မြန်မာ့ဂဇက် အယ်ဒီတာသင်ပုန်း – ဇန်နဝါရီ ၂၀၂၆
နှစ်သစ် ၂၀၂၆ ဖြစ်ပါသည်၊ သမ္မတထရမ့်၏ ဒုတိယ ၄ နှစ်သက်တမ်း၏ ဒုတိယနှစ်လည်း ဖြစ်ပါသည်၊ ပထမနှစ် ၂၀၂၅ အတွင်း ထရမ့်ကိုင်တွယ်ခဲ့သည်များကို လည်ပြန််ကြည့်သုံးသပ်လျှင် ယခုနှစ်စသည်နှင့်ကမ္ဘာကြီးမှသိသာစွာ တုံ့ပြန်လာသည်မြင်ရ၏။ ကမ္ဘာ့ချိန်ခွင်လျှာအပြင် ဝင်ရိုးစွန်းတို့ပါ ပြောင်းလဲကုန်တော့မည့်ဟန်ရှိနေသည်။
ကမ္ဘာ့ဝါစဉ် သဘာစဉ်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေသ လုပ်ထုံးများ၊ နိုင်ငံတကာ စည်းမျဉ်းအခြေပြုစနစ်တို့သည် ကိုင်လှုပ်ခတ်ခံရခြင်းအဆင့်သို့ ချဉ်းနင်းရောက်ရှိနေပါပြီ။ ဤသည်ကို ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့မှာ ကျင်းပနေသော ကမ္ဘာ့စီးပွားရေးဖိုရမ်၌ ပြောခဲ့၏။ ထိုပွဲကို ကမ္ဘာတစ်ဝှမ်းက စီးပွားရေး၊ ဘောဂဗေဒနဲ့ နိုင်ငံရေးလောက၏ဩဇာအရှိဆုံးပုဂ္ဂိုလ် ထောင်ပေါင်းများစွာ တက်ရောက်လေ့ရှိပြီး၊ ကမ္ဘာ့အထက်တန်းလွှာတွေရဲ့ ဩဇာအာဏာကို ပြသရာ သင်္ကေတပွဲကြီးတစ်ခုလည်း ဖြစ်ပါ၏။ အဆိုပါပွဲတွင် ထုတ်ဖော်ကြေညာခြင်းဟူသည် ကမ္ဘာသို့ အထိရောက်ဆုံး ကြေညာခြင်းပင်။
“၅၁ ပြည်နယ်ဟူသည် ကနေဒါနှင့် အက်ကြောင်း”
ဝန်ကြီးချုပ် ကာနေးသည် အောက်ပါအချက်တို့ကို အလေးထားပြောသွား၏ –
ကမ္ဘာ့အစီအစဉ်သည် အပြောင်းအလဲတစ်ခုအဆင့်မဟုတ်တော့ဘဲ အပြီးတိုင် ပြိုကွဲပျက်စီးခြင်းသို့ ရောက်ရှိနေကြောင်း။
အင်အားကြီးနိုင်ငံများ (အမေရိကားကို ရည်ရွယ်) သည် စီးပွားရေးပေါင်းစည်းမှုကို အသုံးချ၍ အခြားနိုင်ငံများအပေါ် ဖိအားပေးခြင်း၊ အခွန်အတုတ်များဖြင့် ခြိမ်းခြောက်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို အကျပ်ကိုင်ရန် အသုံးပြုနေကြကြောင်း။
Václav Havel ၏ အယူအဆကို ကိုးကား၍ နိုင်ငံတကာ စည်းမျဉ်းအခြေပြုစနစ်သည် အလုပ်မဖြစ်တော့ကြောင်းကို ပွင့်လင်းစွာ ဝန်ခံရန်နှင့် ဟန်ဆောင်ကောင်းနေခြင်း ရပ်တန့်ရန်လိုကြောင်း။
“ကျုပ်တို့က စားပွဲဝိုင်းမှာ ထိုင်မနေရင်၊ စားခံရမယ့် Menu စာရင်းထဲ ရောက်သွားလိမ့်မယ်” ဟု တင်စားကာ အလယ်အလတ်ရှိသော နိုင်ငံများအကြား စုပေါင်းအင်အား တည်ဆောက်ရန် လိုအပ်သည်ဟု ဆိုသည်။
တကယ်လက်တွေ့အားဖြင့်လည်း ကနေဒါဝန်ကြီးချုပ်သည် ယခင် ဟာဝေးအရေးကိစ္စဖြင့် တင်းမာနေသော ချိုင်းနားနှင့် ဆက်ဆံရေး ပြန်လည်ထူထောင်ကာ ၂၀၂၆၊ ဇန်နဝါရီလဆန်း တွင် ကိုယ်တိုင် ချိုင်းနားပြည်သို့ သွားခဲ့သည်၊ စာချုပ်များ၊ သဘောတူညီချက်များစွာကို ချုပ်ဆိုထားသည်၊ ဇန်နဝါရီလ ၂၂ ရက် နေ့တွင် UK ဝန်ကြီးချုပ် ကီယာ စတာမာ လည်း ချိုင်းနားသို့ ခရီးနှင်ခဲ့ပြီ။
သမ္မတထရမ့်သည် သည်းခံတတ်၊ ကြေအေးပေးတတ်သူ မဟုတ်ပါ၊ ချက်ချင်းဆိုသလို တုံ့ပြန်ပါသည်၊ ဝန်ကြီးချုပ်ကာနေးအား “၅၁ ခုမြောက်ပြည်နယ်”အုပ်ချုပ်ရေးမှူးအဖြစ် ထပ်ခါတလဲလဲ တင်စားပြောဆိုကာ ကနေဒါအနေဖြင့် ချိုင်းနားနှင့် ကုန်သွယ်ရေး သဘောတူညီချက်များ ချုပ်ဆိုမည်ဆိုလျှင် ကနေဒါကုန်ပစ္စည်းအားလုံးအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း တိုးကောက်မည်ဟု တိုက်ရိုက်ခြိမ်းခြောက်ခဲ့သည်။ ကနေဒါသည် မြောက်အမေရိက သဘောတူညီချက် (USMCA) ကို ဂယ်ပေါက်ရှာကာ ချိုင်းနားကုန်ပစ္စည်းများအား အမေရိကားသို့ သွင်းသည့်ကြားစခန်း ဖြစ်လာနိုင်သည်ဟု စွပ်စွဲနေပြီး အော့တဝါဘက်မှ ငြင်းဆိုထား၏။
ဤမျှမကသေးပါ၊သမ္မတထရမ့်သည် သူကိုယ်တိုင်အသစ်ဖွဲ့ထားသော ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) ထဲဝင်ပါရန်ကနေဒါဝန်ကြီးချုပ်အား ဖိတ်ကြားထားခြင်းကို ပြန်ရုပ်သိမ်းလိုက်သည်၊ မည်သို့ဖြစ်စေ ၂၀၂၆ ခုနှစ်သည် ကနေဒါနဲ့ အမေရိကားကြား၌ “၅၁ ခုမြောက် ပြည်နယ်”ဆိုတဲ့ စကားလုံးဖြင့် နိုင်ငံရေးအပူချိန် မြင့်တက်နေတဲ့ နှစ်ပေလိမ့်မည်။
“UN နှင့် Board of Peace”
ကုလသမဂ္ဂသည် သမ္မတထရမ့်၏ အုပ်ချုပ်ရေးခေတ်ဝယ် မကြုံစဖူး ယှဉ်ပြိုင်နှိပ်ကွပ်မှုများနှင့် ရင်ဆိုင်နေရ၏။ လက်ရှိတွင် နိုင်ငံတကာနှင့် ကုလသမဂ္ဂအဖွဲ့အစည်းတွင်းရှိ အဖွဲ့ပေါင်း ၆၆ ခုမှ အမေရိကားက နှုတ်ထွက်ထားကာ ပေးရန်ကျန်သော ရန်ပုံငွေများလည်း မပေးထားချေ။ UNသို့ရန်ပုံငွေအများဆုံးထည့်ဝင်ထားသော အမေရိကားသည် သူ၏ရပ်တည်မှုတို့ကိုပြန်သုံးသပ်နေချိန်ဖြစ်ပါ၏၊
ဂါဇာကို အကြောင်းပြု၍ တည်ထောင်ထားသော ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် လက်ရှိ၌ နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ၃၅ နိုင်ငံခန့်အထိ ပါဝင်ဖို့ သဘောတူ လက်မှတ်ရေးထိုးထားကြသည်၊ ကုလသမဂ္ဂ၏ ဗီတိုသုံးနိုင်သော P5 အခြေအနေမှာ –
အမေရိကား – သမ္မတ ထရမ့် ကိုယ်တိုင် Chairman အဖြစ် ဦးဆောင်။
ရုရှား – သမ္မတ ပူတင်ကို ဖိတ်ကြားထား၊ ပါဝင်ဖို့ စဉ်းစားနေဆဲ။
ချိုင်းနား – တရားဝင် တုံ့ပြန်ခြင်း မရှိသေးဘဲ စောင့်ကြည့်နေဆဲ။
ဗြိတိန် နှင့် ပြင်သစ် – ပါဝင်ဖို့ ငြင်းဆို။
“ဂရင်းလန်းသိမ်းမည်ဟူသည် ဥရောပနှင့် အက်ကြောင်း”
ဂရင်းလန်းကျွန်းသည် (ချိုင်းနားနှင့်ရုရှားဆီမှ) လုံခြုံရေးအရ စိုးရိမ်ရသော အန္တရာယ်များ ရှိနေသည်ဟု သမ္မတ ထရမ့်မှ မကြာခဏပြောနေသော်ငြား အမေရိကန်နှင့်ဥရောပ အရာရှိများမှ အဆိုပါအချက်ကို ထောက်ခံထားသည့် ထောက်လှမ်းရေး အထောက်အထားမရှိပါဟု NYTသတင်းစာက ရေးသားထားသည်။ သမ္မတထရမ့်၏ Greenland ကျွန်းအား သိမ်းပိုက်မည် ဟူသောစကားသည် အမေရိကားနှင့် ဥရောပကြား လုံခြုံရေး/စစ်ရေးဆက်ဆံရေးများတွင် နက်ရှိုင်းသောပြဿနာများရှိနေကြောင်း လှစ်ဟလိုက်ခြင်းပင် ဖြစ်သည်။ အဆိုပါကိစ္စကြောင့် အမေရိကားနှင့် ဥရောပကြား အက်ကြောင်းမှာ ပိုကြီးသွားခဲ့ကာ ဒုတိယကမ္ဘာစစ်ပြီးနောက်အဆိုးရွားဆုံးဟု ဆိုရမည့် အခြေအနေဖြစ်သည််။ အက်ကြောင်းသည် ရုရှားတဆင့်ခံကာ ယူကရိန်းဖက်မှ မလာဘဲ ဂရင်းလန်းဖက်မှ ဖြစ်သွားသည်မှာ စိတ်ဝင်စားစရာ ဖြစ်ပါ၏။
“MAGA မှသည် MCGA သို့လော?”
အိမ်ဖြူတော်သို့ ထရမ့် ပြန်လည်ရောက်ရှိပြီး တနှစ်ကြာသောအခါ သူ၏ အမေရိကား ပြန်လည်ကြီးမြတ်အောင်လုပ်ရေး နည်းလမ်းသည် ချိုင်းနားပြန်လည်ကြီးမြတ်အောင်လုပ်ရေးအတွက် ကူညီနေသည်ဟု ကမ္ဘာ့နိုင်ငံအများစု ယုံကြည်ကြောင်း ကမ္ဘာ့စစ်တမ်းတခုက ဖော်ပြနေသည်။ ဥရောပနိုင်ငံခြားဆက်ဆံရေးကောင်စီ၏ ၂၁ နိုင်ငံစစ်တမ်းအရ ထရမ့်အုပ်ချုပ်မှုအောက်တွင် အမေရိကားကို မူလရန်သူများက စိုးရိမ်မှုနည်းလာပြီး မဟာမိတ်များက ပိုမိုကင်းကွာလာသည်ဟု ခံစားရကြောင်း တွေ့ရသည်။
သို့သော် ချိုင်းနားသည်လည်း အတွင်းလှိုက်အက်ကြောင်း ရှိနေပါ၏၊ ချိုင်းနား၏ ဩဇာအရှိဆုံး စစ်ဗိုလ်ချုပ်ကြီးဖြစ်ပြီး ဗဟိုစစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ Zhang Youxia နှင့်စစ်ဘက်ထိပ်တန်းအရာရှိ Liu Zhenli တို့ကို အစိုးရက စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေသည်ဟု ဇန်နဝါရီ ၂၈ သတင်းများအရသိရသဖြင့် ၄င်းသည် နှစ်ပေါင်းများစွာအတွင်း PLA ၏ ထိပ်ပိုင်းခေါင်းဆောင်မှုပိုင်းတွင်အကြီးမားဆုံး တုန်လှုပ်စရာ ဖြစ်ရပ်ဖြစ်၏။
“ရန်သူစာရင်းနှင့် အတွင်းကြေ”
အမေရိကားသည် ပြည်တွင်းတွင်တော့ သူ့အား စွပ်စွဲပစ်တင်ခြင်းပြုခဲ့၊ တရားစွဲအမှုဖြစ်စေခဲ့သူများကို ရစ်ချက်နစ်ဆင်ကဲ့သို့ ရန်သူစာရင်း ပြုစုထားကာ တဦးစီကို ခြွေနေဟန်ရှိသည်၊ ထို့အပြင် လူဝင်မှုကြီးကြပ်ရေး ကိုင်တွယ်ပုံများကြောင့် ပြည်နယ်အုပ်ချုပ်ရေးအစိုးရများနှင့်လည်း ပြဿနာရှိနေ၏။ အထူးသဖြင့် မီနီဆိုတာတွင် ဇန်နဝါရီလ ၇ ရက်က ဖြစ်ပွားခဲ့သော Renee Good နှင့် Alex Pretti တို့၏ ဖြစ်စဉ်မှသည် သူ၏ လဝကပေါ်လစီ တစ်ခုလုံး ယိုင်ကျသွားသည် ဆိုနိုင်မည်။
DHS ထုတ်ပြန်ချက်အရယခုထိ နှင်ထုတ်ပြီးသူပေါင်း ၂.၂သန်း ခန့် ရောက်လာသော်လည်း အရှိန်တန့်သွားမည့်ဟန်ကား မရှိသေးပါ၊ အရှိန်တန့်ခြင်းမြှင့်ခြင်းမှာ လာမည့် ၂၀၂၆ ကြားဖြတ်ရွေးကောက်ပွဲတွင် သိသာပေါ်လွင်ပေမည်။ သမ္မတထရမ့်မှ သူ့ရွေးကောက်ပွဲကတိကိုအကောင်အထည်ဖေါ်နေခြင်းအား ကြိုက်/မကြိုက်ဟူသည် မဲပေးနိုင်သူ အမေရိကန်တို့၏ စိတ်တွင်းအခြေအနေ၌ တည်မှီနေပါ၏။ ဤသို့ဖြင့် ၂၀၂၇ သည် ကမ္ဘာကြီး တဆစ်ချိုးမည်လော၊ ပြန်တည့်သွားမည်လော မျှော်လင့်စရာကားရှိ၏။ မည်သို့ဖြစ်စေ..၂၀၂၆ ခုနှစ်အမျိုးသားကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၁.၀၁ ထရီလီယံရှိလာမည့် အမေရိကားသည် မည်သူ့အကူအညီမှမလိုသည့် စူပါပါဝါဆက်ဖြစ်နေမည်တည်း။
မြန်မာ-အမေရိကန်တို့သည်လည်း ထိုလာမည့် ရွေးကောက်ပွဲအား လဝကပေါ်လစီများ အရှိန်တန့်သွားစေရန် သို့မဟုတ် လုံးဝရပ်တန့်သွားစေရန် စွမ်းနိုင်ပါသည်၊ အမေရိကားတွင် မွေးဖွားသော ဒုတိယမြန်မာမျိုးဆက်များ ထည့်တွက်လျှင် ၁ သန်းကျော်နေပြီဖြစ်သော မြန်မာတို့၏ အစွမ်းသည် မသေးလောက်ပါ၊၂၀၂၆ရွေးကောက်ပွဲတွင်လွှတ်တော်၌ အတိုက်အခံတို့ အင်အားများအောင် ဆွဲတင်နိုင်ခဲ့ပါလျှင် ဘက်ဂျက်ကိုင်ရသော ဥပဒေပြုအမတ်များသည် အုပ်ချုပ်ရေးမဏ္ဍိုင်ကို အစိုးရရပ်ဆိုင်းပစ်ခြင်း ဝန်ကြီးဋ္ဌာနအလိုက်ဘက်ဂျက်ဖြတ်တောက်ခြင်းတို့ဖြင့် ကြီးစွာသော တားမြစ်ပေးနိုင်စွမ်းရှိပေသည်။
Checks and balances ဟူသည် ထိန်းညှိခြင်းသာလျှင် ဖြစ်၏၊ တဦးတယောက်၊ တပါတီအား မဏ္ဍိုင် ၃ ရပ်လုံးတွင် အာဏာအပ်ထားခြင်းသည် မပါးနပ်ရာရောက်သလို၊ အာဏာရှင်ဖြစ်နိုင်သောလမ်းပေါ် တင်ပေးသလို ဖြစ်သွားနိုင်သည်ကို သမိုင်းကသက်သေပြထားပြီးဖြစ်၏၊
အထိန်းအကွပ်ထားခြင်းသည် လူသားအတွက် ကောင်း၏ မဟုတ်လော။ ပါးနပ်စွာသုံးကြပါကုန်။ ။


