Maduro အလွန် Venezuela – အချုပ်အခြာအာဏာ အကျပ်အတည်းနှင့် ရေနံနိုင်ငံရေး၏ မရေရာသော အနာဂတ် – SweSwe Aye
အမေရိကား စစ်ဘက်ဆိုင်ရာ၏ ရုတ်တရက် ဝင်ရောက်စီးနင်းမှုကြောင့် အလွန် Venezuela နိုင်ငံသမ္မတ Nicolás Maduro ရာထူးမှ ဖယ်ရှားခံလိုက်ရခြင်းသည် နှစ်ရှည်လများ ဖြစ်ပွားနေသော Venezuela နိုင်ငံရေး ပဋိပက္ခ၏ အခန်းကဏ္ဍတစ်ခုကို အဆုံးသတ်လိုက်သော်လည်း ပိုမိုရှုပ်ထွေးပြီး မရေရာသော အခြေအနေသစ်တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ ဖြစ်နေသည်။ American Community Media က ဦးစီးပြီး ဇန်န၀ါရီ၉၊ ၂၀၂၆တွင် ဥပဒေ၊ သမိုင်းနှင့် နိုင်ငံတကာ မူဝါဒရေးရာ ကျွမ်းကျင်သူများက ဤစစ်ရေးအရ ကြားဖြတ်ဝင်ရောက်မှု၏ တရားဝင်မှု၊ Venezuela ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများနှင့် ဒီမိုကရေစီ ပြန်လည် ထူထောင်ရေးထက် ရေနံကိုသာ အဓိကထားနေသည့် အမေရိကား၏ မူဝါဒသစ်များကို သုံးသပ်ဆွေးနွေးခဲ့ကြသည်။
၁။ ပြည်တွင်းဖြစ်ရပ်မှန် – စိုးရိမ်မှု၊ ဝေခွဲမရမှုနှင့် “တစ်ဆို့နေသော နိုင်ငံရေးကစားကွက်”
Alejandro Velasco, Gallatin School and the Department of History at New York နှင့် University, Executive Editor of the NACLA Report on the Americas က Maduro ဖယ်ရှားခံရမှုအပေါ် ဝမ်းနည်းသူ နည်းပါးသော်လည်း၊ လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ရသည့် အမေရိကား၏ စစ်ရေးအရ တိုက်ခိုက်ဖယ်ရှားမှု ပုံစံကြောင့် ပြည်သူများအကြားတွင် အလွန်အမင်း စိုးရိမ်ပူပန်မှုနှင့် ဝေခွဲမရမှုများ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
“နိုင်ငံရေးကစားကွက်တစ်ခု တစ်ဆို့မှုကနေ ပွင့်သွားသလိုပါပဲ။ အရင်ကတော့ ဘာမှ မလှုပ်သာ မပြောင်းသာတဲ့ အခြေအနေမှာ ရှိခဲ့တာပါ။ အခုတော့ ဖိအားတွေက ပိုကြီးလာမယ့်ဘက်ကိုပဲ ဦးတည်နေပါတယ်။“ ဟု Velasco က ဆိုသည်။
Maduro ကို ဖယ်ရှားလိုက်သော်လည်း နိုင်ငံတော် ယန္တရားတစ်ခုလုံးမှာ အပြောင်းအလဲ မရှိဘဲ မူလအစိုးရ အဖွဲ့ဝင်များကသာ ဆက်လက် ထိန်းချုပ်ထားဆဲ ဖြစ်ကြောင်း Velasco က သတိပေးခဲ့ပါသည်။ ထို့အပြင် ထရန့်အစိုးရသည် အတိုက်အခံ ခေါင်းဆောင် Maria Corina Machado ကို ဘေးဖယ်ထားပြီး တည်ငြိမ်ရေးအတွက် လက်ရှိ စစ်တပ်နှင့် ရဲတပ်ဖွဲ့ကိုသာ အားကိုးရန် ကြိုးပမ်းနေကြောင်းကိုလဲ ဆက်လက်ဆွေးနွေးခဲ့သည်။
၂။ ဥပဒေကြောင်းအရ လစ်ဟာမှုနှင့် “သြဇာလွှမ်းမိုးမှု နယ်ပယ်”
နိုင်ငံတကာ ဥပဒေရှုထောင့်မှ ကြည့်လျှင် ဤစစ်ဆင်ရေးသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက် သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့် (Self-defense) အချက်များနှင့် မကိုက်ညီသောကြောင့် တရားဝင်မှု မရှိကြောင်း Venezuela ရှေ့နေ Mariano de Alba က အဓိကထား ပြောကြားခဲ့ပါတယ်။
“ဒီစစ်ဆင်ရေးကို ဥပဒေကြောင်းအရ မျှတတယ်လို့ ပြောဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်မှာ သဘောတူခဲ့တဲ့ ကုလသမဂ္ဂ ပဋိညာဉ်အရ အင်အားသုံးမှုကို တားမြစ်ထားသလို၊ အင်အားသုံးမယ်လို့ ခြိမ်းခြောက်တာကိုလည်း တားမြစ်ထားပါတယ်။”ဟု
Mariano de Alba က ပြောကြားခဲ့သည်။
အမေရိကားသည် လက်တင်အမေရိက ဒေသတစ်ခုလုံးကို ၎င်း၏ သြဇာလွှမ်းမိုးမှုအောက်တွင် ထားရှိရန် ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုများကို အသုံးပြုနေကြောင်း ကိုလဲ ဆက်လက်ဆွေးနွေးခဲ့သည်။ Maduro အား မူးယစ်ဆေးဝါး ကုန်ကူးမှုဖြင့် ဖမ်းဆီးခြင်းမှာ အမေရိကားက ဥပဒေကို ၎င်းစိတ်ကြိုက် ရွေးချယ် အသုံးပြုခြင်းဖြစ်ပြီး၊ ၎င်းသည် Mexico နှင့် Columbia ကဲ့သို့သော အိမ်နီးချင်း နိုင်ငံများကိုပါ ဖိအားပေးရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပါတယ်။
၃။ ရေနံအတွက် ရည်မှန်းချက် – လက်တွေ့နှင့် ဖြစ်နိုင်ခြေ။
လက်ရှိ အမေရိကန်၏ မူဝါဒသည် ဒီမိုကရေစီထက် ရေနံကဲ့သို့သော ရုပ်ဝတ္တု အကျိုးစီးပွားပေါ်တွင်သာ အခြေခံနေပုံရကြောင်း Roxanna Vigil, International Affairs Fellow, Council on Foreign Relations က ပြောကြားခဲ့သည်။ သို့သော် ကမ္ဘာ့ရေနံ ထောက်ပံ့မှု၏ ၁ ရာခိုင်နှုန်းအောက်သာ ရှိသော Venezuela ရေနံကဏ္ဍကို ပြန်လည် ထူထောင်ရန်မှာ ငွေကြေးနှင့် နည်းပညာအရ အခက်အခဲများစွာ ရှိနေသေးသည်။
“အခုအချိန်မှာVenezuela က ပြည်သူတွေရဲ့ အသံကို နားထောင်မယ့်သူ မရှိသလို ဖြစ်နေပါတယ်။ တစ်ဖက်မှာ အမေရိကား အစိုးရ၊ နောက်တစ်ဖက်မှာ Maduro အလွန် အစိုးရ။ ဒီရေနံကရတဲ့ ဝင်ငွေတွေကို ပြည်သူတွေအတွက် ဘယ်လို အကောင်းဆုံး သုံးမလဲဆိုတာ ဘယ်သူက ဆုံးဖြတ်ပေးမှာလဲ?“ ဟု Vigil ကဆိုသည်။
Venezuela ၏ ရေနံကဏ္ဍကို ပြန်လည် တည်ဆောက်ရန် ဒေါ်လာ ဘီလီယံ ၁၀၀ ခန့်နှင့် ဆယ်စုနှစ်တစ်ခုစာ အချိန်ယူရမည် ဖြစ်ကြောင်း၊ ထို့အပြင် ရေနံမှ ရရှိသော အမြတ်ငွေများကို ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ရန် လွတ်လပ်သော တတိယအဖွဲ့အစည်း မရှိပါက အကျင့်ပျက် ခြစားမှုများ ထပ်မံ ဖြစ်ပွားနိုင်ကြောင်းကိုလဲ Vigil က ဆက်လက်ဆွေးနွေးခဲ့သည်။
အရေးကြီးသောအချက်များနှင့် ရှေ့အလားအလာ
- အစိုးရအဖွဲ့ အပြောင်းအလဲ မရှိခြင်း: Maduro အား ဖယ်ရှားလိုက်သော်လည်း လက်ရှိ အစိုးရ ယန္တရားကို Delcy Rodriguez နှင့် Vladimir Padrino Lópezကဲ့သို့သော ပုဂ္ဂိုလ်များကသာ ဆက်လက် ထိန်းချုပ်ထားလျက်ရှိသည်။
- အမေရိကား၏ ဦးစားပေး: ထရန့်၏ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲတွင် “ဒီမိုကရေစီ” ဟူသော စကားလုံး ပါဝင်မလာခြင်းက အမေရိကားသည် ဒီမိုကရေစီထက် ရေနံနှင့် ပထဝီနိုင်ငံရေး ထိန်းချုပ်မှုကိုသာ ပိုမို ဦးစားပေးနေကြောင်း ပြသနေသည်။
- China ၏ အခန်းကဏ္ဍ: Venezuela သည် China ကို ဒေါ်လာ ၁၀ ဘီလီယံကျော် အကြွေးပေးရန် ရှိနေပြီး၊ China ၏ အဓိက ရည်မှန်းချက်မှာ ထိုအကြွေးများကို ရေနံဖြင့် ပြန်လည် ရရှိရန် ဖြစ်သည်။
အမေရိကားသည် ခေါင်းဆောင်တစ်ဦးကို ဖယ်ရှားနိုင်စွမ်း ရှိကြောင်း ပြသနိုင်ခဲ့သော်လဲ Venezuela ပြည်သူများ ပါဝင်ခွင့်ရှိသော စစ်မှန်သော ဒီမိုကရေစီ အကူးအပြောင်းအတွက် ရှင်းလင်းသော အစီအစဉ် မရှိသေးချေ။ “ဒီမိုကရေစီနည်းကျတဲ့ ရလဒ်တစ်ခု ဖြစ်ပေါ်လာဖို့အတွက် အမေရိကန်အစိုးရအနေနဲ့ လုပ်ဆောင်သင့်တဲ့ အရေးကြီးဆုံးအချက်ကတော့ Venezuela နိုင်ငံကို သူတို့ပိုင်ဆိုင်သလိုမျိုး ပြောဆိုနေတာတွေကို ရပ်တန်းကရပ်ဖို့ပဲ ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။” ဟု Velasco က ပြောကြားခဲ့သည်။


