန်ရေးကတိကဝတ်တွေကို ထုတ်ပြန်ကြေညာပါတယ်။

Dec 14 ။ ရွေးကောက်ပွဲအလွန် နောင်လာမဲ့ အစိုးရသစ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေကသာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သမ္မတအဖြစ်ရွေးချယ်ခဲ့ရင်
စစ်ခေါင်းဆောင်အနေနဲ့ သမ္မတတာဝန်ယူနိုင်ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ပါတယ်။

အကျဉ်းထောင်တွေထဲ နိုင်ငံရေးအကျဉ်းသားတွေ အများဆုံး သေဆုံးရတာဟာ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာက အဓိက 

အကြောင်းရင်းဖြစ်ကြောင်း မြန်မာ့အကျဉ်းထောင်သက်သေ(MPW)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Dec 13 ။ မကွေးတိုင်း၊ ပခုက္ကူခရိုင်မှာ ရွေးကောက်ပွဲအတွက် နယ်မြေထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက စစ်ကြောင်း ၄ ခုခွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း
ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ရဲ့ အင်တာနက်လွတ်လပ်ခွင့်အတွက် အညွှန်းကိန်း ၂၁ ခုကို တွက်ချက်ကြည့်ရာမှာ မြန်မာပြည်က ၁၀၀ မှာ ၉ မှတ်ပဲရပြီး 

အဆိုးဆုံး အခြေအနေကို ချိုင်းနားပြည်နဲ့အတူ ရပ်တည်နေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Freedom House ရဲ့ Human Rights Myanmar က
သတင်းထုတ်ထားပါတယ်။

Dec 12 ။ လာမယ့် ၂၀၂၆ ခုနှစ်ထဲ မြန်မာပြည်မှာ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် မြင့်တက်လာနိုင်ပြီး လူဦးရေ ၁၂ သန်းကျော်ဟာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့
ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က သတိပေး ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကစလို့ ရန်ကုန်မြို့နဲ့ မန္တလေးက အိမ်သုံးဝိုင်ဖိုင်အင်တာနက်လိုင်းတွေ ပြတ်တောက်နှေးကွေးနေတဲ့အပြင် မိုဘိုင်းဒေတာတွေလည်း 

သုံးလို့ အဆင်မပြေကြောင်း သိရပါတယ်။

Dec 11 ။ ပြည်တွင်း အခေါက်‌ရွှေဈေးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၉ ရက်က ကျပ် ၈၈ သိန်းခန့်သာ ရှိခဲ့ပြီး ရက်ပိုင်းအတွင်း ကျပ် ၄ သောင်းဝန်းကျင် ပြန်မြင့်တက်လာတာပြီး
US (1 ဒေါ်လာ ) – ကျပ် ၄,၀၀၀ ဝန်းကျင်ထိ ပြန် ကျလာပေမဲ့ ကမ္ဘာ့ရွှေဈေး အတက်ကြောင့် ပြည်တွင်းဈေး လိုက်ပါမြင့်တက်လာခဲ့ပါတယ်။

အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းတွေဟာ မြန်မာပြည်တွင်း တည်ရှိနေပေမဲ့ အဓိကအကျိုးအမြတ် ရရှိသူ မဟုတ်ဘူးလို့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးက 

ပြောခဲ့ပါတယ်။

Dec 10 ။ အာရက္ခ တပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်က ခရိုင်အဆင့် ဆေးရုံကြီးကို မနေ့ညပိုင်းမှာ မြန်မာစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ
တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား(၃၀)ကျော် သေဆုံးပြီး၊ လူ(၇၀)ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ထိခိုက် ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရသူတွေ
ရှိတာကြောင့် သေဆုံးသူ တိုးလာနိုင်ကြောင်း AA ဘက်က ပြောခဲ့ပါတယ်။

ပြည်ပကို တင်ပို့နေတဲ့ ပဲအမျိုးအစားတွေဟာ "လေပတ်ကား"လို့ခေါ်တဲ့ ကုန်ပစ္စည်းမပါဘဲ အရောင်းအဝယ်လုပ်နေသူတွေကြောင့် ဈေးထိုးကျပြီး 

အရှုံးပေါ်နေကြောင်း သီးနှံစိုက်ပျိုးထုတ်လုပ်သူ ကုန်သည်တွေက ပြောပါတယ်။

Dec 09 ။ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရွှေလုပ်ကွက်တွေနဲ့ သယံဇာတတူးဖော်တဲ့ နေရာတွေကို
ဒီရက်ပိုင်း မြန်မာစစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်လုပ်နေပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိနေကြောင်း BBC သတင်းက ဖေါ်ပြခဲ့ပါတယ်။

အခုနှစ် ကြံရာသီမှာ စက်ရုံအရောက်ဝယ်တဲ့ဈေးနှုန်း ကျဆင်းလာတဲ့အတွက် ကြံစိုက်တောင်သူတွေ တွက်ခြေမကိုက်ဘဲ အရှုံးပေါ်နေကြောင်း သိရပါတယ်။ 

ကြံ ၁ တန် စက်ရုံအရောက်ဈေး ၁၇၀,၀၀ဝ ကျပ်နှုန်းနဲ့ ဝယ်ယူမယ်လို့ သကြားစက်ရုံတွေက ပြောထားတာပါ။

Dec 08 ။ မြန်မာဟာ ကမ္ဘာ့အကြီးဆုံးစစ်တပ်တွေပိုင်ဆိုင်ထားကြတဲ့ အိန္ဒိယနဲ့ ချိုင်းနားနိုင်ငံကြားမှာ တည်ရှိနေပြီး သြစတြေးလျအခြေစိုက် သုတေသနအဖွဲ့
Lowy Institute ရဲ့ အာရှအင်အားကြီးနိုင်ငံများ ညွှန်းကိန်းအရ ဒီနှစ်အတွက် နိုင်ငံ ၂၇ ခု သုတေသနပြချက်(Asia Power Index)မှာ မြန်မာက အဆင့် ၂၃ ချိတ်နေပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ကနေ အမြန်ဆုံး လွတ်မြောက်ရေးအတွက် မေတ္တာရပ်ခံပေးဖို့ နိုင်ငံတော်သံဃမဟာနာယက 

ဆရာတော်ကြီးတွေဆီ ဂျပန်ရောက်မြန်မာလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့(Hands Of Peace)က ပန်ကြားလိုက်ပါတယ်။

Dec 07 ။ မြန်မာကိုယ်စားပြု ချင်းတိုင်းရင်းသား ဖိုက်တာ အသက် ၂၃ နှစ်အရွယ် “ဂျိုရှူအာဗန်”ဟာ US ၊ လတ်ဗီးဂပ်စ်မှာ ကျင်းပတဲ့ UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ
ခါးပတ်လုပွဲမှာ လက်ရှိချန်ပီယံ ဘရာဇီးဖိုက်တာ “ပန်တိုဂျာ”ကို အနိုင်ရသွားပြီး UFC ချန်ပီယံဖြစ်လာတဲ့ ပထမဆုံး မြန်မာဖိုက်တာ တယောက် ဖြစ်လာကာ
အာရှနွယ်ဖွားတွေထဲ ပထမဆုံး ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

"စစ်ပွဲတွေမှာ ဉာဏ်ရည်တုနည်းပညာ(AI)စနစ်တွေကို အသုံးပြုပြီး အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ စုဆောင်းနိုင်တာကြောင့် 

ရန်သူရဲ့လှုပ်ရှားမှုတွေကို ထိရောက်စွာ ထောက်လှမ်းနိုင်မယ်”လို့ ပြင်ဦးလွင်မှာလုပ်တဲ့ ဗိုလ်လောင်းဆင်းပွဲမှာ မြန်မာစစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။

Dec 06 ။ ဒီနှစ်ထဲ အကျိုးဆောင်လိုင်စင် ပိတ်သိမ်းခံရတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီ(၃၇)ခု ရှိကြောင်း စစ်ကောင်စီလက်အောက် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက
သတင်း ထုတ်ပြန်ခဲ့ပြီး၊ လက်ရှိမှာ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့် မပေးတော့ဘဲ အေဂျင်စီတခုချင်းအလိုက် စေလွှတ်ရမဲ့
လုပ်သားအရေအတွက်လည်း ကန့်သတ်ထားတာပါ။

မြန်မာစစ်တပ်ဦးဆောင်မယ့် ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲအလွန် အခင်းအကျင်းလိုမျိုး မဖြစ်နိုင်ကြောင်း SAC- M (မြန်မာနဲ့ ပတ်သက်လို့ 

တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ဟောင်းတွေနဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေ ပါဝင်တဲ့အဖွဲ့)ထုတ်ပြန်တဲ့
စာတမ်းက ဖော်ပြပါတယ်။

Dec 05 ။ ဒီဇင်ဘာ ၂၈ ရက် မှာ ပြုလုပ်မယ့် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို US လွှတ်တော်နဲ့ ယူကေတို့လို ဒီမိုကရေစီနိုင်ငံတွေက နိုင်ငံတကာမှာ
ဝေဖန်မှုတွေ ရှိနေပေမဲ့ အိမ်နီးချင်း ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ ချိုင်းနားကတော့ ထောက်ခံသွားမယ်လို့ တရားဝင်ထုတ်ပြောထားပါတယ်။

ရန်ကုန်မြို့လယ်၊ မဟာဗန္ဓုလလမ်းက "ရွှေဇင်"ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းနဲ့ ငွေသား ကျပ်သိန်း ၁,၀၀၀ ပါသွားပြီး 

ရွှေတန်ဖိုးကို မသိရသေးပါ။ စစ်အာဏာသိမ်းပြီး ၂၀၂၁ ကနေ ၂၀၂၅ အတွင်း ရန်ကုန်မှာ လူသတ်၊ လုယက်မှု ၁၅၁ မှု၊ လုယက်မှု ၁၄၃ မှု အပါအဝင်
ရွှေဆိုင်ဓားပြတိုက်မှု ၁၇ မှု ရှိကြောင်း မြန်မာပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Dec 04 ။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ရာထူးကနေ နုတ်ထွက်ပြီးနောက်
US ရောက် ချင်းပညာတတ် လူငယ်တွေ ပါဝင်တဲ့ Institute of Peace and Federal Democracy(IPFD)ကို ဦးဆောင်ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ အစားအစာ ငတ်မွတ်မှုဒုက္ခကို ပဉ္စမြောက် အဆိုးရွားဆုံး ခံစားနေရတဲ့နိုင်ငံ ဖြစ်လာနေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်

(WFP)ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Dec 03 ။ ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ ဒီရက်ပိုင်းမှာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အနီရောင်အဆင့်အထိ ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံ မွမ်ဘိုင်း၊ ထိုင်းနိုင်ငံ
ဘန်ကောက်မြို့တို့ထက် ပိုပြီးဆိုးရွားနေကြောင်း သိရပါတယ်။

မြန်မာပြည်မှာ ဒီနှစ်ထဲ တရားမဝင် ဘိန်းစိုက်ပျိုးမှု ဆယ်စုနှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး မနှစ်ကထက် ၁၇ %  မြင့်တက်လာကြောင်း 

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာအဖွဲ့ရုံး(UNODC)က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Dec 02 ။ မြန်မာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မသန်စွမ်းဦးရေ ၂ ဆနီးပါး တိုးလာကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

လာနီညာ ရာသီဥတုကြောင့် ရန်ကုန်ဆောင်းတွင်းမှာ အအေးဓာတ် ပိုပြီး အအေးဒဏ်အတွက် ဘေထုပ်အနွေးထည်ကို အခြေခံလူတန်းစားတွေ 

အားကိုးနေရပေမဲ့ သွင်းကုန်ကန့်သတ်ချက်တွေကြောင့် ဈေးကွက်ထဲ မလုံလောက် ဖြစ်နေခဲ့ပါတယ်။

Dec 01 ။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး တာဝန်ယူထားသူ ဒေါက်တာဆာဆာက
NUG အစိုးရအဖွဲ့ထဲကနေ နုတ်ထွက်ခဲ့ပါတယ်။

ကရင်နီပြည်နဲ့ ကယန်းဒေသမှာ စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်တာကာလအတွင်း အရပ်သားနဲ့ စစ်ဘေးရှောင်ပြည်သူ(၈၃၀)ကျော် သေဆုံးခဲ့ရကြောာင်း 

တိုးတက်​သော ကရင်နီပြည်သူ့အင်အားစု(PKPF)က သတင်းထုတ်ပြန်ထားပါတယ်။

Nov 30 ။ US ယာယီခိုလှုံခွင့်-TPS (Temporary Protected Status)ဖျက်သိမ်းပြီး နှင်လွှတ်မယ့် မြန်မာပြည်သား ၄,၀၀၀ အပါအဝင် ကမ္ဘာတဝန်းက မြန်မာပြည်သားများ
မိခင်နိုင်ငံပြန်လာကြပြီး ရွေးကောက်ပွဲ မဲပေးကြရင် ကြိုဆိုမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာရွေးကောက်ပွဲကို နိုင်ငံတကာက ကန့်ကွက်နေတာကြောင့် လက်ခံလာအောင် ဆောင်ရွက်ပေးဖို့ ဘီလာရုစ် အာဏာရှင်သမ္မတ "လူကာရှန်"ကို 

မြန်မာစစ်ခေါင်းဆောင်က အကူအညီတောင်းခဲ့ကြောင်း သိရပါတယ်။

Nov 29 ။ စစ်တပ်ဘက်တော်သား အဆိုတော်”ယုန်လေး”ရဲ့ သိန်း ၆,၀၀၀ ကျော် အကုန်ကျခံ ရိုက်ထားတဲ့”မြို့ပြထဲက လမ်းမ”ဇာတ်ကားကို ကြည့်ရှုသူ တဦးမှ
မရှိတာကြောင့် ရုံပိတ်လိုက်ရကြောင်း ကာယကံရှင် ယုန်လေး ကိုယ်တိုင်က လူမှုကွန်ယက်ကနေ ပြောခဲ့ပါတယ်။

၂၀၁၁ မှာ ဦးသိန်းစိန်အစိုးရအမိန့်နဲ့ ယာယီ ရပ်ဆိုင်းထားခဲ့တဲ့ ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က 

ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ချိုင်းနား ယူနန် SPICYN ကုမ္ပဏီနဲ့အတူ လုပ်ငန်းတွေ ပြန်စတင်လိုက်ကြောင်း သိရပါတယ်။

Nov 28 ။ စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားကို ဝေဖန်ခဲ့လို့ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင်
အုန်းဒိုင်း တို့ကို ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ရေးဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က လက်လွှတ်ဖို့ သဘောတူထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို ကားအစီး ၁၀၀ ဝန်းကျင် 

အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စဝင်ရောက်နေကြောင်း DVB သတင်းက ဖေါ်ပြပါတယ်။

Nov 27 ။ နှိမ်နင်းဖြိုခွင်းမှုတွေလုပ်နေတယ်ဆိုတဲ့ ဝါဒဖြန့်မှုတွေရှိနေပေမဲ့ မြန်မာပြည်က တယ်လီဂရမ်မှာတော့ ကျားဖြန့်ဂိုဏ်းတွေရဲ့ အလုပ်ခေါ်စာတွေက ရပ်မသွားဘဲ
မြဝတီ၊ ရွှေကုက္ကိုနဲ့ မြဝတီတကြော အလုပ်အကိုင်ရှာဖွေရေး ဂရုတွေထဲမှာ မြဝတီမြို့ပေါ် Chatting ဆိုတဲ့ အလုပ်ခေါ်စာတွေက ပလူပျံနေဆဲဖြစ်ကြောင်း BBC သတင်းက
ဖေါ်ပြခဲ့ပါတယ်။

မြန်မာပြည်ကို ရောက်လာတဲ့ ဘယ်လာရုဇ် သမ္မတ"လူကာရှန်"ကို စစ်ခေါင်းဆောင်က နေပြည်တော်မှာ ခမ်းနားစွာ ကြိုဆိုခဲ့ပြီး သမ္မတအိမ်တော်မှာ 

တွေ့ဆုံကာ ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ဖို့အတွက် စာချုပ် ချုပ်ဆိုမှုတွေ လုပ်ခဲ့ပါတယ်။

Nov 26 ။ မြန်မာပြည်မှာ အင်အားပြင်း ငလျင်ကြီး လှုပ်ခဲ့တာ ၈ လကြာနေပြီ ဖြစ်ပေမဲ့ ပြိုကျပျက်စီးခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီတွေ ပြန်လည်ဆောက်လုပ်ခွင့်
မရသေးဘူးလို့ မွတ်စလင်အသိုက်အဝန်း ပြောကြားမှုကို DVB သတင်းက ပြောပါတယ်။

ကိုဗစ်-၁၉ ရန်ပုံငွေကနေ ကျပ်သိန်း ၂၀၀ အထက် ချေးယူထားတဲ့ ရန်ကုန်တိုင်းအတွင်းက လုပ်ငန်းရှင်တွေကို လာမယ့် ၂၀၂၆ ခု မတ်လ နောက်ဆုံးထားပြီး 

ချေးငွေအကျေ ပြန်ပေးဆပ်ရမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတ်မှတ်ထုတ်ပြန်ထားပါတယ်။

သင့်အေးရိပ် စုဆောင်းတင်ပြသည်။